Monday, April 28, 2014

" How do you feel today ? "



''ပုံပြ...အင်္ဂလိပ်စာ"
ကိုယ် ဘယ်လို ခံစားနေရလဲဆိုတာကို ဒီပုံလေးကြည့်ပြီး
ပြောလို့ ရပါတယ်ဗျာ ...
တော်တော် အသုံးဝင်တဲ့ ပုံလေးပါ ....

Aggressive = စိတ်တိုသော
Anxious = စိုးရိမ်သောကရောက်နေသော
Arrogant = စိတ်ကြီးဝင်နေသော ၊ မာနတက်နေသော
Bashful = ရှက်သော
Blissful = အလွန်ပျော်နေသော၊အူမြူးနေသော
Bored = ငြီးငွေ့နေသော
Confident= ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသော
Curious = စပ်စုချင်နေသော၊သိချင်စိတ်ပြင်းပြသော
Determined = စိတ်ပိုင်းဖြတ်ထားသော
Disappointed = စိတ်မချမ်းသာသော၊စိတ်ပျက်သော
Disapproving = သဘောမကျသော
Enraged = ဒေါသထွက်သော
Envious = အားကျသော၊မနာလိုဖြစ်သော
Exasperated = စိတ်တိုနေသော
Frightened = အလိတ်တလန့်ဖြစ်နေသော၊ကြောက်နေသော
Frustrated = အဆင်မပြေသော
Grieving = ၀မ်းနည်းကြေကွဲနေသော
Happy = ပျော်သော
Horrified = ကြောက်ရွံ့ထိတ်လန့်နေသော
Hungover = အရက်နာကျနေသော
Hurt = စိတ်ထိခိုက်နေသော
Indifferent = စိတ်ဝင်စားမှုမရှိသော
Idiotic = မိုက်မဲသော
Innocent = အပြစ်ကင်းသော
Interested = စိတ်ဝင်စားသော
Jealous = မနာလိုဖြစ်နေသော
Joyful = ပျော်မြူးနေသော
Lonely = အထီးကျန်နေသော
Meditative = အလေးအနက်တွေးတောနေသော
Miserable = စိတ်မချမ်းမြေ့သော
Obstinate = အလျှော့မပေးသော၊ခေါင်းမာသော
Optimistic = အကောင်းမြင်သော
Paranoid = သူတစ်ပါးပေါ် သံသယစိတ် လွန်ကဲသော။
Perplexed = ဦးနှောက်ခြောက်နေသော
Prudish = အဖြစ်သည်းနေသော
Puzzled = အကြံအိုက်နေသော
Regretful = ၀မ်းပန်းတနဲ ဖြစ်နေသော
Relieved = စိတ်အေးနေသော
Sad = ၀မ်းနည်းသော
Satisfied = ကျေနပ်သော၊အားရသော
Shocked = တုန်လှုပ်ခြောက်ခြားနေသော
Sheepish = ရှက်ကိုးရှကန်းဖြစ်နေသော၊မလုံမလဲဖြစ်နေသော
Snobby = ဇီဇာကြောင်သော
Surprised = အံ့အားသင့်သော
Suspicious = သံသယ၀င်နေသော
Sympathetic = စာနာထောက်ထားသော၊ကိုယ်ချင်းစာသော
Thoughtful = အတွေးနယ်ချဲ့နေသော
Undecided = ချီတုံချတုံဖြစ်နေသော၊ဆုံးဖြတ်ရခက်နေသော
Withdrawn = အထီးတည်းနေလိုသော

အင်တာနက်ပေါ်က စုဆောင်းထားတာလေးပါ ။
လေ့လာပါ ။
သိမ်းပါ ။
ရှယ် ပါ ဗျာ ။

...............................လေးစားလျှက်
.........................................................ကိုဇင်ဇေ

"ပုံပြ...အင်္ဂလိပ်စာ"


(ကုန်စည်နှင့် ထုပ်ပိုးခြင်း)

packaging = ကုန်ထုပ်ပိုးခြင်း
multipack = အတွဲလိုက်ထုပ်ပိုးမှု
blister pack = ပလပ်စတစ်အကြည်ဖြင့် ထုပ်ပိုးမှု
box = သေတ္တာ ၊ လေးထောင့်ဘူး။
packet = ကတ္ထူဘူး။အထုပ်။
matchbox= မီးခြစ်ဘူး။
stick = အချောင်း၊အတန်
pack = ကတ္ထူဘူး။
roll = အလိပ်
tube = သွားတိုက်ဆေးကဲ့သို့သော ဘူးမျိုး
cap = အဖုံး၊အစွပ်
carton = ပလပ်စတစ်/ကတ္ထူ သေတ္တာ/ဘူး/ဖာ။
sachet = ပလပ်စတစ်/စက္ကူ အိတ်ကလေး။
aerosol can = လေဖိအားဖြင့် မှုတ်ပေးနိုင်ရန် စီမံထားသောဘူး။
can = အရည်ထည့်စရာ ဘူး/ပုံး။
tub = စားစရာထည့်ရန် စည်ပိုင်းပုံ ခွက်/ဘူး။
bottle = ပုလင်း
cork = ဖော့ဆို့။
screw-top = လှည့်ပိတ်ရသည့် အဖုံး
tin = မုန့်ဖုတ်ရန်သုံးသည့် သံဖြူခွက်၊ မုန့်သေတ္တာ။စည်သွတ်ဗူး။
lid = အဖုံး
jar = ဖန်ဘူး/ခွက်
bag = အိတ်။

Saturday, April 26, 2014

ကမ္ဘာမှာ မျက်နှာငယ်နေရသေးတဲ့ မြန်မာနိုင်ငံကူးလက်မှတ်


ကမ္ဘာတလွှားနိုင်ငံပေါင်း ၂၁၉ နိုင်ငံက နိုင်ငံကူးလက်မှတ် ( Passport) တွေထဲက နိုင်ငံတကာမှာ ဗီဇာ အလွယ်တကူ လက်ခံတဲ့ အဆင့်သတ်မှတ်ချက်တွေမှာ ဖင်လန်၊ ဆွီဒင်နဲ့ ဗြိတိန်နိုင်ငံတို့က အဆင့် ၁ ရှိ ကြပြီး မြန်မာနိုင်ငံက နိုင်ငံကူးလက်မှတ်အဆင့်ကတော့ ၈၆ မှာပဲ ရှိပါတယ်။

မြန်မာနဲ့အတူ အင်ဂိုလာ၊ ဒဂျိဘူတိ၊ အီရန်တို့က နိုင်ငံပေါင်း ၄၀ ကပဲ ဗီဇာ ဝင်ခွင့် ရကြပြီး အဆင့် ၈၆ မှာ ပဲ ရှိကာ အကောင်းဆုံး နိုင်ငံကူးလက်မှတ်စာရင်းတော့ မဝင်ကြပါဘူး။ မြန်မာပါ့စ်ပို့ ကိုင်ဆောင်သူ မြန်မာ
နိုင်ငံသားတွေ ကမ္ဘာ့အလယ်မှာ မျက်နှာ ငယ်နေရသေးတယ်ဆိုတာ ဒီညွှန်းကိန်းက ပြဆိုနေပါတယ်။

မနှစ်က ကမ္ဘာတလွှားခရီးသွားလာမှုမှာ ဖင်လန်၊ ဆွီဒင်၊ ဗြိတိန် နိုင်ငံကူးလက်မှတ်တွေဟာ အကောင်းဆုံး ပါ့စ်ပို့တွေအဖြစ် သတ်မှတ်ခံရပြီး နိုင်ငံပေါင်း ၁၇၃ နိုင်ငံက ဗီဇာ လွတ်လပ်ခွင့်ရတယ်လို့ The Strait Times သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

စင်ကာပူနိုင်ငံကတော့ နိုင်ငံပေါင်း ၂၁၉ နိုင်ငံမှာ ၁၆၇ နိုင်ငံက ဗီဇာ ကင်းလွတ်ခွင့် ရပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ လက်ခံကြိုဆိုမှုအများဆုံး နိုင်ငံစာရင်းမှာပါဝင်ပြီး အဆင့် ၆ မှာ သြစတြေးလျနဲ့ ဂရိစ်နိုင်ငံတို့နဲ့ အတူ ရှိခဲ့ပါ တယ်။

အခု ပြဆိုတဲ့ ညွှန်းကိန်းထဲမှာ တရုတ်ထိုင်ဝမ် နိုင်ငံကူးလက်မှတ်ကို ထည့်သွင်း ဖော်ပြထားခြင်းတော့ မရှိ ပါဘူး။ 
ဧရာဝတီ

ဘွဲ့ရပြီး အလုပ်အကိုင် အခွင့်အလမ်း ရှားပါးနေတယ်ဆိုတာ ကြိမ်းသေပြီလား?



ကျွန်တော်တို့ နိုင်ငံမှာ ဘွဲ့ရပြီးကာစ လူငယ်တွေ၊ တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူတွေနဲ့ သူတို့ရဲ့ မိဘတွေ အမြဲတမ်း တွေးပူနေတဲ့ အကြောင်းအရာတွေထဲမှာ အလုပ်အကိုင်အခွင့်အလမ်းလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ “ဘွဲ့ရ အလုပ်မရှိ” ဆိုတဲ့ စကားဟာ လူငယ်တော်တော်များများ သူလိုကိုယ်လိုတွေထဲမှာ အလွန်ခေတ်စားတဲ့ စကားလုံး ဖြစ်လာခဲ့ပြီး ဘွဲ့လက်မှတ်ဆိုတဲ့ အရာကတော့ အသက်မွေးဝမ်းကြောင်းထက် ဂုဏ်သိက္ခာတစ်ခုလိုပဲ ဖြစ်လာခဲ့ပါတယ်။ ဒီအကြောင်းအရာတွေဟာ ကျွန်တော်တို့ မပြောင်းလဲနိုင်သေးတဲ့ စနစ်များရဲ့ ရိုက်ခက်မှုဒဏ်ကြောင့် ဖြစ်လာခဲ့ရတာကိုလည်း ကျွန်တော် မငြင်းလိုပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ မပြောင်းလဲနိုင်တဲ့ အပိုင်းကို အပြစ်ဖို့နေ သူတွေကိုတော့ သူတို့ရဲ့ တန်ဖိုးရှိတဲ့ လူငယ်ဘ၀အချိန်တွေကို အလဟာသဖြုန်းရာကျတယ်လို့ပဲ မြင်မိပါတယ်။

ကျွန်တော်တို့ တက္ကသိုလ်ဘွဲ့ရတွေ အားလုံး တက္ကသိုလ်ဝင်ခွင့်ဆိုတဲ့ ဆယ်တန်းစာမေးပွဲကြီးကို ဖြတ်သန်းလာခဲ့ကြတာပါ။ ယနေ့ခေတ်ကာလမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုပြီးသူတိုင်း အင်္ဂလိပ်စာ၊ တရုတ်စာ၊ LCCI၊ ကွန်ပြူတာ စတဲ့ သင်တန်းတွေကို မတတ်မဖြစ်ဆိုသလို တတ်ရောက်သင်ယူလေ့လာကြတာကိုလည်းတွေ့ရပါတယ်။ တက္ကသိုလ် ပထမနှစ် မရောက်ခင်ကတည်းက ဘာသာစကား၊ ကွန်ပြူတာအခြေခံ၊ စီးပွားရေးအကြောင်းအခြေခံ စတာတွေကို နားလည်တတ်ကျွမ်းခွင့်ရှိနေတာကိုက ကောင်းတဲ့အချက်ပါ။ ဒါပေမဲ့လည်း တချို့သော တက္ကသိုလ်ကျောင်းပြီးသွားချိန် ဘွဲ့ရပြီးသူများ Certificate ရဖို့အတွက် သီးသန့်ထပ်တတ်တဲ့ အပိုသင်တန်းတွေဟာလည်း ဆယ်တန်းစာမေးပွဲကြီး ဖြေဆိုအောင်မြင်ချိန်က တတ်ခဲ့တဲ့ သင်တန်းတွေနဲ့ ထပ်တူဖြစ်နေတာကတော့ နားမလည်နိုင်စရာပါ။

တက္ကသိုလ်ဘွဲ့ရပြီး အလုပ်လက်မဲ့ ဖြစ်နေတဲ့ လူငယ်တွေမှာ ဘာကြောင့် အလုပ်လက်မဲ့ ဖြစ်နေရတယ်ဆိုတဲ့ အကြောင်းကို ကျွန်တော် လေ့လာခဲ့ရာမှာတော့ အဓိက အချက်တစ်ခုကိုသာ သွားတွေ့ပါတယ်။ အဲ့ဒါကတော့ လုပ်ငန်းအတွေ့အကြုံပါ။ အနည်းဆုံး လုပ်သက် နှစ်နှစ်၊ သုံးနှစ်လောက်ရှိတဲ့ အလုပ်တွေရဲ့ လစာကိုမှ သူတို့က စိတ်ဝင်စားကြပြီး လုပ်ငန်းအတွေ့အကြုံမလိုဆိုတဲ့ အလုပ်တွေအတွက်တော့ လစာအားဖြင့်လည်းကောင်း၊ ရာထူးအားဖြင့်လည်းကောင်း စိတ်ဝင်စားခြင်း မရှိကြပါဘူး။ နောက်ထပ် စိန်ခေါ်မှုလို့ ဆိုရမယ့် အကြောင်းအရာတွေကတော့ အင်္ဂလိပ်စာ၊ အင်တာနက်နှင့် ကွန်ပြူတာ ဖြစ်နိုင်ပါတယ်။ နည်းပညာခေတ်ဖြစ်တာကြောင့် သုံးမျိုးစလုံးက လုပ်ငန်းခွင်တိုင်းမှာ တကယ်မရှိမဖြစ် လိုအပ်နေသလို နည်းပညာခေတ်မှာ မွေးဖွားလာခဲ့တဲ့ ကျွန်တော်တို့ လူငယ်တွေဟာလည်း အင်တာနက်နဲ့ ကွန်ပြူတာအခြေခံအတွက်တော့ အထူးတလည် ကြိုးစားအားထုတ် လေ့လာဖို့ လိုမယ်မထင်ပါဘူး (နည်းပညာလောကသားများကို အထင်သေးခြင်းမဟုတ်ပါ အခြေခံ MS Word, internet, email အသုံးပြုခြင်းကို ဆိုလိုခြင်းဖြစ်သည်)။

“ဒါဆို အလုပ်ဘယ်လိုရအောင် လုပ်ရမလဲ?” ဒီစာကို ဖတ်ရင်း ကျွန်တော့်ကို မေးချင်နေတဲ့ စာဖတ်သူမိတ်ဆွေရဲ့ မေးခွန်း ဖြစ်နိုင်ပါတယ်။ အောက်မှာ ကျွန်တော် ပေးထားတဲ့ နည်းလမ်းတွေကို အသုံးပြုကြည့်ရင်တော့ အလုပ်ရမယ်လို့ အာမမခံနိုင်ပေမဲ့ ဘာမှ မလုပ်ဘဲ နေတာထက် စာရင် အနည်းငယ် အကျိုးရှိမယ့် နည်းလမ်းလေးတွေ ဖြစ်လိမ့်မယ်တော့ ပြောရဲပါတယ်။

(၁) CV Form ရေးခြင်း
လုပ်ငန်းခွင်မ၀င်ခင်၊ အလုပ်အင်တာဗျူး မဖြေခင် အလုပ်ရှင်က အရင်ဆုံး မြင်တွေ့နိုင်တဲ့ ကိုယ့်အကြောင်းကိုယ် ဖော်ပြနိုင်ခွင့်ရှိတဲ့ စာရွက်တစ်စုံပါ။ အလုပ်ရှင်က ကိုယ့်ကို အင်တာဗျူးခေါ်ဖို့ ဆက်သွယ်သင့်လား မသင့်လားကို CV form ကို ကြည့်ပြီး ဆုံးဖြတ်လေ့ရှိတာကြောင့် CV form မှာ First Impression ရဖို့ အလွန်အရေးကြီးပါတယ်။ ဒါ့ကြောင့် အသင့်ပြုလုပ်ပြီးသား ၅၀ကျပ်၊ ၁၀၀ကျပ်တန် CV form စာရွက်တွေကို ၀ယ်ဖြည့်မဲ့ အစား ကိုယ်တိုင် CV တစ်ရွက်လောက် လုပ်ကြည့်ပြီး အလုပ်ရှင်ထံပေးတာက ပိုအဆင်ပြေပါတယ်။ Online ပေါ်မှာ ကိုယ်တိုင် CV ပြုလုပ်နိုင်တဲ့ site တွေကတော့ http://www.resume.com/, http://cvmrk.com/ ဖြစ်ပါတယ်။ ကွန်ပြူတာထဲမှာ ကိုယ်တိုင် Word နဲ့ စိတ်ကြိုက် CV ပြုလုပ်ဖို့အတွက်တော့ Google Image မှာ “Professional CV” လို့ ရှာဖွေပြီး လေ့လာ ပြုလုပ်နိုင်ပါတယ်။

(၂) LinkedIn Account ပြုလုပ်ထားပါ
“LinkedIn” ဆိုတဲ့ စကားကို ရင်းနှီးသူ ရှိသလို အနည်းငယ် စိမ်းနေတဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ www.linkedin.com ဆိုတာကတော့ ကမ္ဘာတစ်ဝန်း စီးပွားရေးလုပ်ငန်းပိုင်းမှ လူများစွာ အသုံးပြုကြတဲ့ Facebook လိုမျိုး အနည်းငယ်ဆင်တူတဲ့ လူမှုကွန်ရက်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ CV form ထဲမှာ အလုပ်ရှင်နဲ့ ရင်းနှီးမှုလွယ်အောင် မိမိ Facebook link ထည့်ပေးထာထက် စာလို့ရှိရင် LinkedIn link ထည့်ပေးတာကို လုပ်ငန်းရှင်များက ပိုပြီး သဘောကျလေ့ ရှိပါတယ်။ ကျွန်တော့် LinkedIn Account ကတော့ www.linkedin.com/in/winkokoaung ပါ။

(၃) Professional ဆန်သည့် email address ရှိပါစေ
လုပ်ငန်းခွင်အတွက် CV form ဖြည့်သည့် အချိန်မှာ ကိုယ့် email address ကို ထည့်ရေးရလေ့ရှိပါတယ်။ ဒါပေမဲ့ မိမိ email address ဟာ လုပ်ငန်းနဲ့ မသက်ဆိုင်ဘဲ romantic ဆန်နေသည့် အမည်မျိုး၊ ဘာအဓိပ္ပါယ်မှန်းမသိသည့် အမည်မျိုး ဖြစ်နေရင်တော့ စာဖတ်သူမိတ်ဆွေအတွက် impression ရနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်အမည် သို့မဟုတ် အမည်နှင့် ဂဏန်းနံပါတ်တစ်ခုခု ပါတဲ့ email address ကို အသစ်ဖွင့်ပြီး personal အသုံးပြုပါ။ gmail မှာ ကိုယ်လိုချင်တဲ့ address မရခဲ့ရင်လည်း yahoo, outlook, AOL စတဲ့ email service တွေ ရှိနေတာကိုလည်း သတိပြုပါ။

(၄) Certificate အတွက် သင်တန်းတတ်တာလား?
သေချာစဉ်းစားပါ။ ကိုယ့်စိတ်ထဲမှာ ကိုယ်ပြန်ဖြေကြည့်ပါ။ သင်တန်းတစ်ခုကို ဘာကြောင့်တတ်တာလဲ? အသိပညာ အတတ်ပညာ အတွက် တတ်သူများ ရှိပေမဲ့ Certificate အတွက် တစ်ခုတည်းသာ အာရုံစိုက်ပြီး တတ်သူများလည်း ရှိပါတယ်။ တကယ် လက်တွေ့ မကြာခဏ မြင်ဖူးပါတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က လက်ရှိအလုပ်မှာ Certificate ပြပြီး ရာထူးထက်တိုးဖို့ (သို့) ကိုယ်ဝင်ရောက်မယ့် လုပ်ငန်းခွင်တစ်နေရာအတွက် သေချာအောင်လို့ ဆိုတဲ့ ရည်ရွယ်ချက်ပါ။ ကာလအခြေအနေအရ Certificate က အရေးမကြီးဘူး မဆိုလိုပါဘူး၊ အာမခံလက်မှတ်တစ်ခုအနေနဲ့ ရှိနေကြောင်းကိုတော့ လက်ခံပါတယ်။ အကယ်၍ အကြောင်းကြောင်းကြောင့် လုပ်ငန်းခွင် အင်တာဗျူးမှာ Certificate မပြနိုင်ခဲ့ရင်တောင် CV ထဲမှာ ထည့်ရေးပါ။ လုပ်ငန်းရှင်ဘက်က Certificate အကြောင်း မေးခဲ့ရင်တော့ ကိုယ်လေ့လာထားတာကို ချပြလိုက်ရုံပါပဲ။ ပညာတတ်ပြီး Certificate မရှိလို့ အလုပ်မခန့်ဘူးဆိုတဲ့ လုပ်ငန်းရှင် မရှိပါဘူး။

(၅) အလုပ်ဘယ်မှာ ရှာမလဲ?
ဟုတ်ပါပြီ။ အပေါ်က အချက်တွေကို လုပ်နိုင်ပါပြီ။ အဆက်အသွယ် မကောင်းလို့ အလုပ်ဘယ်မှာ ရှာရမှန်းမသိဘူး။ အေဂျင်စီနဲ့လည်း မသွားချင်ဘူး။ ရပါတယ် ကိစ္စမရှိပါဘူး… လူတိုင်း အနည်းဆုံး ဖုန်းတစ်လုံးလောက် ကိုင်ပြီး အင်တာနက်သုံးနေတဲ့ ခေတ်ကြီးမှာ အလုပ်အကိုင်အခွင့်အလမ်း လုံးဝမရှားပါဘူး။ အင်တာနက်ပေါ်မှာဆိုရင် http://www.myjobs.com.mm/, http://www.work.com.mm/ ဆိုဒ်တွေ အပြင် အခြားသော အလုပ်ရှာ ဆိုဒ်တွေ အများကြီးရှိပါတယ်။ ကိုယ်က စိတ်ဝင်စားတဲ့ အလုပ်အကိုင်ကို တွေ့ပြီဆိုရင် email ကနေ အသင့်ရေးထားတဲ့ pdf, docx ဖိုင်နဲ့ CV ပို့လိုက်ရုံပဲ။ ဒါမှမဟုတ်လည်း ဆိုဒ်တွေမှာ ကိုယ့် CV ကို တင်ထားလိုက်ပါ… လုပ်ငန်းရှင်တွေက တွေ့ပြီး နှစ်သက်ရင် သူတို့ဘက်က email ပို့ပြီး job alert လုပ်ကြပါလိမ့်မယ်။

(၆) သင်တန်းတွေလည်း တတ်စရာရှိသေးတယ် full – time မလုပ်ချင်ဘူး
ဖြစ်ပါတယ်။ ကျွန်တော် စောစောက အပေါ်မှာ ပြောထားတဲ့ အလုပ်အကိုင်ရှာဖွေဆိုဒ်တွေထဲမှာ အချိန်ပိုင်းအလုပ်တွေကိုလည်း ရှာနိုင်ပါတယ်။ ကိုယ်က အင်္ဂလိပ်လို ကျွမ်းကျင်ပြီး နိုင်ငံခြားသားနဲ့ စကားပြောရဲ ဆိုရဲရှိတယ်ဆိုရင်တော့ https://www.elance.com/, https://www.odesk.com/ ဆိုဒ်တွေမှာ register လုပ်ပြီး အလုပ်ရှာဖွေလို့ရပါတယ်။ အဲ့ဒီ site တွေမှာ Project အလိုက် လုပ်ရတဲ့ freelance အလုပ်တွေရှိသလို part – time အလုပ်တွေကိုလည်း ရှာဖွေနိုင်ပါတယ်။ Freelance သမားတွေအတွက် စကားပြန်၊ ဘာသာပြန်တွေနဲ့ web design အလုပ်တွေ ခေတ်စားပါတယ်။

(၇) အလုပ်လုပ်ချင်သော်လည်း…?
အလုပ်လုပ်ချင်ပေမဲ့ နိုင်ငံခြား ကျောင်းသွားတတ်ဖို့ ပြင်ဆင်ရမယ်၊ ဘွဲ့လွန်တန်းတွေ တတ်ဖို့အတွက် ပြင်ဆင်ရမယ်။ ဒါတွေကြောင့် မအားလို့ အလုပ်မလုပ်ဖြစ်ဘူး။ ရပါတယ်… ကိုယ်တိုင် အားလပ်ချိန်မှာ အလုပ်မလုပ်နိုင်ပေမယ့်လည်း လူမှုပတ်ဝန်းကျင်အတွက်ရော၊ အနာဂါတ်အတွက်ရော အကျိုးရှိစေမယ့် လုပ်ငန်းမျိုးကိုလုပ်ကြည့်ပါ။ Forbes မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ စစ်တမ်းအရ နိုင်ငံတကာ လုပ်ငန်းရှင် ငါးယောက်မှာ တစ်ယောက်က လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လှုပ်ရှားခဲ့ခြင်းကို လုပ်ငန်းအတွေ့အကြုံ သဘောလို့ သတ်မှတ်တယ် လို့ ဖော်ပြထားပြီး ကျန်တဲ့ သုံးယောက်ကတော့ လူမှုရေးလုပ်ငန်းအတွေ့အကြုံရှိသူတစ်ယောက်ကို လူမှုရေးလုပ်ငန်း မလှုပ်ရှားဖူးသူနဲ့ ယှဉ်ရင် လူမှုရေးလုပ်ငန်းအတွေ့အကြုံရှိသူကို လုပ်ငန်းခွင်အတွက် ရွေးချယ်လေ့ ရှိတယ်လို့ ဆိုပါတယ်။ လူမှုရေးလုပ်ရှားမှုတွေ ဆောင်ရွက်ဖို့ အဖွဲ့အစည်း မရှိသေးဘူးဆိုရင်တော့ https://www.facebook.com/pages/Myanmar-Youth-Initiative ကို ဆက်သွယ်ပြီး လူမှုရေးလှုပ်ရှားမှုတွေ အတူတကွ ပူးပေါင်းပြုလုပ်နိုင်ပါတယ်။

Win Ko Ko Aung
(Visionary Enterprise)

လုပ်ငန်းခွင်တွင်း ပိုပြီး ကောင်းမွန်တဲ့ တီထွင်ဖန်တီးနိုင်စွမ်းရှိအောင် ပြုလုပ်ခြင်း


အလုပ်ထွက်ပြီး ကိုယ်ပိုင် လုပ်ငန်း လုပ်ချင်နေပါသလား? မဆန်းပါဘူး ဒီအဖြစ်အပျက်ဟာ စီးပွားရေးဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ဖြစ်နေကျပါ။
အရွယ်ရောက်ပြီး အမေရိကန်လူမျိုး ၅၅ ရာခိုင်နှုန်းဟာ လက်ရှိလုပ်နေတဲ့ အလုပ်ကို စွန့်ခွါပြီး အနာဂါတ်အတွက် ကိုယ်ပိုင်လုပ်ငန်းကို စွန့်စားတည်ထောင်လိုကြပါတယ်။ ဒီ ၅၅ ရာခိုင်နှုန်းပမာဏဟာ နည်းနည်းနောနော ပမာဏ မဟုတ်ဘဲ အမေရိကန်လူမျိုး ၇၈ သန်းကို ကိုယ်စားပြုပါတယ်။ အဲ့ဒီထဲကမှ ၃၆ ရာခိုင်နှုန်းဟာ လုပ်ငန်းခွင်တွင်း ရရှိထားတဲ့ ရာထူးအခြေအနေမှာ ကိုယ်တိုင် လုပ်ပိုင်ခွင့် ဖန်တီးခွင့်ကို မရရှိလို့ ဖြစ်ပါတယ်။ ကျန် အချိုးအစား ရာခိုင်နှုန်းသူများကတော့ ရုံးလုပ်ငန်းခွင်အတွင်း အလွန်စိတ်ရှုတ်ဖို့ကောင်းတဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာကြောင့်လို့ ဆိုထားပါတယ်။
သူတို့တွေ ဒီလိုမျိုး ကိုယ်ပိုင်လုပ်ငန်းကို ထူထောင်ဖို့အတွက် စိတ်အားထက်သန်တယ်ဆိုတာကို အပြစ်ပြောစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်ပိုင်ဖန်တီးမှုဖြစ်တဲ့ ပန်းချီကား၊ အ၀တ်အထည်နဲ့ လက်မှုအနုပညာ စတာတွေကို ကိုယ်ကျွမ်းကျင်ရာ လုပ်ပြီး ebay, amazon တွေကနေတဆင့် ရောင်းချကာ Millionaire ဘ၀ရောက်သွားတဲ့ ရှေ့ဆောင်လမ်းပြသူတွေ အများအပြားရှိနေကြလို့ပါ။
ဖော်ပြအချက်လေးချက်ကတော့ ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့ ဒါမှမဟုတ် ကုမ္မဏီကြီးတစ်ခုမှာ လုပ်နေတဲ့ စာဖတ်သူအတွက် တီထွင်ဖန်တီးနိုင်စွမ်း ပိုကောင်းစေဖို့အတွက် နည်းလမ်းတွေ ဖြစ်နိုင်ပါတယ်။

ကိုယ်တိုင် အပြောင်းအလဲ တစ်ခုပြုလုပ်ပါ
ဘ၀မှာ တစ်ခါတစ်လေ ပိုပြီး ကောင်းမွန်တဲ့ အကြံဥာဏ်တွေရရှိဖို့ အပြောင်းအလဲ တစ်ခုခုပြုလုပ်ရပါလိမ့်မယ်။ မှတ်စုတိုရေးချခြင်းနည်းဟာတော့ အကြောင်းအရာတွေ အလွယ်တကူ မေ့မပျောက်သွားဖို့ ကူညီပေမဲ့ အမှန်တကယ် ကိုယ်တိုင် ဖန်တီးမှုကောင်းတစ်ခုလိုချင်ရင်တော့ စွန့်စားမှုတွေအတွက် လမ်းဖွင့်ထားပြီး ကျရှုံးမှုအတွက်လည်း စိုးရိမ်မှု ဖျောက်ထားဖို့လိုပါတယ်။ ကျွန်တော်တို့ အခုလက်ရှိ လုပ်ဖို့ အတွက် အလွယ်ဆုံး အလုပ်ကတော့ ကွန်ပြူတာရှေ့ကနေ ခွာပြီး မိတ်ဆွေများနဲ့ စကားပြောခြင်းပါ။

ကိုယ့်ရဲ့ပေါကြောင်ကြောင် အပြုအမှုတွေကို လက်ခံပါ
အောင်မြင်ကျော်ကြားတဲ့ လူအများစုဟာ သူများတွေ လုပ်လေ့မရှိတဲ့ ရူးကြောင်ကြောင် အပြုအမှုတွေကို လုပ်ပါတယ်။ အစပိုင်းမှာတော့ ကိုယ့်အပေါ် ပတ်ဝန်းကျင်ရဲ့ အပြောအဆိုတွေက မလွှမ်းမိုးအောင် ဂရုပြုရမှာပါ။ ဒီအချက်ကို ဂရုပြုနိုင်ရင်တော့ စာဖတ်သူအတွက် တီထွင်ဖန်တီးနိုင်မှုတွေက နောက်ကနေလိုက်လာပြီလို့သာ မှတ်လိုက်ပါ။

ပျင်းတဲ့အချိန်မှာ ပုံဆွဲပါ
စာဖတ်သူဟာ ပုံဆွဲ ၀ါသနာပါလား? ၀ါသနာ မပါရင်လည်း ကိစ္စမရှိပါဘူး။ တစ်ယောက်တည်း ပျင်းနေတဲ့ အချိန်မှာ စာရွက်ပေါ်မှာ ခြစ်ချင်ရာ လျှောက်ခြစ်ပါ။ ကလေးအလွန်ဆန်တဲ့ အပြုအမှုဖြစ်ပေမယ့် ကမ္ဘာကျော်ပန်းသီးဆရာကြီး Steve job နဲ့ အမေရိကန်သမ္မတဟောင်း John F. Kennedy တို့ဟာ ဒီအပြုအမှုကို လက်ခံထားခဲ့ကြပါတယ်။

စိတ်ကူးကို သုံးသပ်ကြည့်ပါ
တီထွင်ဖန်တီးနိုင်စွမ်းကို ပေါ်ပေါက်စေရုံတင်မကဘဲ အချက်အလက်တွေနဲ့ နည်းလမ်းအသစ်တွေကိုလည်း ပေါ်ပေါက်စေမှာပါ။ ဘယ်လောက်ကောင်းနေတဲ့ plan သို့ idea ဖြစ်နေပစေ နောက်တစ်ကြိမ် ပြန်တွေးကြည့်တဲ့အခါမှာ ပိုကောင်းတဲ့ နည်းလမ်းတစ်ခု ထွက်လာလေ့ရှိပါတယ် (ကြုံဖူးမှာပါ)

Ref : Business News Daily

အရိုးရှင်းဆုံး First Impression ရရှိအောင် ပြုလုပ်နည်း ၃ နည်း



လူတစ်ယောက်ဟာ အလုပ်ခွင် အင်တာဗျူးအတွက်ဖြစ်စေ၊ စီးပွားရေး လုပ်ငန်းမိတ်ဆွေသစ် တစ်ယောက်နှင့် တွေ့ဆုံသည် ဖြစ်စေ First Impression ရရှိဖို့ အလွန်အရေးကြီးပါတယ်။ စာဖတ်သူတွေ့ဆုံ၊ ရင်းနှီးခဲ့တဲ့ သူတစ်ယောက်ဟာ စာဖတ်သူရဲ့ ဘ၀တစ်လျှောက်လုံးမှာ တစ်နေနေရာကနေ အကူအညီပေးနိုင်တဲ့သူ ဖြစ်နိုင်ပြီး Bad Impression သာ ဖြစ်ခဲ့မယ်ဆိုလျှင်တော့ ပြန်ပြောင်းဖို့ ခက်ပါတယ်။ အထူးသဖြင့် Sale အရောင်းနယ်ပယ်ထဲမှာဆိုရင် First Impression သည် အရေးကြီးဆုံးပါ။ ကိုယ့်ဖောက်သည် ဖြစ်လာဖွယ်ရှိတဲ့ လူအပေါ် First Impression အနေနဲ့ လွှမ်းမိုးနိုင်မှသာ အရောင်းအ၀ယ်ဖြစ်ပြီး repeat purchase ဖြစ်လာနိုင်ပါတယ်။ ဒါမှမဟုတ်ခဲ့ရင်တော့ ဖောက်သည်က ကိုယ့်ရဲ့ ပြိုင်ဘက်ထံ ရောက်ရှိသွားမှာပါ။

ဒါ့ကြောင့်မလို့ ဘယ်လိုအခြေအနေမျိုးရောက်ရောက် First Impression ဖြစ်အောင် ပြုလုပ်နိုင်ဖို့ အရိုးရှင်းဆုံး နည်းလမ်းသုံးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Professional ဆန်စွာ ၀တ်ဆင်ပြီး ကိုယ်တိုင် ယုံကြည်ချက်ရှိပါ။
လူတစ်ယောက်နဲ့ သိကျွမ်းမှု မပြုခင်၊ တပါးသူက စာဖတ်သူရဲ့ စကားလုံးအသံကို မကြားရသေးခင် စာဖတ်သူရဲ့ အဆင့်အတန်းကို အ၀တ်အစားဝတ်ဆင်ပုံကို ကြည့်ပြီး ဆုံးဖြတ်ချက်ချလေ့ရှိပါတယ်။ အ၀တ်အစားကို ကြည့်ပြီး ဆုံးဖြတ်ချက်ချတယ်ဆိုလို့ တန်ဖိုးမြင့်မားတဲ့ အ၀တ်အစားတွေကို ၀တ်ပါလို့ ဆိုလိုခြင်းမဟုတ်ပါ။ ကိုယ်နဲ့ စီးပွားရေး အတူပြုလုပ်မယ့် သူတစ်ယောက်ရဲ့ ကိုယ်အပေါ် အမြင်မစောင်းစေမယ့် လူကြီးလူကောင်းဆန်စေမယ့် အ၀တ်အစားမျိုး ဖြစ်ရင် ရပါပြီ။ ကိုယ်တိုင် ယုံကြည်ချက် ရှိမှုကလည်း ဘာကြောင့် ခင်ဗျား ဘယ်လိုလုပ်တယ်ဆိုတဲ့ ပြောဆိုချက်ကို လက်ခံပါလိမ့်မယ်။ ယုံကြည်ချက် မရှိတဲ့သူတစ်ယောက်ရဲ့ ပြောဆိုချက်ကို ဘယ်သူများ လက်ခံပါမလဲနော်…

၂။ အပြုံး၊ လက်ဆွဲနှုတ်ဆက်မှုပုံစံ၊ ခန္ဓာဗေဒ ဘာသာစကားတို့ကို ကျွမ်းကျင်ပါ။
လူတစ်ယောက်ကို ပြုံးပြသည်ဖြစ်စေ၊ အားပေးသည်ဖြစ်စေ၊ ပွေ့ဖက်သည်ဖြစ်စေ စတဲ့ အကြောင်းအရာတွေဟာ ထိုသူတစ်ယောက်ကို စာဖတ်သူက ခင်မင်ရင်းနှီးမှုပေးခြင်း၊ အားပေးချီးမြှောက်ခြင်း ကို ယူဆပါတယ်။ လက်ဆွဲနှုတ်ဆက်ချိန်မှာ တစ်ဖက်လူရဲ့ မျက်လုံးကို ကြည့်ပြီး လက်ဆွဲနှုတ်ဆက်ခြင်းဟာလည်း နှစ်ဦးနှစ်ဖက် အပြန်အလှန် ယုံကြည်ချက် တည်ဆောက်ရာ ကျပါတယ်။ အင်တာဗျူးချိန်မှာဖြစ်စေ၊ ဖောက်သည်ဖြစ်လာဖွယ်ရှိသည့်သူနှင့် ဖြစ်စေ စကားပြောဆိုတဲ့ အခါမှာ သူတို့ရဲ့ ပြောဆိုချက်တွေကို အလေးအနက်ထားပြီး နားထောင်ပေးခြင်းဟာလည်း သူတို့အပေါ် လေးစားရာကျပါတယ်။

၃။ စကားကို အလျှင်အမြန် မပြောပါနှင့်။
အရောင်းသမားအများစု မှားယွင်းတတ်တဲ့ အချက်တစ်ခုပါ။ အရောင်းပစ္စည်းကို ရောင်းချလိုတဲ့ စိတ်ဆန္ဒကြောင့် အလျှင်အမြန်ပြောလိုက်ရာကနေ ၀ယ်သူဘက်က မှားယွင်းတဲ့ အတွေးအခေါ်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အရောင်းပြုလုပ်တဲ့အချိန်မှာ ဖြေးဖြေးနဲ့ အေးအေးဆေးဆေးပြောပါ။ ဒီလိုပါပဲ လုပ်ငန်းခွင်ဝင် အင်တာဗျူးတွေမှာလည်း ကိုယ့်ရဲ့ အရည်အချင်း အောင်မြင်မှု အကြောင်းတွေကို ကျားလိုက်နေသလို အလျှင်အမြန်စကားပြောခြင်းဟာလည်း အင်တာဗျူးမေးသူရဲ့ စိတ်ဝင်စားခြင်းကို ရရှိနိုင်မှာ မဟုတ်ပါဘူး။

Ref: Business Daily News

သင် စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ယောက်ဖြစ်နိုင်သည့် အချက် ၅၀



သင်က သူများနဲ့ တူညီတာကိုပဲလုပ်တတ်တာလား?
ကမ္ဘာပေါ်မှာရှိတဲ့ မည်သည့် စွန့်ဦးတီထွင်ကိုယ်ပိုင်လုပ်ငန်း ပြုလုပ်နေတဲ့ သူတွေအားလုံးဟာ သူများနဲ့ တူညီတဲ့ အတွေးမျိုးကို မတွေးသလို ကွဲပြားတဲ့ အရာတွေကိုပဲ လုပ်လေ့ရှိပါတယ်။
ဒါ့ကြောင့် တစ်ခါတစ်လေ ကိုယ့်လုပ်ရပ်တွေဟာ သာမန်လူ့ဘောင်အဖွဲ့အစည်းတစ်ခုရဲ့ သတ်မှတ်ထားတဲ့ စည်းဘောင်တစ်ခုထဲက အနည်းငယ်ကျော်ထွက်ပြီး ပြုမိ တွေးမိလို့ အဝေဖန်ခံရချိန်မှာ အားမငယ်ပါနဲ့။
အောက်ပါအချက် ၅၀ ကို ဖတ်ပြီး စာဖတ်သူရဲ့ စိတ်ကို ဆုံးဖြတ်ကြည့်ပါ။ စာဖတ်သူ အတွက် အကုန်လုံး မဟုတ်ရင်တောင် အများစု တူညီကောင်း တူညီပါလိမ့်မယ် ဘာကြောင့်လဲဆိုရင် ဒီအချက်တွေထဲက တချို့အချက်တွေဟာ ရူးကြောင်ကြောင်သလို မဖြစ်နိုင်ထင်ရပေမဲ့ ကမ္ဘာကျော် စွန့်ဦးတီထွင်ပညာရှင်အများစုရဲ့ ဘုံတူညီတဲ့ အချက်တွေ ဖြစ်နေလို့ပါ။

၁။ မိသားစုမှာ မိဘ တစ်ဦး သို့မဟုတ် မိဘနှစ်ဦးလုံးဟာ ကိုယ်ပိုင်လုပ်ငန်း ပြုလုပ်သူများ ဖြစ်ပါတယ်။
၂။ သတ်မှတ်ချက်ကို မုန်းတယ်။ အမြဲတမ်း ဘာကို ဘာကြောင့်လုပ်လဲ မေးခွန်းထုတ်ချင်နေတယ်။
၃။ ကိုယ်တိုင်ယုံကြည်ချက်ရှိတယ်။ အမြဲတမ်း မကောင်းဘက်ကနေဘဲ မြင်နေတတ်တဲ့ ကိုယ်ပိုင်လုပ်ငန်းရှင်များ ကို မြင်ဖူးသလား? ကိုယ်တိုင်ယုံကြည်မှုမရှိဘဲ တခြားသူက သင့်ကို ဘယ်လိုယုံကြည်နိုင်မလဲ?
၎။ အရမ်းတက်ကြွတယ်။ ငွေအတွက် အလုပ်မလုပ်ဘူး အောင်မြင်မှုအတွက် အချိန်တွေ ရင်းရဲတယ်။
၅။ ‘No’ ဆိုတဲ့ စကားကို ဘယ်တော့မှ မပြောဘူး။ ဘယ်တော့မှလည်း အရှုံးမပေးဘူး။
၆။ တပါးသူတွေကို ကိုယ့်အပေါ်ခင်လာအောင် ကိုယ်နဲ့ ပေါင်းလာအောင် ပြုလုပ်နိုင်စွမ်းရှိတယ်။
၇။ ချစ်သူထက် လုပ်ငန်းအတူ တည်ထောင်တဲ့ သူတွေနဲ့ ပိုပေါင်းဖြစ်တယ်။
၈။ နောင်တော်ကြီးများဖြစ်တဲ့ ဘီဂိတ်၊ စတီဂျော့၊ မတ်စ်ဇူကာဘတ် တို့လို တက္ကသိုလ်ကနေ ထွက်ခဲ့တယ်။
၉။ အိပ်ရာပေါ်မှာတင် အလုပ်ကိစ္စတွေအတွက် စိတ်ကူးယဉ်လေ့ရှိတယ်။
၁၀။ သင်မှာ ၀န်ထမ်းတွေရှိရင် အချိုးမပြေသူတွေကို မကြာခဏ အလုပ်ထုတ်လေ့ရှိတယ်။
၁၁။ ကိုယ့်ကို တိုက်ခိုက်လာခဲ့ရင် ဘယ်တော့မှ ခေါင်းငုံခံလေ့မရှိဘူး။
၁၂။ ကိုယ်ပိုင်လုပ်ငန်းလုပ်ရတာကို အပြည့်အ၀ အလုံခြုံဆုံသော အလုပ်လို့ သတ်မှတ်တယ်။ (သူများဆီမှာ သွားလုပ်ရင် အလုပ်ထုတ်ချင် ထုတ်ခံရမှာလေ)
၁၃။ ဗီဒိုထဲမှာ တီရှပ်အကျီတွေနဲ့ ပြည့်ချင်ပြည့်နေလိမ့်မယ် ဒါပေမဲ့ အဲ့ဒီ အကျီတွေမှာ အများစုက ကိုယ့်လုပ်ငန်းရဲ့ Logo တွေနဲ့ ချည်းပဲ။
၁၄။ ကိုယ့်ထက်သာတဲ့သူတွေကို လိုက်ပြိုင်တတ်တဲ့ သဘာဝရှိတယ်။
၁၅။ မိုးလင်းရင် စစ်မိတာကတော့ အလုပ် email ပဲ။
၁၆။ ကိုယ်ကြိုက်နှစ်သက်တဲ့ ပွဲတော်လက်မှတ်၊ ဖိနပ်၊ အကျီ စတာတွေအတွက် ပိုက်ဆံပေးဝယ်ဖို့ ၀န်မလေးဘူး။
၁၇။ သူများတွေအတွက် အပန်းဖြေနားရက်ဆိုတာ ကိုယ့်အတွက်တော့ အလုပ်ဖွင့်ရက်ပါပဲ။
၁၈။ တစ်ချိန်တုန်းက အလုပ်လက်မဲ့ ဘ၀ကို ဖြတ်သန်းဖူးလိမ့်မယ်။ ဒီအချက်ကလည်း ကိုယ်ပိုင်လုပ်ငန်း စတင်တည်ထောင်ဖို့ အတွက် တွန်းအားပဲ။
၁၉။ တစ်ပတ်ကို အနည်းဆုံး နာရီ ၆၀ ကျော် အလုပ်လုပ်တယ်။
၂၀။ ကိုယ့်လုပ်ငန်းမှာ ကိုယ်သာ ထိန်းချုပ်ချင်တယ်။
၂၁။ အခွင့်အလမ်းတွေကို နေရာတိုင်း မြင်တယ်။
၂၂။ ထိုင်ခုံဆိုတဲ့ စကားက လုပ်ငန်းမှာ လုံးဝ မသက်ဆိုင်ဘူး။
၂၃။ အဖွဲ့အစည်းတစ်ခုကို အသေးစိတ်ဖွဲ့စည်းလိုတဲ့ ဆန္ဒရှိတယ်။
၂၄။ ကိုယ်အကြိုက်ဆုံး ကော်ဖီဆိုင်/စားသောက်ဆိုင်ရဲ့ ထိုင်နေကျနေရာကတော့ ပါဝါပလက်ခုံရှိတဲ့ နေရာပဲ။
၂၅။ အခြေအနေအားလုံးကို action မလုပ်ခင် အရင် အသေးစိတ်ကျကျတွေးတတ်တယ်။
၂၆။ ရည်မှန်းထားတဲ့ စီးပွားရေးပုံစံကို အတတ်ပညာရှင်တွေကို သေချာပြောပြပြီး မဖြစ်ဖြစ်အောင် လုပ်ခိုင်းလေ့ရှိတယ်။
၂၇။ သူများတွေနဲ့ ဆက်သွယ်ပြောဆိုတဲ့ အခါမှာ ပြဿနာဖြစ်လေ့မရှိဘူး။
၂၈။ ကျရှုံးမှုအတွက် အပြုံးပျက်လေ့မရှိ။
၂၉။ သင်ဟာ အတော်ဆုံး အရောင်းသမား တစ်ယောက်ဖြစ်တယ်။
၃၀။ Facebook ပေါ်မှာ သင့်ကို အထင်ကြီး လေးစားသူတွေ ပို့တဲ့ sms ထက် ဖုန်းထဲမှာ သင့်သူငယ်ချင်းတွေရဲ့ sms က ပိုများလေ့ရှိတယ်။
၃၁။ နေ့စဉ် ဘာပဲလုပ်လုပ် ရလာတဲ့ ငွေတွေကို ပြန်လည် ရင်းနှီးမြုပ်နှံ့ဖို့အတွက် စဉ်းစားလေ့ရှိတယ်။
၃၂။ ပရောဂျက်တစ်ခု မပြီးမချင်း ဘယ်တော့မှ လက်မလျော့ဘူး။
၃၃။ ကိုယ့်ရဲ့ suit က တစ်ခါတစ်လေ ဖုံတတ်နေတတ်တယ်။
၃၄။ သင်ဟာ လက်တွေ့မကျသူ ဖြစ်ပါတယ်။ တီထွင်သူ ဖန်တီးသူတိုင်းဟာ မဖြစ်နိုင်တဲ့ အရာတွေကပဲ စခဲ့တာလေ။
၃၅။ သင်ဟာ ဘောင်ထဲက ချွန်ဖောက်ပြီး တွေးတတ်သူပါ။
၃၆။ သင့်အသွင်ဟာ တခြားသူတွေအပေါ် လွှမ်းမိုးနိုင်တဲ့ ပုံပေါက်နေတတ်တယ်။
၃၇။ စည်းမျဉ်းတွေဟာ သင့်အပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး ဘာကြောင့်လဲဆိုတော့ သင်ဟာ စည်းမျဉ်း လိုက်နာမှု အားနည်းတာကြောင့်ပါ။
၃၈။ သင်ဟာ တစ်ယောက်တည်း ဘယ်အရာကိုမှ မလုပ်နိုင်ဘူးလို့ ခံယူထားပါတယ်။ သင့်မှာ အကြံဥာဏ်ရှိတယ် ဒါပေမဲ့ အဲ့ဒါကို ပြုလုပ်ဖို့အတွက် ပြည့်ဝတဲ့ အရည်အချင်း မရှိဘူး။
၃၉။ တပါးသူမကောင်းကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်။
၄၀။ သင်ဟာ အမြဲတမ်း အပြောင်းအလဲ မြန်သူဖြစ်ပါတယ်။
၄၁။ အဖွဲ့လိုက် လုပ်ဆောင်ရတာကို တစ်ဦးတည်းလုပ်ဆောင်ရတာထက် ပိုသဘောကျတယ်။
၄၂။ မဖြစ်နိုင်ခြေကို ဖြစ်နိုင်ခြေဖြစ်အောင် ပြောင်းလဲလိုတယ်။
၄၃။ သင့်ရဲ့ မိသားစု (သို့မဟုတ်) သူငယ်ချင်းတွေကို သင့်လုပ်ငန်းနဲ့ ဆက်နွယ်လာအောင် ပြုလုပ်လေ့ရှိတယ်။
၄၄။ စောစောအိပ်ပြီး စောစောထလေ့ရှိတယ်။ ဒါပေမဲ့ တစ်နေ့အိပ်ချိန်က ၈ နာရီလောက်ရှိတယ်။
၄၅။ market research လုပ်ခြင်းက ဖောက်သည်တွေအတွက် ပိုကောင်းတဲ့ ၀န်ဆောင်မှုပေးနိုင်မယ်လို့ ယုံကြည်တယ်။
၄၆။ သင့်အနားမှာ အရည်အချင်းရှိတဲ့သူတွေ အသင့်ရှိနေလိမ့်မယ်။
၄၇။ သင်ပြောသမျှကို လူတွေက မယုံနိုင်ဘူး (ရူးနေတယ်လို့လည်း ထင်ချင်ထင်လိမ့်မယ်)
၄၈။ ရှိသမျှအကြောင်းအရာ အားလုံးကို ခြုံပြီး ငါးမိနစ်အတွင်း တခြားသူနားလည်အောင် အကုန်လုံးကို ပြောနိုင်တယ်။
၄၉။ သင့်အချိန်တွေကို ငွေထက် ပိုပြီး တန်ဖိုးရှိတယ်လို့ ယုံကြည်တယ်။
၅၀။ တခါတလေ စဉ်းစားမိတယ် ဘာလို့ ကိုယ်ပြောတာတွေကို ကိုယ့်ချစ်သူ(သို့) အခင်ဆုံးသူငယ်ချင်းက နားမလည်ပေးနိုင်လဲ ဆိုတာကိုပေါ့။

Ref : Entrepreneurs

သင့် အသင်း အတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့အတွက် အချက် ၆ ချက်



ခေတ်သစ် စီးပွားရေး လုပ်ငန်း စကားတွေထဲမှာ အပြောဆုံးစကားက ပူးပေါင်းလုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ ကုမ္မဏီအများစုကတော့ အဆင့်မြင့် နည်းပညာတွေကို အလေးပေး အသားပြုပြီး အသင်းအဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်ဖို့ ကို ဖန်တီးယူလေ့ရှိပါတယ်။ ဘယ်လို အခြေအနေဖြစ်နေပါစေ ခေါင်းဆောင်တစ်ယောက်ဟာတော့ အသင်းအဖွဲ့ကို မပြောဘဲ နားလည်နေရမယ့် အတူတကွ ပူးတွဲလုပ်ဆောင်ခြင်း ယဉ်ကျေးမှုကို ဖန်တီးပေးထားသင့်ပါတယ်။ အရိုးရှင်းဆုံးနှင့် အလုပ်ဖြစ်လွယ်ဆုံးသော အတူတကွ ပူးပေါင်းလုပ်ဆောင်ချက် ၆ ချက်ကို မျှဝေပေးလိုက်ပါတယ်။

အသင်းလိုက်ရည်မှန်းချက်ထားပါ
အချိန်ကာလတစ်ခု၊ အစီအစဉ်တွေ၊ လမ်းစဉ်တွေကို ရှင်းရှင်းလင်းလင်း ချမှတ်ပြီး အနာဂါတ် အသင်းအတွက် ရည်မှန်းချက်တစ်ခု သတ်မှတ်ပါ။ ဒီနည်းလမ်းဟာတော့ အသင်းအဖွဲ့ဝင် အချင်းချင်းကြား ရှုထောင့်အမျိုးမျိုး အမြင်တွေကို သိရှိနိုင်မှာပါ။

လွတ်လပ်စွာတွေးခွင့်ပေးပါ
အသင်းအဖွဲ့ဝင် အားလုံးကို အကြောင်းအရာ တစ်ခုအပေါ် အတူတကွ အဖြေရှာခိုင်းပါ။ မှားယွင်းတဲ့ အတွက်လည်း သူတို့ကို အပြစ်မသတ်မှတ်ပါနဲ့။

စုစည်းမှုကိုတည်ဆောက်ပါ
အသင်းအဖွဲ့ဝင် တစ်ယောက်နဲ့ တစ်ယောက် အလုပ်ခွင်ထဲမှာ ဆက်သွယ်ရလွယ်ကူမှု ရရှိအောင် ပြုလုပ်ပေးထားပါ။ အဲ့ဒီလို ပေးထားရာမှာလည်း အခြေခံပစ္စည်းများဖြစ်တဲ့ စာအုပ်၊ ဖုန်း စသည့်အရာများကို တန်းတူညီမျှ ထားခြင်းဖြင့် တပြေးညီ စုစည်းမှုကို တည်ဆောက်ကြည့်ပါ။

စိတ်ကူးယဉ်အတွေးတွေးခိုင်းပါ
အရိုးရှင်းဆုံး အကြောင်းအရာတစ်ခု အနာဂါတ်မှာ ဖြစ်လာမယ့် အကြောင်းအရာတစ်ခုကို စိတ်ကူးယဉ်တွေးကြည့်ခိုင်းပါ။ ဒီအချက်ကလည်း သူတို့အတွက် အနာဂါတ်ကို မျှော်ကြည့်စေသလို အသင်းအတွက်လည်း အကျိုးရှိစေမှာပါ။

လေလှိုင်းဆက်သွယ်မှုနည်းပညာအသုံးပြုမှုများတတ်နိုင်သလောက်လျှော့ပါ
ဖုန်း၊ sms၊ social media စတာတွေဟာ ဆက်သွယ်ရေးအတွက် အလွန်အသုံးဝင်တဲ့ အကြောင်းအရာများ ဖြစ်ပေမဲ့ လူတစ်ယောက်နဲ့ တစ်ယောက်၊ အသင်းအဖွဲ့အတွင်း ပူးပေါင်းလုပ်ဆောင်မှုကို အဟန့်အတားသဖွယ် ဖြစ်စေပါတယ်။

အမှန်တကယ်ပြုလုပ်ပါ
အဖွဲ့အစည်းတွင်း ခေါင်းဆောင်ကောင်းတစ်ယောက်အတွက် အလွန်အရေးအကြီးဆုံး အချက်တစ်ခုဖြစ်ပါတယ်။ အသင်းအဖွဲ့တွင်း အတွေးများ၊ အကြံများ၊ လမ်းစဉ်များ၊ ရင်းနှီးနွေးထွေးမှုများ ရှိနေပေမဲ့ ဒီအကြောင်းအရာတွေကို မပြုလုပ်ခဲ့ရင်တော့ ပြုလုပ်ခဲ့သမျှ အချည်းနှီးဖြစ်သွား နိုင်သလို ကျရှုံးမှုတွေ အထိ ဖြစ်နိုင်ပါတယ်။

Ref : Inc

Corporate Social Responsibility (CSR) ဆိုတာ ဘာလဲ?



ယနေ့ခေတ်ကာလမှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုကိစ္စတွေဟာ မိမိစီးပွားရေးလုပ်ငန်း ဖောက်သည်အများစုရဲ့ အတွင်းစိတ်ထဲမှာ အဓိက နေရာယူလာပါပြီ။ ကျွန်ုပ်တို့အားလုံး လုပ်ငန်းတစ်ခုတည်း တိုးတက်ကြီးပွားဖို့ ကို အာရုံစိုက်နေလို့ မဖြစ်တော့ပါဘူး။ ဈေးဝယ်သူတွေက ကုမ္မဏီလုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေကို ပေးခြေရတဲ့ ဈေးနှုန်းနဲ့ အတူ ကုမ္မဏီလုပ်ငန်းဘက်ကနေလည်း ရရှိလာတဲ့ ၀င်ငွေတွေကတဆင့် ကမ္ဘာလောကကြီးကို ကောင်းကျိုးပြုပေးနိုင်ဖို့အတွက် စိတ်ထဲမှာ မျှော်လင့်ထားတတ်ကြပါတယ်။ ဒီအချက်တွေကြောင့်ပဲ လုပ်ငန်းအများစုဟာ social responsibility ဆိုတဲ့ အကြောင်းအရာကို ဦးစားပေးအဆင့်သတ်မှတ်ဖို့ ဖြစ်လာခဲ့ပါတယ်။

Corporate Social Responsibility (CSR) ဆိုတာကတော့ စီးပွားရေးလုပ်ငန်းတွေဟာ လူမှုနယ်ပယ်အတွင်း ကောင်းကျိုးဖြစ်ထွန်းစေဖို့ ပါဝင်ဆောင်ရွက်ခြင်းကို ရည်ညွှန်းပါတယ်။

အားကောင်းလွန်းတဲ့ CSR Strategy ကြောင့် ကိုယ့် ကုမ္မဏီလုပ်ငန်းကို ဖောက်သည်တွေ စိတ်ဝင်စားလာရုံမက အရည်အချင်းရှိ ၀န်ထမ်းတွေလည်း ကမ္ဘာလောကြီးအတွက် အပြောင်းအလဲများ ဖော်ဆောင်ပေးတဲ့ သင့်ကုမ္မဏီမှာ အလုပ်လုပ်ချင်လာပါလိမ့်မယ်။

Corporate Social Responsibility အမျိုးအစားများ
CSR လုပ်ငန်းတွေကို ကိုယ့်ရဲ့ ကုမ္မဏီလုပ်ငန်း ကိုယ်တိုင်လုပ်ဆောင်နိုင်သလို အကျိုးအမြတ်မယူတဲ့ NGO အဖွဲ့အစည်းများနဲ့လည်း ပူးပေါင်းပြီး လုပ်ဆောင်နိုင်ပါတယ်။ အမျိုးမျိုးသော နည်းလမ်းတွေနဲ့ လုပ်ဆောင်ကြပြီး ကိုယ့် ကုမ္မဏီလုပ်ငန်းရဲ့ ထုတ်ကုန်နှင့် ၀န်ဆောင်မှုများကိုလည်း CSR မှာ အသုံးပြုချင် ပြုနိုင်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကတော့ စီးပွားရေးလုပ်ငန်းများရဲ့ CSR မှာ ပါဝင်လေ့ရှိတဲ့ အမျိုးအစားများစွာထဲက နှစ်မျိုးဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်
တကယ့်ကို ထိပ်တန်းဦးစားပေး ခေါင်းစဉ်တစ်ခုပါ။ စီးပွားရေးလုပ်ငန်း ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ကာဗွန် footprint ထုတ်လုပ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်လုပ်ငန်းကနေ ထွက်ရှိလာတဲ့ ကာဗွန် footprint တွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ပြန်လည်ဖာထေးတဲ့ အနေနဲ့ ပြုလုပ်ခြင်းပါ။

အလှူအတန်းပြုလုပ်ခြင်း
စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံတ၀န်း ဒေသတွင်းမှာရှိတဲ့ ငွေကြေးလိုအပ်နေတဲ့ နေရာတွေကို ငွေ သို့မဟုတ် ကိုယ့်လုပ်ငန်းရဲ့ ထုတ်ကုန်တစ်ခုခုကို လှူဒါန်းခြင်း ဖြစ်ပါတယ်။ အခုလို လှူဒါန်းခြင်းကြောင့် ဒေသတွင်း လူမှုရေးလုပ်ငန်းတွေမှ တဆင့် လုပ်ငန်းအတွက် အကျိုးအမြတ် ပြန်လည်ရရှိနိုင်ပါတယ်။

Ref : Entrepreneur

Friday, April 25, 2014

“ဆာလောင်မွတ်သိပ်ပါ ။ အရူးထပါ ။”


( ၂၀၀၅ခုနှစ် ဇွန်လ ၁၂ရက်နေ့တွင် ကျင်းပခဲ့သော Stanford တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် Apple Computer နှင့် Pixar Animation Studio တို့ကို စတင် တည်ထောင်ခဲ့သူ Steve Jobs ပြောကြားခဲ့သည့် မိန့်ခွန်း)

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတခုရဲ့ ဘွဲ့ရ မောင်မယ်များကို တွေ့ဆုံ စကားပြောခွင့် ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျနော်ဟာ တက္ကသိုလ်ဘွဲ့ရ တယောက် မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသဘင် အခမ်းအနားဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ကျနော့်ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်းအရှည်ကြီး မဟုတ်ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်း သုံးပုဒ် ထဲ ပါ။

ပထမဆုံး ဇာတ်လမ်းကတော့ ဆက်စပ် ပုံဖော်ခြင်း အကြောင်းပါ။ ကျနော် Reed College မှာ ခြောက်လပဲ တက်ပြီး ကျောင်းထွက် ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းက မခွါနိုင်သေးပဲ နောက်၁၈လလောက် အတန်းတွေ ဆက်တက်ခဲ့ပါတယ်။ ကျနော် ဘာကြောင့် ကျောင်းထွက် ခဲ့ရတယ် ထင်ပါသလဲ။ ဒီဇာတ်လမ်းက ကျနော် မမွေးခင် အချိန်ကစပြီး ပြောပြရမှာပါ။ ကျနော့်ကို ကိုယ်ဝန်ရှိတဲ့ အချိန်မှာ အမေဟာ အိမ်ထောင် မရှိသေးတဲ့ ဘွဲ့လွန်ကျောင်းသူ တယောက်ပါ။ အဲဒါကြောင့်လည်း ကျနော့်ကို မွေးစားဖို့ ပေးလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျနော့်ကို မွေးစားမဲ့ မိဘများဟာ ဘွဲ့ရ ပညာတတ်တွေသာ ဖြစ်သင့်တယ်လို့ အမေ့ စိတ်ထဲမှာ အကြီးအကျယ် စွဲနေခဲ့ပါတယ်။ ဒါကြောင့်လဲ ဥပဒေပညာရှင် တယောက်နဲ့ သူ့ဇနီးတို့က ကျနော့်ကို မွေးပြီးပြီးချင်း လွှဲယူလိုက်ဖို့ ကြိုတင် စီစဉ် ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ ကျနော် ကို “အူဝဲ” ဆိုပြီး မွေးလိုက်တဲ့ အချိန်မှာ သူတို့က မိန်းကလေးမှ လိုချင်ပါ တယ်လို့ စိတ်ပြောင်း သွားခဲ့ပါတယ်။ ဒါကြောင့်မို့ အချိန်မတော် ညကြီးသန်းခေါင်မှာ မွေးစား မိဘလောင်း တန်းစီစာ ရင်းထဲက ကျနော့် မိဘများကို ဖုံးဆက်ခဲ့ပါတယ်။

“ဒီမှာ မမျှော်လင့်ဘဲ ယောကျာင်္းလေး တယောက် ရထားတယ်။ ယူမလား…” တဲ့။ မိဘများကလဲ “သိပ်ယူတာပေါ့…” တဲ့။ အဲဒီလို ပေးလိုက်ပြီးမှ ကျနော့်ရဲ့ အမေဟာ ဘွဲ့ရပညာတတ် မဟုတ်တာ၊ ကျနော့်ရဲ့ အဖေဟာလဲ အထက် တန်းကျောင်း တောင်မှ မအောင်တာကို ကျနော့် မွေးမိခင်က သိသွားတာပါ။ မွေးမိခင်ဟာ မွေးစားစာချုပ်မှာ သဘောတူကြောင်း လက်မှတ်ထိုး မပေးခဲ့ပါဘူး။ နောင်လပေါင်း အတော်ကြာပြီး ကျနော့်ရဲ့ မိဘတွေက ကျနော့်ကို “တက္ကသိုလ် ထားပေးပါ့မယ်…” လို့ ကတိပေးမှ မွေးမိခင်က စိတ်လျော့ပြီး လက်မှတ်ထိုး ပေးခဲ့တာပါ။

နောက် ၁၇ နှစ် အကြာမှာတော့ ကျနော် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်ဟာ အဆင်အခြင် ကင်းမဲ့စွာ နဲ့ Stanford တက္ကသိုလ်နီးပါး စားရိတ်ကြီးတဲ့ တက္ကသိုလ်ကို ရွေးခဲ့ပါတယ်။ ကျနော့်ရဲ့ တတ္ကသိုလ်ပညာရေး အတွက် အခြေခံလူတန်းစား မိဘများရဲ့ စုငွေတွေအားလုံးကို ကျနော်သုံးမိရက်သား ဖြစ်သွားပါတယ်။ နောက်ခြောက်လ အကြာမှာတော့ ဒီပညာရေးဟာ တကယ်ပေးရတာနဲ့ တန်တယ်လို့ ကျနော် မထင်တော့ပါဘူး။ အဲဒီအချိန်က ကျနော့်မှာ ဘဝရည် မှန်းချက်ဆိုတာ မရှိခဲ့ပါဘူး။ တတ္ကသိုလ်ပညာရေးကနေပြီး ကျနော့်ရဲ့ ဘဝရည်မှန်းချက်ကို ဘယ်လိုလုပ်ပြီး အဖြေထုတ် ပေးနိုင်မယ် ဆိုတာလဲ စဉ်းစားလို့မရခဲ့ပါ။ ဒီတော့ ကျနော်ဟာ မိဘတွေရဲ့ တသက်စာစုငွေကို တက္ကသိုလ် မှာလာပြီး ဖြုံးနေတာပါပဲ။

ဒါနဲ့ကျနော်လဲ တက္ကသိုလ်က ထွက်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ အချိန်ကျရင် အားလုံး အဆင်ပြေ သွားမှာပါလို့ မျက်စိစုံမှိတ်ပြီး လုပ်ခဲ့တာပါ။ အဲဒီတုန်းကတော့ ကြောက်ကြောက်နဲ့ လုပ်ခဲ့တာပါ။ ခု ပြန်စဉ်းစား ကြည့်တဲ့အခါမှာတော့ ဒီဆုံးဖြတ်ချက် ဟာ ကျနော့်ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက် တခုပါ။ ကျောင်းက ထွက်လိုက်တာနဲ့ ချက်ချင်းပဲ မတက်ချင်ဘဲ တက်နေရတဲ့ အတန်းတွေကို တက်စရာ မလိုတော့ တာကြောင့် တက်ချင်စရာ ကောင်းတဲ့ အတန်းတွေ ထဲမှာ ဝင်ထိုင် ကျောင်းသားလုပ် ခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာ ကဗျာမဆန် တာတွေလဲ ပါပါတယ်။ ကျနော့်မှာ နေစရာ အခန်း မရှိတော့ပါဘူး။ ဒီတော့ ကျနော့် သူငယ် ချင်းတွေရဲ့ အခန်း ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရပါတယ်။ Coke ပုလင်းတွေကို လိုက်စုပြီး ပြန်အပ်လို့ရတဲ့ တပုလင်း ၅ဆင့် ဆိုတဲ့ ပိုက်ဆံနဲ့ ဗိုက်ဖြည့်ရပါတယ်။ တနင်္ဂနွေနေ့ ညတိုင်း ခုနှစ်မိုင် လမ်းလျှောက်ပြီး Hare Krishna ဟိန္ဒူ ဘုရားကျောင်း မှာ ထမင်းတနပ် အဝ သွားစားရပါတယ်။ စားလို့ အင်မတန် ကောင်းပါတယ်။ စူးစမ်းလိုစိတ် နောက်လိုက်ရင်း၊ စိတ်ထဲမှာ ပေါ်လာတာတွေကို လိုက်လုပ်ရင်း ကြုံကြိုက်ခဲ့တာ အတော်များများဟာ နောက်ပိုင်းမှာ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ ဖြစ်လာခဲ့ပါတယ်။ ဥပမာလေး တခု ပေးပါရစေ။

အဲဒီအချိန်က Reed College မှာ ရှိတဲ့ စာလုံးအလှရေးနည်း သင်တန်းဟာ တနိုင်ငံလုံးမှာ အကောင်းဆုံး သင်တန်းပါ။ တက္ကသိုလ်နယ်မြေ တခုလုံးမှာ ရှိသမျှ ပိုစတာတွေ၊ စာတန်းတွေ၊ နာမည်တွေဟာ အင်မတန်လှပတဲ့ လက်ရေးစာလုံးတွေနဲ့ ခြယ်သ ထားပါတယ်။ ကျောင်းက ထွက်လိုက်ပြီ ဆိုတော့ ပုံမှန် သင်တန်းတွေ တက်စရာ မလိုတော့တဲ့ ကျနော်ဟာ စာလုံးအလှ ရေးနည်းသင်တန်းကို ဝင်တက်ပြီး အတတ်သင်ခဲ့ပါတယ်။ စာလုံးပုံစံတွေထဲမှာ Serif စာလုံးပုံ၊ San Serif စာလုံးပုံတွေအကြောင်းကို သင်ယူခဲ့ပါတယ်။ စာလုံးတလုံးနဲ့ တလုံးကြားမှာ ဘယ်လို အနီးအဝေး ခြားတယ်ဆိုတာ လေ့လာခဲ့ပါတယ်။ စာလုံးရေးနည်းပညာရဲ့ နက်ရှိုင်းမှုကို တွေ့ရှိခဲ့ပါတယ်။ အင်မတန်လှပတဲ့၊ သမိုင်းဝင်တဲ့၊ အနုပညာမြောက်ပြီး၊ သိပ္ပံနည်းနဲ့ စူးစမ်းလို့မရတဲ့ ဒီပညာရပ်က ကျနော့်ကို ညှို့ယူဖမ်းစား ခဲ့ပါတယ်။

ဒါတွေကို ကျနော့်ဘဝမှာ ဘယ်လိုလက်တွေ့ အသုံးဝင်မလဲ ဆိုတာကိုတော့ မျှော်လင့် မထားခဲ့ပါဘူး။ ဒါပေမဲ့ နောင် ၁၀နှစ် အကြာမှာ ပထမဆုံး Macintosh ကွန်ပျုတာကို ဒီဇိုင်းဆွဲတဲ့ အခါမှာတော့ ဒီပညာရပ်ကို ပြန်လည်ပြီး သတိရလာခဲ့ ပါတယ်။ ဒီပညာရပ်ကို အစွမ်းကုန်သုံးပြီး Macကို ဒီဇိုင်း လုပ်ခဲ့တာပါ။ Macဟာ ကမ္ဘာ့ပထမဦးဆုံး စာလုံးအလှသုံးတဲ့ PC ကွန်ပျုတာပါ။ တက္ကသိုလ်က ဒီသင်တန်းကိုသာ ကျနော်မတက်ခဲ့ရင် Macintosh ကွန်ပျုတာမှာ အင်မတန်သေသပ်ပြီး အစိပ်အကျဲ အချိုးကျ လှပတဲ့ စာလုံးတွေ ထည့်ပေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ပြီးတော့ Windows ဆိုတာကလဲ Macက စာလုံးတွေကိုပဲ ကူးချထားတာ ဆိုတော့ PC တွေပေါ်မှာ စာလုံးအလှ ပေါ်ထွက်ခဲ့မှာ မဟုတ်ဘူးလို့တောင် ပြောကောင်းပြောနိုင် ပါလိမ့်မယ်။ ကျနော် ကျောင်းမထွက်ခဲ့ရင် စာလုံးအလှသင်တန်းကို တက်ခဲ့မှာ မဟုတ်ပါ။ ဒီသင်တန်းကို ကျနော်မတက်ခဲ့ရင် PC တွေပေါ်မှာ စာလုံးလှလှလေးတွေ ရှိကောင်းမှရှိမှာပါ။

ကျနော် တက္ကသိုလ် တက်နေစဉ် အခါကတော့ အနာဂါတ်ကို ကြိုမြင်ပြီး ဒီအကျိုးအကြောင်းတွေကို ဆက်စပ် ပုံဖော် ကြည့်ဖို့ဆိုတာ ဘယ်ဖြစ်နိုင် ပါ့မလဲ။ နောင် ၁၀ နှစ်ကြာအပြီး အတိတ်ကို ပြန်ကြည့်တဲ့ အခါမှာတော့ ဒီဆက်စပ်မှုတွေကို ရှင်းရှင်းကြီး တွေ့နေရပါတယ်။ ထပ်ပြောရမယ်ဆိုရင်တော့ ရှေ့အနာဂါတ်မှာ ဘာတွေဘယ်လို ဆက်စပ်ပုံပေါ်လာမယ် ဆိုတာကို ကျနော်တို့ မမြင်နိုင်ပါ။ နောက်ပြန်ကြည့်မှသာ ဆက်စပ်မှုတွေကို တွေ့နိုင်တာပါ။ ဒါကြောင့်မို့ ဘွဲ့ရမောင်မယ်တို့တွေ ဟာလဲ အနာဂါတ်မှာ ဖြစ်ရပ်တွေ ဆက်စပ်ပြီး ပုံပေါ်လာလိမ့်မယ်လို့ ယုံကြည်ထား ရပါလိမ့်မယ်။ ဘွဲ့ရမောင်မယ် တို့တတွေဟာ မိမိရဲ့ ရင်တွင်း ခံစားချက်ကို ယုံကြည်မှုရှိပါ။ ကံစီမံတယ်ဆိုတာ ယုံပါ။ ကံ၏အကျိုးဆိုတာ ယုံပါ။ တခုခုကိုတော့ ယုံပါ။ ဒီယုံကြည်ချက်ကြောင့် ကျနော် ဂျောက်ကျခဲ့ရတယ် ဆိုတာ ဘယ်တော့မှ မရှိခဲ့ပါ။ ကျနော့်ဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့တာ ဒီယုံကြည်ချက်ကြောင့် ပါပဲ။

ကျနော့်ရဲ့ ဒုတိယ ဇာတ်လမ်းကတော့ အချစ်နဲ့ အရှုံး အကြောင်းပါ။ ကျနော် ကံကောင်းခဲ့ပါတယ်။ ကျနော်တကယ် စွဲစွဲလမ်းလမ်း ချစ်ခင်မိတဲ့ အလုပ်ဟာ ဘာလဲ ဆိုတာ အသက်ငယ်ငယ် မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ ကျနော့် မိဘတွေရဲ့ ကားဂိုဒေါင် ထဲမှာ Apple ကို Woz နဲ့အတူ စတင်တည်ထောင်စဉ်က ကျနော် အသက် ၂၀ ပဲ ရှိပါသေးတယ်။ ကျနော်တို့ ၂ ယောက် တကယ်အလုပ်ကြိုးစား ခဲ့ကြတာပါ။ Apple ဟာ ၁၀နှစ် အတွင်းမှာ ကားဂိုဒေါင် ထဲက ကျနော်တို့ ၂ ယောက်ကနေပြီး ဒေါ်လာ သန်း ၂ ထောင်တန် ဝန်ထမ်း ၄ ထောင်ရှိတဲ့ ကုမ္ပဏီကြီး ဖြစ်သွားခဲ့ပါတယ်။ ကျနော်တို့ရဲ့ အကောင်းဆုံး တီထွင်မှုဖြစ်တဲ့ Macintosh ကို ဈေးကွက်တင်ပြီး တနှစ် လောက် ကျနော်လဲ အသက် ၃၀ ပြည့်ပြီးခါစလေးပါ။ အဲဒီမှာ ကျနော်အလုပ်က အထုတ်ခံရပါတယ်။ ကိုယ်တိုင် တည်ထာင်ခဲ့တဲ့ ကုမ္ပဏီကနေ ဘယ်လိုလုပ်ပြီး အထုတ်ခံ ရနိုင်ပါ့မလဲ။

အဲ ဇာတ်လမ်းက တော့ဒီလိုပါ။ Apple ကုမ္ပဏီကြီးပွါးလာတဲ့အချိန်မှာ ကျနော်က အင်မတန် တော်တယ်လို့ ထင်ခဲ့တဲ့ လူတယောက်ကို ကျနော်နဲ့အတူ ကုမ္ပဏီမှာ စီမံခန့်ခွဲဖို့ အလုပ်ခန့် ခဲ့ကြပါတယ်။ ပထမတနှစ် လောက်ကတော့ အတော်လေး အဆင်ပြေပါတယ်။ ဒါပေမဲ့ တဖြေးဖြေးနဲ့ အနာဂါတ် အလားအလာတွေကို အမြင်မတူ တာပေါ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အကြီးအကျယ် ကတောက်ကဆ ဖြစ်တဲ့အခါမှာ ဒါရိုက်တာအဖွဲ့က သူ့ဖက်က ရပ်ခဲ့ပါတယ်။ ဒါနဲ့ အသက် ၃၀မှာ အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။ တကဲ့ကို ဟိုးလေးတကျော်ဖြစ်ပြီး အလုပ်ထုတ် ခံရတာပါ။ ကျနော့်ရဲ့ ဘဝ တခုလုံးကို ပုံပြီး စိုက်လိုက်မတ်တပ် လုပ်ခဲ့တဲ့ အရာကြီးကို ဆုံးရှုံးခဲ့တာပါ။ ဒါဟာ ကျနော့်အတွက် အင်မတန် တုန်လှုပ်စရာ၊ ကြေကွဲစရာ ဖြစ်ခဲ့ပါတယ်။

လပေါင်း အတော်ကြာ ဘာလုပ်လို့ လုပ်ရမှန်း မသိအောင် ဖြစ်ခဲ့တာပါ။ တီထွင်သူ လုပ်ငန်းရှင် မျိုးဆက်ဟောင်း ကြီးများအပေါ်မှာ ကျနော် တာဝန်မကျေ ဘူးလို့လဲ ခံစားခဲ့ရပါတယ်။ သူတို့က လက်ဆင့်ကမ်း ပေးခဲ့တဲ့ တာဝန်ကို ပေါ့ လျော့မိတဲ့၊ လက်ဆင့်ကမ်း ပြေးပွဲမှာ တုတ်တိုင် ပြုတ်ကျခဲ့တဲ့ သူလို ခံစားရတာပါ။ ကျနော် David Packard နဲ့ Bob Noyce တို့ကို သွားတွေ့ခဲ့ပါတယ်။ ပြီးတော့ ကျနော့်ကြောင့် ပြဿနာ အကြီးအကျယ် ဖြစ်ခဲ့တာကို ကြိုးစားပြီး တောင်းပန် ခဲ့ပါတယ်။

ကျနော့် ကျဆုံးခန်းဟာ ဟိုးလေးတကျော် ဖြစ်ခဲ့တာပါ။ Silicon Valley ကနေပြီး အရှုံးပေး ထွက်ပြေးသွားဖို့ အထိတောင် ကျနော် စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ အချက်တချက်ကို ကျနော် တဖြေးဖြေးနဲ့ သတိပြုမိ လာပါတယ်။ အဲဒါက တော့ ကျနော်လုပ်ခဲ့တဲ့ အလုပ်ကို ကျနော် ချစ်ခင်ဆဲ၊ စွဲလမ်းဆဲ ဆိုတာပါဘဲ။ Apple မှာ ဖြစ်ခဲ့တဲ့ ကမောက်ကမ ဖြစ်ရပ် တွေဟာ ကျနော့်ရဲ့ အလုပ်အပေါ် စွဲလမ်းမှု အပေါ်မှာ အရာမထင် ခဲ့ပါဘူး။ ကျနော့်ကို ကန်ထုတ်တာ ခံရပေမဲ့ ကျနော်က တော့ ချစ်ခင်စွဲလမ်းလျှက်ပါ။ ဒါကြောင့်လဲ ကျနော် တစ်ကနေ ပြန်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Apple ကနေပြီး အလုပ်ဖြုတ် ခံရတာဟာ ကျနော့်ဘဝ တလျှောက်လုံး ဖြစ်နိုင်ခဲ့သမျှထဲမှာ အကောင်းဆုံး အဖြစ်ပါ။ အဲဒီ အချိန်ကတော့ ဒီလို မတွေးခဲ့ မိပါဘူး။ အောင်မြင်မှုဆိုတဲ့ ဝန်ထုပ် ဝန်ပိုးကြီးကို ပေါ့ပေါ့ပါးပါး လူသစ်တခါ ပြန်ဖြစ်ရတယ် ဆိုတာနဲ့ လဲလိုက်ရတာပါ။ အရာရာတိုင်းမှာ မသေချာမှု တွေချည်းပါဘဲ။ ဒီဖြစ်ရပ်ကပဲ ကျနော့်ကို အနှောင်အဖွဲ့တွေက ကင်းလွတ်ခွင့်ပေးပြီး ကျနော့်ဘဝရဲ့ ဖန်တီးမှုအား အကောင်းဆုံး ကာလကို စတင်စေခဲ့ပါတယ်။

နောက် ၅ နှစ် အတွင်းမှာတော့ NeXT ဆိုတဲ့ ကုမ္ပဏီကို ကျနော် တည်ထောင်ပါတယ်။ Pixar ဆိုတဲ့ ကုမ္ပဏီကို ကျနော် တည်ထောင်ပါတယ်။ ပြီးတော့ အင်မတန် ပြည့်ဝတဲ့ အမျိုးသမီးတယောက်နဲ့ မေတ္တာမျှပြီး ကျနော်အိမ်ထောင်ပြု ခဲ့ပါ တယ်။ Pixar ကတော့ ကမ္ဘာ့ပထမဆုံး ကွန်ပျုတာ ကာတွန်းကားကို ဖန်တီးထုတ်လုပ်ခဲ့တာပါ။ ခုချိန်မှာတော့ Pixar ဟာ ကမ္ဘာ့ အအောင်မြင်ဆုံးကာတွန်းရုပ်ရှင် စတူဒီယို ဖြစ်နေပါပြီ။ ပြောစမှတ်ပြုစရာ အလှည့် အပြောင်းမှာ Apple က ကျနော့်ရဲ့ NeXT ကုမ္ပဏီကို ဝယ်ပါတယ်။ ကျနော် Apple ကို ပြန်ရောက်သွားပါတယ်။ NeXT မှာ ကျနော်တို့ စတင်ခဲ့တဲ့ နည်းပညာဟာ Apple ပြန်လည် ဆန်းသစ်ခြင်းရဲ့ ဗဟိုချက်မှာ ရှိပါတယ်။ Laurene နဲ့ ကျနော်တို့ကတော့ အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုလေးတခု ဖြစ်လာပါတယ်။

ကျနော်သာ Apple က အလုပ်ထုတ်မခံခဲ့ရရင် ဒါတွေတခုမှ ဖြစ်လာမှာ မဟုတ်တာ အတော်သေချာပါတယ်။ အလုပ် ထုတ်ခံရခြင်းဟာ အင်မတန်အဝင်ဆိုးတဲ့ ဆေးခါးကြီးပါ။ ဒါပေမဲ့ လူနာကို ကြည့်ရတာလဲ ဒီလိုဆေးမျိုး လိုနေပုံ ပါဘဲ။ တခါတလေ တော့လဲ ဘဝမှာ ခေါင်းကို အုတ်ခဲနဲ့ ထုသလို ခံရတာမျိုး ရှိပါတယ်။ မိမိယုံကြည်ရာကို မစွန့်လွှတ်ပါနဲ့။ ကျနော့်ရဲ့ ဘဝ တလျှောတ်လုံးမှာ အရာရာကို ဖြတ်ကျော်ဖို့ ခွန်အားပေး နေခဲ့တာဟာ ကျနော့်အလုပ်ကို ကျနော် ချစ်ခင် စွဲလမ်းမှုပဲလို့ ကျနော်ယုံကြည် ပါတယ်။ ဘွဲ့ရမောင်မယ် တို့လဲ ကိုယ့်ရဲ့ အချစ်စစ် အချစ်မှန်ကို တွေ့အောင်ရှာပါ။ ဒီအဆိုဟာ မောင်မယ် တို့ရဲ့ ချစ်သူရည်းစား ရှာဖို့နဲ့ ဆိုင်သလို အလုပ်ရှာဖို့ နဲ့လဲ သက်ဆိုင်ပါတယ်။ ခုချိန်ထိ မတွေ့သေးဘူး ဆိုရင်လဲ တွေ့တဲ့အထိ ဆက်ရှာပါ။ ရရာနဲ့ မကျေနပ် ကြပါနဲ့။ နှလုံးသားရေးရာ ကိစ္စဆိုတော့ တွေ့ပြီလား၊ မတွေ့သေးဘူးလား ဆိုတာကို ကိုယ့်ဟာကိုယ် သိလာပါလိမ့်မယ်။ ပြီးတော့ ဘဝအဖော်မွန် တွေရဲ့ သဘာဝအတိုင်း နှစ်ကြာလေပိုပြီး ခိုင်မြဲလာလေလေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မောင်မယ်တို့ အချစ်စစ် အချစ်မှန်ကို တွေ့အောင် ရှာကြပါ။ ရရာလေးနဲ့ မရောင့်ရဲ လိုက်ကြပါနဲ့။

ကျနော့်ရဲ့ တတိယ ဇာတ်လမ်းကတော့ သေခြင်းတရား အကြောင်းပါ။
ကျနော်အသက် ၁၇ နှစ်မှာ ကောက်နှုတ်ချက် စာသားတခု ဖတ်ခဲ့ရပါတယ်။ မှတ်မိသလောက် ဆိုရင်တော့ “နေ့တိုင်းကို သင့်ဘဝရဲ့ နောက်ဆုံးနေ့အဖြစ် နေထိုင်ခဲ့ရင် တနေ့မှာတော့ အဲဒီအတိုင်း ဖြစ်လာဖို့ သေချာပါတယ်” တဲ့။ ဒီစာသားက ကျနော့်စိတ်မှာ ထင်ဟပ် သွားခဲ့ပါတယ်။ အဲဒီကစပြီး နောက် ၃၃ နှစ်လုံး မနက်အိပ်ရာထမှာ မှန်ကိုကြည့်ပြီး ကိုယ့်ကိုကိုယ် မေးခဲ့ပါတယ်။ “ဒီနေ့သာ ငါ့ဘဝရဲ့ နောက်ဆုံးနေ့ဆိုရင် ဒီနေ့ လုပ်မဲ့အလုပ်တွေကို ငါ လုပ်ချင်ပါ့မလား” မေးခွန်းရဲ့ အဖြေဟာ ရက်ပေါင်းများစွာ ဆက်တိုက် “မလုပ်ချင်ဘူး” ဖြစ်နေပြီ ဆိုရင်တော့ အပြောင်းအလဲ တခုခုလုပ်ဖို့ လိုနေပြီလို့ ကျနော် သိလိုက်ပါတယ်။

ဘဝအတွက် အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက် တွေကိုချရာမှာ အရေးကြီးဆုံး အထောက်အပံ့ ကိရိယာ အဖြစ် ကျနော်တွေ့ ရှိခဲ့တာကတော့ သေခြင်းတရားဟာ လက်တကမ်းမှာပဲ ရှိတယ်လို့ သတိချပ်ခြင်းပါ။ ဘာလို့လဲဆိုတော့ အရေးမပါတဲ့ မျှော်မှန်းချက်တွေ၊ ဂုဏ်မာနတွေ၊ အရှက်ကွဲမှာ ဒါမှမဟုတ် ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်တွေ ဒါတွေ အားလုံးနီးပါးဟာ သေခြင်းတရား ဆိုတာနဲ့ ရင်ဆိုင်တွေ့လိုက်ရင် အလိုလို ပျောက်ကွယ်သွားပြီး တကယ့်ကို အရေးကြီးတဲ့ အရာတွေသာ ကျန်ရစ်ခဲ့ပါတယ်။ မင်းမှာ လက်လွှတ် ဆုံးရှုံးစရာ ပိုင်ဆိုင်မှုတွေ ရှိတယ်ဆိုတဲ့ အတွေး ထောင်ချောက်ကို ရှောင်လွှဲဖို့ နည်းလမ်းတွေထဲမှာ ကျနော်သိတဲ့ အကောင်းဆုံး နည်းကတော့ မင်းဟာ သေရတော့မှာ ဘဲလို့ သတိချပ်ခြင်းပါ။ မင်းဟာ ဗလာထီးထီး ကိုယ်ချည်း ဖြစ်သွားပါပြီ။ အဲဒီတော့ ကိုယ့်နှလုံးသားရဲ့ ခေါ်ရာနောက်ကို မလိုက်ဘဲနေဖို့ရာ အကြောင်းမရှိ တော့ပါ။

လွန်ခဲ့တဲ့ တနှစ်လောက်က ကျနော့်မှာ ကင်ဆာရောဂါရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မနက် ၇နာရီ ခွဲမှာ ဆေးဓာတ်မှန်ရိုက် ပါတယ်။ ကျနော့်ရဲ့ သရက်ရွက် (Pancreas) မှာ အကြိတ်ရှိတာ ဓာတ်မှန်မှာ ထင်းထင်းကြီး ပေါ်နေပါတယ်။ သရက်ရွက် ဆိုတာ ဘာလဲဆိုတာ တောင်မှ ကျနော်မသိခဲ့ပါ။ ဒီလို ကင်ဆာမျိုးဟာ ကုစရာဆေးမရှိတဲ့ ကင်ဆာမျိုးဖြစ်ဖို့ အတော်သေချာတယ်လို့ ကျနော့်ကို ဆရာဝန်ကြီးတွေက ပြောခဲ့ပါတယ်။ ပြီးတော့ နောက် ၃လ ကနေ ၆လ အထိဘဲနေရဖို့ မျှော် လင့်ထားပါလို့ ပြောပါတယ်။ ဒါဟာဘာအဓိပ္ပါယ် လဲဆိုတော့ ကျနော့်ရဲ့ ကလေးတွေကို နောင် ၁၀ နှစ် အတွင်းမှာ ပြောပြ ဖို့ စဉ်းစားထားသမျှကို နောင်လ အနည်းငယ် အတွင်းမှာ အကုန်အစင် ပြောဖို့ ကြိုးစားပါ ဆိုတဲ့ အဓိပ္ပါယ် ပါပဲ။ ကျန်ရစ် သူမိသားစု ဒုက္ခမများ ရလေအောင် ရှိသမျှ ကိစ္စတွေ အားလုံးကို လက်စသိမ်းပါ ဆိုတဲ့ အဓိပ္ပါယ်ပါ။ သွားတော့မယ်လို့ နှုတ်ဆက်တော့ ဆိုတဲ့ အဓိပ္ပါယ်ပါ။ တနေ့လုံး ဒီကင်ဆာ အကြောင်းကဘဲ ကျနော့်ကို လွှမ်းမိုးထား ခဲ့ပါတယ်။ အဲဒီနေ့ ညနေမှာတော့ အသားစထုတ်ပြီး ဆေးစစ် ခံခဲ့ရပါတယ်။ ခန္ဓာကိုယ် အတွင်းပိုင်းကြည့် ကရိယာကို ကျနော့်လည်ချောင်း ထဲကတဆင့် အစာအိမ်ကို ဖြတ်ပြီး အူသိမ်ထဲကို ရောက်အောင် ထည့်ပါတယ်။ ပြီးတော့မှ ကျနော့်ရဲ့ သရက်ရွက်ကို အပ်နဲ့စိုက်ပြီး အသားစ အနည်းငယ်ကို ထုတ်ယူပါတယ်။ အဲဒီအချိန်မှာ ကျနော်က မေ့ဆေးနဲ့ မျောနေခဲ့ပါတယ်။ ဒါပေမဲ့ အတူရှိနေတဲ့ ဇနီးက ပြန်ပြောခဲ့တာက ဒီအသားစကို အဏုကြည့် မှန်ဘီလူးအောက်မှာ ကြည့်ခဲ့တဲ့ ဆရာဝန်ကြီးတွေ “ဟေးကနဲ…” ထပြီး အော်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့်ရဲ့ကင်ဆာဟာ အင်မတန်မှ ရှားပါးတဲ့ ခွဲစိတ်ပြီး ကုသလို့ရတဲ့ သရက်ရွက် ကင်ဆာမျိုး ဖြစ်နေလို့ပါ။ ကျနော် ခွဲစိတ်ကုသ ခံခဲ့ရပါတယ်။ ကျနော် အခု နေကောင်းပါပြီ။ ဒါဟာ ကျနော့်အဖို့ သေခြင်းတရားနဲ့ အနီးကပ်ဆုံး ရင်ဆိုင်ဖြစ်ခဲ့ခြင်းပါဘဲ။ နောင် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာလဲ ဒီထက် ပိုပြီး နီးနီးစပ်စပ် မတွေ့ကြုံ ရတော့ဘူးလို့ မျှော်လင့်ပါတယ်။ ဒီဖြစ်ရပ်ကို ကိုယ်တွေ့ ကြုံရတဲ့ အတွက်ကြောင့် ဘွဲ့ရမောင် မယ်တို့ကို သေခြင်း တရားအကြောင်း ပြောပြရာမှာ သုံးဖြစ်ရုံ ဥာဏ်သိ အဓိပ္ပါယ် ဖွင့်ဆိုချက်ထက် နဲနဲပိုပြီး သေသေချာချာ ကျနော် ပြောနိုင်ပါပြီ။ *ဘယ်သူမှ မသေချင်ပါဘူး။ ကောင်းကင်ဘုံကို သွားချင်တဲ့ သူများတောင်မှ အဲဒီကိုရောက်ဖို့ မသေချင် ကြပါဘူး။ သို့သော် လည်း လူတိုင်းဟာ တနေ့တော့ သေကြရမှာပါ။*

ခုထက်ထိ သေခြင်းတရားကို လွန်ဆန်နိုင်တဲ့သူ ဆိုတာ မရှိသေးပါ။ ဒါဟာလဲ ဖြစ်သင့်လို့ပါ။ ဘဝတရားရဲ့ တခုတည်းသော အကောင်းဆုံးဖန်တီးမှုဟာ မရဏတရား ဖြစ်စရာအကြောင်း ရှိပါ တယ်။ မရဏ တရားဟာ ဘဝဖြစ်တည်ခြင်း တရားရဲ့ အပြောင်းအလဲဖြစ်အောင် ဖော်ဆောင် ပေးတဲ့အရာပါ။ မရဏတရား က ဟောင်းဆွေး အိုမင်းမှုတွေကို ဖယ်ရှားပြီး နုပျိုသစ်လွင်မှုတွေနဲ့ အစားထိုး ပေးနေပါတယ်။ ဒီနေ့ဒီအချိန် အခါမှတော့ ဘွဲ့ရမောင်မယ်တို့ဟာ နုပျိုသစ်လွင်မှုတွေနဲ့ အပြည့်ပါ။ သို့သော် မကြာတော့တဲ့ အခါမှာ မောင်မယ်တို့လဲ အိုမင်းရင့်ရော် လာမှာပါ။ ပြီးတော့ အဖယ်ရှား ခံကြရမှာပါ။ စိတ်ထိခိုက်အောင် ပြောမိတာကို ကျနော် တောင်းပန်ပါတယ်။ သို့သော်လဲ ဒါက အမှန်တရားပါ။ ဘွဲ့ရမောင်မယ်တို့မှာ အချိန်တွေ အများကြီး မရှိတော့ပါဘူး။ ဒီတော့ တခြားသူတွေ နေသလိုနေပြီး အချိန်ကို မဖြုန်းပါနဲ့။ သူများတွေရဲ့ အတွေးအထင် ထဲကအတိုင်း နေရတဲ့ဘဝကို တရားသေ ဆုပ်ကိုင်ထားပြီး ချောင်ပိတ် မမိပါစေနဲ့။ မိမိရဲ့ အတွင်းစိတ်က နှိုးဆော်သံကို သူတပါးတွေရဲ့ ထင်မြင်ချက် အနှောင့်အယှက် တွေက ဖုံးလွှမ်း မသွားပါစေနဲ့။ *ဒီထက်ပိုပြီး အရေးကြီးဆုံး အချက်ကတော့ ကိုယ့်ရဲ့ နှလုံးသားနဲ့ ရင်တွင်းသိစိတ် တို့က ခေါ်ဆောင်ရာကို လိုက်ပါ။* သူတို့က မောင်မယ်တို့ အမှန်တကယ် ဘာဖြစ်ချင်တယ် ဆိုတာကို သိနေကြ ပြီးသားပါ။ ကျန်တဲ့ အရာတွေ အားလုံးက သာမည အချက်တွေပါ။

ကျနော်ငယ်စဉ်အခါက “The Whole Earth Catalog” ဆိုတဲ့ အင်မတန် ပြောင်မြောက်တဲ့ ကတ်တလောက် စာအုပ်တခု ရှိခဲ့ဘူးပါတယ်။ ဒီစာအုပ်ဟာ အဲဒီတုန်းက ကျနော်တို့တွေ အတွက်တော့ ကိုးကွယ်စရာ ကျမ်းစာတွေ ထဲက တအုပ်ပေါ့။ အဲဒီစာအုပ်ရဲ့ ဖန်တီးရှင်ကတော့ ဒီ Stanford တက္ကသိုလ် နဲ့ သိပ်မဝေးတဲ့ Menlo Park မှာနေတဲ့ Stewart Brand ဆို သူပါ။ ဒီစာအုပ်ကို သူက ကဗျာဆန်ဆန် အလှတွေနဲ့ ချယ်မှုန်းပြီး ထုတ်ဝေခဲ့တာပါ။ ဒီစာအုပ်ကို ထုတ်ဝေချိန်က ၁၉၆၀ ခုနှောင်းပိုင်းကာလ ကွန်ပျူတာနဲ့ ကွန်ပျူတာစာစီ လုပ်ငန်းတွေ မပေါ်ခင်ကပါ။ အဲဒီတော့ စာအုပ် တအုပ်လုံးက လက်နှိပ် စက်ရိုက်၊ ကပ်ကြေး နဲ့ကိုက်၊ Polaroid ကင်မရာနဲ့ ဓာတ်ပုံတွေ ရိုက်ပြီး စာအုပ်ကို ဖန်တီးရတာပါ။ Googleကို စာအုပ် အဖြစ် ဖတ်ရသလိုပါပဲ။ ဒ်ီစာအုပ်ဟာ Google မတိုင်ခင် ၃၅ နှစ်က ပေါ်ခဲ့တာပါ ။ တကယ့်ကို စံနမူနာယူစရာ စာအုပ်ပါ။ စာအုပ်တခုလုံးလဲ သပ်ရပ်လှပတဲ့ ကရိယာတွေနဲ့ အကြံကောင်းတွေနဲ့ ပြည့်နေပါတယ်။

Stewart နဲ့သူ့အဖွဲ့သားတွေဟာ “The Whole Earth” စာအုပ် တော် တော်များများကို ထုတ်ဝေခဲ့ပါတယ်။ ထုတ်ဝေခြင်းကနေ ရပ်ဆိုင်းရတဲ့ အခါမှာတော့ သူတို့တတွေ နောက်ဆုံး နှုတ်ဆက်ခြင်း စာအုပ်ကို ထုတ်ကြပါတယ်။ အဲဒီအချိန်မှာ ကျနော်က ခုဘွဲ့ရ မောင်မယ်တို့ရဲ့ အရွယ်၊ ၁၉၇၀ နှစ်လယ်ကာလများပါ။ နှုတ်ဆက်စာအုပ်ရဲ့ ကျောဖုံးပုံက မနက်စောစော တောဘက်က ကားလမ်းလေး တခုရဲ့ ဓာက်ပုံပါ။ စွန့်စားခန်း အင်မတန် ကြိုက်သူများ ကားကြုံစီး ခရီးထွက်ရာမှာ တွေ့ကောင်း တွေ့ဖူးကြမဲ့ ကားလမ်းလေးမျိုးပါ။ အောက်မှာ စာတန်းလေးရေး ထားပါတယ်။ “ဆာလောင် မွတ်သိပ်ပါ။ အရူးထပါ” တဲ့။ ဒါသူတို့ရဲ့ နောက်ဆုံးစာအုပ်မှာ နောက်ဆုံး နှုတ်ဆက်တဲ့ စကားပါ။ ကျနော် ကိုယ်တိုင်လဲ ဒီဆုကိုပဲ အမြဲတမ်း တောင်းခဲ့ပါတယ်။ ခုဘွဲ့ရမောင်မယ် တို့ဘဝအသစ် စကြရတော့မယ် ဆိုတော့ မောင်မယ်တို့ ကိုလဲ ဒီဆုကိုပဲ တောင်းပေးပါ့မယ်။
“ဆာလောင်မွတ်သိပ်ပါ… အရူးထပါ…”အားလုံးကိုကျေးဇူးတင်ပါတယ်။
--

“မျှော်လင့်သလို ဖြစ်မလာသော်လည်း"



တစ်ခါက သင်္ဘောပျက်ပြီး ကျွန်းတစ်ကျွန်းပေါ်မှာတင်နေတဲ့ လူတစ်ယောက်ရှိတယ်။ သူ့ကိုကယ်ဖို့ လူတစ်ယောက်လွှတ်ပေးပါလို့ နေ့တိုင်းဘုရားသခင်ဆီမှာ သူဆုတောင်းတယ်။ ဒါပေမဲ့ ဘယ်သူမှရောက်မလာတော့သူစိတ်ပျက်ရတယ်။

လတွေကုန်လွန်သွားတယ်။ ဒီလူက ကျွန်းပေါ်မှာ ဘယ်လိုအသက်ရှင်နေထိုင်ရမလဲဆိုတာ သိရှိလာခဲ့တယ်။ ဒီအချိန်တွေအတွင်းမှာ သူကကျွန်းပေါ်ကအရာဝတ္ထုတွေကိုစုဆောင်းပြီး သူဆောက်ထားတဲ့တဲထဲမှာသိုလှောင်ထားတယ်။ တစ်နေ့တော့ သူဟာအစားအသောက်ရှာဖွေပြီး သူ့ရဲ့တဲဆီကိုပြန်လာစဉ်မှာ သူပိုင်ဆိုင်တဲ့အရာအားလုံးနဲ့အတူ သူ့ရဲ့တဲကြီးမီးလောင်နေတာကိုအထိတ်တလန့်မြင်လိုက်ရတယ်။

သူပိုင်ဆိုင်တာတွေအားလုံး မီးခိုးတွေနဲ့ အပေါ်တက်သွားပြီလေ။ သူ့မှာကျန်ခဲ့တဲ့တစ်ခုတည်းသောအရာက သူ့ကျောပေါ်ကအဝတ်အစားတွေပဲဖြစ်ပါတယ်။ အစတုန်းက သူတုန်လှုပ်သွားတယ်။ နောက်တော့ထိန်းမနိုင်သိမ်းမရ ဒေါသတွေဟုန်းဟုန်းတောက်လာတယ်။

ဒေါပွပွနဲ့သူက လေထဲကို လက်သီးနဲ့ထိုးပြီး ဘုရားသခင်ကို ကျိန်ဆဲအော်ဟစ်တော့တယ်။ “ဘုရားသခင်၊ ကိုယ်တော်က တပည့်တော်ကိုဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ခွင့်ပေးရတာလဲ။ တပည့်တော်ကို ကယ်ပါလို့ လတွေအများကြီးကြာအောင် တပည့်တော်ဆုတောင်းနေတာ ဘယ်သူမှမလာဘူး။ အခုတော့ တပည့်တော်မှာရှိသမျှအားလုံးမီးလောင်ကုန်ပြီ။ တပည့်တော်ကို ဘယ်လိုများဒီလိုလုပ်ရက်တာလဲ။ ဘာကြောင့်ဒီလိုဖြစ်အောင်လုပ်ရတာလဲ"

နောက်တော့ အဲဒီလူက ဒူးထောက်ပြီး သည်းသည်းထန်ထန်ငိုကြွေးပါတယ်။ သူမော့ကြည့်မိတဲ့အခါ သင်္ဘောတစ်စီးသူ့ဘက်ကိုလာနေတာ တွေ့သွားတယ်။ သူ့ကိုကယ်ဆယ်ပေးပါတယ်။ လူသားတွေရှိရာအရပ်ကိုသူတို့ပြန်လာစဉ်မှာ သူကသင်္ဘောကပ္ပတိန်ကိုမေးတယ်။ “ခင်ဗျားတို့ ကျွန်တော့်ကို ဘယ်လိုရှာတွေ့သွားတာလဲ"

ကပ္ပတိန်က ပြန်ဖြေပါတယ်။ “ကျွန်တော်တို့ သမုဒ္ဒရာကိုဖြတ်ပြီး ရေကြောင်းခရီးထွက်နေတုန်း မိုးကုပ်စက်ဝိုင်းမှာ မီးခိုးတန်း လေးအပေါ်တက်နေတာကို သတိထားမိလိုက်တယ်။ ကျွန်တော်တို့ စစ်ဆေးကြည့်ဖို့ဆုံးဖြတ်တယ်။ အဲဒီမှာ ခင်ဗျားကိုတွေ့တာပါပဲဗျာ"

Ref: “Author Unknown" ၏ “Things Are Not Always As They Appear"

အတွေးကတ်ပြား


လူတစ်ယောက်ထံမှ အစစအရာရာ

သိမ်းပိုက်သွားနိုင်သော်လည်း

တစ်ခုကိုမှု ယူ၍မရ။

ယင်းကား ၊ လူ့လွတ်လပ်ခွင့်တို့အနက်

အရင်းခံအကျဆုံးဖြစ်သည့်

‘မိမိလမ်းကို မိမိရွေးချယ်ပိုင်ခွင့်’ ဖြစ်ပေသည်။

[ဗစ်တာ ဖရန်ကဲလ်]

ကောလိပ်ရောက်စ နှစ်များတုန်းကမှု ကျွန်တော်ကမကျေနပ်စိတ် ဒေါသစိတ်တွေ များနေသည့် လူငယ်တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော့်ဒေါသက အရပ်ရပ်သို့ ပျံ့နှံ့နေသည်။ လောကကြီးထဲမှာ ကျွန်တော်ဘာကိုမှ မကျေနပ်ချင်ပါ။ ကျွန်တော့်ဒေါသက နေရာတစ်ခုမှာ စုပြုံကျရောက်နေတာလည်း ရှိသည်။ အဲဒါက မိဘများဖြစ်သည်။ မိဘတွေကို ကျွန်တော် သဘောမကျပါ။
အဖေ့သြ၀ါဒတွေ ၊ လမ်းညွှန်တာ သွန်သင်တာ ဆုံးမတာတွေအတွက် ကျွန်တော် အမြဲဒေါသထွက်နေရသည်။

မိဘက ငွေကြေးမပြည့်စုံတော့ ကျွန်တော် နီးနီးနားနားက ကောလိပ်ကျောင်းကိုပဲ တက်နိုင်သည်။
ကျောင်းသွားတော့လည်း နေ့တိုင်း ဘတ်စကားနှင့် ပဲသွားရသည်။
တစ်နေ့မှာတော့ အဖေနှင့် ကျွန်တော် အကြီးအကျယ် စကားများသည်။ ကျွန်တော့်စိတ်တွင် ကျွန်တော့်ကို အဖေချုပ်ချယ်လွန်းသည်ဟု ထင်နေသည်။ ကျွန်တော် အချုပ်အချယ်တွေက ရုန်းထွက်ချင်နေသည်။
အဖေက ကျွန်တော်သည် လူကြီးကိုမလေးစား ၊ ပုန်ကန်ချင်သည်ဟုမြင်သည်။ ဖိဖိစီးစီး ကိုင်တွယ်မှ ဖြစ်မည်ဟု သဘောထားသည်။အဲသည်တော့ နှစ်ယောက်လုံး အော်ကြီးဟစ်ကျယ်တွေနှင့် ပေါက်ကွဲကြတော့သည်။

ကျွန်တော် အိမ်ကဆူပူအော်ဟစ်ပြီး ထွက်လာတော့ကျောင်းကားက သွားနှင့်ပြီ။ နောက်တစ်စီး စောင့်မည်ဆိုလျှင် ‘ပညာရေး’ အတန်းကို မှီမှာမဟုတ်တော့။ ကျွန်တော် အဲသည်မှာ ပို၍ပင် စိတ်တိုလာသည်။

လမ်းတစ်လျှောက် ရှူးရှူးရှဲရှဲ ဒေါသထွက်လိုက် ၊ တဟင်းဟင်း သက်ပြင်းချလိုက်နှင့် ကျွန်တော် ကျောင်းသို့ရောက်လာသည်။ စိတ်ထဲမှာ အဖေနှင့်ပတ်သက်သည့် ဒေါသအတွေးတွေ တစ်လျှောက်လုံး
သွန်ချလာသည်။မြီးကောင်ပေါက်အရွယ် လူငယ်အတော်တော်များများနည်းတူ ကျွန်တော့်အတွေးတွေက ကိုယ့်သဘော ကိုယ့်ဆန္ဒတွေချည်း ကြီးစိုးလွန်းနေသည်။

လောကကြီးမှာ ကျွန်တော့်အဖေလောက်ဆိုးသည့်
အဖေမျိုး တစ်ယောက်မျှ ရှိမည်မဟုတ် ၊ ကျွန်တော့်လို မတရား ချုပ်ချယ်ခံရ သည့် အနေအထားမျိုးလည်း ဘယ်သူမျှ ကြုံဖူးကြလိမ့်မည်မဟုတ် ၊ ပြီး ကျွန်တော့်အဖေသည် အထက်တန်းကျောင်းထွက်
စာမေးပွဲလောက်ပင်မအောင်မြင်ခဲ့ ၊ ကျွန်တော်က ကောလိပ်ကျောင်းသား ၊ သူ့ထက်အများကြီးပညာတတ်သည် ၊ ဒါတောင်မှပင် ကျွန်တော့်ဘ၀ ကျွန်တော့်အစီအစဉ်တွေမှာ နေရတကာ ၀င်ပါချင် ၊ လိုက်နှောင့်ယှက်
်ချင်နေသည် စသဖြင့်။

ကျယ်ဝန်းသော ကျောင်းဝင်းကို ဖြတ်သန်းကာစာသင်တန်းရှိသည့် အဆောက်အုံဆီသို့ အပြေးအလွှားသွားရင်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသည်။ သည်ကနေ့ပေးရမည့် ‘အတွေးကတ်ပြား’ အဆိုင်းမင့်အတွက်
ကျွန်တော်ဘာမှ မလုပ်ခဲ့ရသေး။သည်အတန်းက ဒေါက်တာ ဆစ်ဒနီဘီဆိုင်မွန်၏ အတန်းဖြစ်သည်။ ဒေါက်တာဆိုင်မွန်က ကျွန်တော်တို့ကျောင်းမှာ အထူးခြားဆုံး ဆရာတစ်ယောက်ဖြစ်သည်။ သူ့ပေါ်လစီတွေ လုပ်ထုံးလုပ်နည်းတွေကလုံးဝ တစ်ဘာသာ။
သင်ကြားပုံ သင်ကြားနည်းတွေက တစ်ခါမှ မကြုံတွေ့ဖူးသည့် အသစ်အဆန်းတွေဖြစ်သလို ၊ အမှတ်ပေးစနစ်ကလည်း အံ့သြဖွယ်ရာပင်။ ဒေါက်တာဆိုင်မွန် အကြောင်းကို လူတိုင်းက ပြောကြသည်။

သူ့ထံ ပထမဆုံး အတန်းတက်ရသည့်နေ့တွင်ဒေါက်တာဆိုင်မွန်က သင်ခန်းစာအစီအစဉ် တစ်ခုရှင်းပြသည်။ “အင်္ဂါနေ့တိုင်း လေးလက်မ ခြောက်လက်မအရွယ် အညွှန်းကတ်ပြားတစ်ခုစီ ယူခဲ့ကြပါ ၊ ကတ်ပြားရဲ့ ထိပ်မျဉ်းကြောင်းမှာ နာမည်နဲ့ နေ့စွဲရေးပါ ၊ အောက်မှာ ဘာရေးမလဲဆိုတာတော့ တစ်ဦးချင်းသဘောပဲ။ အတွေးတစ်ခုရေးနိုင်တယ် ၊ ကိုယ် စိုးရိမ်ပူပန်တာရေးနိုင်တယ် ၊ ခံစားချက်ရေးနိုင်တယ် ၊ မေးခွန်းတစ်ခုခု ရေးနိုင်တယ် ၊
ဒါမှမဟုတ် ဘာဖြစ်ဖြစ် ခေါင်းထဲပေါ်လာတဲ့ တစ်ခုခုကို ရေးလိုက်နိုင်တယ်။ အဲဒါဟာမင်းတို့နဲ့ ဆရာ့ကြား တိုက်ရိုက်ဆက်သွယ်တဲ့ နည်းတစ်ခုပဲ။ ဒီကတ်ပြားတွေဟာ လုံးဝ ‘လျှို့ဝှက်’ ဖြစ်တယ် ၊ ဗုဒ္ဓဟူးနေ့တိုင်း ဒါတွေပြန်ပေးမယ် ၊ကတ်ပြားပေါ်မှာ မင်းတို့ရေးလိုက်တာတွေနဲ့ ပတ်သက်တဲ့ ဆရာ့ရဲ့ မှတ်ချက်တွေ ပါလာလိမ့်မယ် ၊ မေးခွန်းမေးသူကို ဆရာ အတတ်နိုင်ဆုံးကြိုးစားပြီး ဖြေမယ်ကိုယ်စိုးရိမ်ပူပန်တဲ့ကိစ္စ ဖော် ပြလာသူ
ကိုလည်းပဲ အလားတူဆရာအလေးအနက် တုံ့ပြန်မယ်။ အရေးကြီးတဲ့ အချက်ကဒီကတ်ပြားဟာအင်္ဂါနေ့အတန်းတက်ဖို့အတွက်ဝင်ခွင့်လက်မှတ်
ဖြစ်တယ်ဆိုတာ မမေ့ကြဖို့ပဲ”

ပထမအင်္ဂါနေ့မှာကျွန်တော်တာဝန်ကျေပွန်စွာအညွှန်းကတ်ပြားယူလာသည်။
ကတ်ပြားထိပ်မှာ ကျွန်တော့်နာမည်နှင့် အဲသည်နေ့ နေ့စွဲကို ကျကျနနရေးထားပြီး အောက်ဘက်တွင် “အရောင်ပြောင်တိုင်းလဲ ရွှေမဟုတ်”
ဟူသောစာတစ်ကြောင်း ရေးလိုက်သည်။ နောက်တစ်နေ့မှာ ဒေါက်တာဆိုင်မွန်က အတန်းသားတွေကိုကတ်ပြားများ ပြန်ပေးသည်။ ကျွန်တော့်ကတ်ပြားတွင်ခဲတံနှင့် ရေးထားသော မှတ်ချက်တစ်ခု ပါလာသည်။
“ဒီစကားပုံက မင်းအတွက် ဘာအဓိပ္ပာယ် ထွက်သလဲ ၊ ထူးခြားချက် တစ်စုံတစ်ရာရှိသလား”
မှတ်ချက်ကိုဖတ်ကာ ကျွန်တော့်စိတ်ထဲ စနိုးစနှောင့် ဖြစ်သွားသည်။ သူက သည်ကတ်ပြားတွေကိုတကယ်အလေးအနက် လုပ်နေသည်ပဲ။ ကျွန်တော်ကတော့ ရင်ထဲရှိနေတာတွေကို သူ့ထံ လုံးဝဖွင့်ဟချင်စိတ်မရှိ။

နောက်ရက်တွေ ရောက်လာသည်။ သည်အတန်းက တစ်ရက်တစ်နာရီ နေ့တိုင်းရှိသည်။ ဒေါက်တာဆိုင်မွန်က တကယ်ထက်မြက်သော ပုဂ္ဂိုလ်တစ်ယောကဖြစ်ပါသည်။ ကျွန်တော်တို့အား မေးခွန်းတွေ မေးသောနည်းဖြင့် သင်ကြားသည်။
အရင်တုန်းက ဘယ်ဆရာထံကမှ မကြားခဲ့ရဘူးသည့် ပြဿနာတွေ ၊ အရေးကိစ္စတွေ သူ ဖော်ထုတ်ကာ ကျွန်တော်တို့အား ဆွေးနွေးခိုင်းသည်။ ပြဿနာကို ကိုယ်တိုင်စဉ်းစားဖြစ်အောင်ဆွပေးသည်။ ပေါ့ပေါ့တန်တန်မဟုတ် အလေးအနက်စဉ်းစားစေခြင်းဖြစ်သည်။
လူမှုရေးပြဿနာ ၊ နိုင်ငံရေးပြဿနာ ၊ တစ်ဦးချင်းဆိုင်ရာ ပြဿနာ အားလုံးသည်ပင် ကျွန်တော်တို့ အတန်းအတွက် ဆွေးနွေးစရာသင်ခန်းစာတွေချည်းဖြစ်သည်။ ကျွန်တော်တို့ အတန်းသည် လူမှုရေးရာဘာသာရပ်များ
သင်ကြားပို့ချပုံနည်းနာများအကြောင်း လေ့လာသော အတန်းဖြစ်ရာလေ့လာမှုနယ်ပယ်က အလွန်ကျယ်ဝန်းသည်။ ကျွန်တော် အထက်တန်းကျောင်းမှာတုန်းကလည်း လူမှုရေးရာဘာသာများဖြစ်သော ပထ၀ီ ၊ သမိုင်း ၊ စီးပွားရေးပညာ အစရှိတာတွေ
သင်ခဲ့ရဖူးသည်။ ဆရာ ဆရာမ များက သည်ဟာတွေကို ကျက်စာဘာသာများအဖြစ်သဘောထားကြသည်။ သူတို့ထဲမှာပါသည့် အမည်တွေ ၊ ခုနှစ်သက္ကရာဇ်တွေ ၊ နံပါတ်စဉ်ထိုး၍ ပေးထားသည့် အချက်အလက်တွေကို အလွတ်ရအောင်ကျက် ၊
စာမေးပွဲမှာ မေးလာသည့်အခါ အားလုံးပြန်ချရေး ၊ဒါပဲဖြစ်သည်။သူတို့အထဲက အကြောင်းအချက်တွေနှင့် ပတ်သက်ပြီးစဉ်းစားဝေဖန်ဖို့ ဘယ်သူကမှ ခိုင်းလေ့မရှိခဲ့။

အစပိုင်း၌ ကျွန်တော့်စိတ်တွင် ဆရာဆိုင်မွန်ကကျွန်တော်တို့ကို သည်ပြဿနာရပ်တွေနှင့် ပတ်သက်၍ထောက်ခံသည့်ဘက်ကအမြင်တွေ သို့မဟုတ်ဆန့်ကျင်ကန့်ကွက်သည့်ဘက်ကအမြင်တွေ ခေါင်းထဲရိုက်ထည့်ပေးဖို့ ကြိုးစားနေတာများလားဟု ထင်မြင်မိသေးသည်။
သို့သော် ဆရာက သည်လိုပုဂ္ဂိုလ်မျိုး မဟုတ်ပါ။ ကျွန်တော်တို့ ကိုယ့်ဘာသာ စဉ်းစားတတ်ဖို့ ၊ ပြီး အဲသည်ကမှ ကိုယ်ပိုင်အတွေးအမြင် အယူအဆများ ကိုင်စွဲရရှိလာစေဖို့ သူ တိုက်တွန်း အားပေးနေခြင်းသာ ဖြစ်သည်။
သို့သော် ပွင့်ပွင့်လင်းလင်းပြောရလျှင် သည်အတန်းတက်ရတာ ကျွန်တော် အတော် ကသိကအောင့် ဖြစ်ပါသည်။ စင်စစ် ၊ ဆရာဆိုင်မွန် သင်ကြားပုံက အသစ်အဆန်းဖြစ်၍ ငြီးငွေ့ဖွယ်မရှိဟု ဆိုနိုင်သည်။ သဘောကျချင်စရာ၊ တစ်ခါတစ်ရံ တက်တက်ကြွကြွ
ပါဝင်ချင်စရာလည်းဖြစ်ပါသည်။ သို့သော်သည်သင်ကြားပုံမျိုး မကြုံဘူးသည့် ကျွန်တော့်မှာ ဆရာဆိုင်မွန်ကို ဘယ်လိုပုံစံပြန်လည်တုံ့ပြန် ဆက်ဆံမည်ဟူသော ဗျူဟာတစ်ရပ် ချမှတ်နိုင်ခြင်းမရှိ ဖြစ်နေသည်။ ပုံမှန်အတန်းမှာ အကောင်းဆုံး ဘယ်လို နေထိုင်ရမည်
်ဆိုတာ ကျွန်တော်သိသည်။ ရှေ့ဆုံးတန်းမှာထိုင်၊ ဆရာ့လက်ချာကို အရမ်းသဘောကျကြောင်းပြော၊ အဆိုင်းမင့်တွေကို ဆရာပြောသည့်ပုံစံအတိုင်း တိတိကျကျ သပ်သပ်ရပ်ရပ် ရိုက်ပြီးတင်၊ပြီးလျှင် စာတွေ အလွတ်ကျက် ၊ အလွတ်ကျက် ၊ အလွတ်ကျက်။
ယခု ဆရာ့အတန်းကတော့ လုံးဝတခြားစီ ဖြစ်နေသည်။ အရင်အစဉ်အဆက် ကျွန်တော် သုံးစွဲအောင်မြင်လာခဲ့သည့် နည်းတွေ သည်နေရာမှာ သုံးမရဖြစ်နေသည်။

ဒုတိယအင်္ဂါနေ့ ရောက်လာပြန်သည်။ ကျွန်တော်က ကတ်ပြားပေါ်မှာ “အချိန်မီတစ်ချက်ချုပ်လျှင် ရေညှိမတင်” ဟု ရေးလိုက်သည်။ (“အချိန်မီတစ်ချက်ချုပ်လျှင် ကိုးချက်ချုပ်ရ သက်သာသည်” နှင့် “လိမ့်နေသော ကျောက်ခဲရေညှိမတင်”
ဟူသော စကားပုံနှစ်ခုကို ဖြတ်ဆက်ပေးထားခြင်းဖြစ်သည်။) ဒါကလည်း ဆရာ့ကို ပြည့်ပြည့်၀၀ ကိုးစားယုံကြည်ခြင်း မရှိသဖြင့် ဟာသကလေးနှင့် ကိုယ့်ကိုကိုယ် ဖုံးထားကာထားလိုက်ခြင်းဖြစ်သည်။ ကျွန်တော်ရင်းရင်းနှီးနှီး အရောတ၀င် မဆက်ဆံချင်သည့်
အခါမျိုးမှာ ကျင့်သုံးလေ့ရှိသည့် ကျွန်တော်၏ အကောင်းဆုံး ကာကွယ်ရေးနည်းလမ်းတစ်ရပ်လည်း ဖြစ်ပါသည်။ နောက်နေ့ကတ်ပြားပြန်ရသည့် အခါမှာတော့ “မင်းကြည့်ရတာ ဟာသဥာဏ်ရှိပုံ ရတယ်၊ အဲဒါဟာ မင်းအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ်ပဲလား” ဟူသော မှတ်ချက်တစ်ခုပါလာသည်။

သူဘာကိုလိုချင်သလဲ။ အခုလုပ်နေတာ ဘာသဘောလဲ။ မူလတန်းကျောင်းမှ စတင်ကာ ယနေ့အထိ ကျွန်တော့်အား ကိုယ်ရေးကိုယ်တာတွေပါ လိုက်စိတ်ဝင်စားသည့် ဆရာ ဆရာမ တစ်ယောက်မျှ မကြုံဖူးပါ။ သည်ဆရာ ဘာကိုအလိုရှိသလဲ။

ကျွန်တော် စာသင်ဆောင်ထဲ အပြေးအလွှားဝင်လာခဲ့သည့်အချိန် အတန်းစတာ ၁၀ မိနစ်ခန့်ရှိနေပြီ။ အခန်းပြင်ဘက်နားလေးမှာ ကျွန်တော်မှတ်စုစာအုပ်ထဲက အညွှန်းကတ်ပြားတစ်ခု ထုတ်ယူသည်။ နာမည်နဲ့ နေ့စွဲရေးသည်။
အဲသည်နောက် ဘာအတွေး ရေးရမလဲ အသည်းအသန်စဉ်းစားသည်။ သည်အခါ စောစောက အဖေနှင့် ရန်ဖြစ်ခဲ့သည့် အကြောင်းတစ်ခုပဲ ခေါင်းထဲပေါ်လာသည်။ “ကျွန်တော်သည် လုံးဝအသုံးမကျသော သူတစ်ယောက်၏ သားဖြစ်သည်” ဟု ရေးချလိုက်ပြီး
အခန်းထဲ အလျှင်အမြန်ဝင်ခဲ့သည်။ ဆရာက ၀င်ပေါက်အနီးမှာပဲ ရပ်ကာ အကြောင်းအရာတစ်ခုကို ဆွေးနွေးပြောဆိုနေခိုက်ဖြစ်သည်။ ကျွန်တော့်ကို မြင်တော့ ကတ်ပြားလှမ်းတောင်းသည်။ ကျွန်တော် သူ့လက်ထဲ ကတ်ပြားထည့်ပေးလိုက်ပြီး ကျွန်တော့်နေရာမှာ
ဝင်ထိုင်သည်။

နေရာမှာ ထိုင်မိသည်နှင့် တစ်ပြိုင်နက် ကျွန်တော် အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားသည်။ ငါ ဘာတွေလုပ်မိလိုက်ပါလိမ့်။ ကတ်ပြားကို ပေးလိုက်မိပြီ။ အဲဒါ အကြီးအကျယ် ပြသာနာ။ သည်ကိစ္စဖွင့်ပြောဖို့ ကျွန်တော်လုံးဝစိတ်ကူးမရှိခဲ့။
ယခုတော့ ကျွန်တော့်ဒေါသအာဃာတတွေ သူသိသွားတော့မည်။ ကျွန်တော့်အဖေအကြောင်း ကျွန်တော့်ဘ၀အကြောင်းတွေ သူသိသွားတော့မည်။ အဲသည်နေ့ အတန်းထဲက တစ်ခြားကိစ္စတွေ ကျွန်တော် ဘာတစ်ခုမှသတိမရ။ ကျွန်တော့်ခေါင်းထဲ ကြီးစိုးနေသည်က
ကတ်ပြားကိစ္စသာပဲဖြစ်သည်။

အဲသည်ည တစ်ညလုံးပင် အမျိုးအမည်မဖော်ပြနိုင်သည့် တုန်လှုပ်ချောက်ချားမှုတစ်ခုကြောင့် ကျွန်တော် အိပ်မရနိုင်ခဲ့။ သည်ကတ်ပြားတွေက ဘာအဓိပ္ပာယ်လဲ။ ဘာရည်ရွယ်ချက်လဲ။ ငါ ဘာကြောင့် အဖေ့အကြောင်း သူ့ကိုသွားပြောလိုက်မိသလဲ။
တကယ်လို့ သူသာအဖေ့ကို ဆက်သွယ်စကားပြောခဲ့ရင် ဘယ့်နှယ်လုပ်မလဲ။ ဒါတွေ သူနဲ့ကော ဘာဆိုင်သလဲ။ သူများကိစ္စတွေ သူဘာပတ်သက်စရာလိုသလဲ…။

ဗုဒ္ဓဟူးမနက် ရောက်လာသည်။ စိတ်မဖြောင့် တဖြောင့်နှင့်ပင် ကျောင်းသွားဖို့ ကျွန်တော်ပြင်သည်။ အတန်းထဲ ကျွန်တော် အချိန်စောစီးစွာ ရောက်လာသည်။ အတန်းထဲမှာ နောက်ဘက်အဝေးဆုံးထိုင်ကာ အတတ်နိုင်ဆုံး ပုန်းလျှိုးချင်စိတ် ပေါက်နေသည်။ အတန်းစသည်။ဒေါက်တာဆိုင်မွန်က အတွေးကတ်ပြားတွေ ပြန်လိုက်ပေးသည်။ ကျွန်တော့်ကတ်ပြားကို စားပွဲပေါ်တွေ မှောက်လျက်ချသွားသည်။ ဒါလည်း သူ့ထုံးစံပဲ ဖြစ်သည်။ ကတ်ပြားကို ကျွန်တော်ကောက်ကိုင်လိုက်သည်။ သို့သော် လှန်ရပင် ခက်နေသည်။

ကတ်ပြားကိုကြည့်မိသည့်အခါမှာတော့ သူရေးထားသောစာကို ဖတ်မိသည်။ “လုံးဝအသုံးမကျသောသူရဲ့သား က အနာဂတ်ကာလ သူ့ဘ၀အတွက် ဘာတွေ လုပ်နေပါသလဲ” တဲ့။

ကျွန်တော် လုံးဝ အရှိုက်ထိုးခံလိုက်ရသလို ဖြစ်သွားသည်။ တစ်နေ့တစ်နေ့ ကျွန်တော် ကျောင်းသားသမဂ္ဂလက်ဖက်ရည်ဆိုင်မှာ အခြားသူငယ်ချင်းများနှင့်အတူ တမေ့တမောထိုင်ကာ ‘ကျွန်တော့်မိဘတွေကြောင့်’ ပေါ်ပေါက်လာရသည့်
ကျွန်တော့်ပြဿနာတွေ အကြောင်းပြောဆိုလေ့ရှိခဲ့သည်။ သူတို့ကလည်း အလားတူအကြောင်းအရာတွေ ကျွန်တော်နှင့် ပြန်လည် မျှဝေကြစမြဲ ဖြစ်သည်။ ဘယ်သူကမှ ဘယ်သူ့ကို ကိုယ့်ကိစ္စ ကိုယ်တာဝန်ယူဖို့ ကောင်းသည့်အကြောင်း ပြောလေ့မရှိခဲ့။ တကယ်က
ကျွန်တော်တို့အားလုံးပင် မိဘကို အပြစ်ပုံချသောအလုပ်ကို တညီတညွှတ်လုပ်ကာ ရေသာခိုနေခြင်းဖြစ်သည်။ ပြဿနာမှန်သမျှသည် ကျွန်တော်တို့မိဘတွေ၏ ချို့ယွင်းချက်တွေကြောင့်ချည်း ဖြစ်နေသည်။ စာမေးပွဲမှာ အမှတ်ကောင်းကောင်းမရလျှင် အမေ့ကို
အပြစ်တင်မည်။ထောက်ပံ့ကြေးအလုပ်တစ်ခုရတော့မလိုနှင့် မရလျှင် အဖေ့ကို အပြစ်တင်မည်။ ကျွန်တော်က မိဘတွေနေရာမကျသည့် အကြောင်းအမြဲပြော၍ အပေါင်းအသင်းတွေကလည်း အရမ်းနားလည်သဘောပေါက်သည့် လက္ခဏာဖြင့် ခေါင်းတညိတ်ညိတ်ဖြင့်
နားထောင်ကြမြဲ ဖြစ်သည်။ ကျွန်တော့်အတွက် ကျောင်းစရိတ်ရှာဖွေပေးနေသည့် မိဘတွေသည် ဘာတစ်ခုမျှ မတတ်မသိဘဲ နေရာတကာလိုက် ပြဿနာရှာနေကြသူများသာ ဖြစ်သည်။

သို့သော် ပါမောက္ခဆစ်ဒနီဆိုင်မွန်၏ အလွန်ရိုးစင်းသလိုထင်ရသော မေးခွန်းက ကျွန်တော်မှုတ်ထားသည့် အဲသည်လေပူဖောင်းကို ထိုးဖောက်ပစ်ခဲ့သည်။ သူက ပြဿနာ၏ သော့ချက်ကို အမိအရ ဆုပ်ကိုင်သည်။ ကိစ္စက ဘယ်သူ့ကိစ္စလဲ။ မင်းပြဿနာကို
ဘယ်သူတာဝန်ယူရမှာလဲဟူ၍ တဲ့တိုးမေးချလိုက်ခြင်းပင်။

အဲသည်နေ့က သမဂ္ဂလက်ဖက်ရည်ဆိုင်ဘက်သို့ခြေဦးမလှည့်ဖြစ်တော့ပဲ အိမ်ဆီ တန်းပြန်လာခဲ့သည်။ လူက စိတ်ဓာတ်ကျနေသလိုလို ၊ နည်းနည်းနှိပ်ကွက်ခံထားရသလိုလို ဖြစ်နေသည်။ တစ်ညနေလုံး သည်ကိစ္စကိုပဲ တအုံနွေးနွေး တွေးနေမိသည်။ အမေပြောခဲ့ဖူးသည့်
စကားတစ်ခွန်းကိုလည်း အဖန်ဖန် သတိရနေသည်။ “သန်းကြွယ်သူဌေးက သူ့ကိုယ်သူဂုဏ်ဖော်ချင်တဲ့အခါ ‘ကိုယ်ထူးကိုယ်ချွန်သမား’ တဲ့ ၊ အမှုဖြစ်ပြီး အဖမ်းခံရပြီဆိုတဲ့အခါကျတော့ ‘ငယ်ငယ်တုန်းက စရိုက်ကြမ်းတဲ့ မိဘတွေနဲ့ ကြီးပြင်းလာရလို့ပါ’ တဲ့”

ဘ၀အတွက် တကယ့်အပြောင်းအလဲကြီးတစ်ရပ်ကို ကျွန်တော် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်ဟု ပြောချင်လှပါသည်။ သို့သော် သည်လိုပြောလျှင်လည်း အတိအကျမှန်မည်တော့ မဟုတ်ပါ။ ဒေါက်တာဆိုင်မွန်၏ မှတ်ချက်က ရေရှည်ဆွဲကာဖြည်းဖြည်းချင်း အာနိသင်သက်ရောက်
ခဲ့ခြင်းသာ ဖြစ်ပါသည်။ နောက်ရက်သတ္တပတ်အတန်ကြာအောင် သူ့မှတ်ချက်စကားက ကျွန်တော့်ခေါင်းထဲ ခဏခဏ ပေါ်လာနေသည်။ စိတ်ထဲမှာ ဟိုကိစ္စ သည်ကိစ္စတွေအတွက် အဖေ့အား အပြစ်တင်စကားဆိုမိတိုင်း ကိုယ်တွင်းမှ အသံတစ်သံက “ဟုတ်ပြီ ၊ မင်းပြောတဲ့အတိုင်း
မင်းအဖေက ဘယ်နေရာတစ်ခုမှမကောင်းဘူးပဲ ထားပါတော့ ၊ မင်းကကော မင်းကိစ္စအတွက် ဘယ်လောက်ကြာကြာ အဖေကိုချည်း အပြစ်ပုံချပြီး ရှောင်တိမ်းနေနိုင်မယ် ထင်သလဲ” ဟူ၍လှမ်းလှမ်းမေးတာ ကျွန်တော်ကြားနေရသည်။

တဖြည်းဖြည်း ကျွန်တော့်အတွေးတွေ ပြောင်းလဲသထက်
ပြောင်းလဲလာခဲ့သည်။ ကျွန်တော့် ပြစ်တင်ဝေဖန်စကားတွေ ပြောလွန်းတာ ကိုယ့်ဘာသာကြားလာသဘောပေါက်လာသည်။ ကျွန်တော့်ဘ၀မှာ ကျွန်တော့်ကိုယ်ကျွန်တော် အဓိကပုဂ္ဂိုလ်နေရာက မထားမိပါကလား ၊
ကျွန်တော်သည်ပြုလုပ်သူမဟုတ် အပြုခံ ဖြစ်နေခဲ့ပါကလားဆိုတာကို ကျွန်တောမြင်လာသည်။သည်အခါကျတော့ ဒေါက်တာဆိုင်မွန့်အတန်းထဲမှာ
တုန်းကထက်ပင် ပို၍ မသက်မသာခံစားရသည်။ ကျွန်တော်ရုပ်သေးရုပ်တစ်ရုပ်မဖြစ်ချင်ပါ။ ကိုယ်ကစတင် ပြုလုပ်သူသာဖြစ်ချင်သည်။
သူတပါးလုပ်ရပ်ကို လိုက်၍တုံ့ပြန် လှုပ်ရှားသူမျိုး မဖြစ်ချင်ပါ။

သို့သော် ရင့်ကျက်ဖွံ့ဖြိုးမဖြစ်စဉ်က အဆောတလျှင်အလွယ်တကူ မဖြစ်ပေါ်ပါ။ မိမိခံစားမှု ၊ မိမိရွေးချယ်မှုနှင့် မိမိလုပ်ရပ်များအတွက် မိမိဘာသာ တာဝန်ယူတတ်သူတစ်ဦးအဖြစ် ကျွန်တော့်အား လူအများ သတိထားမိလာဖို့ တစ်နှစ်မျှ အချိန်ကြာခဲ့သည်။ ကျောင်းက ဘာသာရပ်တိုင်းမှာပင် ကျွန်တော့်အဆင့်အမှတ်တွေသိသိသာသာ တက်လာသည်။ အပေါင်းအသင်း သူငယ်ချင်းအသစ်တွေ တိုးပွားလာသကဲ့သို့ သူတို့၏အရည်အချင်းတွေလည်း
မြင့်မားလှတာ အံ့သြစွာတွေ့ရှိရသည်။ အထူးခြားဆုံးက ကျွန်တော့်အမြင်မှာ
အဖေအရင်ကထက် အဆမတန် တော်လာနေခြင်းဖြစ်သည်။

သည်ကာလ တစ်လျှောက်လုံးပင် ကျွန်တော်အတွေးကတ်ပြားတွေ
ဖြည့်မြဲဖြည့်ပေးဖြစ်ခဲ့သည်။ ထူးခြားလှသော သည့်ဆရာထံ၌
နောက်ထပ်အတန်းတစ်တန်း ထပ်တက်သေးသည်။
ကျောင်းနေခဲ့သည့်သက်တမ်းတစ်လျှောက် ဆရာ့အတန်းမှာ ကျွန်တော်အကြိုးစားဆုံးဖြစ်ခဲ့သည်။
အပတ်စဉ်ပေးရသည့် အတွေးကတ်ပြားများနှင့်အတူ ပို၍ အဖြေရခက်သောပြဿနာမေးခွန်းတွေ ကျွန်တော်ဆက်၍ဆက်၍ ရရှိခဲ့သည်။

နှစ်အတန်ကြာပြီးနောက်မှာတော့ ကျွန်တော့်တိုးတက်မှုက ကျွန်တော့်ဘာသာပင် အံ့အားသင့်ရသလောက်ပင် ၊အနိုင်နိုင်ရှိခဲ့သော ကျွန်တော်သည် ထူးချွန်သော ကျောင်းသားတစ်ဦး ဖြစ်လာပြီး အဲသည်နောက်တွင်မှု အောင်မြင်သော ဆရာတစ်ဦးအဖြစ်ပါ အသိအမှတ်ပြု ခံလာခဲ့ရသည်။နဂိုရ် က အမြဲမကျေမချမ်းဖြစ်နေပြီး ဘ၀အတွက် လုပ်သင့်လုပ်ထိုက်သည့် အလုပ်မှန်သမျှကို အမြဲရှောင်ဖယ်နေခဲ့သော ကျွန်တော်သည် ယခုတော့ ထက်သန်တက်ကြွသူ ၊ ရည်မှန်းချက်ရှိသူ ၊ ရွှင်ပျလန်းဆန်းနေသူတစ်ဦး ဖြစ်လာခဲ့ပြီ။

အဖေနဲ့ ကျွန်တော့်ကြား ဆက်ဆံရေးသည်လည်းအလားတူပင် လုံးလုံးလျားလျားကြီး ပြောင်းလဲသွားခဲ့သည်။ ယခင်က ချုပ်ချယ်သည်ထင်ခဲ့ရာမှ ယခုတော့အဖေကျွန်တော့်အတွက် စိုးရိမ်ပူပန်ခြင်း ၊ ကျွန်တော့်ကိုဂရုစိုက်ခြင်းသာဖြစ်သည်ဟု မြင်လာခဲ့ပြီ။
ကျွန်တော်အားထိန်းကျောင်းပဲ့ပြင်ရန်အတွက် အဖေ့မှာ “ချောမွေ့ပြေပြစ်သော” နည်းလမ်းများ မရှိခဲ့တာ မှန်သော်လည်း စေတနာမေတ္တာအရင်းခံက ကြီးမားလှသည်ဆိုတာ ကျွန်တော်သဘောပေါက်ခဲ့ပြီ။ အဖေနှင့် ရန်ဖြစ်တာတွေ တဖြည်းဖြည်း လျော့လာသည်။
နောက်ဆုံး လုံးဝပျောက်ကွယ်သွားသည်။ အဖေသည် အမြော်အမြင်ရှိ၍ သားသမီးကိုလည်း ချစ်တတ်သော ဖခင်ကောင်းတစ်ယောကဖြစ်ကြောင်း ကျွန်တော် ကောင်းစွာ သိနားလည်ခဲ့ပြီ။

သည်အရာအားလုံးပင် အလွန်ရိုးစင်းသလို ထင်ရသည့် ဆရာ့မေးခွန်းတစ်ခုက အစပြုခဲ့ခြင်းဖြစ်ချေသည်။

creditး မူရင်းစာရေးသူ Hanoch McCarty ၊ ဘာသာပြန်သူ ဆရာဖေမြင့်
ပုံကို Google Images မှကူးယူသည်။

Tuesday, April 8, 2014

လုပ်ငန်းခွင်မှာ အောင်မြင်ဖို့ …



ကမ္ဘာကြီးရဲ့ ပြောင်းလဲလာခြင်း နဲ့အတူ လုပ်ငန်းခွင်မှာ ယှဉ်ပြိုင်မှုနယ်ပယ် အလွန်ကျယ်ပြန့်လာပါတယ်။ လုပ်ငန်းခွင်မှာ အောင်မြင်ဖို့အတွက် အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ ဘာတွေလုပ်ဖို့ လိုအပ်လဲ ?

၁။ ဦးစားပေးလုပ်ငန်းများ နဲ့ ပန်းတိုင်
တစ်နေ့တာ အတွက် ဘာတွေကို ဦးစားပေးလုပ်ရမလဲ ? တစ်နေ့တာ လုပ်ငန်းဆောင်တာများကို အစီအစဉ်ချမှတ်ကာ စာရင်းလုပ်ပါ။ အစီအစဉ် သတ်မှတ်တဲ့ အခါ အရေးပေါ်ကိစ္စကို ထိပ်ဆုံးမှာ ထားပြီး သူ့နောက်က အရေးကြီးတဲ့ အရာတွေကို အစဉ်လိုက် ချရေးလိုက်ပါ။ အလားတူပဲ ရေတို၊ ရေရှည် စီမံကိန်း ကို သေသေချာချာ ချမှတ်ပြီး တိုးတက်မှုကို မကြာခဏ တွက်ချက်ကာ အကဲဖြတ်ပါ။

၂။ အာရုံစိုက်ပါ
အလုပ်ကို စိတ်ရော ရုပ်ပါ တကယ် စိတ်ဝင်တစား လုပ်နိုင်ရဲ့လား ? အာရုံလွင့်တာ၊ အာရုံလွတ်သွား တာတွေ ကို အတတ်နိုင်ဆုံး ထိန်းချုပ်ပါ။ ကိုယ့်အလုပ် ကိုယ့်တာဝန်ကို အပြည့်အဝ အာရုံစိုက်ပါ။
၃။ ကျွမ်းကျင်မှု စွမ်းရည်တွေကို ချဲ့ထွင်ပါ
လုပ်ငန်းအတွက် ကျွမ်းကျင်မှု လိုအပ်ချက်တွေဟာ အမြဲတမ်း ပုံသေ မဟုတ်ပါ။ ကိုယ့်ရဲ့ ကျွမ်းကျင်မှု စွမ်းရည် နဲ့ ဗဟုသုတတွေကို အမြဲတမ်း တိုးတက်နေပါစေ။ စာအုပ်/စာပေ ဖတ်ရှုခြင်း၊ ဆွေးနွေးပွဲများ တက်ရောက်ခြင်း၊ သင်တန်းများ တက်ရောက်ခြင်း စသည်ဖြင့် တိုးတက်မှုအတွက် အခွင့်အလမ်း ဟူသမျှကို ဖမ်းဆုတ် နိုင်ရန် အမြဲ အားထုတ်ပါ။

၎။ အများနဲ့ ပေါင်းသင်းဆက်ဆံပါ
လူမှုရေး လုပ်ငန်းကိစ္စများမှာ ပါဝင်ဆောင်ရွက်ရန် အသင့်ဖြစ်နေပါစေ၊ မျက်မှန်းတမ်းမိသော သူများကိုလည်း သူငယ်ချင်း ဖြစ်အောင် ဆက်ဆံပါ၊ သူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်း အသစ်များ ကိုလည်း လေးလေးစားစား အားတက်သရော ပြောဆို ဆက်ဆံပါ။ နားထောင်တတ်သူ ဖြစ်အောင် ကြိုးစားပါ၊ နားထောင်တတ်ခြင်းဖြင့် တစ်ဖက်သားဆီက မှတ်သားလေ့လာ စရာ တစ်ခုခုတော့ ရမှာ သေချာပါတယ်။

၅။ ကိုယ့်ရဲ့ ကောင်းကွက်ကို သိပါ
ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်များကို သိပါစေ။ ကိုယ့်က ရာထူးတိုးဖို့ ထိုက်တန်နေပြီ ဆိုရင် တောင်းဆိုပါ၊ စောင့်မနေပါနဲ့။

၆။ စိတ်ခေါ်မှုများကို ရင်ဆိုင်ပါ
စိန်ခေါ်မှုတွေကို ရင်ဆိုင် ကျော်ဖြတ်ခြင်းက တစ်ခါမှ မကြုံဖူးသေးတဲ့ ကိုယ်ရည် ကိုယ်သွေးတွေကို ရရှိစေနိုင်ပါတယ်။ အဲဒီ စိန်ခေါ်မှုတွေက မျှောလိုက်နေတတ်တဲ့ ပုံစံကနေ ကွဲထွက်စေမှာပါ။ တစ်နေ့ တစ်နေ့ ဘဝက အပြောင်းအလဲ မရှိ ပုံမှန်ပဲ ဖြစ်နေတယ်ဆိုရင် ရှေ့ရောက်ဖို့ လမ်း တနည်းပြောရင် တိုးတက်မဲ့ လမ်းကို မတွေ့နိုင်ပါ။ လုပ်ဖူးသားတွေပဲ ဆက်လုပ်နေရင် ရဖူးတာတွေပဲ ရပါလိမ့်မယ်။

၇။ အများနဲ့ ပြောဆိုဆက်ဆံပါ
အကျိုးရှိရှိ ပြောဆိုဆက်ဆံ နိုင်အောင် လေ့လာသင်ယူပါ။ အကူအညီရနိုင်ဖို့၊ သတင်းအချက်အလက်တွေ ရနိုင်ဖို့၊ ပတ်ဝန်းကျင်ကို ကိုယ့်ဘက်ပါအောင် ဆွဲဆောင်နိုင်ဖို့ တစ်ဖက်သားက အကြံဉာဏ် ဝေဖန် အကြံပြုတာတွေကို လက်ခံပါ၊ အာရုံစိုက်ပါ၊ နားထောင်ပါ။
၈။ အတင်းအဖျင်းတွေကို ရှောင်ပါ
ကိုယ့်သဌေး အကြောင်းပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေ ရဲ့ အကြောင်းပဲ ဖြစ်ဖြစ် အတင်းအဖျင်း ပြောတာကို ရှောင်ပါ၊ အပြန်အလှန် လေးစားကာ လုပ်ငန်းရဲ့ ကောင်းကျိုး အတွက်ပဲ အလုပ်လုပ်ပါ။

၉။ အပန်းဖြေပါ
ဝါသနာပါတဲ့ အလုပ်တွေကို လုပ်ခြင်း၊ အပြောင်းအလဲ တစ်ခုခု လုပ်ခြင်း စသည်ဖြင့် တနည်းနည်းဖြင့် နှစ်သက် သလို အပန်းဖြေပါ၊ အားလပ်ရက်တွေမှာ အနားယူ အပန်းဖြေခြင်းက လန်းလန်းဆန်းဆန်း နဲ့ ကိုယ့်ရဲ့ လုပ်ငန်း စွမ်းဆောင်ရည်ကို မြင့်တင်နိုင်ပါလိမ့်မယ်။
၁၀။ စိတ်ပျော်ရွှင်အောင်နေပါ
ကိုယ့်လုပ်လိုက်တဲ့ ကိစ္စတစ်ခုကို သဘောမကျရင် အဆင်မပြေရင် စိတ်ကို အဆင်ပြေအောင် ပြောင်းလဲကြည့်ပါ၊ လုပ်နေရင်းနဲ့ အဆင်မပြေမှု တွေကြုံတဲ့အခါ စိတ်မပျက်ပါနဲ့၊ လူတိုင်းမှာ အခက်အခဲတွေ ရှိကြပါတယ်။ ကိုယ့်စိတ်ကို ပျော်အောင် နေထိုင်ပါ။

“လုပ်ငန်းခွင်မှာ ပျော်ပျော်ရွှင်ရွှင် နဲ့ အောင်မြင်နိုင်ကြပါစေ …… ”

Be the Best !

သံပုရာသီးလေးတွေရဲ့ အသုံးဝင်ပုံ



ခံတွင်း ကျန်းမာရေး .....
သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။တောက်ပစေပါတယ်။
ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။
နှုတ်ခမ်းကွဲခြင်း .....
မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။
ဆံပင်ကျွတ်ခြင်း .......
အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။
ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက် ....
ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။
တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင်သွားပါလိမ့်မယ်။
အသားအရေခြောက်သွေ့ခြင်းအတွက် .....
ငှက်ပျောသီးမှည့်တစ်လုံးကိုယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။
ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။
နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊
တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြားအလှအပအတွက်
အကောင်းဆုံးပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသ ဖြင့် ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက်ကင်းစေတဲ့သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်း
စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။
အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက် ......
သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကိုချေပြီး ပျော့ဖတ် သဖွယ် ရအောင်လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြောပေးပါ။
တံတောင်ဆစ်မည်းခြင်းအတွက် ......
သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ
တွေဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက်သွေ့သွေ့ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်းထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည်တစ်ခွက်တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့စိမ်ချိုးပေးပါ။
လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင် ....
သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်းတွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။
ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ်ဆိုရင်လည်း ပိုပြီးတောက်ပြောင်လာပါလိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြောပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင်စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့
ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်းပါတယ်။
ခြေထောက် .....
သံပုရာရည်တစ်ခွက်စာ (ကော်ဖီခွက်တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေးမကြီးပါ) တို့ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူးဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။
တစ်ပတ်လောက်လုပ်ကြည့်လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာချောမွေ့လာပါလိမ့်
မယ်။
နွေအပူမှာ ချွေးထွက်သက်သာအောင် အကောင်းဆုံးသစ်သီး
ပူပြင်းခြောက်သွေ့တဲ့နွေရာသီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာအောင်လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်း
ကိုလည်း သက် သာစေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့
သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေးပါတယ်။
myawady

(Personality & Duty)

ကိုယ်ရေးကိုယ်တာ နှင့် လုပ်ငန်းတာဝန် 



နေ့စဉ်နဲ့အမျှ လူသားတွေဟာ လုပ်ငန်းတာဝန်ကိုယ်စီနဲ့ ဘဝအတွက် လုပ်ရှားရုန်းကန် နေကြရတယ်။ ကိုယ့်ရဲ့ နေ့စဉ်တိုင်းမှာ လုပ်ငန်းတာဝန်၊ မိသားစုတာဝန်၊ ပတ်ဝန်းကျင် တာဝန် စသည် စသည်ဖြင့် တာဝန်တွေ ကိုယ်စီကို လုပ်ကိုင်နေကြရပါတယ်။ ထို့အတူပဲ နေ့စဉ်နဲ့ အမျှ ကိုယ့်ရဲ့ လူမှုရေး၊ အချစ်ရေး၊ မိသားစုအရေး စသည်စသည်ဖြင့် ကိုယ်ရေးကိုယ်တာ ကိစ္စများစွာကိုလည်း ကိုင်တွယ် ဖြေရှင်း နေကြရပါတယ်။ အဲဒီအချက် ၂-ချက် ကို ဟန်ချက်ညီညီ လုပ်ကိုင် ဆောင်ရွက်နိုင်မှသာလျှင် သာယာ ပျော်ရွှင်တဲ့ အောင်မြင်မှုကို ပိုင်ဆိုင်နိုင်ကြမှာပါ။

ဘဝမှာ အလုပ်တာဝန်တွေကိုပဲ ဦးစားပေးရင်း ဦးစားပေးရင်း အလုပ်လုပ် ဆိုတာကိုပဲ လုပ်နေရင်း တနည်းအားဖြင့် ငွေ … ငွေ … နောက်ကိုပဲ လိုက်ရင်း လိုက်ရင်း လုပ်ငန်းအောင်မြင်မှု၊ ငွေရေး ကြေးရေး အောင်မြင်မှုတွေ တော့ ရရှိနိုင်ပေမယ့် မိသားစုကို အချိန်မပေးနိုင်တဲ့အခါ သာယာမှုမရှိတဲ့၊ နွေးထွေးမှု မရှိတဲ့ အောင်မြင်မှုပဲ ရရှိပါလိမ့်မယ်။ ထိုအတူ မိသားစုကိုပဲ ဦးစားပေးလွန်း တော့လည်း စိတ်ပိုင်းဆိုင်ရာ တော့ ပြည့်စုံကုံလုံပြီး နွေးထွေးမှုတော့ ရှိနိုင်ပါတယ်၊ ဒါပေမယ့် လုပ်ငန်းပိုင်းကို အာရုံစိုက်မှု အားနည်းတဲ့အခါ ရုပ်ပိုင်းဆိုင်ရာမှာ အားနည်းချက်တွေရှိနိုင်ပါတယ်။ နောက်တစ်မျိုးက ကိုယ်ရေးကိုယ်တာ နဲ့ လုပ်ငန်းတာဝန်ကို ရောထွေးပြီး ၂-ဖက်လုံးမှာ မယ်မယ်ရရ အောင်မြင်မှု မရှိဘဲ ဘဝ ဝဲဂယက်ထဲမှာ တဝဲလည်လည် ဖြစ်နေကြတာမျိုးလည်း တွေ့ရတတ်ပါတယ်။
လူတိုင်းဟာ ကိုယ်ရေးကိုယ်တာ နဲ့ လုပ်ငန်းတာဝန် ၂-ချက်လုံးကို ရှောင်လွှဲလို့ မရနိုင်ပါဘူး။ အဲဒီ ၂-ခုလုံးကို ရှောင်လွှဲလို့ မရသလို ရောထွေးရင်လည်း အဆင်မပြေပါ။ အဲဒီ ၂-ချက်ကို သူ့အကန့် နဲ့သူ သတ်သတ်စီ ခွဲခြားနိုင်အောင် လုပ်ကိုင်ဖို့လိုအပ်ပါတယ်။ ဆိုလိုတာက အလုပ်ထဲကို အိမ်က ကိစ္စတွေ သယ်သွားလို့ အဆင်မပြေသလို အိမ်ကိုလည်း အလုပ်က ကိစ္စတွေ သယ်လာလို့ အဆင်မပြေပါဘူး။

ဒါပေမယ့် များသောအားဖြင့် တော့ ရောထွေးတတ်ကြပါတယ် … ။ လူဆိုတာ အမြဲတမ်း အဆင်မပြေနိုင် ပါဘူး၊ တစ်ခါတစ်လေ ငွေးရေး ကြေးရေး၊ မိသာစု အရေး စသည်ဖြင့် အဆင်မပြေမှုတွေ ကြုံရတဲ့အခါ အဲဒီစိတ်တွေကို လုပ်ငန်းခွင်ထဲအထိ ယူသွားတဲ့အခါ လုပ်ငန်းခွင်မှာပါ အဆင်မပြေမှုတွေ ဖြစ်လာတတ်ပါတယ်။ ထို့အတူ လုပ်ငန်းခွင်မှာ လည်းအဆင်မပြမှုတဲ့ ရှိတဲ့အခါ စိတ်ညစ်တာ၊ စိတ်တိုတာ၊ ဒေါသထွက်တာ မျိုးတွေ ဖြစ်တတ်ပါတယ်၊ ပိုဆိုးချင်တော့ လမ်းမှာ လိုင်းကားစီးတော့ စပယ်ယာနဲ့ပါ ပြဿနာ ထပ်တက်တဲ့အခါ အိမ်ကိုလည်း ရောက်ရော နိုင်တဲ့လူကို မဲပြီး ဖိဟောက်တာမျိုးတွေ တွေ့ရတတ် ပါတယ်။
အိမ်ကို ရောက်လာပြီဆိုတာနဲ့ အလုပ်ထဲက ပြဿနာတွေ၊ အဆင်မပြေမှုတွေ၊ စိတ်တိုတာတွေ၊ ဒေါသတွေ အားလုံးကို တံခါးဝမှာပဲ ချိတ်ထားလိုက်ပါ၊ အိမ်ထဲကို မသယ်လာပါနဲ့ ကိုယ့်ရဲ့မိသားစုနဲ့ အတူ နွေးနွေးထွေးထွေး ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်အောင် ကြိုးစားပါ။ ကိုယ့်က ကိုယ့်ကိစ္စနဲ့ ကိုယ် အဆင်မပြေလို့ စိတ်တို ဒေါသထွက်ပြီး မှုန်ကုပ်ကုပ် လုပ်နေရင် … အိမ်က လူတွေက ကိုယ့်အနားကို ကပ်တော့မှာ မဟုတ်ပါဘူး။ တစ်ခါတစ်လေ ကတော့ သိပ်မသိသာပေမယ့် အကြိမ်အရေအတွက် များလာ တဲ့အခါ မိသားစုက ကိုယ့်ကို အေးစက်လာပါလိမ့်မယ်။

ကိုယ့်မှာ မိသားစု ပြဿနာ၊ ငွေရေးကြေးရေး ပြဿနာ စတာတွေရှိရင်လည်း အလုပ်ခန်းတံခါးဝကို ရောက်တာနဲ့ ခဏမေ့ထားလိုက်ပါ။ မမေ့နိုင်ဘဲ သယ်လာခဲ့ရင် အဲဒီစိတ်တွေက ကြီးစိုးနေလို့ လုပ်ငန်းခွင်မှာ အာရုံမကပ်နိုင်တော့တာမျိုးဖြစ်တတ်ပါတယ်။ အဲဒီတော့ အမှားတွေလုပ်မိဖို့ အခြေအနေမျိုး ပိုပြီး ဖြစ်နိုင်ချေ များပါတယ်။ နီးစပ်ရာလူကို ဒေါသတွေ ပုံကျသွားတာမျိုးတွေ ဖြစ်လာတဲ့ အခါ လုပ်ငန်းခွင်က၊ လုပ်ဖော်ကိုင်ဖက် ဖြစ်စေ၊ လက်အောက်ငယ်သား ဖြစ်စေ ကိုယ့်ကို အပြစ်မြင်လာ ပါလိမ့်မယ်။ နောက်တစ်ခုက လုပ်ငန်းကိစ္စဖြစ်စေ၊ မိသားစု ကိစ္စဖြစ်စေ ပင်ပန်းတာတွေ များလာတဲ့အခါ၊ အိပ်ရေးတွေပျက်တဲ့အခါ ဒေါသ ထွက်တတ်ပါတယ် … ။ ကိုယ့်ကိစ္စနဲ့ ကိုယ် အဆင်မပြေတာ ပင်ပန်းတာကို သူများအပေါ် မသက်ရောက်မိ အောင် ကြိုးစားဖို့ လိုပါတယ်။

ဆိုလိုသည်မှာ လုပ်ငန်းခွင်မှာ တာဝန်ထမ်းဆောင်တဲ့အခါ လုပ်ငန်းကိစ္စကိုပဲ အပြည့်အဝ အာရုံစိုက်ပြီး အကောင်းဆုံး လုပ်ဆောင်နိုင်အောင် ကြိုးစားဖို့လိုပါတယ်။ ဘယ်လို အကြောင်းကိစ္စ ကြီးငယ် ရှိနေသည်ဖြစ်စေ လုပ်ငန်းခွင်နဲ့ လုံးဝ (လုံးဝ) မရောထွေးဖို့ အရေးကြီးပါတယ် … ။ ကိုယ့်ရဲ့ မိသားစုနဲ့ နေတဲ့အခါလည်း လုပ်ငန်းခွင်က ဘယ်လို ပြဿနာမျိုးတွေပဲ ရှိနေပါစေ မိသားစုကို လုံးဝ (လုံးဝ) မသက်ရောက် ဖို့ အထူးလိုအပ်ပါတယ်။ လုပ်ငန်းကိစ္စ နဲ့ ကိုယ်ရော ကိုယ်တာ ရောထွေးလို့ လုပ်ငန်းခွင်မှာ ဖြစ်စေ၊ မိသားစုနဲ့ ဖြစ်စေ၊ ပတ်ဝန်းကျင်နဲ့ ဖြစ်စေ ပြဿနာတွေ တက်တဲ့အခါ အိမ်မှာ စိတ်တိုလာလို့၊ ဒေါသထွက်လာလို့၊ အလုပ်မှာ အဆင်မပြေလို့ ဖြစ်သွားတယ် ဆိုတာမျိုးက တစ်ခါတစ်လေပဲ ဆင်ခြေ ပေးလို့ ကောင်းပါတယ်။ ခဏခဏ ဖြစ်လာရင်တော့ ကိုယ့်ရဲ့ အောင်မြင်မှုကို ထိခိုက်လာ မှာ သေချာ ပါတယ်။

လူတိုင်းဟာ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် ပြဿနာတွေ၊ အခက်အခဲတွေ၊ စိတ်ညစ်စရာတွေ၊ ပင်ပန်းတာတွေ၊ ဒေါသထွက်တာတွေ နဲ့ အမြဲတမ်းမဟုတ်တောင် ခဏခဏတော့ တွေ့ကြုံနေကြရမှာပါ။ ပျော်ရွှင် အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ အတွက် အဲဒီကိစ္စတွေကို ကိုယ်က ဘယ်လိုတုန့်ပြန်လဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ကိုယ်ရေးကိုယ်တာ နဲ့ လုပ်ငန်းတာဝန်ကို ဘယ်ကိစ္စကို ဦးစားပေးရမယ် လို့မဆိုလိုပါ။ မိသားစုနဲ့ တွေ့တဲ့အခါ မိသားစုအကြောင်းပဲ ခေါင်းထဲထည့်ပြီး အကောင်းဆုံးလုပ်ဖို့ လိုအပ်သလို လုပ်ငန်းကိစ္စ လုပ်နေတဲ့အခါ လည်း အလုပ်ကိစ္စပဲ ခေါင်းထဲထည့်ပြီး အကောင်းဆုံး ကြိုးစားဖို့ လိုအပ်ပါတယ်။

ဒါဆိုရင် သူ့ကဏ္ဍနဲ့ သူ ကိစ္စအဝဝ ပြီးမြောက်အောင်မြင်ပြီး ပျော်ရွှင်တဲ့ အောင်မြင်မှုမျိုးကို ပိုင်ဆိုင်နိုင်ကြမှာ သေချာပါတယ်။

“ရတဲ့အသိကို လက်တွေ့ အသုံးချနိုင်ပါစေ … ”

အောင်ကိုဦး(UMK)
Be The Best !

ငါမရှိလည်း ဖြစ်ဖို့လိုတယ် …



လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှု၊ ဆုံးရှုံးမှုတွေမှာ ခေါင်းဆောင်ရဲ့ အခန်းကဏ္ဍဟာ အဓိက ကျလှပါတယ်။ ခေါင်းဆောင်းကောင်း ဆိုတာ ကိုယ်တာဝန်ယူထားတဲ့ အဖွဲ့အစည်းကို အပြည့်အဝ တာဝန်ယူရမှာ ဖြစ်သလို၊ ကိုယ်တာဝန်ယူထားတဲ့ လုပ်ငန်းကိုလည်း အပြည့်အဝ ကျွမ်းကျင်ဖို့လိုပါတယ်။ အရေးကြီးဆုံးတစ်ချက်က အဖွဲ့အစည်းမှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်လုပ်ဆောင်နေကြသူတွေ တစ်ယောက်ခြင်းစီကို အကောင်းဆုံးစွမ်းဆောင်နိုင်အောင် စီမံခန့်ခွဲနိုင်ဖို့လိုပါတယ်။ နောက်တစ်ချက် က ကိုယ့်နေရာမှာ တာဝန်ယူနိုင်တဲ့ မျိုးဆက်သစ်တွေကို မွေးထုတ်ပေးနိုင်အောင် လေ့ကျင့်သင်ကြား ပေးဖို့လည်း အရေးကြီးပါတယ်။ လုပ်ငန်းကို အပြည့်အဝ တာဝန်ယူနိုင်ဖို့လိုတယ် ဆိုတဲ့ နေရာမှာ နေရာတိုင်းကို ကိုယ်လိုက်လုပ်ဖို့ ပြောတာမဟုတ်ပါဘူး။ သက်ဆိုင်ရာ ကဏ္ဍအသီးသီးရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကို တာဝန်ယူ ဖြေရှင်းဖို့ကို ဆိုလိုတာပါ။

စာရေးသူတို့ မြန်မာပြည်မှာ ခေါင်းဆောင်တစ်ချို့ဟာ အရာရာမှာ ဝင်ပြီးလုပ်ကိုင်ကြတဲ့အတွက် စေတနာအမှားတွေကြောင့် မန်နေဂျာလည်းကိုယ်၊ စာရင်းကိုင်လည်းကိုယ်၊ စာရေးလည်းကိုယ်၊ ကြိုဆိုရေးလည်းကို၊ နောက်ဆုံးသန့်ရှင်းရေးလည်းကိုယ် နဲ့ မနိုင်မနင်းဖြစ်တတ်တဲ့ စီမံခန့်ခွဲမှု အလွဲတွေကို တွေ့နေရပါတယ်။ အဲဒါကလည်း ကိုယ်တိုင်လုပ်လိုက်ရမှ စိတ်တိုင်းကျတဲ့ ခေါင်းဆောင်မျိုးတွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့် ခေါင်းဆောင်တစ်ယောက်တည်းကို အားကိုးမှီတည်တဲ့ အဖွဲ့အစည်းဟာ အတက်အကျ အပြောင်းအလဲတွေဟာ ခေါင်းဆောင်အပေါ်မှာ မူတည်နေပါတယ်။ ခေါင်းဆောင်း လုပ်နိုင်ရင် အဖွဲ့အစည်းဟာ တိုးတက်ပြီးတော့ ခေါင်းဆောင်က မလုပ်နိုင်တာနဲ့ အဖွဲ့အစည်းဟာ ကျဆင်း သွားတတ်ပါတယ်၊ ဒါကလည်း ကိုယ့်နေရာမှာ တာဝန်ယူနိုင်ဖို့ မျိုးဆက်သစ်တွေကို မွေးမထားတဲ့ အတွက် ကြောင့်ပါ။
အဖွဲ့အစည်းတစ်ခုကို ဘောလုံးအသင်းတစ်သင်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် နည်းပြကောင်းရုံနဲ့ အသင်းရဲ့ အောင်နိုင်ရေးအတွက် မဖြစ်နိုင်ဘူးလားဆိုတော့ ဖြစ်တော့ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် အသင်းသားတွေ ကောင်းဖို့လည်း လိုပါတယ်၊ ဆိုလိုတာက မော်ရင်ဟိုကိုဖြစ်စေ၊ ဖာဂူဆန်ကိုဖြစ်စေ မြန်မာဘောလုံးအသင်းမှာ နည်းပြခန့်ပြီး အရှေ့တောင်အာရှမှာ ယှဉ်ပြိုင်ကြည့်ပါ၊ ချက်ချင်းအောင်မြင်မှု ရပါ့မလား … စဉ်းစားစရာပါ။ ဘောလုံးအသင်းတစ်သင်းမှာ key player တစ်ယောက်ရှိရင် အရေးကြီးတဲ့ အဆုံးအဖြတ် အချိန်တွေမှာ သူ့ရဲ့ တစ်ကိုယ်တော် စွမ်းဆောင်မှုတွေကြောင့် အသင်းကို အောင်မြင်မှု ရအောင်၊ အရှုံးကနေ အနိုင်ဖြစ်အောင် ကယ်တင်နိုင်တာတွေဟာ အမှန်တွေပါ၊ ဒါပေမယ့် အဲဒီကစားသမား ဟာ ဒဏ်ရာရနေလို့ဖြစ်စေ၊ ပွဲပယ်ထားလို့ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် မကစားနိုင် တဲ့အခါ အဲဒီအသင်းရဲ့ ကစားအားဟာ သိသာထင်ရှားပါတယ်။ ဘောလုံးအသင်းတစ်သင်းမှာ key player တစ်ယောက် စွမ်းရည် အပြည့်အဝ မကစားနိုင်တော့ဘူးဆိုရင် တစ်သင်းလုံးကစားအား သေသွားတာကို ဘောလုံးပွဲကြည့်ကြသူတိုင်း မြင်မိမှာပါ။ ခေါင်းဆောင်းတစ်ယောက်ကိုပဲ သို့တည်းမဟုတ် စွမ်းရည်ကောင်းသူ တစ်ယောက်တည်းကိုပဲ အားကိုးရတဲ့ အဖွဲ့အစည်းဟာလည်း ဒီအတိုင်းပါပဲ။

စာရေးသူ အထက်တန်းကျောင်းသားဘဝက မြို့နယ်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲလုပ်ပါတယ်။ မှတ်မှတ်ရရ ဘောလီဘောပြိုင်ပွဲမှာ စာရေးသူတို့ အသင်းမှာ တကယ်ကောင်းတဲ့ fighter ကစားသမား (၃) ယောက်လောက် ပါပါတယ်၊ ကျန်တဲ့သူတွေကတော့ သာမာန်ပါ၊ ပရိတ်သတ် တော်တော်များများကလည်း ကစားသမားကောင်းတွေ ပါတဲ့ စာရေးသူတို့အသင်းပဲ ဗိုလ်စွဲမယ်လို့ မှန်းထားကြပါတယ်။ ဒါပေမယ့် တစ်ကျောင်းသော အသင်းမှာတော့ အရမ်းကြီးကောင်းတယ်ဆိုတဲ့ ကစားသမားတစ်ယောက်မှ မပါပါဘူး၊ သူတို့အသင်းက ကစားသမားတွေက သူ့နေရာနဲ့သူ စွမ်းရည်ကောင်းပြီး လူညီပါတယ်။ နောက်ဆုံးတော့ အဲဒီအသင်း ဗိုလ်စွဲသွားပါတယ်။ ဒါကို ငယ်စဉ်ကတော့ သတိမထားမိပါဘူး၊ အရွယ်ရောက်လို့ နည်းနည်း စဉ်းစားတတ်လာတဲ့အခါ ချဲ့ပြီး နည်းနည်း စဉ်းစားကြည့်ပါတယ်၊ ကမ္ဘာ့နိုင်ငံတွေမှာ တစ်ကမ္ဘာလုံးကသိတဲ့ Global Figure ခေါင်းဆောင်ရှိတဲ့ နိုင်ငံတွေ ရှိသလို မရှိတဲ့ နိုင်ငံတွေလည်း ရှိကြပါတယ်။ ဥပမာ ဗီယက်နမ်မှာ ဟိုချီမင်း ရှိတယ်၊ အိန္ဒိယမှာ ဂန္ဒီ ရှိတယ်၊ အာဖရိကမှာ မင်ဒဲလားရှိတယ် စာရေးသူတို့နိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းရှိတယ်၊ ခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် ရှိတယ်၊ အဲဒီလို ခေါင်းဆောင်ကောင်း တွေရှိတဲ့ နိုင်ငံတွေဟာ သူတို့တွေရှိတဲ့ အချိန်မှာ နိုင်ငံရဲ့ဖြစ်တည်မှုနဲ့ သူတို့မရှိတဲ့အခါ နိုင်ငံရဲ့ ဖြစ်တည်မှု တွေကို လေ့လာသုံးသပ်ကြည့်ပါ။ တစ်နိုင်ငံခြင်းရဲ့ သမိုင်းကြောင်း အစဉ်အလာကို ပြောနေရင် ရှည်မှာစိုးလို့ မပြောတော့ပါ။ ကိုယ်တိုင်လေ့လာ ကြည့်လိုက်ပါ။ အတွေးတစ်ခုရနိုင်ပါတယ်။ ဒါပေမယ့် ဂျပန်မှာ Global Figure ခေါင်းဆောင်ဘယ်သူရှိလဲ ရှိတော့ ရှိပါတယ်၊ ဒါပေမယ့် အထက်မှာ ဥပမာပေးခဲ့တဲ့ နိုင်ငံတွေလိုမျိုး လောက်တော့ မရှိတာ သေချာပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ ရပ်တည်မှု အနေအထားကို လေ့လာကြည့်ပါ၊ နိုင်ငံသားတွေရဲ့ တစ်ဦးတစ်ယောက်ခြင်းစီရဲ့ အရည်အသွေး၊ အရည်အချင်းတွေကို တည်ဆောက်ထားတဲ့အတွက် သူတို့နိုင်ငံဟာ ဘယ်လိုရပ်တည်နေလဲဆိုတာ တွေ့ရပါလိမ့်မယ်။

ဥပမာ အာစရိယပူဇော်ပွဲ အခမ်းအနား တစ်ခုလုပ်တယ် ဆိုကြပါစို့ … ရံပုံငွေရှာဖွေရေး၊ ဖိတ်ကြားရေး၊ သတင်းနဲ့ ပြန်ကြားရေး၊ ကြိုဆိုနေရာချထားရေး (ကန်တော့ခံဆရာကြီး/ဆရာမကြီးများ၊ ပရိတ်သတ်များ) ၊ ဧည့်ခံကျွေးမွေးရေး၊ အခမ်းအနား ပြင်ဆင်ရေး၊ အခမ်းအနားမှူး၊ ကန်တော့ချိုး တိုင်မယ့်သူ၊ ကန်တော့ပစ္စည်း ပေးအပ်မယ့်သူ၊ ကျေးဇူးတင်စကားပြောမယ့်သူ၊ ငွေစာရင်းကိုင်မယ့်သူနဲ့ ငွေစာရင်းရှင်းတမ်း တင်ပြမယ့်သူ စသည်စသည်ဖြင့် သက်ဆိုင်ရာ ကဏ္ဍများရှိကြပါမယ်။ အဲဒီကဏ္ဍတွေ အားလုံးကို တစ်ယောက်တည်းလုပ်လို့ မရပါဘူး။ ကိုယ်ကိုယ်တိုင်လုပ်ရမှ စိတ်တိုင်းကျတယ် ဆိုတဲ့ စိတ်နဲ့လည်း မဖြစ်ပါဘူး။ သက်ဆိုင်ကဏ္ဍအလိုက် ဆောင်ရွက်ချက်တွေကို စိတ်တိုင်းကျအောင် အကောင်းဆုံး လုပ်ဆောင်နိုင်အောင် လေ့ကျင့်ပေးထားရပါမယ်။ သက်ဆိုင်ရာကဏ္ဍအလိုက် နေရာ အသီးသီးမှာ လုပ်ရမယ့် တာဝန်၊ ဝတ္တရားတွေကို အသေးစိတ် ရှင်းပြထားရပါမယ်။ သက်ဆိုင်ရာနေရာ အလိုက် သင့်တော်မယ့်သူကို ရွေးချယ်နိုင်ရပါမယ်။ အဖွဲ့ခွဲ တစ်ခုနဲ့ တစ်ခု အချိတ်အဆက်တွေကို သေချာအောင် ပြင်ဆင်ထား ရပါမယ်။ ခေါင်းဆောင်ဟာ အရာအားလုံးကို လိုက်လုပ်ဖို့ မလိုအပ်ပါဘူး၊ ဒါပေမယ့် အရာအားလုံးကို အသေးစိတ် စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ပဲ အရေးကြီးတာပါ။ လိုအပ်နိုင်တဲ့ လစ်ဟာနိုင်တဲ့ လုပ်ငန်းကျွမ်းကျင်မှု အားနည်းတဲ့ နေရာတွေကို လိုက်ပြီး ထိန်းသိမ်းဖို့ လိုပါတယ်။ ကိုယ်ကိုယ်တိုင် ဝင်ပါသင့်တယ့် နေရာမှ ဝင်ပါဖို့လိုပါလိမ့်မယ်။ အဲဒီလိုမဟုတ်ပဲ ငါမရှိရင် မဖြစ်ဖူးဆိုတဲ့ အတွေးနဲ့ နေရာတစ်ကာ ဝင်ပါ လိုက်လုပ်နေရင် ကိုယ်ကိုယ်တိုင်လည်း ပင်ပန်းလိမ့်မယ်၊ ကိုယ်ကပဲ လိုက်လုပ်နေရင် ကိုယ်ကမလုပ်နိုင်တဲ့ အခါ သူတို့တစ်တွေလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ အချိတ်အဆက်တွေလွဲပြီး အဆင်မပြေတာ တွေ ဖြစ်လာပါလိမ့်မယ်။

ဒါကြောင့် နေရာတစ်ကာ ငါမရှိရင်မဖြစ်ဖူးလို့ စွဲကိုင်မထားပါနဲ့ ငါမရှိလည်း ဖြစ်အောင် လေ့ကျင့်ပေးထားပါ၊ စီမံခန့်ခွဲပါ … ဒါဆိုရင် တစ်ဦးတစ်ယောက်ခြင်းစီရဲ့ အရည်အသွေးတွေ၊ ကျွမ်းကျင်မှုတွေနဲ့ အားလုံးတက်ညီလက်ညီ ဆောင်ရွက်ပြီး ပန်းတိုင်ဆီကို အဆင်ပြေပြေ ချီတက်နိုင်ကြမှာ သေချာပါတယ်။

“ငါမရှိလည်း ဖြစ်အောင် လုပ်ဆောင် နိုင်ကြပါစေ …”
Be the Best !