Monday, February 24, 2014

ဟိုးလေးတကျော်လုပ်ဖို့လိုလို့လား.........




တစ်ခါက နယ်စားကြီးတစ်ဦးဟာ အင်မတန် အဖိုးတန်တဲ့ သားရေ အကောင်းစားတစ်ချပ်ကို ရှားရှားပါးပါးရလာလို့ နာမည်ကျော် ဖိနပ်ချုပ်သမား တစ်ဦးဆီမှာ ဖိနပ်ချုပ်ဖို့ အပ်တယ်။ သူ့စိတ်တိုင်းကျ ဖြစ်အောင် ဘယ်လို ပုံစံမျိုးလိုချင်တယ်ဆိုတာကိုအချိန်ယူပြီးအသေးစိတ်စေ့စေ့စပ်စပ်မှာတယ်။ ဖိနပ်ချုပ်သမားလည်း သူ့ရဲ့အတော်ဆုံး လက်ထောက်ကို ခေါ်ပြီးနယ်စားကြီး မှာတာတွေကို သေသေချာချာကူမှတ်ခိုင်းတယ်။ နယ်စားကြီးက ဖိနပ်ဆိုရင်နူးညံ့ပြီး ခြေဖ၀ါးနဲ့ လုံးဝအံဝင်ခွင်ကျ ဖြစ်မှကြိုက်တာ၊ ပုံစံဒီဇိုင်း ကလည်းခန့်ညားရမယ်၊ ခေတ်မီရမယ်၊ ချုပ်ရိုးနဲ့ လက်ရာလက် သားက လည်း အနုစိတ်သေသပ်ရမယ်ဆိုပြီးလိုအပ်ချက်တွေက များလွန်း လို့ နယ်စားကြီးလည်း ပြန်သွားရော ဖိနပ်ချုပ်သမားက သူ့ထက်တောင် လက်ရာကောင်းတဲ့ သူ့ရဲ့ လက်ထောက်ကို တာဝန်ပေးပြီး ချုပ်ခိုင်းတယ်။ လက်ထောက်ကလည်း အကောင်းစား သားရေကိုယူပြီး ချက်ချင်း အချိန် မဆိုင်း ကတ်ကြေးနဲ့ ရွှပ်ကနဲ ရွှပ်ကနဲ နှစ်ပိုင်း သုံးပိုင်း ပိုင်းပစ်လိုက်တယ်။ အလျော်အစား ပေးစရာမရှိတဲ့ ရှားပါး သားရေချပ်ကို ဖြတ်ကတတ် ဆန်း ဖြတ်ညှပ်ပစ်လိုက်ပြီ၊ သွားပါပြီဆိုပြီးဖိနပ်ချုပ်သမားခမျာမတ်တပ်က လဲ ကျလုမတတ်ဖြစ်သွားတယ်။ နယ်စားကြီးက အင်မတန်တန်ခိုးထက်တာ၊ သူ့စိတ်နဲ့မတွေ့ရင် နေရာမှာပဲသေဒဏ်ပေးတတ်တယ်ဆိုပြီး နာမည်ကြီး တဲ့ နယ်စားကြီးမို့ ဖိနပ်ချုပ်သမားတုန်လှုပ်ခြောက်ခြားသွားတာ သဘာဝ ကျပါတယ်။

ညှပ်လိုက်တဲ့သားရေချပ်အပိုင်းအစတွေက သေးသေးလေး တွေ ဖြစ်သွားပြီမို့ ဖိနပ်ချုပ်လို့မရတော့ဘူး။ အသုဘချရင် အလောင်းကို ၀တ်ပေးတဲ့ဖိနပ်ပဲ ချုပ်လို့ရတော့မယ်လို့ ဖိနပ်ချုပ်သမားကသူ့ရဲ့ လက် ထောက်ကိုပြောတယ်။ “ငါ့လက်ထောက်လုပ်လာတာမင်းလောက် တော် တဲ့သူမရှိဘူး။ ငါ့ထက်လက်ရာကောင်းတဲ့သူပါ။ ဒါပေမယ့် ဒီတစ်ခါတော့ မင်းဒုက္ခပေးလိုက်တာ ငါတင်မက ငါ့မိသားစုပါ ဒုက်္ခရောက်တော့မယ်၊ လုပ်ရက်လိုက်တာ ငါ့တပည့်ရယ်၊ ဘယ်လို အငြိုးနဲ့ မင်းဒီလို လုပ်တာလဲ” လို့ သူ့ရဲ့ လက်ထောက်ကို မချိတင်ကဲ မေးရှာတယ်။

လက်ထောက်လုပ်တဲ့သူက “ဆရာမစိုးရိမ်ပါနဲ့။ တပည့် ဆရာ့ကို ဒုက္ခမပေးပါဘူး။ ဆရာအေးအေးဆေးဆေးအနားယူပါ။ နယ်စားကြီး မှာတဲ့ ဖိနပ်ကို တပည့်တာဝန်ယူပြီး ချုပ်ထားလိုက်ပါ့မယ်” လို့ ပြောတယ်။ ဖိနပ်ချုပ်သမားလည်း “မင်းကွာ၊ သားရေစက မသာဖိနပ်ဘဲ ချုပ်လို့ရ တော့မှာ။ ဘယ်လိုလုပ်ပြီး နယ်စားကြီးမှာတဲ့ဖိနပ်ကိုချုပ် မှာလဲ။ ပြောစမ်း ပါအုံး” လို့ဆောက်တည်ရာမရမေးနေတုန်းမှာပဲနယ် စားကြီးရဲ့ ကိုယ်ရံ တော်တပ်ဖွဲ့ကတပ်မှူးတစ်ယောက် မြင်းတစ်စီး နဲ့ရောက်လာတယ်။ နယ် စားကြီး မြင်းရထားပေါ်ကအဆင်း မှာလေဖြတ်ပြီး ဆုံးသွားပြီတဲ့။ အဲဒီတော့ ခုနက အပ်ထားတဲ့သားရေချပ်နဲ့ အသုဘဖိနပ်ပဲ ချုပ်လိုက်ပါတော့လို့လာပြန်ပြောတယ်။

ဒါကတော့ ကမ္ဘာကျော် ရုရှား စာရေးဆရာကြီး လီယိုတော် စတွိုင်းရဲ့ ပြဇာတ်ကလေးတစ်ပုဒ်ထဲက ဇာတ်လမ်းတစ်စိတ် တစ်ပိုင်းကို မှတ်မိသလောက်ပြန်ရေးထားတာဖြစ်ပါ တယ်။ ဇာတ်လမ်းထဲက လက်ထောက် ကတကယ်တော့ တန်ခိုးရှင်နတ် သားတစ်ပါးဖြစ်ပါသတဲ့။ တန်ခိုးကြီးတာ ကို အကြောင်းပြုပြီး ထောင်လွှားနေ လို့ ဘုရားက အပြစ်ပေးတဲ့ အနေနဲ့ သူ့ရဲ့တန်ခိုးတွေကို ရုတ်သိမ်းပြီး လူ့ပြည်ကို ပစ်ချထားတာလို့ ဆိုပါတယ်။ လူအဖြစ်နဲ့ ဖိနပ်ချုပ်သမားရဲ့ လက်ထောက်လုပ်ပြီး မေတ္တာကရုဏာ မုဒိတာ တရားတွေ နားလည်လာပြီမို့ အပြစ်က လွတ်တော့မယ့်အချိန်မှာ နယ်စားကြီးရောက်လာတာ၊ နယ်စားကြီးရဲ့ နောက်မှာ သေမင်းလိုက်လာ တာကိုလူဖြစ်နေတဲ့တန်ခိုးရှင် နတ်သားကမြင်တော့ နယ်စားကြီးသေတော့ မယ်ဆိုတာသိနေတယ်၊ ဒါပေမယ့် နယ်စားကြီးကတော့ သူသေတော့မှာ ကို သူ့ဖာသာမသိရှာဘဲ ဖိနပ်ကိုဘယ်လိုချုပ်ဆိုပြီးအသေးစိတ်မှာနေ သေးတယ်။ ကျောင်းတုန်း ကဒီပြဇာတ်ကို ပြဋ္ဌာန်းစာအနေနဲ့ သင်ရတော့ တန်ခိုး ရှင်နတ်သားလို ပတ်ဝန်းကျင်တစ်ခုလုံး အံ့အားသင့်သွားလောက်အောင် အဲဒီလို တန်ခိုးပြနိုင်တာမျိုးကိုသဘောကျမိပါတယ်။ သိပ်ကောင်းတာပဲ လို့ထင်ခဲ့ မိတယ်။ ဒါပေမယ့်အသက်ကလေးနည်းနည်းရလာတော့တစ်မျိုး စဉ်းစား မိပြန်တယ်။ ခဏစောင့်လိုက်တော့ဘာဖြစ်သွားမှာလဲလို့ပါ။ ဖိနပ်ချုပ်သမား ရဲ့လက်ထောက်ဖြစ်နေတဲ့တန်ခိုးရှင်နတ်သားဟာနယ်စားကြီးသေမှာ ကိုတောင် သိနေရင် ကိုယ်ရံတော်တပ်ဖွဲ့က တပ်မှူး ပြန်လာတော့မယ် ဆိုတာကိုလည်း တန်ခိုးနဲ့မသိတောင် စဉ်းစားဆင်ခြင်ပြီး သိမှာပဲ၊ မသိဘဲ မနေလောက်ဘူး။ အဲဒီအချိန်အထိ သားရေစကို မညှပ်သေးဘဲနေလို့ မရဘူးလား။ ဒါဆိုရင် သူ့ဆရာဖိနပ်ချုပ်သမားလည်း စိတ်ဒုက္ခ မရောက်ရတော့ဘူး။ ဆောက်တည်ရာမရ ဖြစ်စရာလည်း မလိုတော့ဘူး။ နောက်ပြီး ဖိနပ်ချုပ်သမားဆီမှာလည်း သာမန်လက်ထောက် တစ်ယောက်အဖြစ် အလိုရှိရင်ဆက်နေသွားလို့ရတာပေါ့။ ဆက်မနေချင် ရင်လည်း ခွင့်တောင်း ပြီးအခြားကိုတိတ်တဆိတ်ထွက်သွားလို့ရတယ်။ အခုလိုအုတ်အော်သောင်း တင်း ဖြစ်စရာမလိုတော့ဘူး။

အလုပ်ထဲမှာတကယ်တမ်းတော်တဲ့သူ၊ ထိပ်တန်းကို တက်မယ့်သူဆို တာ အုတ်အော်သောင်းတင်းဖြစ်လောက်အောင်ထူးခြားတဲ့အရည်အချင်း တွေ ကိုယ့်မှာအမှန်စင်စစ် ရှိနေတယ်ဆိုရင်တောင် အချိန်အခါမဟုတ်ဘဲ နတ်သား တန်ခိုးပြသလိုဟိုးလေးတကျော်ဖြစ်အောင် မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ အုတ်အော်သောင်းတင်းဟိုးလေးတကျော်ဖြစ်အောင် လုပ် စားတဲ့ လိုင်းကသတ်သတ်တစ်လိုင်းပါ။ တကယ်တမ်းလုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ် ပိုင်ခွင့်တွေကို ထိုက်ထိုက်တန်တန်ရချင်တဲ့သူဟာဟိုးလေးတကျော်လုပ်ဖို့ လိုအပ်လို့ တွက်ချက်ချိန်ဆပြီး လုပ်တာကလွဲလို့ ဟိုးလေးတကျော်လိုင်းနဲ့ လိုင်းမပူးသင့်ဘူးဆိုတာ သတိချပ်ရမှာ ဖြစ်ပါတယ်။

ဆရာသုတ
 

No comments:

Post a Comment