Tuesday, February 18, 2014

သီးခြားတည်ရှိနေကြလျှင် အသိနှင့်အတက်တို့သည် အကျိုးနှင့်အကန်းသာ ဖြစ်ပါသည်။




ပညာခေတ်ဟူသည်ကိုသံသယဖြင့်မည်သူမျှမမေးကြတော့၊ သာမန်အားဖြင့် Knowledge ဟူသောပညာကို အသိပညာနှင့် အတတ် ပညာနှစ်မျိုးပေါင်းစပ် သတ်မှတ်ပါသည်။သို့သော်လည်းအတတ်ပညာထီးတည်းသို့ မြင့်သ ထက်မြင့်အောင်ဖြည့်ဆည်းကြရင်းပညာရပြီဟု အထင်ရှိကြသူများ မနည်း လှချေ။ မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်က “သညာသိ” နှင့် “ပညာသိ” ဟူ၍ စာအုပ်တစ်အုပ် ရေးသားခွဲခြားပြခဲ့ဖူးပါ၏။ အတတ်ပညာသက်သက် လိုက်စားသောသူကို“အတတ်ပညာရှင်”ဟုသာသတ်မှတ်ထားပါသည်။ ရှေးကဖီလော်ဆော်ဖာများတွင်အားလုံးကိုမဆိုလိုသော်လည်း အချို့အတွေးအခေါ် များမှာလက်တွေ့သုံးမရတတ်၊ ယနေ့ပါမောက္ခကြီးများ “အချို့” မှာလည်း စာသင်ခန်းထဲတွင်စာများသင်ကြားနေသော်လည်း ပတ်ဝန်းကျင် လက်တွေ့လောကနှင့် များစွာဆက်ဆံမှုမရှိသဖြင့် အငြိမ်းစားယူသောအခါ ၀န်းကျင်နှင့်များစွာသဟဇာတမဖြစ်တတ်ကြချေ။ အားလုံးကိုဆိုလိုခြင်းမ ဟုတ်ပါ၊ အချို့သောသူများ၊ စာသင်ခန်းအတွေ့အကြုံသက်သက်မျှသာ ရှိသောသူအချို့ကိုသာဆိုလိုချင်ပါ၏။

ထို့ကြောင့်ဗုဒ္ဓက အတတ်ပညာသက်သက်ရှိသောသူကို “အကန်း”၊ အသိ သက်သက်ရှိသောသူကိုမူကား “အကျိုး” နှင့်တူသည်ဟု ဆိုမိန့်ခဲ့ခြင်းဖြစ် သည်။

ပညာအဆင့်များ ရှိပါသေးသည်၊
ယနေ့အသုံးများသော ပညာဟူသည့် Knowledge မှာ အခြေခံအားဖြင့် အသိပညာနှင့် အတတ်ပညာနှစ်ရပ်တို့၏ အပေါင်း အဖက်သာဖြစ်ပါသည်၊ ပညာအဆင့်ဖြင့်ဆိုလျှင် မူလတန်းအဆင့်ဟု သတ်မှတ်နိုင်ပါလိမ့်မည်။ ပို၍ ရင့်ကျက်လာသောအခါ Wisdom အဆင့်ဖြစ်လာပါ၏။ ထိုထက်ပို၍ရင့်ကျက် လာသောအခါ Enlightenment အဆင့်ရောက်လာပါ၏။ မိမိအနေဖြင့် Knowledge ကိုသုတပညာ၊ Wisdomudkကို “ထိုးထွင်းသိပညာ” နှင့် Enlightenment ကို “တပ်အပ်သိပညာ” ဟု မြန်မာမှုပြုထားပါ၏။ Wisdom အဆင့်တွင် Talent ဟူသော ထိုးထွင်းသိနိုင်သည့်ထူးခြားသည့်မြင်သိမှု ပါဝင်လာပါသည်။ ပါရမီသဘောဟု ဆိုလျှင်ရနိုင်ပါ၏။ နောက်ဆုံးပညာ ဆင့်ဖြစ်သော Enlightenment မှာမူ အရာရာကိုထွင်းဖောက်မြင်နိုင်ပြီးအကျိုး ဆက်များကို သေချာတပ်အပ်သိသောအဆင့်ဖြစ်ပါ၏။ ထွင်းဖောက်တပ် အပ်သိပညာဟုဆိုရပါလိမ့်မည်။

ဆင်ခြင်သည်နှင့် အရင်းအမြစ်အကျဆုံးတို့ကို စဉ်းစားနိုင်ပြီး၊ “ဤအလုပ် အတွက်ဤရလဒ်”၊“ထိုလမ်းလျှောက်လျှင် ထိုခရီးပေါက်သည်”၊“ထိုမှတစ်ပါး အခြားမရှိ” ဟု လက်ညှိုးတစ်ချောင်းထဲထောင်သော၊ အဖြေနှစ်ခု မရှိသော အသိမျိုးဟုဆိုနိုင်ပါလိမ့်မည်။

ပညာတစ်ဆင့်ချင်းတက်ရန် အတတ်ပညာ၊ လောက၏ လက်တွေ့ အတွေ့ အကြုံတို့ကိုပေါင်းစပ်ကျင့်သုံးနိုင်ကြရပါလိမ့်မည်။ မှားခြင်း၊ မှန်ခြင်း တို့ကို အမြဲတမ်း ဆင်ခြင်သုံးသပ်ရသည့်အလေ့အကျင့်ကိုလည်း မွေးမြူရပါ လိမ့် မည်။ ဆင်ခြင်သုံးသပ်ခြင်း၊ လှမ်းမျှော်ကြည့်ရှုခြင်း၊ ပြဿနာတို့၏ အရင်း အမြစ်ကိုထဲထဲနှိုက်နှိုက်မြင်အောင် ကြည့်နိုင်ခြင်းများသည် ပညာဖြစ်စေမှုများ ၏ အခြေခံသဘောတရားများဖြစ်ကြပါ၏။

ကြိုးစားရန်များစွာလိုနေပါသေးသည်၊
ချမ်းသာသောနိုင်ငံများ ချမ်းသာရခြင်းမှာ ပညာကိုကောင်းစွာ အသုံး ချနိုင်သောကြောင့်ဖြစ်သည်၊ ပညာနည်းသောနိုင်ငံများ၏ သယံဇာတ၊ ထို လူမျိုး၏လူ့အရင်းအမြစ်များကို ၎င်းတို့၏ပညာဖြင့်ကောင်းစွာအသုံးချ အမြတ် ထုတ်နိုင်ခဲ့သောကြောင့်ဖြစ်သည်၊ ဘာမှမဟုတ်သော Hand phone တစ်လုံး၏ တန်ဖိုးကိုခြောက်သိန်း၊ ခုနှစ်သိန်းဖြင့်ပညာအသုံးချနိုင်သောနိုင်ငံ များမှရောင်းနေနိုင်ခြင်းမှာထိုဆက်သွယ်ရေးစက်ထဲတွင်ဆက်သွယ်မှုအတတ် ပညာကိုထည့်သွင်းနိုင်သောအတတ်ပညာ၊ လူတို့၏ စိတ်ဆန္ဒနှင့် သဘာဝ၊ ဈေးကွက်၊ လိုအပ်ချက်စသည်တို့ကိုသိသော အသိပညာနှစ်ရပ် ကိုပေါင်းစပ် နိုင်သောကြောင့်ဖြစ်၏။ အတတ်ပညာရှင်သက်သက်သည် နည်းပညာကိုသာ ဆောင်ရွက်နိုင်ပါသည်၊ ထိုအတတ်ပညာရှင်များ၏ ကြိုးစားမှုရလဒ်အပေါ် အသိရှိသူကရယူအသုံးပြုပြီးပိုမိုကြီးမားသော အမြတ် အစွန်းကို ရယူသွား နိုင်ကြောင်းတွေ့ရပါလိမ့်မည်။ ကျကွဲပျက်စီးသွားပါက ထိုဖုန်းတစ်လုံး၏ တန်ဖိုး ဘာမှမရှိတော့ပါ၊ ကုန်ကြမ်းဖိုး ကျပ်နှစ်သောင်းမျှ မရှိသော Hand phone တစ်လုံးကို Function များထည့် စွဲမက်စေအောင် ဖန်တီးပြီး၊ ကျပ်ခြောက်သိန်း၊ ခုနှစ်သိန်းဖြင့်ရောင်းချနိုင်ခြင်းမှာပညာကို အသုံးပြုရုံမှ တစ်ပါးအခြားနည်းလမ်းဖြင့်ရနိုင်မည်မဟုတ်ပါ၊ ထိုထက်ပိုသောနိုင်ငံအဆင့် ပညာအမြင်များ၊ အသုံးချမှုများရှိနေပါသေး သည်။ ပညာအခြေခံအသုံးချနိုင်မှုကြောင့် ရလာနိုင်သော အကျိုးအမြတ် မည်မျှမြင့်မားသည်ကို အလွယ်တကူ တွေ့နိုင်ပါလိမ့်မည်။

မိမိတို့ကိုယ်တိုင်(1970s) ကျော်ကာလတစ်ဝိုက်စက်မှုတက္ကသိုလ်မှ ကျောင်းဆင်းစတွင်ခေတ်မမီတော့သော သင်ရိုးညွှန်းတမ်းများကိုသာ သင်ကြားခွင့်ရ ခဲ့သူဖြစ်သည်။ ကျောင်းမဆင်းမီနိုင်ငံခြားသားဆရာများတစ်စတစ်စ ပြန်သွား ခဲ့ကြသည်ကိုတွေ့ရ၏။ ဘွဲ့ရခဲ့သော်လည်း အတတ်ပညာ သက်သက်မျှကို ပင်တင်းပြည့်ကျပ်ပြည့်ရခဲ့သည်ဟုမခံစားမိ၊ အသိပညာဘက်ပိုင်းတွင်လည်း များစွာဖြည့်ဆည်းရန်လိုအပ်နေသေးသည်ဟုခံယူထားခဲ့ပါသည်။

လက်တွေ့နယ်ပယ်ထဲရောက်မှလိုအပ်သောအသိပညာနှင့်အတတ်ပညာကို ဒရောသောပါးဖြည့်ဆည်းခဲ့ကြရသည်၊သို့တိုင်အောင်သိစရာများပြားလွန်း
သောကြောင့်ဖြည့်၍မည်သည့်အခါမျှမပြည့်နိုင်ဟုယနေ့တိုင်ခံယူထား ပါသည်။တစ်ချိန်က တံခါးပိတ်ဝါဒကျင့်သုံးခဲ့ကြသည်ကြောင့် မြန်မာတို့ အနေ ဖြင့်နိုင်ငံတကာဆက်ဆံရေး ကောင်းစွာမရှိခဲ့၊ အသိရော၊ အတတ်ပါ ကိုယ့် တံခါးကိုယ်ပိတ်ခဲ့ခြင်းဖြစ်သည်။ အသိရော၊ အတတ်ရောကိုယ်ခံအား နည်းမှန်း မသိကျဆင်းခဲ့သည်။ ပညာမသန်စွမ်းခဲ့သည်မို့ နိုင်ငံနှင့်လူမျိုးတစ်စုံ တစ်ရာ နိမ့်ပါးခဲ့သည်မှာမဆန်းတော့၊ ယနေ့မြန်မာ့နိုင်ငံရေးသည် လည်းကောင်း၊ စီးပွားရေးသည်လည်းကောင်း လွတ်လပ်တံခါးဖွင့်ဝါဒကို ကျင့်သုံး ပြီဖြစ်၍ပညာကိုဖြည့်ဆည်းနိုင်ခွင့်အတော်အတန်ရနိုင်ခဲ့သည့် အခြေအနေ ဖြစ်ပါသည်။ အရေးကြီးသည်မှာအခွင့်အလမ်း ရရှိနိုင်ရန်နှင့် ဒုတိယမှာ ကိုယ်တိုင်ကြိုးစားလိုစိတ်ရှိခြင်းဖြစ်သည်။ တစ်ချိန်က ကြိုးစားလို ကြသူများပင်အခွင့်အလမ်းမရနိုင်ခဲ့ကြ၍ ဘာမှအရာမထင်ခဲ့ကြချေ။ ယခုအခွင့်အလမ်းများ ပြန်လည်ရရှိပြီး၊ ရွေးချယ်မှုများလည်း အတော်အတန် ရှိခဲ့ပြီ၊ မိမိတို့ကိုယ်တိုင်ကြိုးစားဖို့သာလိုပါတော့သည်၊ အရာရာတွင်ပညာ အခြေခံခြင်းကသာ အခြေခံအကျဆုံး၊ အရေးအကြီးဆုံး ဆိုသည်ကိုစွဲမြဲမှတ် သား၊ လေးလေးနက်နက်သိရှိလက်ခံနိုင်ကြရန်အရေးကြီးပါသည်။ သဘောမျှသာ လက်ခံသူအနေဖြင့်သဘောမျှသာဖြည့်ဆည်းတတ်သည့် သဘာဝကို သတိထားမိရန်ဖြစ်သည်။

ကိုယ်တော်မှမျိုးဆက်သစ်တို့တော်ကြပါမည်၊
ခေတ်ပြောင်းစနစ်ပြောင်းတွင်ရှိဆဲမျိုးဆက်တို့အနေဖြင့်အထူးတာဝန် ရှိသည် ဟုယူဆပါ၏။ အတွေးအခေါ် တော်လှန်ရေးလုပ်ဆောင်ကြရမည်ဟု ခံယူပါ သည်။ တစ်ချိန်ကကမ္ဘာတွင်မြန်မာ့ပညာတတ်များ အတော်အတန် မျက်နှာရ ခဲ့ကြသည်၊ ဧကစာရီကျင့်ကြံသော တံခါးပိတ်ဝါဒအတွင်း မြန်မာတို့ အတွေး အခေါ်နိမ့်ဆင်းလာခဲ့ကြရာမှ နောက်ဆုံးမတွေးတတ်၊ မခေါ်တတ် အဆင့် သို့ရောက်ခဲ့ပါသည်ဟုဆိုလျှင် လွန်အံ့ခြင်းရှိမည်မဟုတ်ပါ။ လမ်းတစ်လမ်း တွင် လမ်းဘေးလက်ဖက်ရည်ဆိုင်လေးဖြစ်လာလျှင် အားလုံး ကလိုက် လုပ်ကြခြင်း၊ မုန့်ဟင်းခါးဆိုင်လေးဖြစ်လာလျှင် အားလုံးကမုန့်ဟင်းခါး လိုက်ရောင်းကြခြင်းသည် ကိုယ်တိုင် ထွင်းဖောက်မစဉ်းစားနိုင်သော လက္ခဏာ ဖြစ်ပါသည်။

မြန်မာတို့သည် မျိုးရိုးဗီဇအရ “ဇ” ရှိကြသူများ ဖြစ်ပါ၏။ (၂၀၁၃) က အဖွဲ့ အစည်းတစ်ခုမှနေ၍ ဖြေဆိုသောသူများတွင် မြန်မာအင်ဂျင်နီယာ ကျောင်းသားတစ်ဦးသည်ကမ္ဘာတွင်အမှတ်အများဆုံးရသည်ဟုသတင်းများ၌ဖတ် လိုက်ရသည်။မျိုးရိုးဗီဇလက်ကျန်ရှိသေးခြင်းဖြစ်ပြီး၊ နိုင်ငံရေးစနစ်ပြောင်း(၂) နှစ်ကျော် ကာလတွင်ထွက်ပေါ်လာခြင်းဖြစ်၍ အားရဖွယ်ရာဖြစ်သည်ဟု မှတ်ချက်ပြုလိုပါ၏။ ဆရာကောင်းနှင့်တွေ့ရလျှင်မြန်မာတို့ “တပည့်ကျော်” ဖြစ်နိုင်ခွင့်များစွာရှိနေပါသည်။ ထို့ကြောင့်အပြောင်းအလဲ၏ အစဦးတွင်ကိုယ်တွေ့လက်တွေ့ထိစပ်နေသော ရှိဆဲမျိုးဆက်တို့အနေဖြင့် များစွာ တာဝန်ရှိကြသည်ဟုဆိုခြင်းဖြစ်သည်။ ကိုယ့်နောက်ဖြစ်လာမည့်အမွေဆက်ခံမျိုးဆက်သစ်တို့အတွက်လမ်းမှန်၊ လမ်းကောင်းကို ပြသပေးနိုင်ကြရပါမည်။ အထူးသဖြင့်ပညာရယူရာရယူမှု၊ ပညာအသုံးချရာ၊ အတွေးအခေါ်များကို အသုံးပြုရာအတွက် မှန်ကန်သော လမ်းကြောင်းဖြင့်မျိုးဆက်သစ်တို့ အတွက်အမွေကောင်းတစ်ရပ် ထားရစ်နိုင် ကြရမည်ဖြစ်သည်။

ရှိဆဲမျိုးဆက်သစ်တို့ “တော်” မှ “တော်” သောမျိုးဆက်သစ်တို့ကိုမွေးဖွားနိုင် ပါလိမ့်မည်။ ကိုယ့်ခေတ်မှာခပ်ပါးပါးဖြင့်အချိန်ကုန်ခံခဲ့ကြလျှင် ရှေးမျိုး ဆက်တို့၏ အပြုအမူနှင့်ယဉ်ကျေးမှုကိုကြည့်၍နောက်မျိုးဆက်တို့လည်း ခပ် ပါးပါးသာဖြစ်သွားနိုင်ကြသည်။ မြန်မာတို့တွင်“ဇ”ရှိသည်ဟုဆိုခဲ့ပြီးဖြစ်သည်၊ ထို “ဇ” ကိုကောင်းသော နေရာတို့တွင်မှန်ကန်စွာအသုံးပြုနိုင်ရန် အရေးကြီး သည်၊ ယနေ့အထိသုံးသင့်သည့်နေရာနှင့်မသုံးသင့်သည့်နေရာဟူ၍ ကောင်း စွာမခွဲခြားနိုင်သေးဟုမြင်ပါသည်။ ဥပမာအားဖြင့်လူမှုရေးယဉ်ကျေးမှုဆိုင် ရာတွင် အနောက်နိုင်ငံတို့၏ ၀တ်စားဆင်ယင်မှု၊ နေထိုင်မှုစရိုက်ကို လိုက်နာ ကျင့်သုံးကြရာ၌ မြန်ဆန်လွန်းနေပြီး၊ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊ဘာသာရေးတို့၌များစွာနှေးကွေးနေသေးသည်ဟုမြင်ပါသည်။ လူမှုယဉ်ကျေးမှုမှာလူမျိုး တစ်မျိုးတွင်ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်လက္ခဏာများ ရှိထားသဖြင့် တတ်နိုင်သမျှထိန်းသိမ်းထားနိုင်ရန်လိုသောကဏ္ဍ ဖြစ်ပါ၏။ ခေတ်ကြောင့် တိုက်စားမှုရှိနိုင်သော်လည်း တတ်အားသရွေ့ထိန်းသိမ်း ကြမည့်ကိစ္စဖြစ် သည်။ ထိန်းသိမ်းရမည့်ကဏ္ဍ၌ မထိန်းသိမ်းနိုင်ခြင်း၊ အလွယ်တကူ ကျိုးပေါက်ဆုံးရှုံးခြင်းသည် “အသိပညာ” ဆိုင်ရာအားနည်းမှု တစ်ရပ်ကြောင့် ဟုဆိုနိုင်ပါ၏။

ပညာရေး၊ စီးပွားရေးကဏ္ဍ၌ တတ်နိုင်လျှင် ခုန်ပျံကျော်လွှား လိုက်ပါသင့် သည်။ ဤကဏ္ဍ၌မူ တစ်စုံတစ်ရာနှေးကွေးနေပြန်သေးသည်ဟု ယူဆပါ သည်။ ကိုယ်ကောင်းမှနောက်လူကောင်းပါသည်။ ကိုယ်တော်မှ နောက် လူတော်ပါမည်။ ထို့ကြောင့်အခွင့်အလမ်း တစ်စုံတစ်ရာရှိလာပြီဖြစ်သော ရှိဆဲမျိုးဆက်သစ်တို့အနေဖြင့်မှန်ကန်သောအသိ၊ ထက်မြက်သော အတတ် တို့ဖြင့် ပြည့်စုံကြရန်လိုပါသည်။ အတတ်ပညာတစ်ခုတည်း ဖြစ်တည်လျှင် အကန်းနှင့်တူ၍အသိပညာတစ်ခုတည်းတည်ရှိနေပြန်လျှင်လည်းအကန်း နှင့် တူသည်ဖြစ်သောကြောင့်မြန်မာလူမျိုး၊ မြန်မာနိုင်ငံကိုသန်စွမ်းသော လူကောင်း တစ်ဦးအဖြစ်ရှုမြင်လိုပါသည်။

နေဇင်လတ်

No comments:

Post a Comment