Tuesday, June 10, 2014

စတော့ဈေးကွက်ကို ခြုံငုံလေ့လာ၍မြှုပ်နှံပါ


ပြည်သူအများစုသည် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် ဈေးကွက်ကြီးတစ်ခုလုံးအား ခြုံငုံ၍ အချိန်ယူလေ့ လာခြင်း မပြုကြဘဲ ကုမ္ပဏီတစ်ခု၏စတော့တစ်ခုတည်းကိုသာ အာရုံစူးစိုက် လေ့လာတတ်ကြပါသည်။ စတော့ ဈေးကွက်ကို မည်သို့လေ့လာရမည်ဆိုသည့် အတတ်ပညာများအားကြိုတင်သိရှိလေ့လာထားမှသာလျှင် သင့်အနေဖြင့် စတော့များ အကျဘက်သို့ ရောက်နေသည့်ကာလ၌ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်မည် ဖြစ်သလို အတက်ဘက်သို့ရောက်နေသည့် ကာလတွင်လည်းမှန်ကန်သည့် ဆုံးဖြတ်ချက်များကိုချမှတ်နိုင်ကာ ကြွယ်ဝလာစေနိုင်မည်ဖြစ်ပါသည်။
ရင်းနှီးမြှုပ်နှံသူများသည် မကြာခဏဆိုသလို ဆန့်ကျင်ဘက်အားပြုမူတတ်ကြသည်ကို တွေ့မြင်ရပါ သည်။ ၎င်းတို့သည် စတော့ဈေးနှုန်းများ အတက်ဆုံးသို့ ရောက်နေချိန်တွင် အငမ်းမရဝယ်ယူကြကာ စတော့ ဈေးများ အောက်ဆုံးသို့ ရောက်နေသည့်အချိန်တွင် ခါးသီးစွာ ရှောင်ရှားလေ့ရှိကြပါသည်။ အကယ်၍သာ ၎င်းတို့အနေနှင့် ဈေးကွက်ကြီး တစ်ခုလုံးအား အချိန်ယူ၍ လေ့လာခဲ့မည်ဆိုပါက ပိုမိုမှန်ကန်ကောင်းမွန်သည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဖြစ်ပါသည်။ ဖယောင်းတိုင်တစ်ချောင်းကိုင်ကာ တောနက်ကြီးတစ်ခုတွင် လမ်းပျောက်နေသည့် အဖြစ်ကိုမှန်းဆကြည့်ပါ။ သင့်အနေနှင့် လမ်းမှန်ကို ပြန်လည်တွေ့ရန် ခက်ခဲပေလိမ့် မည်။ သို့သော်လည်း သင့်အနေနှင့် ပိုမိုကောင်းမွန်သည့် GP ကဲ့သို့သော၊ သံလိုက်အိမ်မြှောင် (compass) ကဲ့သို့သော၊ လက်နှိပ်ဓာတ်မီးကဲ့သို့သော ပစ္စည်းများသာ ပါရှိလာမည်ဆိုပါလျှင် တောနက်ထဲမှ အလွယ်တကူ ပြန်လည်ထွက်လာနိုင်မည်ဖြစ်ပါသည်။ ထို့အတူ စတော့များကိုလေ့လာရာတွင်လည်း အထက်ဖော်ပြပါ ကိရိ ယာများနှင့် အလားသဏ္ဌာန်တူသော အသက်ကယ်စနစ်များကိုလေ့လာထားခြင်းဖြင့် အကျိုးထူးများ ရှိနိုင်မည် ဖြစ်ပါသည်။
သင့်အနေနှင့် စတော့ဈေးကွက်ထဲသို့ ယခုမှ စတင်ဝင်ရောက်သည့်သူဖြစ်ပါက ဈေးကွက်ထဲတွင် ရှိနေ သည့် အခြေခံ အထာများအားလုံးကိုသိရှိလေ့လာထားရန် လိုအပ်ပါသည်။ ယင်းအချက်များသည် သင်၏ အောင်မြင်ရေးအတွက် အခြေခံသော့ချက်များ ဖြစ်လာစေမည် ဖြစ်သည်။ ထို့ကြောင့် ဈေးကွက်၏ သဲလွန်စများ၊ ဈေးကွက်၏ အချက်ပြကိရိယာများကို လမ်းညွှန်ချက်တစ်ရပ်အဖြစ်ကျေညက်စွာ လေ့လာရမည်ဖြစ်ပါသည်။ သင့်အနေနှင့် သစ်တောကြီးထဲမှ ထိခိုက်မှုမရှိဘဲ ပြန်ထွက်လာစေမည်ဟု တထစ်ချ အာမမခံသော်လည်း မှန်ကန်သည့် ကိရိယာများကိုသာ သုံးစွဲနိုင်ပါက အောင်မြင်စွာပြန်လည် ထွက်လာနိုင်ခြေ များမည်ဖြစ်ပါသည်။
စတော့ဈေးကွက် သမိုင်းတွင်စတော့များမှ လက်ဖျား ငွေသီးစေခဲ့သည့် ကုန်သည်နှင့် စာရေးဆရာ တစ်ဦး ရှိခဲ့ပါသည်။ ၎င်း၏အမည်မှာ Jesse Livermore ဟု ခေါ်တွင်ပါသည်။ ၎င်းသည် ဈေးကွက်တစ်ခုလုံး အား လေ့လာကာ မှန်ကန်သည့်ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့သူဟုဆိုပါသည်။ သူက အရေးကြီးဆုံးအချက်တစ် ခု ရှာဖွေတွေ့ရှိပုံကို ထုတ်ဖော်ပြသခဲ့သည်။
၁၉၉ဝ ပြည့်နှစ် အစောပိုင်းကာလများတွင် စတော့များ အတက်ဘက်သို့သွားနေသည့် bull market အားကမ္ဘာစစ်ကြီးဖြစ်နေသည့်အချက်ကပင် ရပ်တန့်သွားအောင် မလုပ်နိုင်ခဲ့ခြင်းကို Livermore ကသတိပြုမိခဲ့ သည်။          ငွေရှာဖွေရာတွင် အခြေအနေတစ်ခုကို မည်သို့ မှန်ကန်စွာ သုံးသပ်နိုင်သည်က အရေးကြီးကြောင်း ၎င်းကဆိုခဲ့သည်။ Livermore သည် လျှော့ဈေးနှင့် ရောင်းဝယ်သည့် စတော့ပွဲစားရုံ (bucket shop) သို့ နေ့စဉ် သွားရောက် လေ့လာလေ့ ရှိသည်။ အချိန်တိုင်းဆိုသလို Livermore သည် အဆိုပါစတော့ပွဲရုံသို့ သွားကာ လူအများ အမြဲတမ်း ရှာဖွေလေ့ရှိသည့်လူတစ်ယောက်ကို သွားရောက်လေ့လာလေ့ရှိသည်။ ယင်းပုဂ္ဂိုလ်၏ အမည်မှာ Mr.Partridge ဖြစ်သည်။ ၎င်းက လာရောက်မေးမြန်းသူအားလုံးအား “It is a bull market” (တက်နေသော ဈေးကွက်) ဟုသာအမြဲတမ်း ဖြေကြားခဲ့သည်။ ပထမတွင် Livermore က ဤသည်မှာ ပြက်လုံး တစ်ခု ထုတ်နေသည်ဟုထင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူ့အနေနှင့် နည်းလမ်းအသစ်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့သည်။ ­စတော့ရောင်းဝယ်မှုများကို ကာလရှည်ကြာစွာ လေ့လာခဲ့ပြီးနောက်ပိုင်းတွင် သူ့အနေနှင့် Mr.Partridge အဘယ့်ကြောင့် ထိုသို့ တက်နေသော ဈေးကွက်ဟု ပြောခဲ့သည်ကို သဘောပေါက်ခဲ့ကြောင်း၊ ဟုတ်ပါသည်။ ဒါဟာ နွားသိုး ဈေးကွက်တစ်ခု အမှန်ပါပဲ။ ဤအချက်က ဘာကို ရည်ညွှန်းသလဲဆိုပါလျှင် များပြားသော ငွေကြေးတစ်ရပ်သည် စတော့ တစ်ခုချင်းစီ၏အတက်အကျ လှိုင်းထိပ်များတွင် ပါဝင်စီးမျော ခြင်းမရှိဘဲ အလယ်တွင်သာ ခပ်မှန်မှန် လှူပ်ရှားနေသည်။ ဤသည်မှာ စတော့ တိပ်ကြိုးများကို ဖတ်ရှုခြင်း ကြောင့် မဟုတ်ဘဲ ဈေးကွက်တစ်ခုလုံးကို မှန်ကန်စွာ အကဲဖြတ်သုံးသပ်ခြင်းကြောင့် ဖြစ်သည်ဟု Livermore က ဆိုခဲ့သည်။
တစ်နည်းဆိုရပါလျှင် သင့်အနေနှင့် ငွေများများကို ရရှိလိုပါက ဈေးကွက်ကြီးတစ်ခုလုံးကို မှန်ကန်စွာ အကဲဖြတ်တတ်ရန် လိုအပ်ပါသည်။ ဤသည်မှာ လွယ်ကူသော အလုပ်တစ်ခုဖြစ်ပါသလား။ အမှန်တကယ် တော့ လွယ်ကူသော အလုပ်တစ်ခုမဟုတ်ပါချေ။ ဈေးကွက်ကို မည်သို့ဖတ်ရှုရသည်ကို လေ့လာရင်းနှင့်ပင် အောင်မြင်မှုများ သင့်ဘက်သို့တဖြည်းဖြည်းချင်း ရောက်ရှိလာနိုင်မည်ဖြစ်ပါသည်။ ဈေးကွက်ကို လေ့လာရမည့် ဗျူဟာ များစွာရှိပါသည်။
အခြေခံအားဖြင့် စတော့တစ်ခုကို ဈေးကွက်ခိုင်မာနေပြီး ဈေးတက်နေသည့်အချိန်တွင် စတင်ဝယ်ယူ ကာ ဈေးပြန်မကျမီ ပြန်ထုတ်ရောင်းရမည်ဆိုသည်မှာ သာမန် အသိဉာဏ်တစ်ခုနှင့်ပင် သိနိုင်ပါသည်။ ပို၍ အရေးကြီးသည့် အချက်မှာ သင့်အနေနှင့် ဈေးကွက်ကို ကိုယ်တိုင်လေ့လာမည်ဆိုပါက အသိအကျွမ်းများ၊ အိမ်နီးနားချင်းများ၊ ရုပ်သံများမှ ဝေဖန်ရေးသမားများ၊ စာရေးဆရာများ၏ စကားများကို နားမထောင်မိရန် အရေးကြီးပါသည်။ ယင်းအစားသင်၏ ကိုယ်ပိုင်အသိဉာဏ်နှင့်သဲလွန်စများကို ဖော်ထုတ်ရန်နှင့် အရေးကြီး ဆုံးက ဈေးကွက်အညွှန်းကိန်းများကို လေ့လာရန် လိုအပ်ပါသည်။
အဆိုပါသဲလွန်စများ မည်သို့ဖော်ထုတ်သည်ကို လေ့လာရင်းနှင့်ပင်သင့်အနေနှင့် ဈေးကွက်အခြေအနေ ကို ပိုမိုနားလည်လာမည်ဖြစ်ပါသည်။ စတော့ဈေးကွက်တွင် ရုတ်တရက်ဉာဏ်ပွင့်လာနိုင်သည့် မျက်လှည့် ပညာတစ်ရပ် မရှိပါ။ သို့သော်ဈေးကွက်၏ အခြေခံသဲလွန်စများကို လေ့လာရင်းနှင့်ပင် သင့်အနေနှင့် အမြတ် အစွန်းများကို တဖြည်းဖြည်းချင်း ရရှိလာမည်ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သလိုပင်သင့်ကိုယ်သင် ကျွမ်းကျင်မှုများတိုးတက်စေရန်အတွက် လုပ်ဆောင်ရမည့်အလုပ်မှာ လာဘ်မြင်သောလေ့လာသူတစ်ဦးဖြစ်ရန် လိုအပ်ပါသည်။ ဈေးကွက်အား မည်သို့လေ့လာရမည်ကို လေ့လာရင်းနှင့်ပင် သင့်အနေနှင့် အခြားသော ရောင်းဝယ်သူများ၊ ပွဲစားများထက် နှာတစ်ဖျားသာသည့် အခြေအနေတစ်ရပ်ကို ရရှိစေမည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အများစုမှာ ဈေးကွက်ကိုမည်သို့မျှ မလေ့လာဘဲ လျစ်လျူရှုထားခြင်းပင်ဖြစ်သည်။ ဈေးကွက်ကိုသေသေချာချာ စောင့်ကြည့်ပါကသင့်အနေနှင့် စီးပွားရေးကြီးတစ်ခုမည်သို့ပြောင်းလဲသွားသည်ကို တွေ့မြင်ရမည့်အပြင် ကမ္ဘာ့အဖြစ်အပျက်များက ဈေးကွက်ကို မည်သို့အကျိုးသက်ရောက်စေသည်၊ လမ်းကြောင်းများ မည်သို့ပြောင်းသွားသည်နှင့်နွားသိုးဈေးကွက်နှင့် ဝက်ဝံဈေးကွက်တို့၏ အစမှတ်နှင့် အဆုံး မှတ်တို့ကိုပါ လေ့လာသိရှိနိုင်မည်ဖြစ်ပါသည်။
ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တစ်ခု၏ အထင်ကရ မန်နေဂျာတစ်ဦးဖြစ်သည့် Peter Lynch သည် ကုန်တိုက်၊ မော်တော်ကား ဝယ်ရောင်းဌာနများ အစရှိသော ဈေးသည်ရှိသည့် ကုမ္ပဏီနှင့် ဈေးကွက်မျိုးစုံသို့ သွားရောက်လေ့လာလေ့ရှိပြီး မည်သည့်ပစ္စည်းများက လူအဝယ်လိုက်သည်၊ ကုန်တိုက်ရှိ မည်သည့်အတန်းက လူအစည်ကားဆုံးနေရာဖြစ်သည်ကို လေ့လာလေ့ရှိပါသည်။ ဤသို့လေ့လာခြင်းက သူ့အနေနှင့် မည့်သည့် စတော့များကို ဝယ်ယူစုစည်းရခြင်းက အကောင်းဆုံးဖြစ်မည်ဆိုသည့် အကြံဉာဏ်များကို ရယူနိုင်ခဲ့ပါသည်။ သင့်အနေနှင့်လည်း ဤနည်းလမ်းအတိုင်း စတော့ဈေးကွက်တွင် အသုံးချနိုင်ပါသည်။
ဈေးကွက်အား အောင်မြင်စွာဖော်ထုတ်ရန်မှာ သင့်အနေနှင့် စုံထောက်အတတ်ပညာကိုလည်း တတ်မြောက်ရန် လိုအပ်ပါသည်။ လျှို့ဝှက်ဆန်းကြယ်သော ဇာတ်လမ်းများတွင်ပါဝင်သည့်အတိုင်း သင့်အနေ နှင့် သဲလွန်စများကို ရှာဖွေလိုက်တိုင်းလှည့်စားမှုများ၊ လမ်းကြောင်းအမှားများနှင့် ဦးတည်ချက်အလွဲများကို တွေ့ရမည် ဖြစ်ပေသည်။ ဆိုးရွားသော ရလဒ်များ ရရှိနေသည့်တိုင်သတင်း၊ စာနယ်ဇင်းများကို အသုံးချကာ သင့်ကို လှည့်ဖြားသွားနိုင်ပါသည်။ သို့သော်လည်း စတော့စုံထောက်တစ်ဦးအနေဖြင့် မည်သည်က အမှန်ဖြစ် သည်၊ မည်သည်ကလုပ်ကြံ လီဆယ်ထားသည်ကို ခွဲခြားတတ်ရန် လိုအပ်ပါသည်။ သင့်အနေနှင့် စတော့ဈေး ကွက်သို့ ဝင်ရောက်ခဲ့ပါက ထူးဆန်းသော ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသလို ခံစားရမည်ဖြစ်ကာ ခြားနားသော စည်းမျဉ်းများကို မြင်တွေ့ရမည်ဖြစ်သလို ဆင်ခြင်တွေးခေါ်မှုတိုင်းသည်လည်း အရာမရောက်ကြောင်း တွေ့ရ မည်ဖြစ်ပါသည်။
သင့်အနေနှင့် စတော့တစ်ခုကိုဝယ်ယူသည်ဖြစ်စေ၊ အညွှန်းကိန်းအခြေခံ အစုတစ်ခုကို ဝယ်ယူသည် ဖြစ်စေ သင့်ထံတွင် bull market  ၏စွမ်းရည်များ အပြည့်ရှိနေပြီဆိုပါကမြတ်စွန်းမည်မှာ သေချာပါသည်။ ဤအတက် ဈေးကွက်တွင် သင့်အားပွပေါက်တိုးစေမည့် အခွင့်အရေးများတစ်ပုံကြီးရရှိမည်ဖြစ်သလို ကျရိပ်ရှိ သည့် ဈေးကွက်သို့ ရောက်ခါနီးတွင်လည်း သင့်ကိုယ်သင် အချိန်မီကာကွယ်ရန် မမေ့ပါနှင့်။
ထွန်းသက်ထွန်း

No comments:

Post a Comment