Tuesday, June 17, 2014

အအောင်မြင်ဆုံးသူတို့ရဲ့ ယုံကြည့်ချက် (၇) ချက်



ဒီနေ့ထိတိုင် ကမ္ဘာကျော်ကွန်ဖူးမင်းသားအဖြစ် လက်ခံထားဆဲ Bruce Lee က ကိုယ်ပိုင်အရည်အသွေးအမြဲရှိဖို့၊ ကိုယ့်အရည်အချင်းကို ထုတ်ဖော်ပြဖို့၊ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့၊ တခြားအောင်မြင်သူတွေရဲ့မူဟန်တွေကို အတုမယူဖို့ ပြောခဲ့ဖူးပါတယ်။စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ အအောင်မြင်ဆုံးဆိုတဲ့ပုဂ္ဂိုလ်တွေဟာ တခြားအောင်မြင်သူအများစုထက်ပိုပြီး လုပ်နည်းလုပ်ဟန်တွေကွာခြားကြတာတွေ့ရပါတယ်။ သူတို့ ဘယ်လိုဘယ်ပုံစဉ်းစားလေ့ရှိသလဲ၊ ဘာကြောင့် အဲဒီစဉ်းစားပုံစဉ်းစားနည်းဟာ အောင်မြင်စေသလဲ ဆိုတာကိုလေ့လာကြည့်စေချင်ပါတယ်။ လုပ်ငန်းနယ်ပယ်မတူ၊ ကျွမ်းကျင်မှု ပညာရပ်ကွဲပြားကြပေမယ့် သူတို့မှာ ယထာဘူတကျကျရှုမြင်သုံးသပ်မှုနဲ့ ယုံကြည်မှုတို့တူညီစွာရှိနေကြတာ သိရပါတယ်။

(၁) အချိန်ဆိုတာ ကိုယ့်စိတ်ကြိုက် အသုံးချစရာ

ပြီးစီးဖို့ နောက်ဆုံးသတ်မှတ်ထားချိန် (deadline) တွေ၊ အချိန်တာသတ်မှတ်မှုတွေက “အကန့်အသတ်စည်းဘောင်” ဖြစ်တယ်ဆိုပေမယ့် နည်းမှန်လမ်းမှန်အဖြစ် အမြဲမဆိုနိုင်ပါဘူး။ သာမန်အရည် အသွေးရှိသူတစ်ဦးကို တာဝန်တစ်ခုပေးပြီး နှစ်ပတ်အကြာမှာအပြီးသတ်စေမယ်ဆိုရင် အဲဒီလူဟာနှစ်ပတ်ကြာမှအလုပ်ပြီးမယ့်အားထုတ်မှုကိုပဲ ပင်ကိုဗီဇအရ အလိုအလျောက် ချိန်ဆလုပ်ကိုင်ပါလိမ့်မယ်။ဒါကြောင့် ကိုယ့်စွမ်းဆောင်မှုကို ကောင်းကောင်းစီမံနိုင်ဖို့အတွက် deadline ကို မေ့ထားဖို့လိုပါတယ်။တာဝန်တိုင်း အလုပ်တိုင်းကို လုပ်သင့်လုပ်ထိုက်တဲ့အချိန်ပမာဏ ပေးရပါမယ်။ ဒါပေမယ့် စွမ်းရည်အပြည့်စိုက်ထုတ်ပြီး မြန်မြန်ဆန်ဆန်ထိထိရောက်ရောက်လုပ်ရမှာပါ။ ပြီး “ပိုထွက်လာတဲ့အားလပ်ချိန်” ကို တခြားကိစ္စတွေအတွက် ကိုယ့်မူအတိုင်း မြန်မြန်ဆန်ဆန်၊ ထိထိရောက်ရောက် အသုံးချနိုင်ပါလိမ့်မယ်။သာမန်အရည်အသွေးရှိသူတွေကတော့ အချိန်ရဲ့ဘောင်အကန့်အသတ်အတွင်း ခြေချုပ်မိနေလေ့ရှိသလောက် ထက်မြက်သူတွေကတော့ အချိန်ကို ကိုယ့်စိတ်တိုင်းကျ အကျိုးရှိရှိ အသုံးချနိုင်ပါတယ်။

(၂) ကိုယ်ရွေးချယ်ထားသူသာ ကိုယ့်အနားမှာ

လက်အောက်ဝန်ထမ်းတချို့ကြောင့် “ဦးနှောက်စား”ရလေ့ရှိပါတယ်။ “တစ်ခါဆက်ဆံ ဆယ်ခါလန်”တဲ့ကပ်စ်တမာတချို့ လည်းကြုံတတ်ပါတယ်။ အတ္တကြီးတဲ့မိတ်ဆွေ၊ ပြဿနာရှာတဲ့ သူငယ်ချင်းတွေနဲ့လည်းပေါင်းသင်းရတတ်ပါတယ်။ အဲဒီသူတွေ အားလုံးကိုရွေးချယ်သူဟာကိုယ်တိုင်ပါပဲ။ ကိုယ့်ဝန်းကျင်ကလူတွေကြောင့် ဒုက္ခရောက်ရတယ်ဆိုရင် ဒါဟာသူတို့အမှား မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ရဲ့အမှားပါ။ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ရေးရာမှာပဲဖြစ်ဖြစ် ဒီလိုလူတွေပါဝင်ပတ်သက် နေတာဟာ ကိုယ်တိုင်ကလက်ခံထားလို့ဆိုတာကိုမမေ့ပါနဲ့။

ဘယ်လိုလူမျိုးနဲ့ အလုပ်တွဲလုပ်ချင်သလဲ၊ ဘယ်လိုကပ်စ်တမာမျိုးကို ၀န်ဆောင်မှုပေးချင်သလဲ၊ ဘယ်လိုမိတ်ဆွေ အပေါင်းအသင်း လိုချင်တာလဲ ဆိုတာကို စဉ်းစားပါ။ ပြီး ကိုယ်တိုင် ပြောင်းလဲပါ။ ဒါမှသာ ကိုယ်အလိုရှိသူတွေ ကိုယ့်ဝန်းကျင်ဆီရောက်လာအောင် စတင်ဆွဲဆောင်နိုင်ပါလိမ့်မယ်။ အလုပ်ကြိုးစားသူတွေကအလုပ်ကြိုးစားသူတွေနဲ့ပဲ အလုပ်လုပ်ချင်ပါတယ်။ ထက်မြက်တဲ့ဝန်ထမ်းက ထက်မြက်တဲ့ဘော့စ်တွေနဲ့ပဲအလုပ်လုပ်ချင်ပါတယ်။ အောင်မြင်တဲ့ပုဂ္ဂိုလ်တွေဟာ အောင်မြင်တဲ့လူတွေကိုပဲ အလိုအလျောက်ဆွဲဆောင်နိုင်ပါတယ်။

(၃) တာဝန်နဲ့ဝတ္တရားဖြည့်စည်းရုံသာ မလုပ်ပါ

လူ့တန်ဖိုးအတွက် တစ်ခုတည်းသောစစ်မှန်တဲ့တိုင်းတာမှုဟာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ပါဝင်ဆောင်ရွက်မှုတစ်ခုခုကို နေ့စဉ်လုပ်ကိုင်မှုပါပဲ။ ဘာတွေပဲပြီးအောင်လုပ်လုပ်၊ အတိတ်ကဘာတွေပဲ ပြီးမြောက်ခဲ့ပါစေ၊ ကြိုးစားရကျိုးနပ်ပြီ၊ ပင်ပန်းရကျိုးနပ်ပြီ၊ ခက်ခက်ခဲခဲလုပ်ခဲ့ပြီးပြီ လို့ မဆိုနိုင်ပါဘူး။ သေးဖွဲလွန်းတဲ့အလုပ်ဆိုတာ ထာဝရ မရှိသလို၊ ကျွမ်းကျင်မှု မလိုတဲ့အလုပ်၊ ငြီးငွေ့စရာကောင်းတဲ့အလုပ်ဆိုတာလည်းအမြဲတစေမရှိနိုင်ပါဘူး။

ပြောစမှတ်တွင်လောက်အောင် အောင်မြင်တဲ့ပုဂ္ဂိုလ်တွေဟာ သူတို့စွမ်းဆောင်မှုရဲ့အသီးအပွင့်ကလွဲပြီးကျန်အရာတွေက ရမယ့်ခံစားခွင့်အပေါ် အလေးထားလေ့မရှိပါဘူး။

(၄) အတွေ့အကြုံကို ဘေးဖယ်ထား အလုပ်ပြီးမြှောက်မှုသာ အလေးထား

မားကစ်တင်းနယ်ပယ်မှာ ၁၀ နှစ်ရှိပြီတဲ့လား။ ဘယ်နယ်မှာ ဘယ်လောက်ကြာကြာလုပ်ခဲ့သလဲ ဆိုတာအလေးထားစရာ မလိုပါဘူး။ အတွေ့အကြုံနှစ်ကာလတွေဟာ ဘာမှမဟုတ်တာမျိုးလည်းရှိတတ်ပါတယ်။ မားကစ်တင်းနယ်ပယ်တွင်း အညံ့ဆုံး ၀န်ထမ်းအဖြစ် ၁၀ နှစ်ကြာနေခဲ့သူလည်းဖြစ်နိုင်တာကိုး။

အောင်မြင်သူတွေက (ထိရောက်အောင်မြင်စွာ) အလုပ်ပြီးမြောက်မှုကိုပဲ အလေးထားကြပါတယ်။ကုန်ပစ္စည်းဘယ်နှမျိုးကို ဈေးကွက်ပေါက်အောင်၊ ရောင်းအားတက်အောင် စွမ်းဆောင်နိုင်ခဲ့သလဲ၊ပြိုင်ဘက်တွေထက်သာလွန်အောင် ဘာတွေလုပ်နိုင်သလဲ၊ ကပ်စ်တမာတွေကို ဘယ်လောက်အတိုင်းအတာအထိ ဆွဲဆောင်နိုင်သလဲ ... စတဲ့အချက်တွေက သာ အမှန်တကယ်အလေးထားစရာဖြစ်ပါတယ်။

(၅) အရှုံးဆိုတာ ကြုံလာတိုင်း လက်ခံရမယ့်အရာ

လူတွေကို ဘာကြောင့် သူတို့အောင်မြင်ရသလဲ မေးကြည့်တဲ့အခါ သူတို့အဖြေတွေမှာ “ကျွန်တော်.../ကျွန်မ်မ ...” ၊ “ကျွန်တော့်ကို .../ ကျွန်မကို ...””စတဲ့ နာမ်စားတွေနဲ့ ပြည့်နှက်နေတာကို သတိပြုမိပါတယ်။ တစ်ခါတလေမှာငာ “ကျွန်တော်တို့... / ကျွန်မတို့ ...” ဆိုတာမျိုး ကြပါတယ။်ဘာကြောင့် အရှုံးကြုံရတာလဲ လို့ မေးတဲ့အခါမှာတော့ အများစုက “ကလေး” ပြန်ဖြစ်သွားကြပြီး““ကျွန်တော့်ကြောင့် အရုပ်ကျိုးသွားတာဗျ”” လို့ မပြောဘဲ “ကျွန်တော့်အရုပ်တော့ ကျိုးပါပြီဗျာ” လို့ဖြေတတ်ကြပါတယ်။သူတို့က စီးပွားထိုင်းမှိုင်းတာ၊ ဈေးကွက်အသင့်မဖြစ်တာ၊ ပစ္စည်းထောက်ပံ့သူတွေ ပျက်ကွက်တာ လို့ပြောပါလိမ့်မယ်။ တစ်စုံတစ်ယောက်ကြောင့်၊ တစ်ခုခုကြောင့် လို့ ပြောပါလိမ့်မယ်။ သူတို့တွေဟာ အမှားကနေသင်ခန်းစာမယူကြသူတွေပါ။ တကယ်တော့ အောင်မြင်သူတိုင်း ရှုံးနိမ့်ဖူးသူတွေဖြစ်ပါတယ်။ ထိန်းချုပ်စီမံလို့မရနိုင်တဲ့ ပြင်ပကိစ္စရပ် တွေ ဖြစ်တတ်တာမို့ အောင်မြင်သူတိုင်းဟာ အကြိမ်ကြိမ် ရှုံးနိမ့်ဖူးတွေဖြစ်ပါတယ်။ဒါပေမယ့် လက်ရှိအချိန်မှာ ဘာကြောင့်အောင်မြင်တာပါလဲ၊ အရှုံးကို လက်ခံလို့ပါ၊ အရှုံးကနေ သင်ခန်းစာယူလို့ပါ။

(၆) မခိုင်းဘဲ လုပ်မှ ထာဝရ အနိုင်

ကိုယ့်ကိုရွေးချယ် တာဝန်ပေးတာမျိုးမဟုတ်တဲ့ကိစ္စတွေကို လက်မရှောင်ပါနဲ့။ ကိုယ်တိုင်ဆန္ဒပြုတောင်းဆိုတဲ့အခါတိုင်း လုပ်ခွင့်ပိုမိုရလာပါလိမ့်မယ်။ ဒါဟာ (အောင်မြင်လိုသူတွေ အတွက်) အခွင့်ထူးပါပဲ။ပိုမိုလုပ်ခွင့်ရလာရင် သင်ယူလေ့လာဖို့၊ အသိအမှတ်ပြုစေဖို့၊ ကျွမ်းကျင်မှုတွေ ပိုရလာဖို့၊ (လုပ်နိုင်တာထက်ကျယ်ကျယ်ပြန့်ပြန့်ပိုလုပ်နိုင်စေမယ့်) အဆက်အသွယ်သစ်တွေ တိုးပွားလာဖို့ စတဲ့အခွင့်အရေးတွေပိုမိုရရှိပါလိမ့်မယ်။အောင်မြင်မှုဟာ လုပ်ကိုင်ဆောင်ရွက်မှုအပေါ် အခြေခံပါတယ်။ ကိုယ်တိုင်ဆန္ဒပြုလုပ်ကိုင်လေလေလုပ်ခွင့်ရလာ လေလေပါပဲ။ အောင်မြင်သူတွေဟာ အခွင့်အလမ်းတွေကို ဖန်တီးနိုင်ဖို့ ရှေ့တိုးလုပ်ဆောင်တတ်ကြပါတယ်။

(၇) အများမသွားတဲ့ နေရာဆီ ရောက်အောင်သွား

အများမသွားတဲ့ “နေရာ” ဆီ ရောက်အောင်သွားမယ် လို့ လူအများပြောလေ့ရှိပါတယ်။ တကယ်တော့သူတို့ရောက် အောင်မသွားပါဘူး။ ဒီလိုနေရာဟာ ကျယ်ပြောသလောက် လူနေကျဲပါးတဲ့နေရာ၊အထီးကျန်တဲ့နေရာပါ။ စီမံခန့်ခွဲမှုပညာရှင် ဆရာမကြီးတစ်ဦးက ပြောခဲ့ဖူးပါတယ်။ အမြင့်ရောက်လေလေလူနည်းလေလေပါတဲ့။ ဒါကြောင့်လည်း ဒီလိုနေရာမှာ အခွင့်ကောင်းတွေအပြည့်ရှိနေတတ်ပါတယ်။ ကိုယ့်ကိုငွေပေးသူဟာ (အလုပ်ရှင်ဖြစ်ဖြစ်၊ ကပ်စ်တမာဖြစ်ဖြစ်) ကိုယ်ဘာလုပ်ရ မယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာပြောခွင့်ရှိသူမို့ ငွေပေးသူလုပ်စေချင်တာနဲ့ ကိုယ်တိုင်လုပ်ချင်တာနှစ်ခုကို ဟန်ချက်ညီညီချိန် ဆရင်းလုပ်ကိုင်ရပါမယ်။


Source: HR Journal

ဒီ့အတွက် ၀ီရိယစိုက်ထုတ်ပါ။ သူများထက် စောစောအလုပ်စ၊ သူများထက် နောက်ကျခံအလုပ်လုပ်၊လိုအပ်ရင် ဖုန်းအကြိမ်ရေ တိုးခေါ်၊ အီးမေးလ် စောင်ရေ ပိုပို့၊ ဆန်းစစ်လေ့လာချက်တွေ ပိုလုပ်ပါ။အမေးမစောင့်ပါနဲ့။ ကိုယ့်ဘက်က စတင်ကမ်းလှမ်းနိုင်အောင် လုပ်ပါ။ ၀န်ထမ်းတွေ လုပ်ရမှာကိုပြောရုံမပြောဘဲ၊ ကိုယ်တိုင်လုပ်ပြပါ၊ သူတို့နဲ့အတူ အလုပ်လုပ်ပါ။အချိန်တိုင်းမှာ တစ်ခုခု လုပ်နေပါ။ တခြားသူတွေ မလုပ်နိုင်တဲ့အလုပ် ဘာထပ်လုပ်နိုင်မလဲ စဉ်းစားပါ။သေချာတာ ကတော့ အများမလုပ်တဲ့အလုပ်မို့ ခက်ခဲပါမယ်။

No comments:

Post a Comment