Tuesday, April 8, 2014
လူငယ် နှင့် အလုပ် …
ယနေ့ခေတ်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်းလွန်းတဲ့အတွက်၊ ပညာရပ်အသီးသီးဟာ တရှိန်ထိုးတိုးတက် နေတဲ့အတွက် လူငယ်တွေအတွက် နေရာတစ်နေရာရဖို့၊ အောင်မြင်ဖို့အတွက် အစွမ်းကုန်ကြိုးစားဖို့ လိုအပ်ပါတယ်။ အရည်အချင်းမရှိရင် နောက်ကျကျန်နေခဲ့မှာ သေချာပါတယ်။ အဲဒီအတွက် ဖြည့်တင်း ရမယ့် အခြေခံ Skill ၄-ခုကို ရှေ့မှာရေးခဲ့တဲ့ ဆောင်းပါးတွေမှာ ပြောခဲ့ပြီးပါပြီ။ မေ့နေမှာစိုးလို့ သတိပေးတဲ့ အနေနဲ့ ပြန်ပြောချင်ပါတယ်။ Professional Skill, Language Skill, ICT Skill, Knowledge Skill ၄-ခုကို မဖြစ်မနေ ဖြည့်တင်းထားဖို့ လိုအပ်ပါတယ်။ အဲဒီ ၄-ခုလုံးကို အတိုင်းအတာတစ်ခုအထိ ပြည့်စုံအောင် ဖြည့်ဆည်းဖို့ အတွက် အချိန်ကို ဘယ်လို စီမံခန့်ခွဲပြီး လုပ်ဆောင်သင့်တယ် ဆိုတာကိုလည်း “လူငယ် နှင့် အချိန်” ဆောင်းပါးမှာ ရေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ အဓိက ပြောချင်တာက လူငယ်တွေ လုပ်ငန်းခွင်မှာ ကြုံရတဲ့အခြေအနေ၊ အလုပ်နဲ့ ပတ်သက်လို့ ထားတဲ့ သဘောထားတွေနဲ့ ပတ်သက်ပြီး ပြောချင်တာပါ။
လူငယ်တွေဟာ ကျောင်းပြီးကြတဲ့အခါ လုပ်ငန်းခွင် အသီးသီးကို ဝင်ရောက်ကြပါတယ်။ အဲဒီ အချိန်မှာ အရည်အချင်းပြည့်စုံတဲ့ လူငယ်တွေ ကတော့ နေရာရပြီး အဆင်ပြေကြတဲ့အတွက် အခက်အခဲမရှိ ပေ့မယ် အရည်အချင်းမပြည့်စုံတဲ့ လူငယ်တွေအတွက်တော့ ပြဿနာပါ။ မြန်မာပြည်က လူငယ်အများစု ကတော့ ကျောင်းပြီးတဲ့အချိန်မှာ ဘာလုပ်မယ် ဆိုတာမသေချာဘဲ အဆင်ပြေတဲ့အလုပ်တစ်ခုခုကို ဝင်လုပ်ကြတာကများပါတယ်။ အဲဒီအထဲမှာ စာရေးသူလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ ကိုယ်လုပ်ချင်တာ၊ ဝါသနာပါတာ ကိုယ်နဲ့ကိုက်ညီတာတွေ၊ အရည်အချင်းပြည့်စုံတာတွေ ထက် လောလောဆယ် အလုပ်တစ်ခု ရရင်ပြီးရော ဆိုတဲ့ ပုံစံနဲ့ လိုက်လျှောက်ပြီး ရတဲ့အလုပ်တစ်ခုကို ဝင်လုပ်တတ်ကြပါတယ်။ အဲဒီလို အရည်အချင်းမပြည့်စုံဘဲနဲ့ လုပ်ငန်းခွင် ဝင်တဲ့အခါ လက်နက်မစုံဘဲ တိုက်ပွဲဝင်တာနဲ့ တူပါတယ်။ ဘဝဆိုတဲ့ ကစားပွဲကြီးကို Training မပြည့်ဘဲ ဝင်ကစားသလို ဖြစ်တတ်ပါတယ်။ အနိုင်ရဖို့ကို အသာထားလို့ သရေကျအောင်တောင် မနည်းကြိုးစား ကစားကြရပါတယ်။
လုပ်ငန်းခွင်ထဲမှာ အရည်အချင်းမပြည့်စုံတဲ့ အခါ ရာထူးတက်ဖို့၊ လစာတိုးဖို့အတွက် အခက်အခဲ တွေ တွေ့ကြုံရတတ်ပါတယ်။ (အရည်အချင်းအပေါ်မူတည်ပြီး ရာထူးတိုးနိုင်တဲ့၊ လစာတိုးနိုင်တဲ့ လုပ်ငန်းမျိုး ကို ဆိုလိုပါတယ်၊ အလျင်းသင့်လို့ ကြားဖူးတာလေးတစ်ခု ပြောချင်ပါတယ်၊ လုပ်ငန်းခွင်မှာ လူငယ် တစ်ယောက်က အရည်အချင်းလည်းရှိတယ် အလုပ်ကိုလည်း ကြိုးကြိုးစားစား လုပ်တယ်၊ ဒါပေမယ့် ရာထူးလည်းမတက်၊ လစာလည်းမတိုးလို့ သူဌေးကိုမေးတဲ့အခါ၊ သူဌေးက“မင်းက မတော်လို့” ပြန်ဖြေ တယ်။ ဒါနဲ့အဲဒီလူငယ်က ဘာမတော်တာလဲ လို့ ထပ်မေးတော့ သူဌေးကပြန်ဖြေလိုက်တာက “အမျိုး” တဲ့။ အဲဒီလိုလုပ်ငန်းခွင်မျိုးကို မဆိုလိုပါ။ အဲဒီလိုလုပ်ငန်းမျိုးမှာလုပ်နေရတဲ့အခါ ဘယ်လိုလုပ်သင့်လဲကို “လူငယ်နှင့် အခွင့်အလမ်း” ဆောင်းပါးမှာ ရေးခဲ့ပြီးဖြစ်ပါတယ်။) အဲဒီတော့ ခုနအကြောင်းကို ပြန်ဆက်ရရင် ရာထူးတိုးဖို့၊ လစာတိုးဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေ ဖြည့်ဆည်းဖို့ ကိုယ်တိုင်လေ့လာ သင်ယူတာအပြင် လိုအပ်သလို သင်တန်းတွေလည်း ထပ်တက်ရပါတယ်။ အဲဒီအချိန်မှာ ကြုံရတတ်တဲ့ အခက်အခဲက အချိန်မလုံလောက်မှုပါ။ အလုပ်တော်တော်များများက မနက် ၉-နာရီက ညနေ ၅-နာရီ လောက်အထိ အချိန်ပေးရပါတယ်၊ တစ်ချို့သောအလုပ်တွေဆို မနက် ၈-နာရီလောက်ကတည်းက ညနေ ၆-နာရီလောက်အထိ လုပ်ရတာတွေလည်း ရှိပါတယ်။ (အလုပ်ချိန်ပိုသွားလို့ အချိန်ပိုကြေးပေးဖို့က သိပ်ပြီး မသေချာပေမယ့် အလုပ်ချိန်နောက်ကျရင်တော့ လစာဖြတ်မှာ သေချာပါတယ်။)
အဲဒီလို အလုပ်တစ်ဖက်နဲ့ သင်တန်းတွေတက်ရတာ သိပ်တော့မလွယ်လှပါဘူး၊ ရုံးချိန်လွတ် သင်တန်းတွေကို တက်ရောက်နိုင်ပေမယ့် ရုံးဆင်းနောက်ကျတဲ့အခါ သင်တန်းနောက်ကျ တတ်တာလည်း ခဏ ခဏ ဖြစ်တတ်ပါတယ်။ နောက်တစ်ချက်က သင်တန်းကိုတော့ ရောက်နေပါရဲ့ ရုံးက အလုပ်တွေက မပြီးသေးတဲ့အခါ စိတ်က သင်တန်းကို ရောက်တစ်ချက် မရောက်တစ်ချက်နဲ့ ဖြစ်တတ်ပါတယ်။ တစ်ခုခုကို လေ့လာတယ်ဆိုတာ စိတ်ရှင်းနေမှ လေ့လာသင်ယူလို့ ကောင်းတာပါ။ တစ်ခုခုကို လေ့လာတယ်ဆိုတာ သင်တန်းတက်ရုံနဲ့လည်း မလုံလောက်သေးဘဲ ကိုယ်တိုင်လေ့ကျင့်ဖို့လည်း လိုပါတယ်။ ဒါပေမယ့် အလုပ်ကလည်း ပင်ပန်း၊ တစ်ခါတစ်လေ ဖယ်ရီကမလာ၊ ကားကလည်းတိုးစီးရနဲ့ သင်တန်းက ပြန်ရောက် တဲ့အချိန် အိမ်လည်းရောက်တော့ စားပြီး၊ သောက်ပြီးတာနဲ့ အိပ်ချင်လာတော့တာပါပဲ။ သင်တန်းက စာလေးတွေ လုပ်လိုက်ပါဦးမယ် လို့ စိတ်တော့ကူးလိုက်ပါရဲ့ ရုပ်ကမလိုက်နိုင် တော့တာမျိုးတွေ ကြုံရတတ် ပါတယ်။ အဲဒီတော့ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းပြီးတော့ ထိထိရောက်ရောက် မရှိဘဲ ဟိုလည်းမရောက် ဒီလည်းမရောက် ဖြစ်တတ်ကြပါတယ်။ အရည်အချင်းမပြည့်စုံလို့ ရာထူးမတက်/ လစာမတိုး၊ ရာထူးမတိုး/ လစာမတက်လို့ အရည်အချင်းဖြည့်မယ်လုပ်တော့ အချိန်က လောက်လောက်လားလား မပို၊ ရတဲ့အချိန်လေး ကြိုးစားပမ်းစား လေ့လာမယ်လုပ်တော့ ပင်ပန်းနေတော့ ဖိဖိစီးစီးမလုပ်နိုင်လို့ မထိရောက်နဲ့ မြန်မာလူငယ်တွေမှာ “မုန့်လုံးကို စက္ကူကပ်၊ ဂျာအေးကို သူ့အမေရိုက်” နေတော့တာပါပဲ။
အချိန်ပိုထွက်လာအောင် အချိန်ပိုင်းအလုပ်ဖိုစဉ်းစားကြည့်တော့ အချိန်ပိုင်းအလုပ်ကလည်း မြန်မာပြည်မှာ တော်တော်များများ ဆိုတော့ ရှိတဲ့အလုပ်ထဲမှာပဲ သံသရာလည်နေ ကြတဲ့သူတွေ တော်တော်များများ ပါတယ်။ ကိုယ့်အချိန်ကို ကိုယ်ပိုင်စီမံခန့်ခွဲလို့ရမယ် အလုပ်မျိုးတွေတော့ ရှိပါတယ်၊ ဒါပေမယ့် ခက်တာက လူငယ်တွေ အဲဒီလိုအလုပ်မျိုးကို လုပ်ရဲတဲ့သူတွေ နည်းမယ်လို့ ထင်ပါတယ်။ ဥပမာ - သတင်းစာ၊ ဂျာနယ် ရောင်းတဲ့/ လိုက်ပို့တဲ့အလုပ်မျိုးပေါ့။ စာရေးသူသင်တန်းကို သတင်းစာ/ဂျာနယ် လာပို့တဲ့ ကောင်လေးကို မေးကြည့်ပါတယ်။ အထိုင်ရောင်းတာမဟုတ်ဘဲ လိုက်ပို့တာ တစ်ရက်မှာ ဘယ်ဂျာနယ်/ ဘယ်သတင်းစာတွေ ဘယ်နှစ်စောင်လောက်ပို့ရလဲ မေးကြည့်ပါတယ်၊ တနင်္လာနေ့ဆို Weekly Eleven၊ အင်္ဂါနေ့မှာ ပြည်မြန်မာ၊ Venus News၊ ဗုဒ္ဓဟူးနေ့မှာ 7days၊ ပြည်သူ့ခေတ်၊ ကြာသပတေးနေ့မှာ Hot news၊ First Weekly၊ သောကြာနေ့မှာ News Watch၊ မော်ဒန်၊ စနေနေ့မှာ the Voice၊ သူရိယနေဝန်း၊ တနင်္ဂနွေနေ့မှာ Messenger စတဲ့ဂျာနယ်တွေဟာ အနည်းဆုံး စောင်ရေ ၃၀ ကနေ ၆၀ ကျော်လောက်အထိ ပို့ရတယ်လို့ ပြောပါတယ်။ (အများစုပို့ရတဲ့ ဂျာနယ်အမည်တွေကို ပြောတာပါ၊ အခြားပုံမှန် ပို့ရတာတွေလည်း ရှိပါတယ်) ပျမ်းမျှ စောင်ရေ ၅၀-နဲ့ပဲ တွက်ကြည့်ပါ။ တစ်စောင်ကို ၁၀၀ မြတ်ရင် ၁၀၀ x ၅၀ = ၅၀၀၀ နှုန်းနဲ့ တစ်လကို ၅၀၀၀ x ၃၀ = ၁၅၀၀၀၀ ဝင်ငွေရှိပါတယ်။ (အထိုင်ရောင်းတဲ့ ဝင်ငွေနဲ့ဆို သူရဲ့ ဝင်ငွေဟာ တစ်လကို ၂-သိန်းအောက်မလျော့ပါဘူး)၊ ချက်ချင်းတော့ သူ့လောက် ရောင်းအားမရှိပေမယ့် တစ်နေ့ သတင်းစာ/ဂျာနယ် အရောရော စောင်ရေ ၃၀ ကုန်ရင်တောင်မှ တစ်လဝင်ငွေ ကိုးသောင်းရှိပါတယ်။ ရွှေဂုံတိုင်၊ သမိုင်းလမ်းဆုံ၊ ၄၆-လမ်း စတဲ့ နီးစပ်ရာနေရာမှာ မနက် ၄-နာရီထ၊ သွားယူပြီး နောက်အကျဆုံး သူ့အလုပ်ပြီးချိန်ဟာ မနက် ၁၁-နာရီပါ။
မနက်ပိုင်း ဂျာနယ်ပို့ပြီးရင် တစ်ရေးလောက်အိပ်လိုက်ပါဦး၊ နေ့လည် ၁-နာရီလောက်ကစပြီး ကိုယ်တက်ချင်တဲ့ သင်တန်းတွေ လိုက်တက်နိုင်ပါတယ်။ ညနေပိုင်းမှာ အေးအေးဆေးဆေး ပြန်လည် လေ့ကျင့်ဖို့ အချိန်လည်း ရပါတယ်။ နေ့တိုင်းစာဖတ်ပြီး ဗဟုသုတလည်း တိုးနိုင်ပါတယ်။ အလျင်းသင့်လို့ သွားတက်ချင်တဲ့ ဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ seminar စတဲ့ အတွေ့အကြုံရမယ့် ကိစ္စတွေကိုလည်း ရုံးပိတ်ရက်မဟုတ်လို့ ပူစရာမလိုပါဘူး၊ တစ်ရက်တစ်လေ လူစားထိုးလို့ရပါတယ်။ နောက်ထပ် လုပ်လို့ရတဲ့ အရင်းအနှီးနည်းနည်းနဲ့ လုပ်နိုင်တဲ့ လုပ်ငန်းတွေရှိပါသေးတယ်၊ စာရှည်မှာစိုးလို့ မပြောတော့ပါ၊( သိချင်ရင် ဖုန်းဆက်မေးနိုင်ပါတယ်။) ဒီအလုပ်ကို တစ်သက်လုံးလုပ်ဖို့ ပြောတာမဟုတ်ပါ၊ ကိုယ်လုပ်ချင်တဲ့အလုပ်ကို မလုပ်ခင် အရည်အချင်းဖြည့်နိုင်ဖို့အတွက် အချိန်ပိုထွက်အောင် ပြောပြတာပါ။ ဒါပေမယ့် တက္ကသိုလ်တက် နေတဲ့ လူငယ်တစ်ယောက်ကို အဲဒီအလုပ်လုပ်ရဲလားလို့ မေးကြည့်ပါ။ ဘယ်လိုဖြေမလဲလို့ … မြန်မာလူငယ် အလုပ်အပေါ်ထားရှိတဲ့ သဘောထားကို တွေ့ရပါလိမ့်မယ်။ ရှက်ရမယ့် ကိစ္စတွေကို မရှက်ဘဲ မရှက်ရမယ့် ကိစ္စတွေကို ရှက်တတ်ကြပါတယ်။ တော်တော်များများကြည့်ဖူးကြမယ့် “တခါတုန်းက တက္ကသိုလ်မှာ” ကိုရီးယား ဇာတ်လမ်းမှာ ဆေးကျောင်းသူလေး စားသောက်ဆိုင်မှာ အလုပ်လုပ်ပြီး ကြိုးစားရတာကို တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းထဲမှာသာမက အပြင်မှာလည်း အဲဒီလိုလုပ်နေကြတာတွေ အစုနဲ့အဝေး ဒုနဲ့ဒေးပါ။
“မုန့်လုံးကို စက္ကူကပ်၊ ဂျာအေးကို သူ့အမေရိုက်”တဲ့ သံသရာထဲမှာ ပျော်နေမှာလား၊ ဘဝပင်လယ်ထဲ ရိက္ခာမစုံဘဲ ဖြစ်ကူးကြမှာလား၊ တိုက်ပွဲမစခင် လက်နက်ပြင်ကြမှာလား … ကိုယ့်ကိုယ်ကို ပြန်မေးပြီး သြရသနဲ့ အေသင်ချိုဆွေ သီချင်းထဲကလို “နဖူးပေါ်လက်တင် စဉ်းစားကြည့်ပါ”။
Be the Best !
Labels:
ဖတ်စရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment