Wednesday, December 6, 2017

မှတ်တမ်းတစ်ခုရဲ့ နောက်ကွယ်


--- နေ့စဉ်နှင့်အမျှ သွားလာလှုပ်ရှား ရုန်းကန်ရင် ပျော်စရာအချိန်လေးတွေရှိသလို စိတ်ညစ်စရာအချိန်လေးတွေလည်း လူတိုင်းကိုယ်စီမှာ ရှိကြပါတယ်။ တစ်နေ့တာဖြစ်ပျက်သမျှအကြောင်းအရာတွေဟာ အနာဂတ်အတွက် ဖြစ်တည်းမှုတစ်ခုပါ။ ခံစားချက်တွေ ရောထွေးနေတဲ့ လူတွေမှာ အားနည်းချက်တွေအများကြီးရှိကြတယ်။ စိတ်၏စေရာကို လိုက်နေရင် မသိစိတ်နဲ့ သိစိတ်ကြားထဲမှာ အဆင်ပြေသလိုနေနေရတယ်။ ကိုယ်စိတ်ကို ထိန်းနိုင်တဲ့သူတစ်ယောက်ဟာ ကမ္ဘာကြီးတစ်ခုကို အုပ်စိုးနေရသလိုပါပဲ။ ကိုယ်ဘယ်လိုရပ်နေလည်းဆိုတာ ကိုယ်အပေါ်မှာသာ မူတည်ပါတယ်။
--- ပုံစံတူတွေများထဲကြားထဲမှာ အတုမခိုးမိဖို့အရေးကြီးတယ်။ Simpler တွေများတဲ့ကြားထဲမှာ Different ဖြစ်နေဖို့လိုတယ်။ ဆန့်ကျင်နေဖို့ ပြောတာမဟုတ်ဘူးနော်။ ကိုယ်ရည်ကိုယ်သွေးကြောင့် ထင်ရှားပြီး ကိုယ့်ကိုကိုယ် လေးစားနေတဲ့လူတစ်ယောက်ဖြစ်နေဖို့လိုတယ်။ တစ်ချို့လူတွေဟာ လူဂွစာ ပေါင်းသင်းရခက်တယ်လို့ ဆိုကြတယ်။ ထိုသူတို့နဲ့ လူအများက မပေါင်းသင်းလိုကြဖူး။ တကယ်တော့ သူတို့ဟာ သူတို့ယုံကြည်ရာအတွက် ရပ်တည်နေကြတာပါ။ အစွန်းမရောက်သွားရင်တော့ အများထက်သာတယ်လို့ သတ်မှတ်လို့ရပါတယ်။
--- ကိုယ်ကိုကိုယ် အားကျနိုင်ဖို့ထက် အမြင်မှာပေါ်လာတဲ့သူတွေကိုပဲ အားကျမိတတ်ကြတာများပါတယ်။ ပတ်ဝန်းကျင်ကို သိပ်ဂရုစိုက်လွန်အားကြီးတယ်။ သူများတွေ ချမ်းသာနေရင် ကိုယ်လည်းချမ်းသာချင်တယ်၊ အောင်မြင်နေတာမြင်ရင် အောင်မြင်ချင်တယ်၊ လှနေပြန်ရင်လည်းလှချင်ပြန်တယ်၊ စသော အတော်မသတ်နိုင်သော လောဘတွေနဲ့ ဖြည့်ဆည်လို့ကို ဆုံးမှာမဟုတ်တော့ပါဘူး။ ကိုယ်မှာ ရှိနေတဲ့ ကောင်းမွန်တဲ့အရည်ချင်းလေးတွေနဲ့ ကိုယ့်ကိုကိုယ် ပြန်လည်းမွမ်းမံမယ်ဆိုရင် သူများထက်မသာရင်တောင် ကိုယ်ဘ၀မှာ ကိုယ်နေပျော်နေမှာပါ။ ဘ၀ဟာ ဓါတ်ပုံတွေနဲ့ ဖွဲ့စည်းထားတာမဟုတ်ပါဘူး။
--- သင်တို့မြင်တွေ့နေရတဲ့ အားကျရတဲ့ ဓါတ်ပုံတွေရဲ့နောက်မှာ တစ်ချို့တွေဟာ အလိမ်အညာတွေပါ။ တစ်ချို့အရာတွေကတော့ ရာနှုန်းပြည့် မပြည့်စုံပါဘူး။ ခံစားချက်တွေနဲ့လူမှာ ဖွင့်ဟဖို့အတွက် နေရာတစ်နေရာလိုတယ်။ ကိုယ်ဘေးမှာ နားထောင်ပေးမယ့်သူရှိတဲ့အတွက် အကြောင်းမဟုတ်ပေမယ့် နားထောင်ပေးမယ့်သူမရှိတဲ့သူအတွက် ဖြေဖျောက်ရာတစ်ခုတော့လိုပါတယ်။ဒါကတော့ ဖုန်းတစ်လုံးပါ။ ခေတ်မှီလာတာမှန်ပေမယ့် သိသင့်တဲ့ ခေတ်အတွင်းက အရာတွေဟာ ခရေစေ့တွင်းကြ သိမလာခဲ့ကြတော့ပါဘူး။ ခေတ်ကျော်ခေတ်ပါ။
--- ပေါ်ပင်တွေ အပေါ်ယံတွေနဲ့သာ ဖြစ်တည်လာတဲ့ အတုအပခေတ်တစ်ခုပါ။ လူအများတွေရောက်နေကြတဲ့ နေရာကို ရောက်ဖူးချင်တယ်၊ ငါလည်းသွားနိုင်တယ်ဆိုတာမျိုးပေါ့။ ဒီလိုပဲ လူအများ . . . လူအများ . . . တွေရဲ့အရိပ်ဟာ ကိုယ်မှာ လွမ်းမိုးမှုတွေများလာတော့ ငါဆိုတာ ဘာလဲလို့တောင် ပြန်မေးချိန်တောင် မရှိတော့ဘူး။ သေချာစဉ်စားကြည့်ပါ။ သင့်ကျန်ခဲ့အချိန်တွေမှာ ဓါတ်ပုံတွေရဲ့ နောက်ကအကြောင်းအရာတွေ ပြန်မှတ်မိသေးရဲ့လား? အဲတုန်က ပျော်ခဲ့ရတဲ့အချိန်တွေကကော ခုချိန်ထိရှိနေတုန်လား? အဲတုန်က လူတွေကကော တကယ်ပဲ ကိုယ်အတွက် အရေးပါခဲ့ကြလား? သူအတွက်ကော ကိုယ်က အရေးပါတဲ့သူတစ်ယောက်ဖြစ်ခဲ့ရဲ့လား?
--- ဓါတ်ပုံဆိုတာ မှတ်တမ်းတစ်ခုပါပဲ။ ကိုယ်အသုံးပြုခဲ့အချိန်တစ်ခုမှာ ကိုယ်နဲ့ အနီးစပ်ဆုံးလူတွေနဲ့ ခဏတာရှိခဲ့တာပါ။ ဆက်ပြီးထိန်းထားနိုင်တဲ့ မှတ်တမ်းတွေတော့ တွေ့ဖူးပါတယ်။ များသောအားဖြင့် နည်းပါတယ်။ အချိန်တန်ရင် အိမ်ပြန်ရစမြဲပါ။ အိမ်မှာတော့ အမြဲအသစ်ဖြစ်နေတဲ့ မှတ်တမ်းစဉ်တစ်ခုတော့ရှိနေတယ်။အဲဒါ မိသားစု မှတ်တမ်းပါပဲ။ ပျော်ရွင်နေတဲ့ မိသားစု၊ ထမင်းဝိုင်းတစ်ဝိုင်းထဲမှာ ပျော်ရွင်စွာ စားသောက်နေတဲ့မိသားစု၊ ကလေးတွေအတွက် အချိန်ပေးနေတဲ့ မိသားစု။ အဖေပြန်မလာခင် အဖေကို စောင့်ပြီးမှ ညတူတူစားကြတဲ့ မိသားစု၊ စိတ်ကူးနဲ့တင်ပျော်စရာကောင်းနေတဲ့ မှတ်တမ်းတစ်ခုပါ။
--- ခေတ်အရ culture ချိန်းနေပေမယ့် မိသားစုမှတ်တမ်းမှာတော့ ထိန်းသိမ်းသင့်တဲ့ ယဉ်ကျေးမှုတစ်ခုပါ။ မိသားစုထက် ဖုန်းတစ်လုံးပေါ်မှာ အချိန်တွေ ပိုသုံးမိတဲ့အခါ ဖုန်းတစ်လုံးဟာ ကိုယ်အတွက်သီသန့် သူငယ်ချင်းဖြစ်လာတယ်။ အထူးသဖြင့် Facebook လိုနေရာမှာ အချိန်တွေရင်းနှီးမြှပ်နှံထားမယ်ဆိုရင် သင်ဟာ အတွေးအခေါ် ပညာရှင်ကြီးတစ်ယောက် သို့မဟုတ် ပရိတ်သတ်တစ်ယောက် ဒါမှမဟုတ် စိတ်ရောဂါသည်တစ်ယောက်တော့ ဖြစ်နေလောက်ပါပြီ။ ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့ နေ့စဉ်ဘ၀ထဲမှာ ဒီအရာဟာ အသက်ရှင်ဖို့အတွက် ဆေးတစ်လုံးလို လိုအပ်နေတယ်လို့ ထင်နေလို့ပါ။ လက်တွေ့ဘ၀ထဲပြန်လာခဲ့ကြပါတယ်။ ဟိုအရင်လို လူလူချင်း စကားတွေပြောကြမယ်လေ။
--- မြင်နေရတာလေးနဲ့ စကားသတ်ရရင် “လူတစ်ယောက် ဖုန်းတစ်လုံး ဘ၀တစ်ခု နိဂုံး” ။ ဒါပါပဲ … စိတ်ထဲပေါ်လာတာလေး ပြန်လည်းမျှဝေတာပါ။ ဒါဟာ ကျွန်တော်ရဲ့ ထင်မြင်ချက်တစ်ခုပါ။ ဆွေးနွေးနိုင်ပါတယ်။
#Jimmy_Hein 

No comments:

Post a Comment