Wednesday, December 6, 2017

ကောက်ကောက်လေးထဲက ကွေးကွေးလေးရွေးကြရာဝယ်….


လုပ်ငန်းတွေမှာယနေ့ကြုံတွေ့နေရတဲ့ လူစွမ်းအားအရင်းမြစ်ပြဿာနာတွေက ဒုနဲ့ဒယ်ပါပဲ။ ရေကြည်ရာမြက်နုရာဆိုတဲ့ စကားအတိုင်း လူဆိုတာအကောင်းဆုံးတွေပဲလိုချင်ကြတဲ့အတွက် အကောင်းဆုံးတွေရှိရာကိုပဲရှာကြပါတယ်။ ယှဉ်ပြိုင်မှုတွေများတဲ့ခေတ်ကြီးထဲမှာ အေးအေးလေးနဲ့ငြိမ့်ငြိမ့်လေးပဲလုပ်နေလို့ မရတော့ပါဘူး။ ခေတ်နဲ့အညီလိုက်ပါ စီးမျောနိုင်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့်လူငယ်တွေပါ နောင်လာမယ့် (၈)နှစ်အတွင်းမှာ ကမ္ဘာကြီးကိုထိန်းချုပ်မောင်းနှင်မယ့်လူတွေရဲ့ ၇၅%ဟာ Generation Y (1981-1999) တွေပါ။ အထူးသဖြင့် ကျွန်တော်တို့ လူငယ်တွေပေါ့။ လူငယ်လို့ပြောလိုက်တာနဲ့ လတ်ဆက်နေဖို့လိုအပ်ပါတယ်။
ယနေ့မှာ  တဆင့်ဆင့်ပြောင်းလဲလာတဲ့နိုင်ငံရေးအခြေအနေတွေကြောင့် စီးပွားရေးဟာလဲ လိုက်ပါပြောင်းလဲလာခဲ့ပါပြီ။ စက်မှုလုပ်ငန်းတွေ၊ ၀န်ဆောင်မှုလုပ်ငန်းတွေ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ စသဖြင့်လုပ်ငန်းပေါင်းများစွာဖြစ်ထွန်းလာနေပြီဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းတိုင်းမှာ ထိန်းချုပ်မောင်းနှင်မယ့် လူ့စွမ်းအားရင်းအမြစ်ဟာလည်း အရေးကြီးလှပါတယ်။ လုပ်ငန်းတစ်ခု အောင်မြင်ခြင်း ကျရှုံးခြင်းဆိုတာ ထိုလုပ်ငန်းမှာ လုပ်ကိုင်ပေးနေကြသော ၀န်ထမ်းတိုင်းမှာ တာဝန်ရှိပါတယ်။ အရည်အချင်းပြည့်ဝသော ၀န်ထမ်းတွေကို လုပ်ငန်းတိုင်းကအမြဲလိုအပ်နေပါတယ်။
နိုင်ငံတကာလုပ်ငန်းတွေ ၀င်ရောက်နေရာယူလာပြီး လုပ်ငန်းတွေအတွက်လိုအပ်တဲ့ အရည်အချင်းပြည့်ဝသော ၀န်ထမ်းတွေကို ရှာဖွေခန့်ထားလိုကြပါတယ်။ သို့ရာတွင် ကျွန်တော်တို့နိုင်ငံမှာ ဟိုယခင်ကဆို တံခါးပိတ်ဝါဒဖြင့်နေထိုင်ခဲ့ကြရပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသောအဖက်ဖက်မှာ အားနည်းစွာ ဖြတ်သန်းခဲ့ကြရပါတယ်။ တံခါးဖွင့်ဝါဒလည်းရောက်ရော မြင်သမျှ ကြားသမျှ အရာရာတိုင်းဟာ အဆန်းအပြားဖြင့် ဘယ်ကစပြီး ဘာလုပ်ရမှန်းမသိ၊ နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ဖို့ စပြီလျောက်လမ်းနေပါပြီ။ လမ်းကြောင်းတစ်ခုပေါ်သို့ အစိုးရကလည်း တဖြည်းဖြည်းနှင့်ဆွဲတင်နေကြပါပြီ။ အပြောင်းအလဲဒဏ်တော့ ခံနိုင်ဖို့လိုအပ်ပါတယ်။ ထိုအထဲမှာ လူငယ်တွေကရှေ့ဆုံးက ပါဝင်နေပါတယ်။ ဦးဆောင်မယ့် ကျွန်တော်တို့လူငယ်တွေမှာ လိုအပ်နေတဲ့အရည်အချင်းတွေဟာ ဟိုယခင်ကနဲ့ ယခုတော်တော်လေး ကွာဟချက်တွေနဲ့ လိုအပ်ချက်တွေ ပြတ်တောက်ခဲ့ရပါတယ်။ ယခုမှသာ ပညာရေး ဝေးသည်မရှိဘဲ လိုချင်တာအားလုံးဟာ လက်တကမ်းမှာသာရှိနေပြီး လိုချင်စိတ်လေးတစ်ခုသာ လိုအပ်ပါတယ်။
လုပ်ငန်းရှင်တွေဟာ များသောအားဖြင့် ၁၀၀ဖိုးလောက် လုပ်ရမယ့်အလုပ်မှာ ၁၀၀ဖိုးတန်တဲ့သူကိုပဲ လိုချင်ကြပါတယ်။ အဲလိုလူကို ခန့်ချင်တာမှန်ပေမယ့် လက်တွေ့မှာ ၅၀ဖိုးလောက်တောင် မရကြတဲ့အတွက် ခေါင်းခဲနေကြပါတယ်။ လုပ်ငန်းအတွက်လိုအပ်တဲ့ ကျွမ်းကျင်မှုရှိပြီးသာလူကို လိုချင်ပေမယ့် ဈေးကွက်ထဲမှာ ရှားပါးတဲ့အတွက်ကြောင့် လိုအပ်ချက်ကိုပဲ လျော့ပြီး Plan B အနေနဲ့ပဲ ရှာရပါတော့တယ်။ လုပ်သက် ၅နှစ်နေရာမှာ လုပ်သက်၂နှစ်လောက်လျှော့ရတာမျိုး၊ လုပ်ဖူးတယ်ဆိုရုံရပြီးဆိုတာမျိုး အမျိုးမျိုးလျှော့ပေါ့ပြီး ရှာရပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာနဲ့ရင်ဘောင်မတန်နိုင်ခဲ့သေးတဲ့အတွက် ဒီနိုင်ငံမှာ လုပ်ငန်းလုပ်မယ်ဆိုရင်တော့ ဒီနိုင်ငံရဲ့လိုအပ်ချက်တွေ ထည့်တွက်ဖို့တော့လိုအပ်ပါတယ်။ အရည်အတွက်များပေမယ့် အရည်အသွေးကတော့ အများကြီး လိုအပ်နေတာ တစ်ဦးတစ်ယောက်ချင်းဆီမှာပါပဲ။
ကျွန်တော်ဌာနတစ်ခုအတွက် ကွန်ပျူတာစာရေးနှစ်ယောက်ရှာပေးတုန်ကဆိုရင် တောင်းထားတဲ့ဌာနက ကွန်ပျူတာ ကျွမ်းကျင်စွာသုံးတတ်ပြီး မြန်မာစာ အင်္ဂလိပ်စာ ကောင်းကောင်းရိုက်တတ်ရမည် နောက်ပြီး Excel ဇယားနဲနဲဆွဲတတ်ရမည်။ ဒီရာထူးဆိုတာ ရှာရတာအရမ်းလွယ်တာ ပေါပေါလောလောရနိုင်တဲ့အနေအထားပါ။ ကွန်ပျူတာလေး တတ်ရုံနဲ့ အလုပ်ရမှာ ကြိမ်သေတာာပဲ။ ကျွန်တော်မှာ CV တွေမှာအများကြီးရှိထားတဲ့အတွက် ရှာရတာအရမ်းလွယ်ပါတယ်။ ဒါနဲ့ စိတ်ကြိုက်ရွေးတာပေါ့။ အဲမှာ ကွန်ပျူတာကျောင်းဆင်း နှစ်ယောက်တင်ထားတဲ့ CV သွားတွေ့တယ်။ လုပ်ငန်းအတွေ့အကြုံတော့မရှိသေးပေမယ့် ကွန်ပျူတာနဲ့ပြီထားတာဆိုတော့ စိတ်ထဲမှာတော့ယုံကြည်ထားပြီးသာ သူတို့ကွန်ပျူတာတော့ကြိမ်သေရမှာပဲပေါ့။ ဒါနဲ့အင်တာဗျူးခေါ်လိုက်ပြီး လစာညှိတော့ကို အဆင်ပြေတယ်။ ဒါပေမယ့် ကျွန်တော် သူတို့ကို အလုပ်မခန့်လိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကွန်ပျူတာနဲ့ကျောင်းပြီးထားသော်လည်း မြန်မာလက်ကွက်မပြောနဲ့ အင်္ဂလိပ်လိုတောင် ဖြောင့်အောင်မရိုက်နိုင်တဲ့အပြင် လက်ကွက်တောင် Chatting ထိုင်သလို လက်ညိုနှစ်ချောင်းနဲ့ ရိုက်ပြနေတော့ ခဏပဲ ဗျူးပြီ ပြန်လွတ်လိုက်ရပါတယ်။ အောင်လက်မှတ်တွေသေချာစစ်တော့ အစစ်ပါပဲ။ ပညာရေးတော့ အပြစ်မတင်တော့ပါဘူး။ သူတို့ကိုယ်တိုင် သေချာမလုပ်ခဲ့လို့နေမှာပါလေဆိုပြီး ရိုးရိုးဘွဲ့ရ ကွန်ပျူတာသုံးတတ်တာလေးပဲထည့်ပေးလိုက်ရတော့တယ်။ ဒါကဥပမာပေးတစ်ခုပဲရှိပါသေးတယ်။ ရာထူးငယ်ကအစ ရာထူးကြီးအထိ ထိုကဲ့သို့သော ဖြစ်စဉ်တွေလည်း ကြုံရပါတယ်။
Skills gap ဖြစ်နေတဲ့အတွက် ကျွမ်းကျင်သူရှာရတာအရမ်းခက်ခဲလှပါတယ်။ လုပ်ငန်းအတွက်တကယ်ပဲ သတ်မှတ်ထားတဲ့အရည်အချင်းပြည့်ဝမှ လုပ်ငန်းအတွက်အဆင်ပြေတာမှန်ပါတယ်။ ပြန်သင်ပေးစရာမလိုတဲ့အပြင် သူဆီက အပြင်ကပါလာတဲ့ လုပ်ငန်းအတွေ့အကြုံတွေပါအသုံးချခွင့်ရပါသေးတယ်။ တချို့ရာထူးတွေက အလွယ်တကူရှာလိုလွယ်ပေမယ့် တချို့ရာထူးတွေကတော့ ဈေးကြီးကြီးပေးခေါ်ရင်တောင် ခေါ်လို့မရပါဘူး။ လက်ရှိလုပ်ငန်းတိုင်းမှာ အပြိုင်အဆိုင်တွေဖြစ်နေကြတဲ့အတွက် တကယ့် Key player ကိုတော့ နည်းမျိုးစုံနဲ့ထိန်းထားကြပါတယ်။ တော်တဲ့ဝန်ထမ်းတွေကို ထိန်းသိမ်းတဲ့စနစ်ဟာ ကုမ္ပဏီတစ်ခုမှာအရေးပါလှပါတယ်။ ဒီလိုမှမဟုတ်ရင် သမင်မွေးရင်းကျားစားရင်း ဖြစ်နေပါလိမ့်မယ်။ တချို့ကုမ္ပဏီတွေမှာတော့ Retention plan ကိုထိထိရောက်ရောက်လုပ်ကြပါတယ်။ HR ကပဲဦးဆောင်ပြီး ကုမ္ပဏီရဲ့ Culture လည်းတည်ဆောက်ရင်း ထိန်းသင့်တဲ့သူကိုထိန်း ထုတ်သင့်တဲ့သူကိုထုတ်ပါတယ်။ ဒါဟာကုမ္ပဏီတစ်ခုအတွက် သိပ်အရေးကြီးပါတယ်။ ၀န်ထမ်းတွေမြဲနေတာမှန်သော်လည်း ပျော်လို့မြဲနေတာလား? ဒါမှမဟုတ် သွားစရာမရှိလို့မြဲနေတာလား? ဒါတွေကိုသိထားချင်အားဖြင့် ကိုယ့်ဝန်ထမ်းတွေကို ဘာတွေထပ်ဖြည့်ပေးလိုက်ရင် လုပ်ငန်းအတွင်းဘယ်နေရာမှာအကျိုးရှိသွားမလဲ? သူ့အတွက်ကောဘာအကျိုးတွေရှိလာမလဲ? ကိုယ်လုပ်ငန်းကိုပြန်လည်သုံးသပ်ကြည့်မိဖို့ လိုအပ်ပါတယ်။
အလုပ်တစ်ခုအတွက်ရာထူးတစ်ခုကြေငြာလိုက်တယ်ဆိုရင် လိုချင်တာက ၅ယောက်၊ လာလျောက်တဲ့သူက လေးယောက်ဆိုပါတော့။ ဒါဆို ကျွန်တော်တို့ဘယ်လိုရွေးမလဲ? လျောက်မယ့်သူမရှိတော့ရင်တော့ လေးယောက်လုံးခန့်ရုံပေါ့။ ဒါဆိုကျွန်တော်တို့ စိတ်ကြိုက်ရွေးခွင့်မရှိတော့ဘူးလေ။ လာလျောက်တဲ့သူနည်းရခြင်းဟာ ဘာကြောင့်လဲ သုံးသပ်ဖို့လိုတယ်။ တချို့တွေက ကုမ္ပဏီ brand နဲ့ဆွဲဆောင်ခြင်း၊ လစာဖြင့်ဆွဲဆောင်ခြင်း၊ ကောင်းမွန်သောခံစားခွင့်တို့ဖြင့်ဆွဲဆောင်ခြင်း စသဖြင့် Value တစ်ခုတည်ဆောက်ထားကြပါတယ်။ဒါမှလည်း ကုမ္ပဏီက ၀န်ထမ်းလောင်းတွေကိုဆွဲဆောင်ထားနိုင်ပြီး ရေရှည်ထိန်းထားနိုင်မှာပေါ့။ မဟုတ်လို့ကတော့ ခဏတာ မိုးခိုသူတွေသာဖြစ်ကြပါလိမ့်မယ်။ လက်ရှိမှာ ကျွန်တော်တို့လုပ်ငန်းခွင်အခြေအနေဟာ fitting the person to the job ကနေ fitting the job to the person ဖြစ်လာပြီး လူကောင်းသူကောင်းလို့ထင်ရတဲ့သူကို သင့်တော်ရာနေရာမှာအရင်ခန့်ထားလိုက်ပြီး နောက်မှသင်ပေးရင် တစ်ဖြေးဖြေး တွန်းတင်သွားတာမျိုးလုပ်ရမယ့်အခြေအနေပါ။ အရေးကြီးဆုံးက စိတ်နေသဘောထားကောင်းသူဖြစ်ဖို့ပါပဲ။ ဒါမှလိုချင်တဲ့သူကို သင်ပေးရတာလွယ်ကူစေပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိလာစေမှာ  ကောက်ကောက်လေးထဲကနေ ကွေးကွေးလေးရွေးကြတဲ့အခါ လုပ်ငန်းကျွမ်းကျင်မှုအပြင် မမြင်ရတဲ့အခြေအနေအရပ်ရပ်ကို သုံးသပ်နိုင်ဖို့လိုအပ်ပါတယ်။
Jimmy Hein (24/5/17/11:30pm)

No comments:

Post a Comment