Wednesday, December 6, 2017

ကျွန်တော်သိသော Vocational Training ဆိုတာ ….


၂၀၁၇ မေလလည်လောက်က ကုမ္ပဏီကပေးတဲ့ Train the Trainer Program ကို ကျွန်တော်တို့တက်နေစဉ် တတိယနေ့အစဉ်အစီမှာဆိုရင် ရန်ကုန်မြို့ထဲမှာရှိတဲ့ SMVTI ဆိုတဲ့ စင်ကာပူ-မြန်မာ ပေါင်းဖွင့်ထားတဲ့ Vocational Training သင်တန်းကျောင်းလေးတစ်ခုအား သွားရောက်လေ့လာခဲ့ပါတယ်။ ဒီကျောင်းမှာဆို ၁၀ တန်းအောင်ပြီး ဒါမှမဟုတ် အမှတ်အရမ်းမကောင်းလို့ တက္ကသိုလ်ဆက်မတက်ချင်သူတွေ ၊ အသက်မွေးဝမ်းကျောင်းပညာတစ်ခုအဖြစ် လေ့လာလိုတဲ့လူငယ်တွေ တက်ကြပါတယ်။ ကျွန်တော်တို့တုန်ကဆိုရင် စာအုပ်ထဲကစာရရင် အတန်းအောင်တဲ့ပုံစံဖြင့် စာတွေ့သာများခဲ့ပါတယ်။ ဘွဲ့တစ်ခုသာကိုင်ထားတာပါ တကယ်တော့ဘာမှမတတ်ပါဘူး။ တက္ကသိုလ်တွေမှာ လက်တွေ့ခန်းတွေရှိပေမယ့် သေချာအသုံးမချမိကြဘဲ အချိန်ပိုင်းလောက်သာ သင်ခဲ့ကြရပါတယ်။ လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေ မလုံလောက်လို့လဲဖြစ်ပါတယ်။
အခုပြောပြမဲ့ သင်တန်းကျောင်းဟာဆိုရင် လက်တွေ့ကို ၈၀% သီအိုရီကို ၂၀% လောက်ပဲသင်ပါတယ်။ လက်တွေ့လေ့ကျင့်မှုကိုအားပေးပြီး ကျောင်းသားတွေကို ကိုယ်တိုင်လုပ်စေပါတယ်။ သင်ကြားရေးပုံစံဟာလည်း တကယ့် လက်တွေ့လုပ်ငန်းခွင်မှာ ကိုယ်တကယ်လုပ်နေသည့်အတိုင်း လုပ်ငန်းခွင်ပုံစံငယ်တွေ၊ ထောက်ပံ့ရေးပစ္စည်းအပြည့်အစုံ၊ ယူနီဖောင်အပြည့်အစုံ ဖြင့် အလုပ်မ၀င်ခင်မှာ အလုပ်သင်ပုံစံမျိုးဖြင့် သေချာသင်ကြားပေးပါတယ်။ ဥပမာ - ဟိုတယ်အပိုင်းမှာ ကျွမ်းကျင်သူတစ်ယောက်အဖြစ် ရပ်တည်ချင်တဲ့သူဆိုရင် တကယ့် ဟိုတယ်အခန်းထဲမှာ ၀န်ဆောင်မှုပေးနေသည့်အလား စီမံပေးထားပါတယ်။ Sedona Hotel ရဲ့ Reception Desk မှာ တကယ့် receptionist တစ်ယောက်လို့ service ပေးနေသည့်အတိုင်းသင်ပေးတာမျိုး၊ City Mark ရဲ့ အရောင်းပိုင်းမှာ Customer service ပေးသည့်ပုံစံဖြင့် Customer ကိုရှင်းပြနေတာမျိုး၊ နောက်ထူးခြားတာက Professional Image ပါသင်ပေးတာပါ။ ၀န်ဆောင်မှုပေးနေရင် ဘယ်လိုပြုံးရမယ်၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ၀တ်စားဆင်ယင်မှု စတာတွေကိုပါ smart ကျကျသင်ပေးနေတာပါ တွေ့ခဲ့ရပါတယ်။ နောက်တွေ့ခဲ့ရတာက ဂဟေဆက်ပညာ၊ လျှပ်စစ်ဆာကစ်တပ်ဆင်ခြင်း၊ ကားအင်ဂျင်တပ်ဆင်ခြင်း၊ အဲယာကွန်ပြုပြင်ခြင်း၊ ဆောက်လုပ်ရေး စတာတွေ လေ့လာခဲ့ရပါတယ်။
ကျွန်တော်တို့ခေတ်မှာသာ ဒီလိုသင်တန်းကျောင်းတွေသာရှိခဲ့ရင် တက္ကသိုလ်တက်ဖြစ်မယ်မထင်ပါဘူး။ တက္ကသိုလ်မှာရင်းမဲ့ ၃-၄နှစ်ကို ကိုယ့်အတွက် တကယ်လုပ်ကိုင်စားသောက်လို့ရမယ့် အသက်မွေးဝမ်းကျောင်းပညာသင်ပေးတဲ့ ကျောင်းမှာပဲ မြှပ်နှံလိုက်ပါမယ်။ နောက်တစ်ခုက ဒီကျောင်းက ကျောင်းပြီးတော့မဲ့ လူငယ်အများစုအတွက် အလုပ်အကိုင်ဟာ ကြိုရှိနေပါတယ်။ ကိုယ့်ဝါသနာပါတဲ့ ပညာနဲ့ အလုပ်လုပ်ကိုင်ခွင့်ရမယ့်အပြင် အသက်မွေးဝမ်းကျောင်း ပညာအဖြစ်ပါ ရပ်တည်ခွင့်ရစေပါတယ်။ ဒီလို Vocational ကျောင်းကို ထောက်ပံ့ပေးမဲ့အပြင်က လုပ်ငန်းကြီးတွေလည်းရှိနေပါတယ်။ ဒီကျောင်းက ကျောင်းပြီးထားသူဆိုရင် သူတို့အလုပ်မှာ ပြန်အသုံးချရုံပါပဲ။ ဥပမာ ကားကုမ္ပဏီကြီးတစ်ခုကနေ ကျောင်းမှာ လက်တွေ့ လေ့ကျင့်တက်ဆင်နိုင်ဖို့ ကားတွေထောက်ပံ့ပေးထားတာမျိုး အဲလိုမျိုးတွေလည်း တကယ်တွေ့ခဲ့ရပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေလည်း အလုံအလောက် ထောက်ပံ့ပေးထားပါသေးတယ်။ ကျွမ်းကျင်ပြီးသာ potential candidate တွေကို လုပ်ငန်းမှာ ပြန်ခန့်လို့ရသွားပါတယ်။
ခုဆိုရင် NSSA (National Standard Skills Authority) ဆိုတဲ့အဖွဲ့က ဂျာမနီရဲ့အကူအညီဖြင့် လုပ်ငန်းခွင်ထဲမှာ ကျွမ်းကျင်လုပ်သားတွေ ဖြစ်လာစေဖို့ သင်တန်းတွေပေးနေပါပြီ။ ဒီလက်မှတ်ရှိထားသူဟာ အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်သွားလုပ်ရင် လစာအနိမ်မခံရဘဲ ကျွမ်းကျင်မှုကြေးအပြည့်ရစေမှာပါ။ လက်ရှိမှာတော့ အစပျိုးတုန်ဆိုတော့ အသက်မွေးဝမ်းကျောင်း ဘာသာရပ်ပေါင်းစုံတော့ မသင်နိုင်သေးပါဘူး။ လျှပ်စစ်၊ ဂေဟေဆက်ပညာ၊ ပိုက်ဆက်၊ အဲယာကွန်၊ မော်တော်ယာဉ်ပြုပြင်ခြင်း စတာတွေသာ သင်ပေးနိုင်ပါသေးတယ်။ ဒါဟာလည်း Vocational training လို့ပြောလို့ရပါတယ်။ အသက်မွေးပညာရပ်ကို သေချာသင်ပေးပြီး အကဲဖြတ်သူဟာလည်း လက်မှတ်ရှိထားဖို့လိုတယ်လို့သိရပါတယ်။ ခုဆို Labour Free Flow တွေလည်း ရှိလာပါပြီ နိုင်ငံခြားသား ဥပဒေကလည်း ပြင်ဆင်ရေးဆွဲတုန်ပါ။ ကျွမ်းကျင်လုပ်သားတွေမရှိရင် ကိုယ့်နိုင်ငံသားမဟုတ်တဲ့ ကျွမ်းကျင်လုပ်သားတွေက နေရာယူလာတော့မှာ ဖြစ်ပါတယ်။
Vocational Training ကျောင်းတွေ များများပေါ်လာဖို့ မျှော်လင့်မိပါတယ်။  ဒီလိုပေါ်ပေါက်လာဖို့ဆိုတာလည်း အထောက်အပံ့ကောင်းတွေ သင်ကြားမှုပုံစံကောင်းတွေ ရှိဖို့လိုအပ်ပါတယ်။ ရန်ကုန် တစ်နေရာတည်းမှာ မဟုတ်ဘဲ တိုင်းဒေသကြီးအလိုက် ပေါ်ပေါက်လာရင်ပိုကောင်းပါတယ်။ ဒီကျောင်းတွေကနေတစ်ဆင့် ကျွမ်းကျင်လုပ်သားရှားပါးမှုကို ဖြေလျော့နိုင်မယ်လို့ထင်ပါတယ်။
“ဆိုးသွမ်းတဲ့ကလေးတွေတောင် လူငယ်ပြုပြင်ရေး ကျောင်းမှာ အသက်မွေးဝမ်းကျောင်း သင်ရသေးတာပဲလေ အတန်းပညာရေးမကောင်းတဲ့လူငယ်တွေအတွက်ကော လူဘောင်အဖွဲ့အစည်းကဘာလို့ အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းတွေ ဖွင့်မပေးနိုင်ရမှာလဲ?”

Jimmy Hein 

No comments:

Post a Comment