Wednesday, May 22, 2013

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အဋ္ဌမမြောက် သမ္မတ



ဦးသိန်းစိန် (၁၉၄၅- ) 



          ၁၉၄၅ ခုနှစ်၊ဧပြီလ (၂၀)ရက် သောကြာနေ့တွင် မွေးဖွားခဲ့ပြီး ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ကျုံကူးရွာသား တစ်ယောက်ဖြစ်သည်။ဆင်းရဲနွမ်းပါးသော မိဘနှစ်ပါးဖြစ်သည့် ဖခင်ဦးမောင်ဖြိုး၊မိခင် ဒေါ်ခင်ညွန့်တို့မှ မွေးဖွားသည်။မွေးချင်း(၃)ယောက်တွင် အငယ်ဆုံးသား ဖြစ်သည်။အစ်မကြီးဖြစ်သူမှာ ဒေါ်ရင်လှိုင် ဖြစ်ပြီး အစ်ကိုကြီး ဖြစ်သူမှာ ဦးမြင့်ထွန်း ဖြစ်လေ၏။သမ္မတကြီး ဦးသိန်းစိန်သည် ငယ်စဉ်အခါက လွန်စွာမှ ဆင်းရဲသော်လည်း ပညာရေးကို အားပေးခဲ့သည့် မိဘဆွေမျိုး မောင်နှမများကြောင့်ပညာရေးကို အထူးကြိုးစားလေ့လာသင်ယူခဲ့ပြီး ထိပ်တန်းခေါင်းဆောင်ရာထူး အဆင့်ဆင့်ရသည်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံကို စစ်အစိုးရအုပ်ချုပ်သော နိုင်ငံတစ်နိုင်ငံအဖြစ်မှ ဒီမိုကရေစီနိုင်ငံအဖြစ် လျင်မြန်ညင်သာစွာဖြင့် ပြောင်းလဲမှုကို ခေါင်းဆောင်နိုင်ခဲ့သူ တစ်ဦးဖြစ်သည်မှာ မည်သူကမှ မငြင်းဆန်နိုင်ချေ။
*********************
          သမ္မတကြီး ဦးသိန်းစိန်သည် မူလတန်းမှဟ၍ ကျုံကူးမှ ဆရာဦးမောင်ဥ ထံတွင် ပညာစတင်သင်ကြားခဲ့၏။ထိုနောက် ဆရာတော်ဦးကေသရ ဘုန်းတော်ကြီးက အလွတ်ခေါ်သင်ကြားမှုဖြင့် တိုးတက်တဲ့အမြင်ရှိကာ အင်္ဂလိပ်စာ၊သချာင်္ သူငယ်တန်းမှ လေးတန်းအထိ သင်ကြားခဲ့ရလေသည်။ထိုစဉ်အခါက ကျုံကူးကျေရွာတွင် မူလတန်းကျောင်းခွင့်ပြုချက်ရရှိထားသော် ကျောင်းမဆောက်နိုင်သေးသဖြင့် ဘုန်းတော်ကြီးကျောင်းတွင် မူလတန်းကျောင်းဖွင့်ကာ သင်ကြားခဲ့ရလေ၏။ဦးသိန်းစိန်သည် စတုတ္ထတန်းအောင်ပြီး ကျောင်းဆက်တက်ရန် ၄င်းတို့ကျေးရွာတွင် အလယ်တန်း၊အထက်တန်းကျောင်းမရှိသဖြင့် မိဘများကလည်း ပုသိမ်သို့ပို့၍ ကျောင်းမထားနိုင်သဖြင့် ထိုနှစ်က ကျောင်းဆက် မတက်နိုင်ချေ။တစ်နှစ်စောင့်ပြီးကာမှ ငွေကြေးစုဆောင်း၍ အစ်ကိုကြီးဖြစ်သူ ဦးထွန်းမြင့်နှင့် အတူပုသိမ်တွင် ကျောင်းတက်ရလေတော့၏။
          သမ္မတကြီး ဦးသိန်းစိန်သည် ပုသိမ်မြို့တွင် ပဉ္စမတန်းပညာသင်ကြားရပြီးနောက် သမ္မတကြီးတို့ ညီအစ်ကိုနှစ်ယောက်စလုံးကို မိဘများက ဆက်လက်၍ ကျောင်းမထားနိုင်တော့သဖြင့် ရွာသို့ပြန်ခေါ်ပြီး ၄င်းတို့၏ ပြင်ခရိုင် ချောင်းဝ အလယ်တန်းကျောင်းတွင် ဆဋ္ဌမတန်း၊သတ္တမတန်းအထိ ပညာသင်ကြားပြီးနောက် ပုသိမ် အ.ထ.က(၁)တွင် ပညာဆက်လက် သင်ကြားခဲ့ရပြန်လေ၏။မက်ထရစ်ကူလေးရှင်းဆိုသည့် ဒသမတန်း တက်ရလေ၏။ထို့နောက် နှစ်ဝက်လောက်အကြားတွင် DSA ၀င်ဖြေရာ ပါသွားသောကြောင့် ဆယ်တန်းအောင်သလို ဖြစ်သွား၏။ထို့ကြောင့် DSA လေးနှစ်တက်ပြီး B.A.(DSA)ဘွဲ့ ရခဲ့လေသည်။
          လက်ရှိ သမ္မတ ဦးသိန်းစိန်သည် စစ်အုပ်ချုပ်ရေးစနစ်မှ ပါလီမန် ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် အရွေ့တွင် ပထမဦးဆုံးပေါ်ပေါက်လာသည့် သမ္မတ ဖြစ်ရလေ၏။ပြင်ဦးလွင် စစ်တက္ကသိုလ် အပတ်စဉ် (၉)တွင်တက်ရောက်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် သင်တန်းဆင်းရာ၊ဗိုလ်သိန်းစိန် ဖြစ်လာခဲ့ရလေ၏။နိုင်ငံတကာ အတွေ့အကြုံရှိပြီးလျှင် နာမည်ပျက်စာရင်းမရှိ၊စစ်မှုထမ်းလုပ်သက် ကြာလာသည်နှင့်အမျှ ရာထူးများလည်း တဖြည်းဖြည်း မှန်မှန်လေး တက်လာခဲ့ရလေ၏။
          ဦးသိန်းစိန်သည် နအဖခေတ်တွင် အတွင်းရေးမှူး(၂)၊ထိုနောက် အတွင်းရေးမှူး(၁) တစ်ဆင့်ပြီး တစ်ဆင့်တက်ခဲ့ရာ ၂၀၀၈ ခုနှစ်၊အောက်တိုဘာလတွင် ၀န်ကြီးချုပ် ဖြစ်လာခဲ့ရပြန်၏။၂၀၁၀ ပြည့်နှစ် ဧပြီလ(၂၄)ရက်နေ့တွင် ရွေးကောက်ပွဲဝင်ရန်အတွက် ဗိုလ်ချုပ်ကြီးရာထူးမှ နှုတ်ထွက်ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလိုက်လေတော့သည်။၂၀၁၀ ပြည့်နှစ်၊နိုဝင်ဘာလတွင် ကျင်းပသော ရွေးကောက်ပွဲတွင် အနိုင်ရပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတ ဖြစ်လာခဲ့ရလေသည်။သမ္မတ ဦးသိန်းစိန်ဖြစ်လာသောအခါ ခေါက်ရိုးကျိုးနေသော စစ်မှုထမ်းများနှင့် ဒီမိုကရေစီလိုလားသော ဟိုဘက်ဒီဘက်အကြားတွင် ရိုးသားဖြောင့်မတ်စွာ ရပ်တည်ပြီး ဒီမိုကရေစီနိုင်ငံတော်ကို ခိုင်မြဲစွာတည်ဆောက်ခဲ့ရလေ၏။
          လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ကာ ပူးပေါင်းဆောင်ရွက်မှုကို လက်တွဲခေါ်ကာ လွှတ်တော်အတွင်းသို့ဝင်ရောက်စေ၏။ငြိမ်းချမ်းရေး ပန်းခင်းလမ်းကိုလျှောက်ကာ လက်နက်ကိုင် လူတစ်စုနှင့် ငြိမ်းချမ်းရေး လက်ကမ်းကြိုဆိုရင်း နွေးထွေးမှုများပေးခဲ့လေ၏။သမ္မတကြီး ဦးသိန်းစိန်သည် ဒီမိုကရေစီ စနစ် နိုင်ငံတော်သို့ ကူးပြောင်းရာတွင် အကြောက်တရားများကို ပပျောက်စေရန် ရင်းခဲ့မှုများက လွန်စွာမှများပြားလှလေ၏။ထို့ကြောင့် လူထုက သမ္မတကြီး အား သြဘာလက်ခုပ်တီးကာ ထောက်ခံအားပေးခြင်း ခံရလေ၏။
သမ္မတကြီး ဦးသိန်းစိန်သည် ဗိုလ်ချုပ်ကြီးရာထူးတာဝန်များကို ထမ်းဆောင်သူဖြစ်သော်လည်း လူထုအားစစ်မိန့်မပါ ဂရုဏာ စေတနာဖြင့် အုပ်ချုပ်သည့်အတွက် လူထုကလွန်စွာမှ လေးစားကြလေတော့သည်။  

No comments:

Post a Comment