Thursday, July 4, 2013

တပ်မတော်အရာရှိကြီးအား အမေရိကန်က အမည်မည်း စာရင်းသွင်း


မြန်မာတပ်မတော်မှ အဆင့်မြင့်အရာရှိကြီးတစ်ဦးအား မြောက်ကိုးရီးယား နိုင်ငံထံမှ စစ်လက်နက်
ဝယ်ယူမှုဖြင့် အမေရိကန်နိုင်ငံအစိုးရက အမည်မည်းစာရင်း သွင်းလိုက်သည်ဟု ဇူလိုင် လ ၂ ရက်
နေ့တွင် အမေရိကန်အစိုးရက ကြေညာလိုက်သည်။

တပ်မတော် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး
သိန်းဌေးမှာ မြောက်ကိုရီးယားထံမှ လက်နက်ဝယ်ယူမှုများတွင် ပါဝင်ပတ်သက်နေပြီး နိုင်ငံတကာ
က မြောက်ကိုရီးယားထံမှ လက်နက်ရောင်းချမှု ပိတ်ပင်ရန် လိုလားချက်အား မလေးမစားပြုမူခြင်း
လည်းဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အကြမ်းဖက်မှုနှင့် ငွေကြေးစုံစမ်းစစ်ဆေး
ရေးဌာနခွဲ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

"နိုင်ငံဘဏ္ဍာငွေတွေကို မြောက်ကိုရီးယားနိုင်ငံရဲ့ တရားမ၀င် လက်နက်ရောင်းဝယ်မှုမှာ အသုံးချ
တာလည်းဖြစ်တယ်"ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အရေးယူမှုကြောင့် အမေရိကန် နိုင်ငံသားများအနေဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးနှင့် တွဲ၍
စီးပွားရေးလုပ်ငန်းများနှင့် အခြားဆက်နွယ်မှုများ လုပ်ဆောင်ခွင့် မရှိတော့ဘဲ အမေရိကန်နိုင်ငံတွင်
ရှိနိုင်သော ၎င်း၏ ပစ္စည်းများကိုလည်း သိမ်းဆည်းထားမည်ဖြစ်သည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က "ဒီသတင်းနှင့် ပတ်သက်ပြီး ဘယ်အကြောင်းအရာများ
ကို အခြေခံပြီး ဆောင်ရွက်တယ်ဆိုတာ မသိသေးတဲ့အတွက် လောလောဆယ် မှတ်ချက်မပေးနိုင်
သေးပါဘူး"ဟု ဇူလိုင်လ ၃ ရက်နေ့က အီးမေးလ်ဖြင့် မြန်မာတိုင်း(မ်)ကို ပြန်လည်ဖြေကြားခဲ့သည်။

ယခုပိတ်ဆို့မှု အရေးယူမှုမှာ ၎င်းတစ်ဦးတည်းအား ပစ်မှတ်ထားခြင်း ဖြစ်ကာ မြောက်ကိုးရီးယားနှင့်
စစ်ရေး ဆက်ဆံမှုလျှော့ချရန်ကြိုးစားနေသည့် မြန်မာအစိုးရ မပါဝင်ကြောင်းလည်း အမေရိကန်၏
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၂ မေလက တောင်ကိုးရီးယား နိုင်ငံသမ္မတ လီမြောင်ဘတ်နှင့်တွေ့ဆုံမှုတွင် မြန်မာနိုင်ငံသမ္မတ
ဦးသိန်းစိန် က မြောက်ကိုးရီးယားနိုင်ငံမှ စစ်လက်နက်များအား နှစ်ပေါင်း၂၀ ကြာ ၀ယ်နေခဲ့သည်
ကို ၀န်ခံခဲ့ကြောင်း နယူးယောက်တိုင်း(မ်) သတင်းဌာနက ဖော်ပြထားသည်။

သို့သော်လည်း ထိုသို့ ဆက်နွယ်မှုများရပ်တန့်မည်ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့ကြောင်း
လည်းဖော်ပြထားသည်။

မြောက်ကိုးရီးယားထံမှ စစ်လက်နက်ဝယ်ယူမှုအပါအ၀င် ကုလလုံခြုံရေးကောင်စီ၏ စည်းမျဉ်းများ
အား လိုက်နာမည်ဖြစ်ကြောင်း မြန်မာအစိုးရက တရားဝင်ကြေညာခဲ့သည်။

သို့သော်လည်း ထိုနှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ ဦးတည်သည်ဟု ယူဆရသော လက်နက်များ
တင်ဆောင်ထားသည့် မြောက်ကိုးရီးယားနိုင်ငံမှ ထွက်ခွာလာသော သင်္ဘောတစ်စီးအား ဂျပန်
အာဏာပိုင်များက တိုကျိုဆိပ်ကမ်း၌ ဖမ်းဆီးမိခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ ဦးရဲထွဋ်အား ထိုအချိန်က မြန်မာတိုင်း(မ်)က မေးမြန်းခဲ့ရာ
ထိုဖြစ်ရပ်မှာ မဟုတ်မှန်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏
စည်းမျဉ်းများအား အပြည့်အ၀ လိုက်နာလျက်ရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
မြန်မာတိုင်း(မ်)

No comments:

Post a Comment