Monday, December 4, 2017

Overtime (OT) ခေါ်ကြတဲ့အခါ



စက်ရုံ၊ အလုပ်ရုံများဟာ ပုံမှန်အလုပ်ချိန် (၈)နာရီအတွင်း ထုပ်လုပ်တဲ့ကုန်ထုတ်လုပ်မှုဟာ ပမာဏ Products ကိုမြှင့်တင်ချင်တာပဲဖြစ်ဖြစ်၊ သတ်မှတ်ထားတဲ့ရက်အပိုင်းအခြားအတွင်း သတ်မှတ်ထားတဲ့ကုန်ထုတ်လုပ်မှု Target မရနိုင်တာကြောင့်ပဲဖြစ်ဖြစ်အချိန်ပိုလုပ်ကိုင်ခြင်း Overtime(OT) ကိုမဖြစ်မနေခေါ်ယူကြရပါတယ်။
ကိုယ့်အလုပ်ကိုယ်လုပ်တာပဲဆိုပြီး အချိန်ပို OT ကိုမိမိသဘောမိမိဆန္ဒ အတိုင်းခေါ်လို့မရပါဘူး။ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန Factory and General Labour Laws Inspection Department (FGLLID) ရဲ့ ခွင့်ပြုချက်ရမှာသာ OT ကို ခေါ်ယူခွင့်ရမှာဖြစ်ပါတယ်။
အချိန်ပိုဆောင်ရွက်ပိုင်ခွင့် OT permit (၃)မျိုးသတ်မှတ်ထားပြီး သူ့အမျိုး အစားအလိုက်လိုက်နာဆောင်ရွက်ရမယ့်စည်းကမ်းချက်များ၊ ဝန်ခံကတိပြုချက်များကိုလိုက်နာကြရမှာဖြစ်ပါတယ်။
OT Permit က (၃)မျိုးရှိပါတယ်။ အဲဒါတွေက
(၁) ရက်သတ္တပတ် (တနင်္လာ မှ စနေနေ့) အတွင်းနေ့စဉ်ခေါ်ယူသော OT
(၂) ရက်သတ္တပတ်အလုပ်ပိတ်ရက် (တနင်္ဂနွေ) Sunday တွင်ခေါ်ယူသော
OT
(၃) အစိုးရသတ်မှတ်ထားသောအများပြည်သူအလုပ်ပိတ်ရက်(Gazette) OT စသည်တို့ဖြစ်ပါတယ်။
(၁) ရက်သတ္တပတ်အချိန်ပိုခေါ်ယူခြင်း
(က) OT ဆင်းမည့်ဝန်ထမ်းလုပ်သား အားလုံး၏ မိမိတို့သဘောဆန္ဒအရ OT ဆင်းရခြင်းကိုသဘောတူညီကြောင်း လက်မှတ်ရေးထိုးထားသည့်မှတ်တမ်း (မူရင်း)ပါရှိရမည်။
(ခ) FGLLID ရုံးချုပ်သို့ OT ပြုလုပ်ခွင့်တောင်းခံသည့်လျှောက်လွှာပါရှိရပါမည်။
(ဂ) OT ခွင့်ပြုခြင်းတွင်ပါရှိသည့်စည်းကမ်းသတ်မှတ်ချက်များကိုကျူးလွန်ဖောက်ဖျက်မိပါကဥပဒေနှင့်အညီ အရေး ယူခံရမည်ကိုသိရှိကြောင်း အလုပ်ရှင်နှင့်ကိုယ်စားအုပ်ချုပ်သူမန်နေဂျာမှလက်မှတ် ရေး ထိုးထားသည်။ ဝန်ခံကတိပါရှိရမည်။
(ဃ) OT ခေါ်ယူမည့်နေ့အတွက်အလုပ်ချိန်ဇယားနှင့်အလုပ်သမား ဦးရေပါရှိရပါမည်။
(၎င်းပုံစံတွင်အလုပ်(ပုံမှန်)စတင်ချိန်၊ နား ချိန်၊ ပြီးဆုံးချိန်၊ OT အလုပ်မစတင်ခင်အနားပေးချိန်၊ OT အလုပ်စတင်ချိန်၊ OT အလုပ်ပြီးဆုံးချိန်စသည်တို့ကိုတိတိကျကျဖော်ပြထားပါသည်။)
အဲဒီမှာသိရှိထားရမှာက OT အလုပ်ချိန်ကိုတနင်္လာနေ့မှစနေနေ့အထိနေ့စဉ် (၃)နာရီထက်ပိုပြီးခေါ်ယူခွင့်မရှိတဲ့အချက်ပဲဖြစ်ပါတယ်။
(၂) တနင်္ဂနွေ (ရက်သတ္တပတ်အလုပ်နားရက်) OT အချိန်ပိုခေါ်ယူခြင်း
(က) OT ဆင်းမယ့်ဝန်ထမ်းလုပ်သားအားလုံးရဲ့ သဘောတူညီကြောင်း လက်မှတ်(မူရင်း) မှတ်တမ်းပါရှိရပါမည်။
(ခ) OT အလုပ်ချိန်ကို (၈)နာရီထက်ပိုခိုင်းလို့မရပါ။
(ဂ) အလုပ်ချိန် (၅)နာရီတစ်ဆက်တည်းခိုင်းပြီးသည်နှင့်နားချိန်အနည်း ဆုံး (၃၀)မိနစ်ပေးနားရပါမည်။
(ဃ) တနင်္ဂနွေနေ့သည် တရားဝင်သတ်မှတ်ထားသည့် ရက်သတ္တပတ်နားရက်ဖြစ်သောကြောင် OT ခေါ်ယူမည့် တနင်္ဂနွေနေ့၏ မတိုင်ခင် (၃)ရက် (ကြာသပတေး၊ သောကြာ၊ စနေ)ထဲမှ (၁)ရက် (သို့မဟုတ်) တနင်္ဂနွေနေ့နောက်ပိုင်း (၃)ရက် (တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး)ထဲမှ (၁)ရက်ရက်စားအနားပေးမှုပြုလုပ်ပါမည်ဆိုတဲ့ ဝန်ခံကတိပါရှိရပါမည်။
ဒီနေရာမှာသိရှိထားရမည့်အချက်က OT ခေါ်တဲ့ တနင်္ဂနွေနေ့အတွက်ရက်စားအနားပေးခြင်းကို အမှန်တကယ်ဆောင်ရွက်ရမည်ဆိုတာရယ် အနားမပေးဘဲလုပ်အားခပိုပြီးပေးကာဆက်တိုက်အလုပ်ခိုင်းလို့မရဘူးဆိုတာပါပဲ။
နောက်တစ်ချက်ကှကညိပေ OT ကိုတစ်ပတ်ခြားသာခွင့်ပြုတာမို့တစ်လကို (၂)ကြိမ်ထက်ပိုခွင့်မပြုပါဘူး။
သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ရမှာဆိုရင်တော့ Sunday OT ကို အတတ်နိုင်ဆုံး မခေါ် တာပိုကောင်းပါတယ်။ ခေါ်ယူလိုက်တဲ့ တနင်္ဂနွေအချိန်ပို Sunday OT အတွက်နားရက်အစားထိုးပြန်ပေးရတာမို့ Overtime အချိန်ပိုအလုပ်လုပ်တယ်သာအမည်ခံရတာပါ။ တစ်ရက်အစား အနားပြန်ပေးရတာနဲ့ဆိုရင်ဘာမှမထူးပါဘူး။ ပုံမှန်အလုပ်ဆင်းရက်ကရရှိမည့် Productivity က Sunday OT ကနေရရှိမည်။ ထုတ်ကုန်ထွက်ရှိမှုထက်သာလွန်တာကိုအတွေ့အကြုံအရသိရှိခဲ့လို့ပါပဲ။
(၃) အများပြည်သူအလုပ်ပိတ်ရက် Gazette တွင် OT ခေါ်ယူခြင်း
(က) OT ဆင်းမယ့် ဝန်ထမ်းလုပ်သားတွေအားလုံးရဲ့ OT ဆင်းရန်သဘောတူညီကြောင်း ဝန်ခံ ဂတိပြုလက်မှတ်အပြည့်အစုံပါရှိရပါမယ်။
(ခ) FGLLID ရဲ့ OT Permit နဲ့ပတ်သက်တဲ့စည်းကမ်းချက်များ လိုက်နာရပါမယ်။
(ဂ) Sunday OT ရော Gazette Holiday OT ပါအလုပ်ချိန် (၈)နာရီထက်ကျော်လို့မရပါဘူး။
(ဃ) အများပြည်သူရုံးပိတ်ရက်ဟာ Sunday နဲ့မတူပါဘူး။ နေ့ကြီး ရက်ကြီးတွေဖြစ်တဲ့အတွက် ဝန်ထမ်းလုပ်သားတွေရဲ့ အပန်းဖြေမှု၊ လူမှုရေးကိစ္စတွေသွားလာဆောင်ရွက်မှုတွေရှိတတ်ကြတဲ့ရက်တွေမို့ ဝန်ထမ်းလုပ်သားတော်တော်များများက အဲဒီ OT ခေါ်ယူမှုကိုမလိုလားကြတဲ့အတွက်တင်းပြည့်ကျပ်ပြည့်လုပ်အား Full Capacity မရနိုင်လောက်ပါဘူး။
(င) Gazette OT ရဲ့သိရမည့်အချက်ကရက်စားအနားပေးစရာမလိုတဲ့အချက်ဖြစ်ပါတယ်။
အထက်ဖော်ပြပါ OT ပုံစံ (၃)မျိုးစလုံးမှာညဘက် (၉)နာရီထက်အချိန်လွန်ခေါ်ယူခွင့်မရှိသလိုလူငယ်အလုပ်သမား Young Worker တွေကိုလည်း မည်သည့် OT အမျိုးအစားတွင်မှ ခေါ်ယူခြင်း ခွင့်မပြုတဲ့အချက်ဖြစ်ပါတယ်။
အချိန်ပိုခေါ်ယူခြင်း OT ကိုဖြစ်ပေါ်စေခဲ့တဲ့အလုပ်ရှင်ရောအလုပ်သမားပါ OT ရဲ့ ကောင်းကျိုးကိုဆက်စပ်ခံစားကြရပါတယ်။
အလုပ်ရှင်အနေနဲ့ကပုံမှန်အလုပ်ချိန် (၈)နာရီအတွင်း သတ်မှတ်ထားတဲ့အလုပ်ပြီးစီးမှုပမာဏကိုရရှိမယ်ဆိုရင် OT ကို ခေါ်ယူမှာမဟုတ်ပါဘူး။ သို့သော်ပုံမှန်ကုန်ထုတ်လုပ်မှုထက်ပိုမိုထုတ်လုပ်ချင်တဲ့ဆန္ဒရှိတယ်ဆိုရင်လည်း OT ကို ခေါ်ယူနိုင်ပါသေးတယ်။ ဒီဘက်ခေတ်အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ချက် Minimum Wages ထွက်ပေါ်လာပြီး နောက်ပိုင်းမှာတော့ OT တွေကို ခေါ်ယူမှုလျော့နည်းလာပြီး ပုံမှန်အလုပ်အချိန်အတွင်း Production Target ကိုတိုးမြှင့်သတ်မှတ်တာတွေရှိလာပါတယ်။ ဟုတ်တယ်လေ Minimum Wages က တစ်နာရီကို (၄၅၀)ကျပ်ဆိုတော့ OT တစ်နာရီနှုန်းက (၉၀၀)ကျပ်ဖြစ်လာတာမို့လား။
ဒီမှာတင် ဝန်ထမ်းလုပ်သားတွေဘက်ကလည်း ယခင်ကာလတွေတုန်း က OT ဆင်းဖို့တော်တော်ကို စည်းရုံးကြရပါတယ်။ Minimum Wages ပြီး လစာစာတိုင်တွေထဲက Bonus အမျိုးမျိုးတွေကိုလျှော့ချ၊ ဖြုတ်ချသွားတဲ့အတွက်လစာပမာဏကလျော့ကျသွားသလို၊ OT Rate က တက်လာတဲ့အတွက်တစ်လလုံးဆင်းရင် OT Payment Amount က တက်လာတာကြောင့်မို့လို့ OT ဆင်းဖို့ကို စိတ်ဝင်စားမှုရှိလာ ကြတာတွေ့ရပါတယ်။
Credit : အလယ်လူ

Annual training plan


Training Manager တစ်ယောက်အတွက် လုပ်ဆောင်စရာတွေ အများကြီးအထဲကနေ Annual Training Plan တစ်ခု ဘယ်လိုရေးဆွဲရမလဲဆိုတာလေးကို ပြောပြချင်ပါတယ်။ HR နဲ့ပတ်သက်တဲ့ လေ့လာစရာတွေကတော့ အများကြီးဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေကျတော့ ကိုယ်တကယ်လုပ်ရတာတွေနဲ့ အံဝင်ဂွင်ကျဖြစ်ဖို့ အတော်ခက်ခဲတတ်တာကို သတိထားမိပါတယ်။ Learning & Development နဲ့ ပတ်သက်ပြီး သင်ကြတာတွေ အများကြီးဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကို နောက်လာမယ့်နှစ်အတွက် Training Plan တစ်ခုဆွဲပါလို့များ လူကြီးကနေ ခိုင်းလာခဲ့မယ်ဆိုရင် ကိုယ်ဘယ်နေရာကနေစလုပ်မလဲ။ အတော်တော့ အဆင်မပြေတဲ့ကိစ္စဖြစ်ပါတယ်။ HR စာအုပ်အထဲမှာပါတဲ့ သီအိုရီတွေကို ထိုင်ရွတ်နေလို့ လည်း ဒီ Plan က ကိုယ့်ရဲ့အရှေ့ကို ရောက်လာမှာ မဟုတ်တော့ အတော်လေးခက်ပါတယ်။ 
ဒီနေရာမှာ အကြံပေးချင်တာက ကိုယ့်ရဲ့ကုမ္ပဏီမှာ အရင်က Annual Training Plan တွေလုပ်ခဲ့ဖူး လား၊ ဘယ်လိုလုပ်ခဲ့ကြလဲ၊ ဒါကို လေ့လာ သင့်ပါတယ်။ နောက်တစ်ခုက Annual Training Plan လို့ဆိုပေမဲ့ ကိုယ့်ကို တာဝန်ပေးတဲ့လူကြီးရဲ့စိတ်ထဲမှာ ဘာကိုလို ချင်တာလဲဆိုတာကိုလည်း သေသေချာချာ သိအောင်လုပ်ရမယ်။ ကိုယ့်အထင်နဲ့ ကိုယ် လုပ်လိုက်ပေမယ့် သူမျှော်လင့်ထားတာမျိုး မဟုတ်ခဲ့ရင်လည်း ကြိုးစားထားသမျှ အရာ မထင်ဖြစ်သွားနိုင်သေးတယ်။ ဒီတော့ သူ့ကို Annual Training Plan နဲ့ပတ် သက်ပြီး ဘယ်လိုမျိုးကိုလိုချင်တာလဲဆို တာကို ပြန်ပြီးသေသေချာချာ မေးမြန်း သင့်ပါတယ်။
ပုံမှန်အားဖြင့်ဆိုရင် Annual Training Plan တစ်ခုမှာ (1) Executive Summary, (2) Schedule of the program, (3) Budget, (4) Training Calendar, (5) Course Description ဆိုတာတွေပါ ဝင်တတ်ပါ တယ်။
Executive Summary မှာဆိုရင် ကိုယ့်ကုမ္ပဏီရဲ့ Goals တွေနဲ့ Objectives တွေပါဝင်တယ်။ ဒီနေရာမှာ Goal ဆိုတာက လိုချင်တဲ့ Outcome တွေဖြစ်ပါ တယ်။ အဲ့ဒါကို ရရှိဖို့ strategy တွေချရပါတယ်။ ဒီ strategy တွေအောင်မြင် ဖို့အတွက် လုပ်ဆောင်ရမယ့်အဆင့်တွေကို တော့ objectives တွေလို့ အကြမ်းဖျဉ်း ယူဆလို့ ရပါတယ်။ ပြီးရင် ကိုယ်လုပ်ခဲ့ တဲ့ Training Needs Analysis တွေရဲ့ ရလဒ်အကျဉ်းတွေကို ဖော်ပြရပါတယ်။ နောက်တစ်ခု ကိုယ့် Training Plan ရဲ့ ooverview ကို တင်ပြသင့်ပါတယ်။ ကိုယ့် ရဲ့ Plan အထဲမှာ ဘယ်လို program တွေပါဝင်သလဲ၊ ဘာကြောင့်လဲဆိုတဲ့ အ ကျဉ်းချုံးလေးကို ဆိုလိုတာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ကိုယ့်ရဲ့ Training Plan က ထိရောက်မှုရှိတယ် မရှိဘူး ဆိုတာကို ဘယ်လိုအရာတွေနဲ့ တိုင်းတာနိုင်မလဲဆိုတာလေးတွေပါသင့်ပါတယ်။
Schedule of the program ဆိုတာကတော့ ကိုယ့်ကုမ္ပဏီမှာရှိတဲ့ ဝန် ထမ်း level အမျိုးအစားအလိုက် ဘယ်လို Program တွေကို တစ်နှစ်မှာ ဘယ်နှစ် ကြိမ်လုပ်မှာလဲ၊ တစ်ကြိမ်မှာ လူဘယ်နှစ် ယောက် မှန်းထားလဲ၊ တစ်နှစ်လုံးအတွက် လူဘယ်နှစ်ယောက်စာလောက်လျာထား လဲ၊ စာသင်ချိန် ဘယ်နှစ်နာရီလောက်ရှိမလဲ၊ ဆိုတာတွေကို အကြမ်းဖျင်းတင်ပြထားရ မှာဖြစ်ပါတယ်။
Budget ဆိုတာကတော့ ခုနက စဉ်း စားထားတဲ့ program တွေအရ ကုန်ကျ စရိတ်ခန့်မှန်းငွေ ဘယ်လောက်ရှိမှာလဲ ဆိုတာကို အကြမ်းဖျင်းတွက်ချက်ထား တာကို ဆိုလိုပါတယ်။ ဝန်ထမ်း level အမျိုးအစားအလိုက် လုပ်ပေးထားတဲ့ Program တွေ တစ်နှစ်မှာ ဘယ်နှစ်ကြိမ် လုပ်မှာလဲ၊ ဘယ်နှစ်ယောက်တက်မှာလဲ၊ တစ်ယောက်ကို ဘယ်လုပ်ကုန်မလဲ။ ဒီလိုပြောတဲ့နေရာမှာ trainer fees တွေ၊ development fees တွေ၊ material cost တွေ၊ rental/refreshment cost တွေ၊ travelling cost တွေအားလုံးကို ထည့်သွင့်စဉ်းစားထားရမှာ ဖြစ်ပါတယ်။
Training Calendar ဆိုတာကတော့ ပြက္ခဒိန်တစ်ခုလို လအလိုက် ဘယ်လရဲ့ဘယ်ရက်တွေမှာ ဘာသင်တန်းတွေကို လျာထားတယ်ဆိုတဲ့ (၁၂)လစာ ပြက္ခဒိန်ပုံစံကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့ အခါမှာ တစ်နှစ်အတွင်းမှာ ရှိနိုင်တဲ့ ရုံးပိတ်ရက်တွေ၊ လုပ်ငန်းအလုပ်များမယ့်ကာလတွေ၊ လူအများ မအားမယ့်အချိန်တွေကို ထည့်သွင်းစဉ်းစားထားရမှာ ဖြစ်ပါတယ်။
Course Description ဆိုတာကတော့ လိုအပ်ချက်အရ ကိုယ်စီစဉ်ပေးမယ့် program တစ်ခုချင်းဆီရဲ့အကြောင်းလေးတွေကို catalog ပုံစံလုပ်ထားတာကို ဆိုလိုပါတယ်။ ဒီ catalog မှာ course title တွေ၊ course ရဲ့ objectives တွေ၊ ကြာချိန်၊ ဘယ်သူသင်မှာလဲ၊ လူအများဆုံးဘယ်လောက် တက်နိုင်မလဲ၊ ဘယ်လိုလူတွေ တက်သင့်သလဲဆိုတဲ့အချက်တွေ ပါဝင်သင့်ပါတယ်။
အခုပြောပြခဲ့တာတွေကတော့ Annual Training Plan တစ်ခုမှာ ပါဝင်လေ့ရှိတဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အရေးကြီးတာက ဘယ် program တွေကို ထည့်သွင်းသင့်သလဲလို့ စဉ်းစားဖို့အတွက် လိုအပ်တဲ့ Training Needs Analysis ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ Annual Training Plan ဟာ လိုအပ်ချက်အရ ပြင်ဆင်ထားတာဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒီလိုလုပ်ဖို့နည်းလမ်းတွေကတော့ အမျိုးမျိုးပြောကြပါတယ်။ ကိုယ်နဲ့အဆင်ပြေတဲ့နည်းလမ်းကို ရွေးချယ်လုပ်ဆောင်နိုင်ပါတယ်။ တကယ်လို့ ဘယ်လိုလုပ်ရမှန် မသိဘူးဆိုရင်တော့ အောက်မှာ ပြောပြထားသလို လုပ်ကြည့်နိုင်ပါတယ်။
ပထမအဆင့်အနေနဲ့ ကိုယ့်လုပ်ငန်းရဲ့ အကြီးအကဲကို ချဉ်းကပ်ပြီး ကုမ္ပဏီရဲ့အခြေအနေ (SWOT)၊ တကယ့် training လိုအပ်ချက်တွေ၊ နောက်နှစ်အတွက်ထားရှိချင်တဲ့ raining focus တွေ၊ target တွေကို မေးမြန်းဆွေးနွေးသင့်ပါတယ်။
ဒုတိယအဆင့်အနေနဲ့ ကိုယ့်လုပ်ငန်းမှာရှိတဲ့ဌာနမှူးကြီးများနဲ့ တွေ့ဆုံမေးမြန်းသင့်ပါတယ်။ ဌာနရဲ့ development လိုအပ်ချက်တွေ၊ trainng လိုအပ်ချက်တွေ၊ နောက်နှစ်အတွက်ထားရှိချင်တဲ့ training focus တွေ၊ target တွေကို ဆက်လက်မေးမြန်းဆွေးနွေးသင့်ပါတယ်။
တတိယအဆင့်အနေနဲ့ ဝန်ထမ်းများကို တွေ့ဆုံမေးမြန်းရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ ဝန်ထမ်း အားလုံးကို ပါဝင်စေဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် randomly ရွေးချယ်လို့ focus group တွေကိုသာ မေးမြန်းရမှာဖြစ်ပါတယ်။ အဓိကကတော့ သူတို့မှာ ဘာ challenges တွေရှိနေလဲ၊ အရင်က ရရှိခဲ့ဖူးတဲ့ သင်တန်းတွေအပေါ်သုံးသပ်ချက်တွေ၊ သူတို့အလုပ်ကို ပိုပြီးထိထိရောက်ရောက်လုပ်နိုင်ဖို့ ဘယ်လို program တွေလိုအပ်ပါသလဲ စတာတွေကို မေးမြန်းသင့်ပါတယ်။
လိုအပ်ပါက Training Needs Analysis Survey ကို လုပ်ကိုင်နိုင်ပါတယ်။ အပေါ်မှာ ပြောထား တဲ့အချက်နဲ့ပဲ လုံလောက်ရင်လည်း မလုပ်လို့ ရပါတယ်။ TNA survey လုပ်မယ်ဆိုရင်တော့ အရင်ဆုံး မေးခွန်းကို design လုပ်ရမှာ ဖြစ်ပါတယ်။ ပြီးရင် survey ကို ဘယ်လို မေးမြန်းမယ်ဆိုတဲ့ administration ကို စဉ်းစားရပါမယ်။ ရလာတဲ့ရလဒ်တွေကို analysis လုပ်ရပါမယ်။ ပြီးရင် report တွေ၊ မှန်မမှန် verify လုပ် တာတွေကို လုပ်ဆောင်ပြီး ဘယ်လိုအပ်ချက်ကို ဦးစားပေးလုပ်ဆောင်မလဲဆိုတာ ကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
အခုပြောခဲ့တဲ့အဆင့်တွေကို လုပ်ဆောင်ခြင်းအားဖြင့် ကိုယ့်လုပ်ငန်းရဲ့ Learning & Development လိုအပ်ချက်တွေကို အနည်းနဲ့အများဖော် ထုတ်လာနိုင်မှာဖြစ်ပြီး ဒီလိုအပ်ချက်တွေအပေါ်မူတည်ပြီး အစမှာရှင်းပြခဲ့ တဲ့အတိုင်း Annual Training Plan တစ်ခုကို ရေးဆွဲသွားရမှာဖြစ်ပါတယ်။ ဒီအကြောင်း အရာတွေကတော့ အပြောကလွယ်ပေမယ့် လက်တွေ့မှာတော့ အတော်လေးကြိုးစားအားထုတ်ရမှာဖြစ်ပါ တယ်။ ဒါပေမဲ့လည်း ဒီကြိုးစားအားထုတ်မှုဟာ အလကားမဖြစ်သွားပါဘူးဆိုတာကို ရှင်းပြရင်း Annual Training Plan တွေကို လုပ်ငန်းလိုအပ်ချက်အရရေးဆွဲသွားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
Creidt : စောကယ်ရီဝင်း (KC Myanmar)

Sunday, December 3, 2017

"Best Follower"



ဒီနေ့ နယ်ပယ်အသီးသီးမှာ ဦးဆောင်နေကြသူတွေကို ကြည့်လိုက်ရင် အများစုဟာ နောက်လိုက်ကောင်း ဖြစ်ခဲ့ကြတာကို တွေ့ရမှာပါ..။ “အောက်သက်ကြေတယ်” ဆိုတာ ခေါင်းဆောင် ဖြစ်ဖို့ လမ်းစ ပါပဲ..။ ခေါင်းဆောင် ဆိုတဲ့ နေရာကို နေ့ချင်းညချင်း ရောက်မယ်လို့ ထင်ပြီး ခေါင်းဆောင်နည်း သင်တန်းတွေကို တက်ထားရုံနဲ့ မဖြစ်နိုင်ပါဘူး..။ ခေါင်းဆောင်နည်း သင်တန်းတွေက “ခေါင်းဆောင်လုပ်နည်း” ကိုပဲ သင်ပေးတာပါ.. ခေါင်းဆောင် ဖြစ်အောင် လုပ်ပေးတာ မဟုတ်ပါဘူး..။ ခေါင်းဆောင် ဖြစ်လာရင် ဘာတွေ လုပ်ရမယ်..။ ခေါင်းဆောင်ဖြစ်ချင်ရင် ဘယ်လို နေထိုင်ကျင့်ကြံရမယ် ဆိုတာ တွေကို သင်ပေးတာပါ..။ ခေါင်းဆောင်ဖြစ်အောင် လုပ်ပေးလိုက်တာ မဟုတ်ပါဘူး..။ ခေါင်းဆောင်ဖြစ်ချင်ရင်တော့ ကိုယ်တိုင် ကြိုးစား ရမှာပါ..။ ကိုယ်ဦးဆောင်ချင်တဲ့ နယ်ပယ် အကြောင်းကို သေသေချာချာ ထဲထဲဝင်ဝင် သိဖို့က တော့ “အောက်သက်ကြေ” ခဲ့ဖို့ လိုပါလိမ့်မယ်..။ အောက်သက်ကြေဖို့ ဆိုရင် သူများနောက်ကို အရင်လိုက်ရမှာပေါ့..။ အပေါ်မှာ နေရာယူပြီး အောက်သက်ကြေချင်လို့ မရနိုင်ပါဘူး..။ 
ကိုယ်ဦးဆောင်လို့ ရနိုင်မယ့် နယ်ပယ်ကို အရင်ရွေးရပါမယ်..။ ကိုယ်ရွေးလိုက်တဲ့ နယ်ပယ်အကြောင်းကို အသေးစိတ် ထဲထဲဝင်ဝင် သိဖို့လိုပါတယ်..။ သိဖို့ လိုတယ်ဆိုလို့ အရာရာကို လက်တွေ့ကျကျ ကျွမ်းကျင်ရမယ် လို့ ဆိုလိုတာ မဟုတ်ပါဘူး..။ နှံ့နှံ့စပ်စပ် ထိုးထိုးထွင်းထွင်း သိနိုင်ဖို့ လိုတယ် လို့ ပြောတာပါ..။ ပြီးတော့ ဆုံးဖြတ်နိုင်စွမ်း.. ညှိနှိုင်းနိုင်စွမ်း ဆိုတာကလည်း သိပ်ကို အရေးပါပါတယ်..။ ညှိနှိုင်းတယ် ဆိုတာ နားဝင်ချိုအောင် ပြောတာပါ..။ တကယ်တော့ “အပေးအယူ” လုပ်ရတာပါ..။ ကိုယ်က တစ်ခုခုလိုချင်တယ်.. ဒါဆိုရင် ကိုယ့်ဖက်ကလဲ တစ်ခုခု ပြန်ပေးမှ ဖြစ်မှာပေါ..။ ပေးချင်သူနဲ့ ယူချင်သူ.. ။ ပေးနိုင်တာနဲ့ လိုချင်တာ အံဝင်ခွင်ကျ ဖြစ်သွားရင် ညှိနှိုင်းမှု အောင်မြင်တာပါပဲ..။ ပြောရတာ လွယ်ပေမယ့် လုပ်ရတာ ခက်ပါတယ်..။ လူ့သဘာဝအတိုင်း ကိုယ်ကပဲ ယူချင်တာ ကိုယ့်ဖက်က ပြန်ပေးရမှာတော့ နှမျောတယ်လေ..။ ဒါကြောင့် ညှိနှိုင်းမှုတစ်ခုအောင်မြင်ချင်ရင် ပေးတတ်ပါစေ.. ပေးတတ်ဖို့ လိုပါတယ်..။ မပေးရင် ဘာမှ မရပါဘူး..။ အဲဒီ အလေ့အကျင့်ကို နောက်လိုက်ဘဝမှာကတည်းက ကျင့်ကြံထားဖို့ လိုပါတယ်..။ ပေးမှ ရမယ် ဆိုတာ သိထားရပါမယ်..။
နောက်လိုက် ဘဝမှာ လေ့ကျင့်ထားရမယ့် နောက်ထပ် အရည်အချင်းတစ်ခုက နာခံတတ်ဖို့ပါ..။ ကိုယ့်ထက် အတွေ့အကြုံများသူ ကိုယ့်ထက် ဝါသမ္ဘာကြီးသူက လမ်းညွှန်ရင် လိုက်နာ တတ်ရပါတယ်..။ ခေါင်းဆောင်တွေ ဟာ လိုက်နာတဲ့ သူတွေကို နှစ်သက်လေ့ရှိပါတယ်..။ ကိုယ့်ကို ပေးတဲ့ လမ်းညွှန် မှုက မရှင်းလင်းလို့ နားမလည် လို့ ဆိုရင် ပြန်မေးသင့်ပါတယ်..။ ရှင်းရှင်းလင်းလင်း ရှိပါရက်နဲ့ မနာခံတာ.. ဆန့်ကျင်တာ ဆိုရင်တော့ နောက်လိုက်ကောင်း လို့ မဆိုနိုင်တော့ပါဘူး..။

နောက်ထပ်တစ်ခုကတော့ ကိုယ့်ကို ပေးထားတဲ့ တာဝန်ပြီးဆုံးအောင် ဆောင်ရွက်ပြီးရင် အကြီးအကဲကို ပြန်ပြီး သတင်းပို့ဖို့ လိုပါတယ်..။ လုပ်တော့ လုပ်လိုက်တယ်..။ ပြီးလဲ ပြီးသွားတယ်..။ ဒါပေမယ့် ကိုယ့်တာဝန်ပြီးဆုံးကြောင်း ပြန်သတင်းမပို့ရင် ပြီးဆုံးပြီလို့ မယူဆနိုင်ပါဘူး..။ ကိုယ်တာဝန်ယူဆောင်ရွက်လိုက်ရတဲ့ ဆောင်ရွက်ချက်ဟာ အောင်မြင်သွားတာတဲ့ ဖြစ်နိုင်သလို ဆုံးရှုံးသွားတာလဲ ဖြစ်နိုင်ပါတယ်..။ ကိုယ့်အထက်က တာဝန်ရှိသူ (ကိုယ့်ကို ညွှန်ကြားသူ) ကို ပြန်ပြီး သတင်းပို့ထားမှ ရှေ့ဆက် ဘာလုပ်ရမယ် ဆိုတာ သိနိုင်မှာပါ..။

အောက်သက်မကြေခဲ့ရင် ….. နောက်လိုက်ကောင်း မဖြစ်ခဲ့ရင် .. ခေါင်းဆောင်ကောင်း မဖြစ်နိုင်တော့ ဘူးလား လို့ မေးနိုင်ပါတယ်..။ ဖြစ်နိုင်ပါတယ်..။ အောက်သက်မကြေခဲ့တဲ့ အတွက် လက်အောက်ငယ်သားတွေရဲ့ ခံစားချက် ကို မသိနိုင်တာ တစ်ခုပဲ ရှိပါတယ်..။ အဲဒီကိစ္စက တော်တော်အရေးကြီးတဲ့ (Qualitative factor) ဖြစ်ပါတယ်..။ တခြား ကျွမ်းကျင်မှုတွေ နှံ့စပ်အောင် လေ့လာလို့ ရနိုင်ပေမယ့် .. ငယ်သား ဘဝရဲ့ ခံစားချက် .. သံယောဇဉ် သစ္စာတရား ဆိုတာတွေကို ခံစား နားလည်ဖို့တော့ ခက်ပါလိမ့်မယ်..။ 
ဒါကြောင့် နောင်တစ်ချိန်မှာ ဦးဆောင်နိုင်တဲ့ ခေါင်းဆောင် ဖြစ်လိုသူတွေ “အောက်သက်ကြေ” တဲ့ နောက်လိုက်ကောင်းတွေ ဖြစ်ခဲ့စေချင်ပါတယ်..။ 
ချစ်ခင်စွာဖြင့်
ကောင်းလွန်း (၂.၁၂.၂၀၁၆)

Progressive Discipline

အရေးယူမှုအဆင့်ဆင့်အကြောင်း

(ဥပဒေကြောင်းအရ မဟုတ်ပါ၊ HR လုပ်ထုံးလုပ်နည်းနှင့် HR ရှုထောင့်မှဖြစ်သည်။)
လုပ်ငန်းတစ်ခုမှာ ဝန်ထမ်းရေးရာ အရေးယူရမယ့်အကြောင်း တစ်ခုနဲ့ ပတ်သက်လို့ ဆွေးနွေးအကြံပေးခဲ့ရတာလေးကို အခြေခံပြီး ဒီစာလေးကို HR များအတွက် ရေးဖြစ်ပါတယ်။
HR များရဲ့ လုပ်သက်တစ်လျှောက်မှာ ဝန်ထမ်းရွေးချယ်ခန့်ထားခြင်း အဆင့်ဆင့်မှာ မည်မျှပင်ဂရုထားစေကာမူ ရွေးချယ်ခန့်ထားပြီးသည့် ဝန်ထမ်းများထဲမှာ စည်းကမ်းပိုင်းဆိုင်ရာဖြစ်စေ၊ အလုပ်တာဝန် ထမ်းဆောင်မှုပိုင်းဆိုင်ရာဖြစ်စေ သတိပေးအရေးယူမှုများဟာ မလွှဲသာမရှောင်သာ ကြုံကြရမှာပဲဖြစ်ပါတယ်။ အဲသည်အခါ ဘယ်လို တွေးဆသင့်သလဲ ဘယ်လို လုပ်သင့်သလဲ ဆိုတာလေးတွေ အကြံပြုရေးသားသွားပါ့မယ်။

ပထမဆုံး Progressive Discipline Policy ဆိုတာလေးကို ရှင်းပါမယ်။
လုပ်ငန်းခွင်တွေမှာ အရေးယူမှုများလုပ်ရတဲ့အခါ (ကြီးလေးသောပြစ်မှုများမှလွဲ၍)
အတန်ငယ် ပျောပြောင်းတဲ့အရေးယူမှုကနေ တစ်ဆင့်ပြီးတစ်ဆင့် ပြင်းထန်တဲ့ အရေးယူမှုအဆင့် ကို သွားသင့်တာကို ပြောတာပါ။ ဘာ့ကြောင့် ဒါမျိုးလုပ်သင့်တာလဲ ဆိုရင် တစ်ကြိမ် တစ်ခါ မှားတဲ့ အမှားမျိုး၊ တစ်ကြိမ်တစ်ခါ လစ်ဟင်းမှုမျိုး ကို ခွင့်လွှတ်ပြီး ဝန်ထမ်းကို ပြန်လည်ပြင်ဆင် နိုင်ခွင့်ပေးနိုင်ဖို့ပါ။ တစ်ကြိမ်တစ်ခါ အမှားမျိုးကြောင့် အမြင့်ဆုံးအရေးယူမှုဖြစ်တဲ့ အလုပ်က ထုတ်ပယ်ခြင်း ပြုတဲ့အခါ ပြစ်မှုနဲ့ မမျှတတဲ့ အရေးယူမှုမျိုး ဖြစ်တဲ့အခါ ဝန်ထမ်းများရဲ့ စိတ်ဓာတ်ပိုင်း ကိုသက်ရောက်မှုရှိပါတယ်။ ထစ်ခနဲရှိတာနဲ့ ဖြုတ်တယ် ဆိုတာမျိုးဟာ ကောင်းမွန်တဲ့ လုပ်ငန်းခွင်သဘောမဆောင်ပါဘူး။ နောက်တစ်ခုက သည်ဝန်ထမ်းအပေါ်မှာ ရင်းနှီးမြှုပ်နှံထားရတဲ့ စရိတ်ဆုံးရှုံးမှု ဖြစ်ပေါ်စေတယ်။ ခန့်ထားခြင်းမှသည် ယင်းအချိန်အထိ သင်ကြားလေ့ကျင့်ပေးထားမှုများနဲ့ ရရှိပြီးတဲ့ အတွေ့အကြုံများ ဆုံးရှုံးရမှုရှိပါတယ်။
ဒ့ါကြောင့် အလွယ်တကူ လက်လွတ်စပယ် ထုတ်ပယ်ခြင်းမျိုးထက် ပိုမို မျှတသော အသွင်ကိုဆောင်သည့် ပျော့ပြောင်းသည့် အရေးယူမှများမှ စတင်ရမှာ ဖြစ်ပါတယ်။
အရေးယူသတိပေးမှု အဆင့်ဆင့်ကတော့ အကြမ်းအားဖြင့် အောက်ပါ အတိုင်း ဖြစ်သင့်ပါတယ်။
၁။ နှုတ်ဖြင့် ခေါ်ယူဆွေးနွေးဆုံးမခြင်း (မှတ်တမ်းမတင်ဘဲထားလိုက ထားနိုင်ပါတယ်)
၂။ နှုတ်ဖြင့် သတိပေးခြင်း (နှုတ်ဖြင့်သတိပေးထားကြောင်း မှတ်တမ်းတင် ဖိုင်တွဲနိုင်)
၃။ စာဖြင့်ရေးသား သတိပေးခြင်း
၎။ ဒုတိယအကြိမ် စာဖြင့် ရေးသား သတိပေးခြင်း
၅။ နောက်ဆုံးအကြိမ် သတိပေးခြင်း
၆။ အလုပ်မှ ထုတ်ပယ်ခြင်း (Dismissal) တို့ဖြစ်ပါတယ်။
အဲသည်ထဲမှာ မဖော်ပြထားသေးတဲ့ Suspension (ရာထူးမှ ခေတ္တရပ်ဆိုင်းထားခြင်း) ဆိုတာ တစ်ခု ရှိပါသေးတယ်။
ပထမဆုံး သိရမှာက ဘာကြောင့် သတိပေးအရေးယူမှုတွေ ရှိသင့်တာလဲ ?
အမှားလုပ်တဲ့ဝန်ထမ်း၊ စည်းကမ်းမလိုက်နာတဲ့ ဝန်ထမ်းကို ဒီအတိုင်း လွှတ်ထားတာထက် သူဘာမှားသွားလဲ၊ ဘာ့ကြောင့်မှားလဲ၊ ဘယ်လိုပြုပြင်သင့်သလဲ ဆိုတာကို ခေါ်ယူဆွေးနွေး အသိပေးပြီး ပြုပြင်ရန် အခွင့်အရေး ပေးထိုက်ပါတယ်။ ဒါမှသာ စွမ်းဆောင်မှုကောင်းတဲ့စနစ်ကျနတဲ့ နေပျော်သော လုပ်ငန်းခွင်ကောင်း တစ်ခု ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒ့ါကြောင့် လုပ်ဖို့ လိုအပ်ပါတယ်။
အရေးယူမှုတွေ ရှိနေတာကိုတောင် "နေပျော်သော" လို့ ဘာ့ကြောင့်ပြောရလဲ ဆိုရင် စည်းကမ်းမဲ့ပေါ့ပျက်သော စွမ်းဆောင်ရည် အလေးမထားသော ဝန်ထမ်းများအား အရေးယူမှု မရှိဘဲ လွှတ်ထားတဲ့ လုပ်ငန်းခွင်ဟာ ကျန် ဝန်ထမ်းကောင်းများအတွက် စိတ်မပျော်ရွှင်ဖွယ် လုပ်ငန်းခွင် ဖြစ်နေမှာပါ။ ဝန်ထမ်းကောင်းတွေ စွန့်ခွာသွားကြပါလိမ့်မယ်။
သတိပေးမှု အဆင့်တိုင်း အဆင့်တိုင်းဟာ ပြုပြင်ခွင့်ပေးခြင်း နှင့် ပြုပြင်ရန် အားပေးခြင်း တို့ကို ဦးတည်ရမှာပါ။
နောက်ဆုံးအကြိမ် သတိပေးခြင်းကတော့ ပြင်းထန်တိကျသော အသုံးအနှုန်းများ အသုံးပြုနိုင်ပါတယ်။
Suspension- ရာထူးမှ ခေတ္တရပ်ဆိုင်းထားခြင်း ဆိုတာ ဘာကိုခေါ်တာလဲ၊ ဘယ်နေရာမှာ အသုံးဝင်သလဲ ဆိုတာ လေး ရှင်းပါမယ်။ အချို့လုပ်ငန်းတွေ ဒါကို လက်လွတ်စပယ် သုံးနေတတ်ကြတယ်။
Suspension (၂) မျိုး ရှိနိုင်ပါတယ်။
Suspension with pay နဲ့
Suspension without pay ပါ။
လစာခံစားခွင့်ပြုထားပြီး အလုပ်တာဝန် ခေတ္တရပ်ဆိုင်းထားခြင်း နဲ့
လစာခံစားခွင့် မပြုသော အလုပ်တာဝန် ခေတ္တရပ်ဆိုင်းခြင်းမျိုး ဖြစ်ပါတယ်။

ရည်ရွယ်ချက် (၂)မျိုးနဲ့ သုံးတာ တွေ့ရပါတယ်။
တစ်မျိုးကတော့ နောင်ကြဉ်အောင် ဒဏ်ခတ်တဲ့သဘောပါ။ ဥပမာ ဟောလီဝုဒ် ရဲကားတွေ ကြည့်ဖူးမှာပေါ့။ အမှုလိုက်ရင်း အမှားလုပ်မိတာမျိုးတွေ ဆိုရင် သေနက်သိမ်း၊ ရဲဝန်ထမ်းကတ် သိမ်းပြီး Suspension ချထားတာမျိုး။ အပြစ်ပေါ်မူတည်ပြီး ကာလတို၊ ကာလရှည်ဖြစ်တတ်တယ်။ နောက် ဆရာဝန်လို ဝန်ထမ်းမျိုးတွေကို ရာထူးမှ ခေတ္တရပ်ဆိုင်းသည် ဆိုပြီး ဆေးကုသခွင့် မပေးဘဲ ထားတာမျိုးပေါ့။ နောင်ကြဉ်အောင် ရည်ရွယ်တဲ့အခါ သုံးပါတယ်။
ဒါပေမယ့် ပုံမှန် လုပ်ငန်းခွင်တွေမှာတော့ သိပ်အားမပေးလိုဘူး။ လူတစ်ယောက်ကို ခေတ္တနားထားတာက လက်ရှိ အလုပ်တွေ ပျက်တာပဲ အဖတ်တင်တယ်။ သူ့ကို ခေတ္တနားထားတော့ သူနောင်ကြဉ်တာ မကြဉ်တာထက် ကျန်တဲ့သူတွေက သူ့အလုပ်တွေ လုပ်ပြီး ကျန်တဲ့သူတွေ ဝန်ပိစေပါတယ်။ ဒါ့ကြောင့် ဒီ လို Suspension မျိုးက သေချာ ချင့်ချိန်ပြီးမှ အသုံးပြုသင့်ပါတယ်။
နောက်ရည်ရွယ်ချက် တစ်မျိုးကတော့ တိုင်ကြားခံရပြီး ပြစ်မှုမထင်ရှားသေးတဲ့ အခြေအနေမျိုးမှာ၊ အမှုတွဲခိုင်မာအောင် မတည်ဆောက်နိုင်သေးတဲ့အခါမျိုးမှာ၊ သံသယကြောင့် စုံစမ်းစစ်ဆေးဖော်ထုတ်ဆဲ ကာလမျိုးမှာ အရှေ့ကပြစ်မှုကိုဖုံးကွယ်ဖို့ ပျက်ပြယ်စေဖို့ တစုံတရာလုပ်ဆောင်မှုတွေ မဆောင်ရွက်နိုင်အောင် ရာထူးမှ ခေတ္တနားထားမျိုးကို လုပ်လို့ရပါတယ်။
ဥပမာ ငွေကိုင်တစ်ဦးဟာ ငွေအလွဲသုံးစားမှုပြုထားတယ်လို့ တိုင်ကြာမှုရှိခြင်း၊ သံသယဖြစ်ဖွယ်တွေ့ရခြင်း အခြေအနေမျိုးတွေမှာ စုံစမ်းမေးမြန်းစစ်ဆေးဆဲ ကာလမှာ ငွေကိုင်ခြင်း တာဝန်ကို ဆက်ပေးထားလို့ မဖြစ်ဘူး ဆိုတဲ့ အနေအထားမျိုးကို ဆိုလိုပါတယ်။ ပြစ်မှုခိုင်လုံတယ် လို့ အခိုင်အမာတည်ဆောက်နိုင်တဲ့အခါမှသာ နောက်အဆင့် အရေးယူမှုတွေကို ဆက်လက်ဆောင်ရွက်ရပါတယ်။ အပြစ်မရှိကြောင်း သက်သေထူနိုင်တဲ့အခါမှာလည်း မူလရာထူး တာဝန် ပြန်ပေးတာမျိုး ဆောင်ရွက်နိုင်ပါတယ်။
လစာမဲ့ Suspension ကတော့ အလွန်သတိထား ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ သုံးဖို့ အားမပေးပါ။
လုပ်ငန်းခွင်တွေမှာ ဒီလို အရေးယူမှု အဆင့်ဆင့် လုပ်ဆောင်ရတဲ့အခါ တသမတ်တည်းရှိဖို့ (Consistency) မူဝါဒတွေ ကြိုတင်ပြဌာန်းသတ်မှတ်ထားဖို့ လိုအပ်ပါတယ်။
လုပ်ငန်းခွင်စည်းကမ်းများ နဲ့ မလိုက်နာတဲ့အခါ ဘယ်လို အရေးယူမှုအဆင့်ဆင့်ရှိထိုက်တယ် ဆိုတာကို စနစ်တကျ ပြုစုပြဌာန်းထားသင့်ပါတယ်။
ပြုစုပြဌာန်းပြီးတဲ့အခါလည်း ဝန်ထမ်းများ၊ စီမံခန့်ခွဲသူများ အားလုံး သိရှိနိုင်အောင် အသိပေးထားဖို့ လိုပါတယ်။
တခါတရံ Line Manager များအနေနဲ့ မိမိလက်အောက် ဝန်ထမ်းများကို ဆိုဆုံးမပြောဆိုခြင်း၊ ဆူပူခြင်း များနှင့် တတ်နိုင်သမျှ ပြုပြင်ရန် ကြိုးစား နေတတ်ကြပြီး ဘယ်လိုမှ မတတ်နိုင်တော့တဲ့အခါမှသာ အလုပ်ထုတ်ပေးရန် HR ဌာနအား လာရောင် တောင်းဆိုတတ်ကြပါတယ်။ ပြသနာက ဥပဒေအရ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေ ရှိတာကြောင့် HR တွေအတွက် ဒီအတိုင်း လုပ်ပေးဖို့ အဆင်မပြေဖြစ်ကြရပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းများအရက သာမန်ပြစ်မှုများအတွက် နှုတ်Warning တစ်ကြိမ်၊ စာWarning သုံးကြိမ်မြောက် ပြီးမှ ထုတ်ခွင့်ရှိပါတယ်။ ဒ့ါကြောင့် မှတ်တမ်းမဝင်တဲ့ ဌာနတွင်း အကြိမ်ပေါင်းများစွာ ပြောဆိုဆုံးမမှုများရှိထားသော်ငြား လုပ်ထုံးလုပ်နည်းအရ မလုံလောက်တဲ့အတွက် HR များက ထုတ်ပေးရန် မဖြစ်နိုင်ကြောင်း ပြောလေ့ရှိပြိး Warning အရင်ထုတ်ဖို့ ပြောတတ်ကြတယ်။ ဒီအခါ ဌာနတွင်းအကြိမ် တစ်သောင်းလောက် ဆိုဆုံးမထားပြီး ဖြစ်တဲ့ Line Manager များနဲ့ ပြသနာ မတက်သင့်ဘဲ တက်ကြရတယ်။ မကြာခဏ ကြားရတဲ့ ပြသနာပါ။ HR က လက်မခံသော်ငြား Line Manager ကထုတ်ပယ်လိုက်ရင်လည်းပဲ ပြသနာတက်လာရင် သွားရောက်ဖြေရှင်းရတတ်ပါတယ်။ အဲသည် အခါ သတ်မှတ်ထားတဲ့ အရေးယူမှု အဆင့်ဆင့် ပြုထားကြောင်း သက်သေမပြနိုင်ပါက မတရားသဖြင့် အလုပ်ထုတ်ခံရခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်ရောက်ပြီး ရှင်းမရ ဖြစ်တတ်ပါတယ်။
ကြီးလေးသောပြစ်မှုများဖြစ်တတ်တဲ့ ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ ခိုးမှု၊ အလွဲသုံးစားမှု၊ ကိုယ်ထိလက်ရောက်ခိုက်ရန်ဖြစ်ပွားမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု စတဲ့ပြစ်မှုတွေဆိုရင်ကတော့ သတိပေးမှုအဆင့်ဆင့်မလိုအပ်ဘဲ ချက်ခြင်း အလုပ်မှ ထုတ်နိုင်ပါတယ်။
HR များအနေနဲ့ မိမိလုပ်ငန်းခွင်တွင်းက Non-HR Manager များကို ဒီလို လုပ်ထုံးလုပ်နည်းများ အကြောင်း အသိပေးထားသင့်သလို Line Manager များအနေနဲ့လည်း ဌာနတွင်း ဆိုဆုံးမမှုများနဲ့ မလုံလောက်လျှင် အလုပ်ထုတ်ပေးပါရန် အဆင့်ကျမှ HR ကို လာရောက်တောင်းဆိုတာမျိုး မဟုတ်ဘဲ HR နဲ့ ပူးပေါင်း ပြီး Disciplinary Action အဆင့်ဆင့် ဆောင်ရွက်ကြသင့်ပါတယ်။ အဲသည် လုပ်ငန်းစဉ် အဆင့်ဆင့်ရဲ့ အဓိက ရည်ရွယ်ချက်က အလုပ်ထုတ်ရန် ရည်ရွယ်တာမျိုးမဟုတ်ဘဲ Behaviour Change ကို ရည်ရွယ် ဆောင်ရွက်ရင်း နောက်ဆုံးမရတော့မှ ထုတ်ပယ်သည့် နည်းလမ်းကို ရွေးချယ်ရတာမျိုး ဖြစ်ပါတယ်။ သို့သော်ငြားလည်း အဆင့်တိုင်း မှတ်တမ်းတင်ထားမှသာ မတတ်သာသည့် အဆင့် အလုပ်မှ ထုတ်ရသည့် အခါ လုပ်ထုံးလုပ်နည်းများနှင့် ဆီလျောက်ကိုက်ညီမှာ ဖြစ်ပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြသနာများ အဖြစ်နည်းမှာပါ....
Credit : Daw Maw Maw Tun (Top HR)

အချိန်ပို (Overtime)

အချိန်ပို လုပ်ခ၊ အများပြည်သူ အလုပ်ပိတ်ရက် အတွက် လုပ်ခ နဲ့ တနင်္ဂနွေဆင်းတဲ့ လုပ်ခ ကိစ္စများကိစ္စ

အချိန်ပို လုပ်ခ ဆိုတာဟာ တစ်ရက် သတ်မှတ်အလုပ်ချိန် (၈)နာရီထက် ကျော်လွန် လုပ်ကိုင်ရတဲ့ အခါမျိုးမှာ ပေးရတာဖြစ်ပါတယ်။
တွက်နည်းသီးသန့်ရှိပါတယ်။ အတိုပြောရလျှင် တစ်နာရီလုပ်ခ၏ ၂ဆ နဲ့တွက်ရပါတယ်။
အများပြည်သူအလုပ်ပိတ်ရက်အများပြည်သူ အလုပ်ပိတ်ရက် ကတော့ နိုင်ငံတော်အစိုးရက သတ်မှတ်ပြဌာန်းထားတဲ့ ပြက္ခဒိန် ပိတ်ရက်များပါ။
အများပြည်သူ အလုပ်ပိတ်ရက်မှာ အချို့သော လုပ်ငန်းသဘောသဘာဝအရနဲ့ လုပ်ငန်း လိုအပ်ချက် အရ အလုပ်ဆင်းရတယ် ဆိုလျှင် အဲဒါကို အချိန်ပို (Overtime) ဆိုတာနဲ့လွဲမှား တွက်ချက်ကြတာပါ။
အပေါ်က အချိန်ပို တွက်နည်းအတိုင်း တွက်နေကြပါတယ်။  ဥပဒေအရက ထိုနေ့အတွက် လုပ်ခ နှစ်ဆ ပေးရမည်လို့ ပြောပါတယ်။

ဒါ့ကြောင့် အဲသည် နေ့ကို အလုပ်ဆင်းရမယ် ဆိုရင် နာရီ နဲ့ မတွက်ရဘဲ ရက်တွက် နဲ့ တွက်ရပါတယ်။ လစာ ကို (၃၀)နဲ့ စားတဲ့အခါ တစ်ရက်လုပ်ခရပါတယ်။ အဲသည် တစ်ရက် လုပ်ခ တစ်ဆ ကို ဆောင်းထည့် ပေးရပါတယ်။ ဒီနေရာမှာ ၃၀ နဲ့ စားခြင်း၊ ၂၆ နှင့်စားခြင်း ပြက္ခဒိန်လရဲ့ရက်နဲ့ စားခြင်း မူကွဲ ပြသနာတွေနဲ့ နောက်ထပ် ၂ ဆ ထပ်ဆောင်းပေးရမယ်လို့ ယူကြကောက်ကြပြန်ပါတယ်။
(၃၀) နဲ့ပဲ စားရတဲ့ အကြောင်းရင်းက - အဓိပ္ပါယ်ဖွင့်ဆိုချက်များဥပဒေ ဆိုတာရှိပါတယ်တဲ့။ (ဒါက ကျွန်မသိတာထက် ဥပဒေ ပညာရှင်များက ရှင်းပြတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလက ၈မိုင်ရုံးမှာ လုပ်တဲ့ ခွင့်ရက် နှင့်အလုပ်ပိတ်ရက် နည်းဥပဒေ မူကြမ်းဆွေးနွေးကြတဲ့ အစည်းအဝေးမှာပါ) အဲသည် အဓိပ္ပါယ်ဖွင့်ဆိုချက် အရ (၁) လ ဆိုသည်မှာ ရက် (၃၀) ကို ဆိုသည် လို့ ရှိပါတယ်။ ဒါ့ကြောင့် လစာ ကို တစ်ရက်လုပ်ခ လိုချင်ရင် (၃၀) ရက်နှင့်သာ အမြဲ စားရမှာ ဖြစ်ပါတယ်။ နှုတ်ဖြတ်ဖို့ ရည်ရွယ်ချက် နဲ့ဖြစ်စေ၊ ထပ်ဆောင်းပေးဖို့ရည်ရွယ်ချက်နှင့် ဖြစ်စေပါ။

ဆိုတော့ ၂ ဆ ထပ်ဆောင်းပေးရမှာလား ၁ ဆပဲပေးရမှာလား ပြသနာ။ အဲသည် နေ့က အစည်းအဝေးမှာ DG ဦးဝင်းရှိန်ကိုယ်တိုင် အတည်ပြုခဲ့တာ တစ်ဆ ထပ်ဆောင်းထည့်ပေးရမယ်လို့ ပြောပါတယ်။
ဘာ့ကြောင့်လဲ ဆိုလျှင် လခ အဖြစ် သတ်မှတ်ရာမှာ ပိတ်ရက်များအတွက် လစာ ပါဝင်ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် လခစား များ အတွက် အများပြည်သူ အလုပ်ပိတ်ရကို ထပ်ဆောင်းထည့်ပေးရတဲ့အခါ မူလလစာကို (၃၀) နှင့်စားပြီး တစ်ရက်လုပ်ခ ကို ထိုနေ့အတွက် ထပ်ဆောင်းပေးလိုက်ရမှာ ဖြစ်ပါတယ်။ (၂) ဆထပ်ပြုရန် မလိုပါဘူး။

ဥပမာ ၃၆၀၀ စား နေ့စား ဝန်ထမ်း တစ်ယောက်ကို အများပြည်သူအလုပ်ပိတ်ရက်မှာ အလုပ်ဆင်းခိုင်းမယ် ဆိုလျှင် မူလ ၃၆၀၀ ပေါ်မှာ နောက်ထပ် တစ်ဆ ၃၆၀၀ ထပ်ဆောင်း ပေးခြင်းအားဖြင့် ထိုနေ့အတွက် ၇၂၀၀ ကျပ် ရမှာ ဖြစ်ပါတယ်။ ဒီသဘောပါ။ လစာဝန်ထမ်းများရဲ့ လုပ်ခ လစာမှာ ထိုနေ့အတွက် လစာပါဝင်ပြီးဖြစ်တဲ့အတွက် နောက်ထပ် တစ်ဆ ထပ်ဆောင်းပေးရတာဖြစ်ပါတယ်။
အကယ်၍ အများပြည်သူ အလုပ်ပိတ်ရက်မှာ ၈နာရီထက် ကျော်လွန်လုပ်လိုက်ရမယ် ဆိုပြန်ရင် မူလ (၈) နာရီအတွက်က တစ်ရက်လုပ်ခ၏ တစ်ဆ ထပ်ဆောင်းထည့်ပေးရမှာ ဖြစ်ပြီး အဲသည်နေ့အတွက် (၈) နာရီထက် ကျော်လွန်သွားတဲ့ နာရီကိုတော့ အချိန်ပို အဖြစ်သတ်မှတ်ပြီး နဂို Overtime တွက်နည်းအတိုင်း တစ်နာရီလုပ်ခ ၂ဆ တွက်နည်းနဲ့ ထပ်ပေးရပါတယ်။

၂ ဆ ပေးချင်တယ်ဗျာ၊ မရဘူးလား။ ရပါတယ်။ နောက်ထပ် (၂) ဆ ထပ်ပေးတယ် ဆိုလျှင်တော့ ထိုနေ့အတွက် (၃) ဆ ပေးရာရောက်ပါတယ်။ အလုပ်ရှင်သည် ဥပဒေထက် ယုတ်လျော့၍ မပေးရပါ။ သာလွန်ကောင်းမွန်အောင် ပေးလျှင်တော့ ပေးလို့ရပါတယ်။ ဝန်ထမ်းမှာပိုပျော်မယ်၊ ဒါကောင်းတဲ့ကိစ္စပဲ မဟုတ်ဘူးလား။ ဒါ့ကြောင့် ၂ဆထပ်ဆောင်းပေးမယ် ဆိုလျှင်တော့ မိမိလုပ်ငန်းက ဥပဒေထက်သာလွန်ကောင်းမွန်ပြီး (၃) ဆပေးတယ် ဆိုတာကို ဝန်ထမ်းများ သိအောင် communicate လုပ်ထားနိုင်ရင် အင်မတန်ကောင်းမွန်သော ကျေနပ်မှုတစ်ခု ဖြစ်စေမှာပါ။
ဒီကိစ္စတွေကို ကိုင်တွယ်ရာမှာ လက်ရှိတည်ဆဲ ရှိနေတဲ့ ဥပဒေနဲ့ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဥပဒေ ပြဌာန်းချက်တွေမှာ စက်ရုံအလုပ်ရုံများ ကိုးကားရတဲ့ "အလုပ်ရုံများဥပဒေ" ဆိုတာရယ် ဆိုင်များနှင့် အခြား ကုမ္ပဏီလုပ်ငန်းများကိုးကားလိုက်နာရတဲ့ "ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ" ၂ မျိုးလုံးအတွက် အချိန်ပို ဆိုတဲ့ Overtime ရယ်။ အများပြည်သူအလုပ်ပိတ်ရက် လုပ်ခရယ် အတွက် က အတူတူပဲ ဖြစ်ပါတယ်။
*နောက်တစ်ခုကအများပြည်သူ အလုပ်ပိတ်ရက် သည် ထိုကျရောက်သော နေ့အတွက်သာလျှင်ဖြစ်သည် တဲ့။ အစားထိုး ပိတ်ပေးလို့မရလို့ မှတ်ယူရမှာပါ။
အပတ်စဉ် အလုပ်ပိတ်ရက် (သို့မဟုတ်) တနင်္ဂနွေ အလုပ်ဆင်းရလျှင် အလုပ်ရုံများဥပဒေ" မှာရော "ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ" မှာရော (၆)ရက်တစ်ဆက်တည်းလုပ်ပြီးတိုင်း လုပ်ခပြည့်နဲ့ တစ်ရက်ပေးနားရမယ် ဆိုတာမျိုး၊ တနင်္ဂနွေ ဖြစ်စေ။ တစ်ပတ်လျှင် တစ်ရက်ကျ ဖြစ်စေ နားရက်ပေးရမယ် ဆိုတာမျိုး ပြဌာန်းထားပါတယ်။ ဆိုတော့... တခါ အပတ်စဉ် အလုပ်ပိတ်ရက် (သို့မဟုတ်) တနင်္ဂနွေ ပိတ်ရက်မှာ လုပ်ငန်းလိုအပ်ချက် တစုံတရာကြောင့် အလုပ်ဆင်းရလျင်လည်း အများစုက အချိန်ပို (Overtime) ၂ ဆ ဆိုတာနဲ့ ရောကြပြန်ပါတယ်။ တကယ်ကတော့ အစားထိုး နားရက် ပြန်ပေးရမှာဖြစ်ပါတယ်။ အပတ်စဉ် အလုပ်ပိတ်ရက် ပေးတာဟာ တစ်ဆက်တည်း (၆) ရက်လုပ်ပြီးသော ဝန်ထမ်းတစ်ယောက်အတွက် အနားယူရန် နဲ့ နောက်ထပ် ရက်သတ္တတစ်ပတ် အတွက် ကောင်းမွန်စွာအနားယူပြီးမှ ဆက်အလုပ်လုပ်နိုင်ရန် နားရက်ပေးရတာဖြစ်တဲ့အတွက် အကယ်၍ လုပ်ငန်းလိုအပ်ချက်အရ အဲသည်နေ့မှာ အလုပ်ဆင်းလိုက်ရပါက နားရက် အတွက် ကို အချိန်ပို လုပ်ခနဲ့ ပေးချေလိုက်ပြီး တစ်ပတ်လုံးဆက်အလုပ်လုပ်ခိုင်းလိုက်မယ် ဆိုရင် နောက်တစ်ပတ် နားရက် ရသည်အထိ တစ်ဆက်တည်း အလုပ်လုပ်ရတဲ့အခါ ပထမ ၆ရက်+နားရက်၁ရက်+နောက်ထပ်၆ရက် ဖြစ်တဲ့အတွက် (၁၃) ရက်ဆက်တိုက် နားရက်မရှိအလုပ်လုပ်ရသလို သဘောသက်ရောက်တဲ့အတွက် အစားထိုးနားရက် ပြန်ပေးစေတာ ဖြစ်ပါတယ်။ အချို့သော အလုပ်ရှင်များ HR များက အချိန်ပို ၂ ဆနည်းနဲ့ မပေးချင်ဘဲ နားရက် ပြန်ပေးချင်တယ်။

အချို့သော HR များက ငွေနဲ့ပေးလိုက်ပြီး အလုပ်နားရက် အစားပြန်မပေးချင်ဘူး။ အမျိုးမျိုးရှိကြပါတယ်။ အချို့ကတော့လည်း ဝန်ထမ်းနှင့် ညှိပြီး တော်သလို ကြည့်လုပ်ချင်ကြပါတယ်။ တော်သလို ကြည့်လုပ်မယ် ဆိုလျှင် တော်သလိုကြည့်ရှင်းရမှာ ဖြစ်ပါတယ်။ ဆိုတော့... အထက်ကဖော်ပြခဲ့တာတွေကို ကွဲကွဲပြားပြားနားလည် အသုံးပြုနိုင်ကြပြီး အကျိုးရှိကြမယ် ဆိုလျှင် ရေးရကျိုးနပ်ပါတယ်။ *ကျွန်မသည် ဥပဒေ ပြုသူမဟုတ်ပါ။ *ကျွန်မသည် ဥပဒေကို လိုက်လံစည်းကြပ်သူမဟုတ်ပါ။ *ကျွန်မသည် ဥပဒေကို ငြင်းခုံသူမဟုတ်ပါ။ *ကျွန်မသည် HR တစ်ယောက်အဖြစ် အလုပ်ရှင်အလုပ်သမားဆက်ဆံရေးကောင်းမွန်ပြီး ထုတ်လုပ်မှုစွမ်းအားများတိုးတက်ကာ အောင်မြင်တိုးတက်သော အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက်လုံး ကျေနပ်မှုရှိသည် လုပ်ငန်းခွင်ဖော်ဆောင်ရေးမှာ ဥပဒေကို အသုံးပြုရသူ (သို့မဟုတ်) ဥပဒေကို အသုံးပြုပုံ ပြုနည်းကို အကြံပေးသူ အဖြစ် ရေးသားပါသည်။ လက်ခံခြင်း၊ လက်မခံခြင်း၊ ငြင်းခုန်ခြင်း များ စိတ်မဝင်စားပါ။

လိုသော်ယူ၊ မလိုသော် ပယ်ပါ။ အရင်လည်း ရေးဖူးပြီးသား၊ အုံးအုံးကျွက်ကျွက်တွေလည်း Like ကြ Share ကြပြီးသားကိုမှ cb ကနေ တတောင်တောင် မေးနေကြတဲ့သူများ ဒီနေရာမှာ ဖတ်ပါ။ လက်ညောင်းခံ၍ ထပ်ရေးလိုက်သည်။ ရေရှည် HR အဖြစ်ရပ်တည်ကြမည့်သူများကို တစ်ခုတော့မှာလိုပါသည်။ အထက်က ကျွန်မရေးထားတာတွေကို ဖတ်ရုံဖတ်၊ Likeရုံ Like ပြီး Share ရုံ Share နဲ့ ဘာပညာမှ မရပါ။ မှတ်မိ မှာလည်း မဟုတ်ပါ။ အသေမှတ်တဲ့ အခါလည်း သညာ သာ ဖြစ်ပြီး ပညာ ဖြစ်မယ် မဟုတ်ပါ။ မူလဥပဒေများကို ပြန်ရှာဖတ်ပါ။ ကျွန်မရေးထားတာကို ကြည့်ပါ။ ခေါင်းထဲက မိမိကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားသုံးသပ်ပါ။ ဟုတ်မဟုတ်ဆန်းစစ်ပါ။ ဟုတ်တယ်ယူဆ လက်ခံလိုက်ရင် ကျင့်သုံးနိုင်အောင် ကြိုးစားပါ။ ကိုယ်တိုင် သိရှိနားလည် လက်ခံလိုက်တဲ့ အရာကို သူတပါးကို ပြန်ပြောတဲ့အခါ ယုံကြည်မှု၊ ခိုင်မာမှု တစ်ခု ရှိတဲ့အတွက်ကြောင့်၊ ယုံကြည်ခြင်း ကိုခံရပါလိမ့်မယ်။ ဇဝေဇဝါနဲ့ ဒေါ်မော်မော်ထွန်းကတော့ ဒီလိုပြောထားတာပဲ။ ဒါ့ကြောင်း ဒီလိုလုပ်မယ် လို့ အလုပ်ရှင်ကို ဖြစ်စေ၊ အလုပ်သမားဦးစီးမှုးကို ဖြစ်စေ၊ ဝန်ထမ်းများကို ဖြစ်စေ သွားပြောနေရင် ဘယ်သူကမှ လက်ခံမှာ မဟုတ်ပါ။ ကျွန်မသည် သူတို့အားလုံးရဲ့ အထက်အရာရှိလည်း မဟုတ်ပါ။

ဒါမှမဟုတ် ဖေ့စ်ဘုတ်ပေါ်မှာ ဒီလို ဖတ်လိုက်ရတာပဲ။ ဒါကြောင်း တို့ရုံးမှာ ဒီလိုလုပ်မယ် ဆိုတာလည်း မလုပ်ပါနဲ့။ ဖတ်ပါ။ သုံးသပ်ပါ။ ဆန်းစစ်ပါ။ လက်ခံတယ် ဆိုရင် ရှေ့ဆက်ပါ။ လက်မခံနိုင်ရင် ထပ်လေ့လာပါ။ အောက်မှာတော့ အလုပ်သမားဝန်ကြီးဌာနက တင်ပေးထားတဲ့ Labour law တွေ Down နိုင်တဲ့ Link ပေးထားပါတယ်။ ဖတ်ရမှာ ပျင်းလျှင် သင်တန်းတက်ပါ။ ဥပဒေ သိရုံလောက်နဲ့ HR လုပ်စားလို့မရပေမယ့် ဥပဒေကို မသိဘဲနဲ့တော့ HR အဖြစ် ဆက်လက်ရပ်တည်ဖို့ ခက်ခဲပါလိ့မ်မယ်။

Cေredit : ဒေါ်မော်မော်ထွန်း (Top HR)

Admin and HR ဆိုင်ရာလုပ်ငန်းတာဝန်များ

အဖွဲ့အစည်း ၏ အကြီးအသေးပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။

Admin ပိုင်းဆိုင်ရာလုပ်ငန်း တာဝန်များ
၁။ မော်တော်ယာဉ် ( Vehicle )
(က) ဌာနများ၏ မော်တော်ယာဉ် လိုအပ်ချက်အားဦးစားပေးအလိုက် စီစဉ်ဆောင်ရွက်ပေးခြင်း
( ခ) မော်တော်ယာဉ်များ၏ နေ့စဉ်/ အပါတ်စဉ်/ လစဉ် မောင်းနှင်သည့် ကီလိုမီတာ နှင့် ဆီသုံးစွဲမှု အားသတ်မှတ်ထားသည့် Norm နှင့် ကိုက်ညီမှု ရှိ/ မရှိစစ်ဆေးခြင်း
( ဂ) မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှု Schedule ရေးဆွဲခြင်း၊ ရေးဆွဲထားသော Schedule အရဘတ်ဂျက် တောင်းခံခြင်း
(ဃ) မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှု မှတ်တမ်းထားရှိခြင်း
(ဃ) လချုပ်စာရင်းပြုစုတင်ပြခြင်း
၂။ ပြုပြင်ထိန်းသိမ်းမှု (Maintenance)
(က) ကုမ္ပဏီပိုင် အဆောက်အဦများ၏ ပြုပြင်ထိန်းသိမ်းမှုကို တာဝန်ယူခြင်း
( ခ) အဆောက်အဦများ ပြုပြင်ထိန်းသိမ်းရန် ဘတ်ဂျက် ရေးဆွဲတင်ပြခြင်း/ တောင်းခံခြင်း
( ဂ) ကုမ္ပဏီပိုင် စက်ကိရိယာများ (မီးစက်၊ Air-con၊ ရေစက် နှင့် အခြား) ၏ ပြုပြင်ထိန်းသိမ်းမှု ကို တာဝန်ယူခြင်း၊ မှတ်တမ်း ပြုစုခြင်း
(ဃ) ရုံးလုပ်ငန်းသုံး Projector, Computer, Printer, fax, Internet modem, server စသည်တို့ ၏ ပြုပြင်ထိန်းသိမ်းမှု ကို တာဝန်ယူခြင်း၊ မှတ်တမ်းပြုစုခြင်း
( င) လချုပ်စာရင်းပြုစုတင်ပြခြင်း
၃။ ပုံသေပိုင်ပစ္စည်း (Fixed Assets Control)
(က) ကုမ္ပဏီပိုင် ပုံသေပစ္စည်းများ၏ စာရင်းကိုသက်ဆိုင်ရာဌာန/ Site အလိုက် တာဝန်ခံ များနှင့် ညှိနှိုင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်း
( ခ) သက်ဆိုင်ရာဌာန/ Site အလိုက် တာဝန်ခံများနှင့် ညှိနှိုင်း၍ ၀ယ်ယူ/ထုတ်ပေးစာရင်းများ ပြုစုခြင်း၊ မှတ်တမ်းထားရှိခြင်း
( ဂ) လချုပ်စာရင်းပြုစုတင်ပြခြင်း
၎။ ၀ယ်ယူခြင်း (Procurement Control)
(က) သက်ဆိုင်ရာဌာန/ Site များ၏ လိုအပ်ချက်များအား ပြင်ပမှ Supplier များနှင့် ညှိနှိုင်း ၀ယ်ယူခြင်း
( ခ) ၀ယ်ယူထားသော ပစ္စည်းများ၏ လက်ကျန်/ထုတ်ပေး/ပျက်စီး/ပြန်လည်အပ်နှံမှု စာရင်းများ ပြုစုထားရှိခြင်း
( ဂ) ၀န်ထမ်းတစ်ဦးချင်းအလိုက် Stationary ထုတ်ပေးမှု စာရင်းပြုစုထားရှိခြင်း/ စစ်ဆေးခြင်း
(ဃ) ဘတ်ဂျက်ရေးဆွဲတင်ပြခြင်း
( င) လချုပ်စာရင်းပြုစုတင်ပြခြင်း
၅။ ပြင်ပဆက်ဆံရေး( External Affairs)
(က) MD, CEO, ED , Director များနှင့် အခြား ၀န်ထမ်းများ၏ ပြည်တွင်း၊ ပြည်ပခရီးစဉ်များအတွက် လိုအပ်သည့် Visa, Passport, Stay, Hotel, Ticket ဆိုင်ရာကိစ္စများစီစဉ်ခြင်း
( ခ) ကုမ္ပဏီသက်တမ်းတိုးခြင်း၊ အသစ်ဖွဲ့စည်းခြင်း နှင့် အခြားလိုအပ်သည့် Documentation များ ပြင်ဆင်ပေးခြင်း
(ဃ) နှစ်စဉ်၊ လစဉ် ပေးသွင်းရသောအခွန်၊ လိုင်စင်ကြေးအစရှိသည့် ကိစ္စရပ်များအား Finance Dept နှင့် ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်ခြင်း
( င) ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေသောအစိုးရဌာနဆိုင်ရာရုံးများ၊ အခြားအစိုးရမဟုတ်သောအဖွဲ့အစည်းများသို့ လုပ်ငန်းကိစ္စများသွားရောက်ဆောင်ရွက်ခြင်း
၆။ အထွေထွေ စီမံခန့်ခွဲခြင်း (Common Management)
(က) Reception, Security, Cleaner များ၏ လုပ်ငန်းများအား ကြီးကြပ်ခြင်း၊ work schedule များရေးဆွဲပေးခြင်း၊ သတ်မှတ်ပေးထားသော တာဝန်များအား လိုက်နာမှု ရှိ/မရှိစစ်ဆေးခြင်း
( ခ) အကြီးတန်းစီမံခန့်ခွဲမှု အဖွဲ့၏ ညွှန်ကြားချက်များအားဆောင်ရွက်ခြင်း
( ဂ) လချုပ်စာရင်းများ ပြုစုတင်ပြခြင်း
(ဃ) Functional Meeting များ ပြုလုပ်ခြင်း

Human Resources ပိုင်းဆိုင်ရာလုပ်ငန်းတာဝန်များ
၁။ ၀န်ထမ်းရွေးချယ် ခန့်ထားရေး (Recruitment and Selection)
(က) ဌာနများ၏ လိုအပ်ချက်အရ ၀န်ထမ်းခေါ်ယူရေး ကြေငြာများ ပြုလုပ်ခြင်း/ကြေငြာခြင်း
( ခ) ရရှိလာသောလျှောက်လွှာများအားအကဲဖြတ် စိစစ်ခြင်း
( ဂ) အင်တာဗျူးခေါ်ယူမည့် လျှောက်လွှာရှင်စာရင်းအားထုတ်ပြန်ခြင်း
(ဃ) သက်ဆိုင်ရာဌာနခေါင်းဆောင်များနှင့် အင်တာဗျူးပြုလုပ်ခြင်း
( င) လိုအပ်ပါကဒုတိယအကြိမ် ထပ်မံ၍ MD နှင့် အင်တာဗျူး စီစဉ်ခြင်း
( စ) ရွေးချယ်ခံရသော ၀န်ထမ်းလောင်းများအား အကြောင်းကြားခြင်း
(ဆ) လချုပ်စာရင်းများ ပြုစုတင်ပြခြင်း
၂။ နေ့စဉ် ရုံးတက်/ရုံးဆင်း၊ ခွင့် ၊ ပျက်ကွက် ကိစ္စများ
(Attendance, Leaves, Late, absenteeism)
(က) နေ့စဉ် Attendance အားစစ်ဆေးခြင်း
( ခ) နေ့စဉ် ခွင့်၊ ပျက်ကွက်၊ နောက်ကျ များအားစစ်ဆေးခြင်း
( ဂ) နေ့စဉ် MD, CEO, Executive Director များထံသို့ အစီရင်ခံခြင်း
(ဃ) Attendance လချုပ်ပေါ် အခြေခံ၍ လစာပေးချေမှု ကိစ္စရပ်များအားFiance Department နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း
( င) လချုပ်စာရင်းများ ပြုစုတင်ပြခြင်း
၃။ ၀န်ထမ်း ကိုယ်ရေးမှတ်တမ်း (Employee Profile)
(က) ၀န်ထမ်းအားလုံး၏ ကိုယ်ရေးမှတ်တမ်းဖိုင် ပြုစုခြင်း
( ခ) ကိုယ်ရေးမှတ်တမ်းဖိုင် များအားအချိန်နှင့် တပြေးညီ ပြန်လည်ပြင်ဆင်ခြင်း
( ဂ) ဆုချီးမြင့်ခံရမှုများ၊ အပြစ်ပေးခံရမှုများအားစနစ်တကျ ကိုယ်ရေးမှတ်တမ်းတွင် သိမ်းဆည်းခြင်း
(ဃ) ကိုယ်ရေးမှတ်တမ်းဖိုင်များအားစနစ်တကျ လျှို့ဝှက် သိမ်းဆည်းခြင်း
၎။ စည်းကမ်း (Rules and Regulations)
(က) ၀န်ထမ်းစည်းမျဉ်း၊ စည်းကမ်းများ(Rules and Regulations)/ ၀န်ထမ်းလက်စွဲစာအုပ် (Employee Manual) ရေးဆွဲထုတ်ပြန်ခြင်း
( ခ) ထုတ်ပြန်ထားသောစည်းမျဉ်း၊ စည်းကမ်းများအားလိုက်နာမှု ရှိ/မရှိစစ်ဆေးခြင်း
( ဂ) သတ်မှတ်စည်းကမ်းချက်များအားလိုက်နာ/ မလိုက်နာသော ၀န်ထမ်းများအား မှတ်တမ်းတင်ခြင်း၊ အကြီးတန်းစီမံခန့်ခွဲမှု အဖွဲ့သို့ တင်ပြခြင်း
(ဃ) လစဉ်/ နှစ်စဉ် အစီရင်ခံစာများ ပြုစုတင်ပြခြင်း
၅။ ၀န်ထမ်းများ၏ ရပိုင်ခွင့် (Benefits)
(က) ၀န်ထမ်းများ၏ ခွင့်ခံစားခြင်း၊ ဆေးကုသမှုဆိုင်ရာအကျိုးခံစားခွင့်များ နှင့် အခြားခံစားခွင့်များအားတည်ဆဲအလုပ်သမားဥပဒေနှင့် အညီခွင့်ပြုခြင်း၊ ဖြတ်တောက်ခြင်း နှင့် စာရင်းပြုစုခြင်း
( ခ) လစာ နှင့် အခြားခံစားပိုင်ခွင့်များအားတည်ဆဲအလုပ်သမားဥပဒေနှင့် အညီ ပြုစုခြင်း၊ ထုတ်ပြန်ခြင်း
( ဂ) ၀န်ထမ်းများ၏ လူမှုဖူလုံရေးရန်ပုံငွေနှင့် ၀င်ငွေခွန်များ စနစ်တကျပေးသွင်းမှု ရှိစေရန် စီမံဆောင်ရွက်ခြင်း
(ဃ) ၀န်ထမ်းများ၏ သာရေး/နာရေးကိစ္စများတွင် ပါဝင်ကူညီဆောင်ရွက်ခြင်း
၆။ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး (Organization Development)
(က) ၀န်ထမ်းများ၏ တာဝန် နှင့် ၀တ္တရားများအား သက်ဆိုင်ရာဌာနခေါင်းဆောင်များနှင့် ညှိနှိုင်းလျှက် ရေးဆွဲပြုစုခြင်း
( ခ) လုပ်ငန်းလိုအပ်ချက်၊ ၀န်ထမ်းရရှိနိုင်မှု ပေါ်မူတည်လျှက် သက်ဆိုင်ရာဌာနခေါင်းဆောင်များနှင့် ညှိနှိုင်း၍ ဖွဲ့စည်းပုံဇယား (Organization Structure) အား ပြန်လည်ရေးဆွဲခြင်း၊
( ဂ) ဌာနချင်းဆက်သွယ်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များအဆင်ပြေချောမွေ့စေရန် ညှိနှိုင်းဆောင်ရွက်ခြင်း
(ဃ) Standard Operating Procedure (SOP) များရေးဆွဲပေးခြင်း
( င) ၀န်ထမ်းများ၏ သက်ဆိုင်ရာလုပ်ငန်းအလိုက် လုပ်ဆောင်မှုများ မြင့်မားလာစေရန် သက်ဆိုင်ရာဌာနခေါင်းဆောင်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း
၇။ ၀န်ထမ်းများ၏ စွမ်းဆောင်ရည် အကဲဖြတ်ခြင်း (Performance Appraisal)
(က) သတ်မှတ်ထားသောကာလတစ်ခုအတွင်း ၀န်ထမ်းများ၏ သက်ဆိုင်ရာသတ်မှတ်ထားသောလုပ်ငန်း တာဝန်များအား ကောင်းစွာဆောင်ရွက်နိုင်စွမ်း၊ ၀န်ထမ်းအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မှု၊ သက်ဆိုင်ရာဌာနခေါင်းဆောင် (သို့) အကြီးတန်းစီမံခန့်ခွဲမှု အဖွဲ့မှ ပေးအပ်သော တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မှု ၊ စည်းမျဉ်း/စည်းကမ်းများအားလိုက်နာမှု အစရှိသည်ဖြင့် ၀န်ထမ်းစွမ်းဆောင်ရည်ကို အကြီးတန်းစီမံခန့်ခွဲမှု အဖွဲ့၏ တာဝန်ပေးအပ်လာမှု အရသက်ဆိုင်ရာဌာနခေါင်းဆောင်များနှင့် ပူးပေါင်းလျှက် အကဲဖြတ်ခြင်း၊ ပြန်လည်သုံးသပ်ခြင်း၊ ထုတ်ပြန်ခြင်း
( ခ) စွမ်းဆောင်ရည် သတ်မှတ်ချက် မမီသည့် (သို့) မရောက်ရှိသည့် ၀န်ထမ်းများအား အသိပေးခြင်း၊ သတ်မှတ်သည့် စွမ်းဆောင်ရည် သတ်မှတ်ချက်အားရောက်ရှိစေရန် အကြံပြုခြင်း
( ဂ) ဆုချီးမြင့်သင့်သည့် ၀န်ထမ်းများအား အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့၏ တာဝန်ပေးအပ်လာမှုအရ သက်ဆိုင်ရာဌာနခေါင်းဆောင်များနှင့် ပူပေါင်းလျှက် ရွေးချယ် သုံးသပ်တင်ပြခြင်း
၈။ အထွေထွေ (Generalist)
(က) အကြီးတန်းစီမံခန့်ခွဲမှု အဖွဲ့မှ အခါအားလျော်စွာပေးအပ်လာသည့် တာဝန်များအား ဆောင်ရွက်ခြင်း
( ခ) ၀န်ထမ်းများ နှင့် အခါအားလျော်စွာတွေ့ဆုံ၍ ၄င်းတို့၏ သီးခြား ပြဿနာများအားဖြေရှင်းနိုင်ရန် အကြံပြုခြင်း
( ဂ) ၀န်ထမ်းသစ်များ ရောက်ရှိလာသောအခါ သက်ဆိုင်ရာ တာဝန်ထမ်းဆောင်ရသော ဌာနတွင် မြန်ဆန်စွာ အံဝင်ခွင်ကျဖြစ်စေရန် သက်ဆိုင်ရာဌာနခေါင်းဆောင်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း
Credit : Unknown Author


Wednesday, November 29, 2017

လူတွေရဲ့ လိုအပ်ချက် (Maslow's Hierarchy of Needs)

Maslow ရဲ့ need theory ကို လက်ရှိမှာ အကြိုက်တွေ့နေတယ်။ အခုတလောမှာ သူပြောခဲ့ သီအိုရီဟာ ကိုယ့်အတွက်တော့ အသုံးဝင်လာတယ်။ သူပြောခဲ့တဲ့ အဆင့် (၅)ဆင့်ရှိတယ်။ အောက်ဆုံးအဆင့် မပြည့်မ၀သေးဘဲနဲ့ နောက်အဆင့်တွေကို တက်လှမ်းဖို့အဆင်မပြေဘူးဆိုတာ ပြောပြထားတယ်။ အောက်အဆင့်ကနေ စပြီး ရှင်းပြကြည့်မယ်။
1) Physiological needs
2) Safety needs
3) Love/social needs
4) Esteem needs
5) Self-actualisation
- ပထမအဆင့်က လူ့ဘ၀မှာ အရေးကြီးဆုံးဖြစ်တယ်။ နေ့စဉ် စားဝတ်နေရေးပြေလည်ဖို့ ရုန်းကန်နေရသူဟာ သူ့မိသားစုအတွက် အစားအသောက် လုံလုံလောက်လောက်ရမယ်ဆိုရင် သူ့ပြည့်စုံတယ်လို့ခံစားရမယ်။ ဒီထက်နဲနဲ ပြည့်စုံလာရင်တော့ ဒုတိယအဆင့်အနေနဲ့ နေစရာနေရာလေးလိုအပ်လာပါတယ်။ စားဝတ်နေရေး ပြေလည်တဲ့သူကလည်း နေစရာအိမ်လေးတစ်လုံးလောက် လိုချင်လာပြန်တယ်။ သူနဲ့သူ့မိသားစုဘ၀ လုံခြုံဖို့ နေရာစရာနေရာလေး တစ်ခုလောက်ဖြစ်ဖြစ် ကိုယ်ပိုင်အိမ်လေးတစ်လုံး လောက်ဖြစ်ဖြစ် ပိုင်ဆိုင်ချင်လာပြန်တယ်။ ဒီအဆင့် ၂ချက်က အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်တယ်။
- စားဝတ်နေရေး ပြေလည်သွားသူကတော့ မိတ်ဆွေသူငယ်ချင်းတွေ ချစ်သူအဖော်ရှာတာတွေ အပျော်အပါးတွေ လိုချင်လာပြန်တယ်။ စားဝတ်နေရေးမပြေလည်တုန်ကတော့ ဒီတတိယအဆင့်ကို တက်လှမ်းဖို့ခက်ခဲပါတယ်။
- Esteem needs ဆိုတာကတော့ ကိုယ့်ကိုသူများတွေက အသိအမှတ်ပြုတာလိုချင်တယ်။ ဒါကြောင့် သူအောင်မြင်အောင်ကြိုးစားတယ်။ မိဘ၊ ချစ်သူ၊ သူငယ်ချင်း ဆိုတာတွေ ခဏမေ့ထားပြီးသူ့ဘ၀ အောင်မြင်ဖို့အတွက် သူကြိုးစားတယ်။
- နောက်ဆုံးတစ်ချက်ကတော့ သူများတွေက သူ့ကိုအသိမှတ်ပြုတာ မပြုတာတွေ ဂရုမစိုက်တော့ဘဲ သူဝါသနာပါတာကို တစိုက်မက်မက်လုပ်တာကို self-actualisation လို့ခေါ်တယ်။ ငါဘာအတွက်တည်ရှိနေတာလဲ ငါရဲ့လုပ်ရပ်တွေအတွက် အကောင်းဆုံးရပ်တည်သွားမယ်ဆိုတဲ့ စိတ်မျိုးခံယူထားတဲ့သူကိုဆိုလိုတယ်။
- ဒါကြောင့် Maslow ရဲ့ သီအိုရီအရ လူဆိုတာ ဘယ်တော့မှ ပြည့်စုံတယ်လို့မရှိဘူး။ သူ့သီအိုရီက တစ်ခုမပြည့်စုံပဲ တစ်ခုကို မတက်လှမ်းနိုင်ဘူးလိုဆိုခဲ့ပေမယ့် လက်ရှိအခြေအနေမှာတော့ အခြေအနေနဲ့ အချိန်အခါအရတော့ လွဲတာရှိနိုင်ပါတယ်။ ကိုယ်တန်ဖိုးထားမှုအပေါ်မှာ အဆင့်တွေလွဲနိုင်ပါတယ်။
- သူပြောခဲ့တဲ့ အဆင့်ဆင့်သွားတာကို ပိုသဘောကျတယ်။ လူဆိုတာ ၀မရှိဘဲဝိ လုပ်ချင်ကြသူများတယ်။ ကိုယ့်ဘ၀အခြေအနေမှန်ကို ကိုယ်ကိုတိုင်တောင်မေ့နေတတ်ကြပါတယ်။
#Jimmy_Hein