Tuesday, April 8, 2014
ငါမရှိလည်း ဖြစ်ဖို့လိုတယ် …
လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှု၊ ဆုံးရှုံးမှုတွေမှာ ခေါင်းဆောင်ရဲ့ အခန်းကဏ္ဍဟာ အဓိက ကျလှပါတယ်။ ခေါင်းဆောင်းကောင်း ဆိုတာ ကိုယ်တာဝန်ယူထားတဲ့ အဖွဲ့အစည်းကို အပြည့်အဝ တာဝန်ယူရမှာ ဖြစ်သလို၊ ကိုယ်တာဝန်ယူထားတဲ့ လုပ်ငန်းကိုလည်း အပြည့်အဝ ကျွမ်းကျင်ဖို့လိုပါတယ်။ အရေးကြီးဆုံးတစ်ချက်က အဖွဲ့အစည်းမှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်လုပ်ဆောင်နေကြသူတွေ တစ်ယောက်ခြင်းစီကို အကောင်းဆုံးစွမ်းဆောင်နိုင်အောင် စီမံခန့်ခွဲနိုင်ဖို့လိုပါတယ်။ နောက်တစ်ချက် က ကိုယ့်နေရာမှာ တာဝန်ယူနိုင်တဲ့ မျိုးဆက်သစ်တွေကို မွေးထုတ်ပေးနိုင်အောင် လေ့ကျင့်သင်ကြား ပေးဖို့လည်း အရေးကြီးပါတယ်။ လုပ်ငန်းကို အပြည့်အဝ တာဝန်ယူနိုင်ဖို့လိုတယ် ဆိုတဲ့ နေရာမှာ နေရာတိုင်းကို ကိုယ်လိုက်လုပ်ဖို့ ပြောတာမဟုတ်ပါဘူး။ သက်ဆိုင်ရာ ကဏ္ဍအသီးသီးရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကို တာဝန်ယူ ဖြေရှင်းဖို့ကို ဆိုလိုတာပါ။
စာရေးသူတို့ မြန်မာပြည်မှာ ခေါင်းဆောင်တစ်ချို့ဟာ အရာရာမှာ ဝင်ပြီးလုပ်ကိုင်ကြတဲ့အတွက် စေတနာအမှားတွေကြောင့် မန်နေဂျာလည်းကိုယ်၊ စာရင်းကိုင်လည်းကိုယ်၊ စာရေးလည်းကိုယ်၊ ကြိုဆိုရေးလည်းကို၊ နောက်ဆုံးသန့်ရှင်းရေးလည်းကိုယ် နဲ့ မနိုင်မနင်းဖြစ်တတ်တဲ့ စီမံခန့်ခွဲမှု အလွဲတွေကို တွေ့နေရပါတယ်။ အဲဒါကလည်း ကိုယ်တိုင်လုပ်လိုက်ရမှ စိတ်တိုင်းကျတဲ့ ခေါင်းဆောင်မျိုးတွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့် ခေါင်းဆောင်တစ်ယောက်တည်းကို အားကိုးမှီတည်တဲ့ အဖွဲ့အစည်းဟာ အတက်အကျ အပြောင်းအလဲတွေဟာ ခေါင်းဆောင်အပေါ်မှာ မူတည်နေပါတယ်။ ခေါင်းဆောင်း လုပ်နိုင်ရင် အဖွဲ့အစည်းဟာ တိုးတက်ပြီးတော့ ခေါင်းဆောင်က မလုပ်နိုင်တာနဲ့ အဖွဲ့အစည်းဟာ ကျဆင်း သွားတတ်ပါတယ်၊ ဒါကလည်း ကိုယ့်နေရာမှာ တာဝန်ယူနိုင်ဖို့ မျိုးဆက်သစ်တွေကို မွေးမထားတဲ့ အတွက် ကြောင့်ပါ။
အဖွဲ့အစည်းတစ်ခုကို ဘောလုံးအသင်းတစ်သင်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် နည်းပြကောင်းရုံနဲ့ အသင်းရဲ့ အောင်နိုင်ရေးအတွက် မဖြစ်နိုင်ဘူးလားဆိုတော့ ဖြစ်တော့ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် အသင်းသားတွေ ကောင်းဖို့လည်း လိုပါတယ်၊ ဆိုလိုတာက မော်ရင်ဟိုကိုဖြစ်စေ၊ ဖာဂူဆန်ကိုဖြစ်စေ မြန်မာဘောလုံးအသင်းမှာ နည်းပြခန့်ပြီး အရှေ့တောင်အာရှမှာ ယှဉ်ပြိုင်ကြည့်ပါ၊ ချက်ချင်းအောင်မြင်မှု ရပါ့မလား … စဉ်းစားစရာပါ။ ဘောလုံးအသင်းတစ်သင်းမှာ key player တစ်ယောက်ရှိရင် အရေးကြီးတဲ့ အဆုံးအဖြတ် အချိန်တွေမှာ သူ့ရဲ့ တစ်ကိုယ်တော် စွမ်းဆောင်မှုတွေကြောင့် အသင်းကို အောင်မြင်မှု ရအောင်၊ အရှုံးကနေ အနိုင်ဖြစ်အောင် ကယ်တင်နိုင်တာတွေဟာ အမှန်တွေပါ၊ ဒါပေမယ့် အဲဒီကစားသမား ဟာ ဒဏ်ရာရနေလို့ဖြစ်စေ၊ ပွဲပယ်ထားလို့ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် မကစားနိုင် တဲ့အခါ အဲဒီအသင်းရဲ့ ကစားအားဟာ သိသာထင်ရှားပါတယ်။ ဘောလုံးအသင်းတစ်သင်းမှာ key player တစ်ယောက် စွမ်းရည် အပြည့်အဝ မကစားနိုင်တော့ဘူးဆိုရင် တစ်သင်းလုံးကစားအား သေသွားတာကို ဘောလုံးပွဲကြည့်ကြသူတိုင်း မြင်မိမှာပါ။ ခေါင်းဆောင်းတစ်ယောက်ကိုပဲ သို့တည်းမဟုတ် စွမ်းရည်ကောင်းသူ တစ်ယောက်တည်းကိုပဲ အားကိုးရတဲ့ အဖွဲ့အစည်းဟာလည်း ဒီအတိုင်းပါပဲ။
စာရေးသူ အထက်တန်းကျောင်းသားဘဝက မြို့နယ်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲလုပ်ပါတယ်။ မှတ်မှတ်ရရ ဘောလီဘောပြိုင်ပွဲမှာ စာရေးသူတို့ အသင်းမှာ တကယ်ကောင်းတဲ့ fighter ကစားသမား (၃) ယောက်လောက် ပါပါတယ်၊ ကျန်တဲ့သူတွေကတော့ သာမာန်ပါ၊ ပရိတ်သတ် တော်တော်များများကလည်း ကစားသမားကောင်းတွေ ပါတဲ့ စာရေးသူတို့အသင်းပဲ ဗိုလ်စွဲမယ်လို့ မှန်းထားကြပါတယ်။ ဒါပေမယ့် တစ်ကျောင်းသော အသင်းမှာတော့ အရမ်းကြီးကောင်းတယ်ဆိုတဲ့ ကစားသမားတစ်ယောက်မှ မပါပါဘူး၊ သူတို့အသင်းက ကစားသမားတွေက သူ့နေရာနဲ့သူ စွမ်းရည်ကောင်းပြီး လူညီပါတယ်။ နောက်ဆုံးတော့ အဲဒီအသင်း ဗိုလ်စွဲသွားပါတယ်။ ဒါကို ငယ်စဉ်ကတော့ သတိမထားမိပါဘူး၊ အရွယ်ရောက်လို့ နည်းနည်း စဉ်းစားတတ်လာတဲ့အခါ ချဲ့ပြီး နည်းနည်း စဉ်းစားကြည့်ပါတယ်၊ ကမ္ဘာ့နိုင်ငံတွေမှာ တစ်ကမ္ဘာလုံးကသိတဲ့ Global Figure ခေါင်းဆောင်ရှိတဲ့ နိုင်ငံတွေ ရှိသလို မရှိတဲ့ နိုင်ငံတွေလည်း ရှိကြပါတယ်။ ဥပမာ ဗီယက်နမ်မှာ ဟိုချီမင်း ရှိတယ်၊ အိန္ဒိယမှာ ဂန္ဒီ ရှိတယ်၊ အာဖရိကမှာ မင်ဒဲလားရှိတယ် စာရေးသူတို့နိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းရှိတယ်၊ ခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် ရှိတယ်၊ အဲဒီလို ခေါင်းဆောင်ကောင်း တွေရှိတဲ့ နိုင်ငံတွေဟာ သူတို့တွေရှိတဲ့ အချိန်မှာ နိုင်ငံရဲ့ဖြစ်တည်မှုနဲ့ သူတို့မရှိတဲ့အခါ နိုင်ငံရဲ့ ဖြစ်တည်မှု တွေကို လေ့လာသုံးသပ်ကြည့်ပါ။ တစ်နိုင်ငံခြင်းရဲ့ သမိုင်းကြောင်း အစဉ်အလာကို ပြောနေရင် ရှည်မှာစိုးလို့ မပြောတော့ပါ။ ကိုယ်တိုင်လေ့လာ ကြည့်လိုက်ပါ။ အတွေးတစ်ခုရနိုင်ပါတယ်။ ဒါပေမယ့် ဂျပန်မှာ Global Figure ခေါင်းဆောင်ဘယ်သူရှိလဲ ရှိတော့ ရှိပါတယ်၊ ဒါပေမယ့် အထက်မှာ ဥပမာပေးခဲ့တဲ့ နိုင်ငံတွေလိုမျိုး လောက်တော့ မရှိတာ သေချာပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ ရပ်တည်မှု အနေအထားကို လေ့လာကြည့်ပါ၊ နိုင်ငံသားတွေရဲ့ တစ်ဦးတစ်ယောက်ခြင်းစီရဲ့ အရည်အသွေး၊ အရည်အချင်းတွေကို တည်ဆောက်ထားတဲ့အတွက် သူတို့နိုင်ငံဟာ ဘယ်လိုရပ်တည်နေလဲဆိုတာ တွေ့ရပါလိမ့်မယ်။
ဥပမာ အာစရိယပူဇော်ပွဲ အခမ်းအနား တစ်ခုလုပ်တယ် ဆိုကြပါစို့ … ရံပုံငွေရှာဖွေရေး၊ ဖိတ်ကြားရေး၊ သတင်းနဲ့ ပြန်ကြားရေး၊ ကြိုဆိုနေရာချထားရေး (ကန်တော့ခံဆရာကြီး/ဆရာမကြီးများ၊ ပရိတ်သတ်များ) ၊ ဧည့်ခံကျွေးမွေးရေး၊ အခမ်းအနား ပြင်ဆင်ရေး၊ အခမ်းအနားမှူး၊ ကန်တော့ချိုး တိုင်မယ့်သူ၊ ကန်တော့ပစ္စည်း ပေးအပ်မယ့်သူ၊ ကျေးဇူးတင်စကားပြောမယ့်သူ၊ ငွေစာရင်းကိုင်မယ့်သူနဲ့ ငွေစာရင်းရှင်းတမ်း တင်ပြမယ့်သူ စသည်စသည်ဖြင့် သက်ဆိုင်ရာ ကဏ္ဍများရှိကြပါမယ်။ အဲဒီကဏ္ဍတွေ အားလုံးကို တစ်ယောက်တည်းလုပ်လို့ မရပါဘူး။ ကိုယ်ကိုယ်တိုင်လုပ်ရမှ စိတ်တိုင်းကျတယ် ဆိုတဲ့ စိတ်နဲ့လည်း မဖြစ်ပါဘူး။ သက်ဆိုင်ကဏ္ဍအလိုက် ဆောင်ရွက်ချက်တွေကို စိတ်တိုင်းကျအောင် အကောင်းဆုံး လုပ်ဆောင်နိုင်အောင် လေ့ကျင့်ပေးထားရပါမယ်။ သက်ဆိုင်ရာကဏ္ဍအလိုက် နေရာ အသီးသီးမှာ လုပ်ရမယ့် တာဝန်၊ ဝတ္တရားတွေကို အသေးစိတ် ရှင်းပြထားရပါမယ်။ သက်ဆိုင်ရာနေရာ အလိုက် သင့်တော်မယ့်သူကို ရွေးချယ်နိုင်ရပါမယ်။ အဖွဲ့ခွဲ တစ်ခုနဲ့ တစ်ခု အချိတ်အဆက်တွေကို သေချာအောင် ပြင်ဆင်ထား ရပါမယ်။ ခေါင်းဆောင်ဟာ အရာအားလုံးကို လိုက်လုပ်ဖို့ မလိုအပ်ပါဘူး၊ ဒါပေမယ့် အရာအားလုံးကို အသေးစိတ် စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ပဲ အရေးကြီးတာပါ။ လိုအပ်နိုင်တဲ့ လစ်ဟာနိုင်တဲ့ လုပ်ငန်းကျွမ်းကျင်မှု အားနည်းတဲ့ နေရာတွေကို လိုက်ပြီး ထိန်းသိမ်းဖို့ လိုပါတယ်။ ကိုယ်ကိုယ်တိုင် ဝင်ပါသင့်တယ့် နေရာမှ ဝင်ပါဖို့လိုပါလိမ့်မယ်။ အဲဒီလိုမဟုတ်ပဲ ငါမရှိရင် မဖြစ်ဖူးဆိုတဲ့ အတွေးနဲ့ နေရာတစ်ကာ ဝင်ပါ လိုက်လုပ်နေရင် ကိုယ်ကိုယ်တိုင်လည်း ပင်ပန်းလိမ့်မယ်၊ ကိုယ်ကပဲ လိုက်လုပ်နေရင် ကိုယ်ကမလုပ်နိုင်တဲ့ အခါ သူတို့တစ်တွေလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ အချိတ်အဆက်တွေလွဲပြီး အဆင်မပြေတာ တွေ ဖြစ်လာပါလိမ့်မယ်။
ဒါကြောင့် နေရာတစ်ကာ ငါမရှိရင်မဖြစ်ဖူးလို့ စွဲကိုင်မထားပါနဲ့ ငါမရှိလည်း ဖြစ်အောင် လေ့ကျင့်ပေးထားပါ၊ စီမံခန့်ခွဲပါ … ဒါဆိုရင် တစ်ဦးတစ်ယောက်ခြင်းစီရဲ့ အရည်အသွေးတွေ၊ ကျွမ်းကျင်မှုတွေနဲ့ အားလုံးတက်ညီလက်ညီ ဆောင်ရွက်ပြီး ပန်းတိုင်ဆီကို အဆင်ပြေပြေ ချီတက်နိုင်ကြမှာ သေချာပါတယ်။
“ငါမရှိလည်း ဖြစ်အောင် လုပ်ဆောင် နိုင်ကြပါစေ …”
Be the Best !
Labels:
ဖတ်စရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment