Tuesday, June 10, 2014
စတော့ဈေးကွက်ကို ခြုံငုံလေ့လာ၍မြှုပ်နှံပါ
ပြည်သူအများစုသည် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် ဈေးကွက်ကြီးတစ်ခုလုံးအား ခြုံငုံ၍ အချိန်ယူလေ့ လာခြင်း မပြုကြဘဲ ကုမ္ပဏီတစ်ခု၏စတော့တစ်ခုတည်းကိုသာ အာရုံစူးစိုက် လေ့လာတတ်ကြပါသည်။ စတော့ ဈေးကွက်ကို မည်သို့လေ့လာရမည်ဆိုသည့် အတတ်ပညာများအားကြိုတင်သိရှိလေ့လာထားမှသာလျှင် သင့်အနေဖြင့် စတော့များ အကျဘက်သို့ ရောက်နေသည့်ကာလ၌ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်မည် ဖြစ်သလို အတက်ဘက်သို့ရောက်နေသည့် ကာလတွင်လည်းမှန်ကန်သည့် ဆုံးဖြတ်ချက်များကိုချမှတ်နိုင်ကာ ကြွယ်ဝလာစေနိုင်မည်ဖြစ်ပါသည်။
ရင်းနှီးမြှုပ်နှံသူများသည် မကြာခဏဆိုသလို ဆန့်ကျင်ဘက်အားပြုမူတတ်ကြသည်ကို တွေ့မြင်ရပါ သည်။ ၎င်းတို့သည် စတော့ဈေးနှုန်းများ အတက်ဆုံးသို့ ရောက်နေချိန်တွင် အငမ်းမရဝယ်ယူကြကာ စတော့ ဈေးများ အောက်ဆုံးသို့ ရောက်နေသည့်အချိန်တွင် ခါးသီးစွာ ရှောင်ရှားလေ့ရှိကြပါသည်။ အကယ်၍သာ ၎င်းတို့အနေနှင့် ဈေးကွက်ကြီး တစ်ခုလုံးအား အချိန်ယူ၍ လေ့လာခဲ့မည်ဆိုပါက ပိုမိုမှန်ကန်ကောင်းမွန်သည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဖြစ်ပါသည်။ ဖယောင်းတိုင်တစ်ချောင်းကိုင်ကာ တောနက်ကြီးတစ်ခုတွင် လမ်းပျောက်နေသည့် အဖြစ်ကိုမှန်းဆကြည့်ပါ။ သင့်အနေနှင့် လမ်းမှန်ကို ပြန်လည်တွေ့ရန် ခက်ခဲပေလိမ့် မည်။ သို့သော်လည်း သင့်အနေနှင့် ပိုမိုကောင်းမွန်သည့် GP ကဲ့သို့သော၊ သံလိုက်အိမ်မြှောင် (compass) ကဲ့သို့သော၊ လက်နှိပ်ဓာတ်မီးကဲ့သို့သော ပစ္စည်းများသာ ပါရှိလာမည်ဆိုပါလျှင် တောနက်ထဲမှ အလွယ်တကူ ပြန်လည်ထွက်လာနိုင်မည်ဖြစ်ပါသည်။ ထို့အတူ စတော့များကိုလေ့လာရာတွင်လည်း အထက်ဖော်ပြပါ ကိရိ ယာများနှင့် အလားသဏ္ဌာန်တူသော အသက်ကယ်စနစ်များကိုလေ့လာထားခြင်းဖြင့် အကျိုးထူးများ ရှိနိုင်မည် ဖြစ်ပါသည်။
သင့်အနေနှင့် စတော့ဈေးကွက်ထဲသို့ ယခုမှ စတင်ဝင်ရောက်သည့်သူဖြစ်ပါက ဈေးကွက်ထဲတွင် ရှိနေ သည့် အခြေခံ အထာများအားလုံးကိုသိရှိလေ့လာထားရန် လိုအပ်ပါသည်။ ယင်းအချက်များသည် သင်၏ အောင်မြင်ရေးအတွက် အခြေခံသော့ချက်များ ဖြစ်လာစေမည် ဖြစ်သည်။ ထို့ကြောင့် ဈေးကွက်၏ သဲလွန်စများ၊ ဈေးကွက်၏ အချက်ပြကိရိယာများကို လမ်းညွှန်ချက်တစ်ရပ်အဖြစ်ကျေညက်စွာ လေ့လာရမည်ဖြစ်ပါသည်။ သင့်အနေနှင့် သစ်တောကြီးထဲမှ ထိခိုက်မှုမရှိဘဲ ပြန်ထွက်လာစေမည်ဟု တထစ်ချ အာမမခံသော်လည်း မှန်ကန်သည့် ကိရိယာများကိုသာ သုံးစွဲနိုင်ပါက အောင်မြင်စွာပြန်လည် ထွက်လာနိုင်ခြေ များမည်ဖြစ်ပါသည်။
စတော့ဈေးကွက် သမိုင်းတွင်စတော့များမှ လက်ဖျား ငွေသီးစေခဲ့သည့် ကုန်သည်နှင့် စာရေးဆရာ တစ်ဦး ရှိခဲ့ပါသည်။ ၎င်း၏အမည်မှာ Jesse Livermore ဟု ခေါ်တွင်ပါသည်။ ၎င်းသည် ဈေးကွက်တစ်ခုလုံး အား လေ့လာကာ မှန်ကန်သည့်ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့သူဟုဆိုပါသည်။ သူက အရေးကြီးဆုံးအချက်တစ် ခု ရှာဖွေတွေ့ရှိပုံကို ထုတ်ဖော်ပြသခဲ့သည်။
၁၉၉ဝ ပြည့်နှစ် အစောပိုင်းကာလများတွင် စတော့များ အတက်ဘက်သို့သွားနေသည့် bull market အားကမ္ဘာစစ်ကြီးဖြစ်နေသည့်အချက်ကပင် ရပ်တန့်သွားအောင် မလုပ်နိုင်ခဲ့ခြင်းကို Livermore ကသတိပြုမိခဲ့ သည်။ ငွေရှာဖွေရာတွင် အခြေအနေတစ်ခုကို မည်သို့ မှန်ကန်စွာ သုံးသပ်နိုင်သည်က အရေးကြီးကြောင်း ၎င်းကဆိုခဲ့သည်။ Livermore သည် လျှော့ဈေးနှင့် ရောင်းဝယ်သည့် စတော့ပွဲစားရုံ (bucket shop) သို့ နေ့စဉ် သွားရောက် လေ့လာလေ့ ရှိသည်။ အချိန်တိုင်းဆိုသလို Livermore သည် အဆိုပါစတော့ပွဲရုံသို့ သွားကာ လူအများ အမြဲတမ်း ရှာဖွေလေ့ရှိသည့်လူတစ်ယောက်ကို သွားရောက်လေ့လာလေ့ရှိသည်။ ယင်းပုဂ္ဂိုလ်၏ အမည်မှာ Mr.Partridge ဖြစ်သည်။ ၎င်းက လာရောက်မေးမြန်းသူအားလုံးအား “It is a bull market” (တက်နေသော ဈေးကွက်) ဟုသာအမြဲတမ်း ဖြေကြားခဲ့သည်။ ပထမတွင် Livermore က ဤသည်မှာ ပြက်လုံး တစ်ခု ထုတ်နေသည်ဟုထင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူ့အနေနှင့် နည်းလမ်းအသစ်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့သည်။ စတော့ရောင်းဝယ်မှုများကို ကာလရှည်ကြာစွာ လေ့လာခဲ့ပြီးနောက်ပိုင်းတွင် သူ့အနေနှင့် Mr.Partridge အဘယ့်ကြောင့် ထိုသို့ တက်နေသော ဈေးကွက်ဟု ပြောခဲ့သည်ကို သဘောပေါက်ခဲ့ကြောင်း၊ ဟုတ်ပါသည်။ ဒါဟာ နွားသိုး ဈေးကွက်တစ်ခု အမှန်ပါပဲ။ ဤအချက်က ဘာကို ရည်ညွှန်းသလဲဆိုပါလျှင် များပြားသော ငွေကြေးတစ်ရပ်သည် စတော့ တစ်ခုချင်းစီ၏အတက်အကျ လှိုင်းထိပ်များတွင် ပါဝင်စီးမျော ခြင်းမရှိဘဲ အလယ်တွင်သာ ခပ်မှန်မှန် လှူပ်ရှားနေသည်။ ဤသည်မှာ စတော့ တိပ်ကြိုးများကို ဖတ်ရှုခြင်း ကြောင့် မဟုတ်ဘဲ ဈေးကွက်တစ်ခုလုံးကို မှန်ကန်စွာ အကဲဖြတ်သုံးသပ်ခြင်းကြောင့် ဖြစ်သည်ဟု Livermore က ဆိုခဲ့သည်။
တစ်နည်းဆိုရပါလျှင် သင့်အနေနှင့် ငွေများများကို ရရှိလိုပါက ဈေးကွက်ကြီးတစ်ခုလုံးကို မှန်ကန်စွာ အကဲဖြတ်တတ်ရန် လိုအပ်ပါသည်။ ဤသည်မှာ လွယ်ကူသော အလုပ်တစ်ခုဖြစ်ပါသလား။ အမှန်တကယ် တော့ လွယ်ကူသော အလုပ်တစ်ခုမဟုတ်ပါချေ။ ဈေးကွက်ကို မည်သို့ဖတ်ရှုရသည်ကို လေ့လာရင်းနှင့်ပင် အောင်မြင်မှုများ သင့်ဘက်သို့တဖြည်းဖြည်းချင်း ရောက်ရှိလာနိုင်မည်ဖြစ်ပါသည်။ ဈေးကွက်ကို လေ့လာရမည့် ဗျူဟာ များစွာရှိပါသည်။
အခြေခံအားဖြင့် စတော့တစ်ခုကို ဈေးကွက်ခိုင်မာနေပြီး ဈေးတက်နေသည့်အချိန်တွင် စတင်ဝယ်ယူ ကာ ဈေးပြန်မကျမီ ပြန်ထုတ်ရောင်းရမည်ဆိုသည်မှာ သာမန် အသိဉာဏ်တစ်ခုနှင့်ပင် သိနိုင်ပါသည်။ ပို၍ အရေးကြီးသည့် အချက်မှာ သင့်အနေနှင့် ဈေးကွက်ကို ကိုယ်တိုင်လေ့လာမည်ဆိုပါက အသိအကျွမ်းများ၊ အိမ်နီးနားချင်းများ၊ ရုပ်သံများမှ ဝေဖန်ရေးသမားများ၊ စာရေးဆရာများ၏ စကားများကို နားမထောင်မိရန် အရေးကြီးပါသည်။ ယင်းအစားသင်၏ ကိုယ်ပိုင်အသိဉာဏ်နှင့်သဲလွန်စများကို ဖော်ထုတ်ရန်နှင့် အရေးကြီး ဆုံးက ဈေးကွက်အညွှန်းကိန်းများကို လေ့လာရန် လိုအပ်ပါသည်။
အဆိုပါသဲလွန်စများ မည်သို့ဖော်ထုတ်သည်ကို လေ့လာရင်းနှင့်ပင်သင့်အနေနှင့် ဈေးကွက်အခြေအနေ ကို ပိုမိုနားလည်လာမည်ဖြစ်ပါသည်။ စတော့ဈေးကွက်တွင် ရုတ်တရက်ဉာဏ်ပွင့်လာနိုင်သည့် မျက်လှည့် ပညာတစ်ရပ် မရှိပါ။ သို့သော်ဈေးကွက်၏ အခြေခံသဲလွန်စများကို လေ့လာရင်းနှင့်ပင် သင့်အနေနှင့် အမြတ် အစွန်းများကို တဖြည်းဖြည်းချင်း ရရှိလာမည်ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သလိုပင်သင့်ကိုယ်သင် ကျွမ်းကျင်မှုများတိုးတက်စေရန်အတွက် လုပ်ဆောင်ရမည့်အလုပ်မှာ လာဘ်မြင်သောလေ့လာသူတစ်ဦးဖြစ်ရန် လိုအပ်ပါသည်။ ဈေးကွက်အား မည်သို့လေ့လာရမည်ကို လေ့လာရင်းနှင့်ပင် သင့်အနေနှင့် အခြားသော ရောင်းဝယ်သူများ၊ ပွဲစားများထက် နှာတစ်ဖျားသာသည့် အခြေအနေတစ်ရပ်ကို ရရှိစေမည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အများစုမှာ ဈေးကွက်ကိုမည်သို့မျှ မလေ့လာဘဲ လျစ်လျူရှုထားခြင်းပင်ဖြစ်သည်။ ဈေးကွက်ကိုသေသေချာချာ စောင့်ကြည့်ပါကသင့်အနေနှင့် စီးပွားရေးကြီးတစ်ခုမည်သို့ပြောင်းလဲသွားသည်ကို တွေ့မြင်ရမည့်အပြင် ကမ္ဘာ့အဖြစ်အပျက်များက ဈေးကွက်ကို မည်သို့အကျိုးသက်ရောက်စေသည်၊ လမ်းကြောင်းများ မည်သို့ပြောင်းသွားသည်နှင့်နွားသိုးဈေးကွက်နှင့် ဝက်ဝံဈေးကွက်တို့၏ အစမှတ်နှင့် အဆုံး မှတ်တို့ကိုပါ လေ့လာသိရှိနိုင်မည်ဖြစ်ပါသည်။
ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တစ်ခု၏ အထင်ကရ မန်နေဂျာတစ်ဦးဖြစ်သည့် Peter Lynch သည် ကုန်တိုက်၊ မော်တော်ကား ဝယ်ရောင်းဌာနများ အစရှိသော ဈေးသည်ရှိသည့် ကုမ္ပဏီနှင့် ဈေးကွက်မျိုးစုံသို့ သွားရောက်လေ့လာလေ့ရှိပြီး မည်သည့်ပစ္စည်းများက လူအဝယ်လိုက်သည်၊ ကုန်တိုက်ရှိ မည်သည့်အတန်းက လူအစည်ကားဆုံးနေရာဖြစ်သည်ကို လေ့လာလေ့ရှိပါသည်။ ဤသို့လေ့လာခြင်းက သူ့အနေနှင့် မည့်သည့် စတော့များကို ဝယ်ယူစုစည်းရခြင်းက အကောင်းဆုံးဖြစ်မည်ဆိုသည့် အကြံဉာဏ်များကို ရယူနိုင်ခဲ့ပါသည်။ သင့်အနေနှင့်လည်း ဤနည်းလမ်းအတိုင်း စတော့ဈေးကွက်တွင် အသုံးချနိုင်ပါသည်။
ဈေးကွက်အား အောင်မြင်စွာဖော်ထုတ်ရန်မှာ သင့်အနေနှင့် စုံထောက်အတတ်ပညာကိုလည်း တတ်မြောက်ရန် လိုအပ်ပါသည်။ လျှို့ဝှက်ဆန်းကြယ်သော ဇာတ်လမ်းများတွင်ပါဝင်သည့်အတိုင်း သင့်အနေ နှင့် သဲလွန်စများကို ရှာဖွေလိုက်တိုင်းလှည့်စားမှုများ၊ လမ်းကြောင်းအမှားများနှင့် ဦးတည်ချက်အလွဲများကို တွေ့ရမည် ဖြစ်ပေသည်။ ဆိုးရွားသော ရလဒ်များ ရရှိနေသည့်တိုင်သတင်း၊ စာနယ်ဇင်းများကို အသုံးချကာ သင့်ကို လှည့်ဖြားသွားနိုင်ပါသည်။ သို့သော်လည်း စတော့စုံထောက်တစ်ဦးအနေဖြင့် မည်သည်က အမှန်ဖြစ် သည်၊ မည်သည်ကလုပ်ကြံ လီဆယ်ထားသည်ကို ခွဲခြားတတ်ရန် လိုအပ်ပါသည်။ သင့်အနေနှင့် စတော့ဈေး ကွက်သို့ ဝင်ရောက်ခဲ့ပါက ထူးဆန်းသော ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသလို ခံစားရမည်ဖြစ်ကာ ခြားနားသော စည်းမျဉ်းများကို မြင်တွေ့ရမည်ဖြစ်သလို ဆင်ခြင်တွေးခေါ်မှုတိုင်းသည်လည်း အရာမရောက်ကြောင်း တွေ့ရ မည်ဖြစ်ပါသည်။
သင့်အနေနှင့် စတော့တစ်ခုကိုဝယ်ယူသည်ဖြစ်စေ၊ အညွှန်းကိန်းအခြေခံ အစုတစ်ခုကို ဝယ်ယူသည် ဖြစ်စေ သင့်ထံတွင် bull market ၏စွမ်းရည်များ အပြည့်ရှိနေပြီဆိုပါကမြတ်စွန်းမည်မှာ သေချာပါသည်။ ဤအတက် ဈေးကွက်တွင် သင့်အားပွပေါက်တိုးစေမည့် အခွင့်အရေးများတစ်ပုံကြီးရရှိမည်ဖြစ်သလို ကျရိပ်ရှိ သည့် ဈေးကွက်သို့ ရောက်ခါနီးတွင်လည်း သင့်ကိုယ်သင် အချိန်မီကာကွယ်ရန် မမေ့ပါနှင့်။
ထွန်းသက်ထွန်း
ကုမ္ပဏီတည်ထောင်ခြင်းနှင့် ကုမ္ပဏီအကြောင်း သိကောင်းစရာ
မေး ။ ။ ကုမ္ပဏီ ဘယ်နှစ်မျိုးရှိပါသလဲ။
ဖြေ ။ ။ အများဆိုင်ကုမ္ပဏီနဲ့ ပုဂ္ဂလိကကုမ္ပဏီဆိုပြီး နှစ်မျိုးရှိပါတယ်။
အများဆိုင်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်မယ်ဆိုရှု အနည်းဆုံးပုဂ္ဂိုလ်(၇)ဦး ရှိရပါမယ်။ ပုဂ္ဂလိက ကုမ္ပဏီဖွဲ့စည်း မယ်ဆိုရင်တော့ အနည်းဆုံး(၂)ဦးနဲ့ ဖွဲ့စည်းရပါမယ်။
မေး ။ ။ အများဆုံးဦးရေကိုကော ဘယ်လိုသတ်မှတ်ပါသလဲ။
ဖြေ ။ ။ အများဆိုင်ရာကုမ္ပဏီကိုဖွဲ့ရင် အများဆုံးဦးရေကို ကန့်သတ်မထားပါ။
ပုဂ္ဂလိက ကုမ္ပဏီဖွဲ့စည်းရင်တော့ အများဆုံးဦးရေ(၅၀)ထိ သတ်မှတ်ပါတယ်။
မေး ။ ။ ပုဂ္ဂလိက ကုမ္ပဏီရဲ့ ကန့်သတ်မှုကို သိချင်ပါတယ်။
ဖြေ ။ ။ ပုဂ္ဂလိက ကုမ္ပဏီက အသင်းအဖွဲ့စည်းမျဉ်းတွေနဲ့ အစုရှယ်ယာတွေ လွှဲပြောင်းနိုင်တဲ့အခွင့် အရေးကို ချုပ်ချယ်တယ်။ ကုမ္ပဏီရဲ့ အဖွဲ့ဝင်ဦးရေကို (၅၀)ဦးအထိသာ ကန့်သတ်တယ်။ ကုမ္ပဏီအစုရှယ်ယာ နဲ့ဒီဘင်ချာ ချေးငွေစာချုပ်တွေကို အများကို ဖိတ်ခေါ်ရောင်းချတာမျိုး မပြုလုပ်ဖို့တားမြစ်ပါတယ်။
မေး ။ ။ လီမိတက်ဆိုတာကို ရှင်းပြပါ။
ဖြေ ။ ။ ကုမ္ပဏီတိုင်းဟာ လီမိတက်မဟုတ်ပါ။ လီမိတက်မဟုတ်တဲ့ ကုမ္ပဏီတွေကိုလည်း တည် ထောင်လို့ရပါတယ်။ ကွာခြားချက်ကတော့ ပေးဖို့တာဝန် ကန့်သတ်ထားတဲ့ ကုမ္ပဏီဖြစ်ရင် ကုမ္ပဏီရဲ့နောက်မှာ လီမိတက်လို့ဖော်ပြရပါတယ်။ ဒါဟာ ဥပဒေအရမဖော်ပြလို့မရတဲ့သဘောပဲ။ ကုမ္ပဏီရဲ့နောက်မှာ လီမိတက်လို့ ဖော်ပြမပါရှိရင် အဲဒီကုမ္ပဏီဟာ ပေးဖို့တာဝန် ကန့်သတ်ထားတဲ့ကုမ္ပဏီမဟုတ်ဘူးလို့ ဆိုရပါမယ်။
ပေးဖို့တာဝန် ကန့်သတ်ထားတဲ့ကုမ္ပဏီဖြစ်ရင် အစုရှယ်ယာပိုင်ဆိုင်ထားတဲ့သူဟာ မိမိပိုင် အစုရှယ်ယာ တွေရဲ့ သတ်မှတ်တန်ဖိုးကို ကုမ္ပဏီကို အပြည့်အ၀ပေးသွင်းဖြစ်ရင် နောက်ထပ်ဘယ်လိုနည်းနဲ့မှ အဲဒီငွေထက် ပိုပြီးပေးဖို့တာဝန်မရှိပါ။ ကုမ္ပဏီအနေနဲ့ ဆုံးရှုံးလို့အကြွေးမဆပ်နိုင်ဖြစ်နေတဲ့တိုင်အောင် အစုအဖွဲ့ဝင်ကနောက် ထပ်ပေးဖို့ တာဝန်မရှိဘူးဆိုတဲ့ သဘောပါ။ ဒါကိုအင်္ဂလိပ်လို လီမိတက်လို့ခေါ်တာဖြစ်တယ်။
မေး ။ ။ ဦးပိုင်ကုမ္ပဏီ၊ လက်အောက်ခံကုမ္ပဏီ ဆိုတာကိုလည်း သိချင်ပါတယ်။
ဖြေ ။ ။ ပထမကုမဏီတစ်ခုက ဒုတိယကုမ္ပဏီတစ်ခုရဲ့ အစုရှယ်ယာတွေကို အများအပြားပိုင်ဆိုင်ထား ရင် ဒုတိယကုမ္ပဏီက ထုတ်ဝေထားတဲ့ အစုရှယ်ယာမတည်ငွေရင်းရဲ့(၅၀)ရာခိုင်နှုန်းထက်ပိုရင် ဒါမှမဟုတ် ဒုတိယကုမ္ပဏီမှာရှိတဲ့ မဲပေးနိုင်ခွင့်အာဏာကို (၅၀)ရာခိုင်နှုန်းထက် ကျော်လွန်ပြီဆိုရင် ပထမကုမ္ပဏီဟာ ဦးပိုင်ကုမ္ပဏီဖြစ်တယ်။ ဒုတိယကုမ္ပဏီကတော့ လက်အောက်ခံကုမ္ပဏီဖြစ်တယ်။
အလားတူ ဒုတိယကုမ္ပဏီမှာရှိတဲ့ ဒါရိုက်တာဦးရေ(၅၀)ရာခိုင်နှုန်းထက်ပိုပြီး ခန့်ထားနိုင်တဲ့အာဏာကို ပထမကုမ္ပဏီက ရရှိထားရင်လည်း ပထမကုမ္ပဏီဟာ ဦးပိုင်ကုမ္ပဏီဖြစ်တယ်။ ဒုတိယကုမ္ပဏီကတော့ လက် အောက်ခံကုမ္ပဏီဖြစ်တယ်။
ဒါ့အပြင် လက်အောက်ခံကုမ္ပဏီရဲ့ လက်အောက်ကုမ္ပဏီလည်း အပါအ၀င်ဖြစ်တယ်လို့ ဆိုရပါမယ်။
မေး ။ ။ ကုမ္ပဏီနဲ့ အစုစပ်ခြားနားချက်က ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ အစုစပ်လုပ်ငန်းဆိုတာ ကုမ္ပဏီဥပဒေအရ မှတ်ပုံတင်တည်ထောင်တဲ့ ကုမ္ပဏီမဟုတ်ပါ။ အစုစပ်လုပ်ငန်းဥပဒေအရ မှတ်ပုံတင်ရတဲ့လုပ်ငန်းပါ။ ကုန်သွယ်မှုအစုစပ်မှာ အစုစပ်အများဆုံး(၂၀)ဦး၊ ဘဏ် လုပ်ငန်းအစုစပ်မှာ အများဆုံး(၁၀)ဦးအထိသာ ထားခွင့်ရှိပါတယ်။
အစုစပ်လုပ်ငန်းဟာ ကုမ္ပဏီလိုမျိုး သီးခြားတရားဝင်ရပ်တည်တဲ့ ပုဂ္ဂိုလ်အပေါင်းအစုတစ်ခုမဟုတ်ပါ။ အစုစပ်အဖွဲ့ဝင်တွေဟာ ကုမ္ပဏီလိုပေးဖို့တာဝန်အကန့်အသတ်မရှိပါ။ အစုဝင်တွေဟာ တစ်ဦးတည်းပဲဖြစ်ဖြစ်၊ ပူးတွဲပဲဖြစ်ဖြစ် အသီးသီးမှာ တာဝန်ရှိကြပါတယ်။
အစုစပ်လုပ်ငန်းဟာ ကုမ္ပဏီလိုမျိုးစဉ်ဆက်မပြတ် ဆက်ခံရပ်တည်ခွင့်မရပါ။ အစုစပ်စာချုပ်မှာ သဘော တူပြုလုပ်ထားတာမရှိရင် အစုစပ်ဝင်တစ်ဦးသေဆုံးပါက လုပ်ငန်းဆုံးခန်းတိုင် ရောက်တယ်။ အစုဝင်အားလုံးရဲ့ သဘောတူချက်နဲ့လည်း အစုစပ်လုပ်ငန်းကိုအချိန်မရွေး ဖျက်သိမ်းနိုင်တယ်။ အခြားအစုဝင်တွေသဘောမတူရင် မိမိရဲ့အစုကို လွှဲပြောင်းရောင်းချတာမျိုး မပြုလုပ်နိုင်ပါ။
အစုစပ်လုပ်ငန်းကို လုပ်တဲ့အခါ အရင်းအနှီးထည့်ဝင်ထားတဲ့ငွေတွေကို အစုရှယ်ယာမတည်ငွေရင်း အဖြစ်သတ်မှတ်တယ်။ ကုမ္ပဏီတွေမှာလို အစုရှယ်ယာတစ်ခုရဲ့တန်ဖိုး ဘယ်ရွေ့ဘယ်မျှရယူပိုင်ဆိုင်တယ်လို့ မသတ်မှတ်ပါ။ အစုစပ်ဝင်ဒါမှမဟုတ် အားလုံး အညီအမျှထည့်ရင်လည်း ရတယ်။
ကုမ္ပဏီမှာ အကြီးအကဲကို ‘မန်းနေဂျားဒါရိုက်တာ’ လို့ခေါ်တယ်။ အစုစပ်လုပ်ငန်းမှာတော့ ‘မန်းနေ ဂျင်းပါတနာ’ လို့ခေါ်တယ်။
ဆရာ ဦးကျော်ဇေယျ ရေးသားသော စီးပွားရေးလုပ်ငန်းရှင်လက်စွဲစာအုပ်မှ ကောက်နုတ်ဖော်ပြထားပါသည်။
ကုမ္ပဏီ တည်ထောင်သည့်အခါ လုပ်ဆောင်ရမည့် အချက်များ
မေး ။ ။ ကုမ္ပဏီတည်ထောင်တဲ့အခါမှာ လုပ်ဆောင်ရမယ့်အချက်တွေကို သိပါရစေ။
ဖြေ ။ ။ ကုမ္ပဏီတည်ထောင်မယ်ဆိုရင် ကုန်သွယ်ရေးဝန်ကြီးဌာန ကုမ္ပဏီများမှတ်ပုံတင်ဌာနမှာသွား ပြီး မှတ်ပုံတင်ရပါလိမ့်မယ်။
ကုမ္ပဏီမှတ်ပုံတင်အရာရှိထံ တင်သွင်းရမယ့် အသင်းအဖွဲ့မှတ်တမ်းမှာ ဖွဲ့စည်းတည်ထောင်တဲ့ ပုဂ္ဂိုလ် အမည်၊ လက်မှတ်တွေ ပါရှိရပါလိမ့်မယ်။
မြန်မာနိုင်ငံမှာတော့ အစုရှယ်ယာနဲ့ ပေးဖို့တာဝန်ကန့်သတ်ထားတဲ့ ကုမ္ပဏီ(လီမိတက်)တွေကိုသာ တည်ထောင်ကြတာများတယ်။
ကုမ္ပဏီတည်ထောင်မယ်ဆိုရင် ပထမအသင်းဖွဲ့မှတ်တမ်း ရေးဆွဲရပါတယ်။ နောက်ပြီးသင်းဖွဲ့စည်းမျဉ်း တွေရေးဆွဲရပါတယ်။ ဒီနောက် မှတ်တမ်းတင်ဖို့ကိစ္စနဲ့ ပတ်သက်တဲ့လိုအပ်ချက်တွေ ဆောင်ရွက်ရတယ်။
မေး ။ ။ သင်းဖွဲ့မှတ်တမ်းမှာ ဘာတွေပါဖို့ လိုအပ်ပါသလဲ။
ဖြေ ။ ။ သင်းဖွဲ့မှတ်တမ်းမှာ အောက်ပါအချက်တွေ ပါရမှာဖြစ်တယ်။
၁။ ကုမ္ပဏီအမည် (နောက်ဘက်မှာ လီမိတက်လို့ ဖော်ပြရပါမယ်။)
၂။ ကုမ္ပဏီရုံးဌာန (မြန်မာနိုင်ငံအတွင်းမှာ တည်ရှိရပါမယ်။)
၃။ ကုမ္ပဏီရဲ့ ရည်ရွယ်ချက်(အပြည့်အစုံ ဖော်ပြရပါမယ်။)
၎။ ပေးရန်တာဝန် ကန့်သတ်ထားတဲ့အကြောင်း ဖော်ပြချက်။
၅။ အစုရှယ်ယာ မတည်ငွေရင်းနဲ့ အစုရှယ်ယာတွေ ခွဲထားပုံတွေပါရမှာ ဖြစ်ပါတယ်။
ကုမ္ပဏီအမည်နဲ့ပတ်သက်ပြီး မသုံးစွဲဖို့တာမြစ်ထားတဲ့ စကားရပ်တွေရှိတယ်။ ဥပမာ – နိုင်ငံတော်၊ ပြည်ထောင်စု၊ သမ္မတ စတဲ့စကားရပ်တွေကို သုံးစွဲခွင့်မရှိပါ။ အစိုးရအဖွဲ့ပဲဖြစ်ဖြစ်၊ စည်ပင်သာယာအဖွဲ့နဲ့ပဲဖြစ် ဖြစ် ဆက်သွယ်မှုရှိတယ်လို့ ထင်ယောင်ထင်မှားဖြစ်စေတဲ့ စကားရပ်တွေကို သုံးစွဲခွင့်မရှိပါ။ အခြားရှိပြီးဖြစ်တဲ့ ကုမ္ပဏီအမည်ကိုလည်း သုံးစွဲခွင့်မရှိပါ။
ဆရာ ဦးကျော်ဇေယျ ရေးသားသော စီးပွားရေးလုပ်ငန်းရှင်လက်စွဲစာအုပ်မှ ကောက်နုတ်ဖော်ပြထားပါသည်။
သင်းဖွဲ့ မှတ်တမ်း ဆိုသည်မှာ
ကုမ္ပဏီရဲ့ ရည်ရွယ်ချက်ဟာ ကုမ္ပဏီရဲ့ လုပ်ကိုင်ဆောင်ရွက်ခွင့်နယ်ပယ်ကို ဖွင့်ဆိုတာဖြစ်တယ်။ ကုမ္ပဏီရဲ့ ရည်ရွယ်ချက်တွေဟာ နိုင်ငံတော်အစိုးရက တားမြစ်ထားတဲ့၊ ခွင့်မပြုတဲ့၊ ဥပဒေနဲ့မကိုက်ညီတဲ့ကိစ္စ တွေကိုဆောင်ရွက်ဖို့ ဖော်ပြခွင့်မရှိပါ။ ရည်ရွယ်ချက်ရဲ့ အောက်ခြေမှာ ခြွင်းချက်ဆိုတဲ့အပိုဒ်တစ်ပိုဒ်ထည့်ရလေ့ ရှိပါတယ်။ ရည်ရွယ်ချက်တွေကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းမှာပဲဖြစ်ဖြစ်၊ တခြားအရပ်ဒေသတစ်ခုခု မှာပဲဖြစ်ဖြစ်၊ အချိန်ကာလအားလျော်စွာ တည်မြဲနေတဲ့၊ ဥပဒေက ခွင့်ပြုထားတဲ့ လုပ်ငန်းတွေမှအပ အခြားလုပ် ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုပါ။ ဥပဒေပြဋ္ဌာန်းချက်၊ ခွင့်ပြုချက်၊ သဘောတူညီချက်ရရှိတဲ့လုပ်ငန်း တွေကိုသာ ဆောင်ရွက်မှာဖြစ်တဲ့အကြောင်း ဖော်ပြရမှာဖြစ်တယ်။
သင်းဖွဲ့မှတ်တမ်းမှာ သတ်မှတ်ထားတဲ့ အစုရှယ်ယာမတည်ငွေရင်းကို ဖော်ပြပြီးအဲဒီမတည်ငွေရင်းကို တန်ဖိုးအညီအမျှ သတ်မှတ်ထားတဲ့ အစုရှယ်ယာပေါင်း မည်ရွေ့မည်မျှ ခွဲစိတ်ထားတဲ့အကြောင်းဖော်ပြရမှာ ဖြစ်တယ်။ ဒါကိုခွင့်ပြုထားတဲ့ မတည်ငွေရင်းလို့ခေါ်တယ်။
သင်းဖွဲ့မှတ်တမ်းကို မြန်မာ၊ အင်္ဂလိပ်ဘာသာနှစ်မျိုးနဲ့ ပုံနှိပ်ရတယ်။ အမည်ထည့်သွင်းထားသူ တစ်ဦး ချင်းကအသိသက်သေရဲ့ရှေ့မှောက်မှာ လက်မှတ်ရေးထိုးမှတ်တမ်းပြုကြရတယ်။
သင်းဖွဲ့စည်းမျဉ်းကတော့ ကုမ္ပဏီကို စီမံခန့်ခွဲတဲ့နေရာမှာ လိုက်နာရမယ့်စည်းမျဉ်းစည်းကမ်းပဲ ဖြစ်တယ်။
သင်းဖွဲ့စည်းမျဉ်းဆိုင်ရာ ခေါင်းစီးတွေကတော့
- ပဏာမ
- လုပ်ငန်းဆောင်တာ
- အစုရှယ်ယာများ
- အစုရှယ်ယာပိုင်ရေးဆိုင်ခွင့် ထိန်းကိုင်ထားခြင်း
- အစုရှယ်ယာများ လွှဲပြောင်းခွင့်ဆက်ခံခြင်း
- အစုရှယ်ယာများ ကုမ္ပဏီပိုင်သိမ်းယူခြင်း
- ရှယ်ယာဝရမ်းများ
- မတည်ငွေရင်းပြောင်းလဲသတ်မှတ်ခြင်း
- သင်းလုံးကျွတ်အစည်းအဝေးများ
- သင်းလုံးကျွတ်အစည်းအဝေး၌ ဆောင်ရွက်ပုံများ
- အဖွဲ့ဝင်များက မဲပေးခြင်း
- ဒါရိုက်တာများ
- ဒါရိုက်တာများ၏ အခွင့်အာဏာနှင့် တာဝန်များ
- ကုမ္ပဏီတံဆိပ်တုံးများ
- ဒါရိုက်တာအရည်အချင်း ပျက်ယွင်းခြင်း
- ဒါရိုက်တာများ အလှည့်ကျအနားယူခြင်း
- ဒါရိုက်တာအစည်းအဝေးများ၌ ဆောင်ရွက်ပုံ
- အမြတ်ဝေစုများနှင့် ရန်ပုံငွေ
- စာရင်းများ
- စာရင်းစစ်ခြင်း
- နို့တစ်စာပေးပို့ခြင်း စသည်တို့ဖြစ်တယ်။
မေး ။ ။ သင်းဖွဲ့မှတ်တမ်းကို ပြောင်းလဲပြင်ဆင်နိုင်ပါသလား။
ဖြေ ။ ။ ကုမ္ပဏီဥပဒေ ပြဋ္ဌာန်းချက်နဲ့အညီ ကုမ္ပဏီတစ်ခုဟာ အထူးဆုံးဖြတ်ချက်နဲ့ ကိစ္စတစ်ရပ်ရပ်ကို လုပ်ဆောင်ဖို့ လိုအပ်သမျှအတွက် ကုမ္ပဏီရဲ့ ရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီး သင်းဖွဲ့မှတ်တမ်းပါ အချက်အ လက်တွေကို ပြင်ဆင်ပြောင်းလဲနိုင်ပါတယ်။
- ကုမ္ပဏီရဲ့ လုပ်ငန်းတွေကို ပိုမိုပြီး စီးပွားရေးတွက်ခြေကိုက်အောင် ဒါမှမဟုတ်ပိုမိုခရီးရောက်အောင် ဆောင်ရွက်နိုင်ဖို့။
- အဓိကရည်မှန်းချက်ကို နည်းသစ်လမ်းသစ်တွေ၊ ဒါမှမဟုတ် တိုးတက်တဲ့ နည်းလမ်းတွေနဲ့ရောက်ရှိ စေဖို့။
- မိမိဆောင်ရွက်လုပ်ကိုင်နေတဲ့ ဒေသန္တရအ၀န်းအ၀ိုင်းကို တိုးချဲ့ဖို့၊ ဒါမှမဟုတ်ပြောင်းလဲဖို့။
- လက်ရှိအခြေအနေတွေအရ ကုမ္ပဏီရဲ့လုပ်ငန်းတွေနဲ့ ပိုမိုပြီး အဆင်ပြေအောင်ဒါမှမဟုတ် အကျိုးရှိ အောင်ပေါင်းစပ်နိုင်တဲ့ လုပ်ငန်းအချို့ကို ဆောင်ရွက်နိုင်ဖို့။
- သင်းဖွဲ့မှတ်တမ်းမှာ ဖော်ပြထားတဲ့ ရည်ရွယ်ချက်တစ်စုံတစ်ရာကို အကန့်အသတ်ပြုဖို့ ဒါမှမဟုတ် စွန့်လွတ်ဖို့။
- ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်တာအားလုံးကိုဖြစ်ဖြစ်၊ တစ်စိတ်တစ်ပိုင်းဖြစ်ဖြစ်ရောင်းချဖို့ ဒါမှမဟုတ် ထုခွဲဖို့။
- တခြားကုမ္ပဏီ ဒါမှမဟုတ် ပုဂ္ဂိုလ်တစ်ခုနဲ့ ပေါင်းစပ်ဖွဲ့စည်းဖို့ တရားရုံးတော်ကို လျှောက်ထားပြီး ရုံးတော်က အတည်ပြုတဲ့အချိန်အထိနဲ့ ရုံးတော်ကအတည်ပြုတဲ့အတိုင်းအတာအထိကလွဲပြီး ဒီပြင်ဆင်ပြောင်း လဲချက်တွေအကျိုးသက်ရောက်မှုမရှိပါ။
ပြင်ဆင်ပြောင်းလဲချက်တွေကို အတည်မပြုမီတရားရုံးက အောက်ဖော်ပြမယ့် အချက်တွေကို ကျေနပ် လက်ခံမှုရယူမှာဖြစ်တယ်။
(က) ကုမ္ပဏီရဲက ဒီဘင်ချာပိုင်ဆိုင်သူ တစ်ဦးချင်းထံကိုဖြစ်ဖြစ်၊ ပြင်ဆင်ပြောင်းလဲချက်ကြောင့် အကျိုးစီးပွား ထိခိုက်နစ်နာလိမ့်မယ်လို့ တရားရုံးက သဘောရတဲ့ဘယ်ပုဂ္ဂိုလ် အတန်းအစားကိုမဆိုဖြစ်ဖြစ်လုံလောက်တဲ့ နို့တစ်စာထုတ်ပေးပြီး ဖြစ်ဖို့လိုတယ်။
(ခ) ကန့်ကွက်နိုင်တဲ့ အခွင့်အရေးရှိတယ်လို့ တရားရုံးက ယူဆလက်ခံတဲ့အပြင် တရားရုံးက ညွှန်ကြားတဲ့ နည်းလမ်းအတိုင်းလည်း ထုတ်ဖော်ကန့်ကွက်တဲ့ မြီရှင်တစ်ဦးစီနဲ့ပတ်သက်ပြီး ပြင်ဆင်ပြောင်းလဲခြင်းကိုအဲဒီ ပုဂ္ဂိုလ်သဘောတူညီချက်ရရှိထားပြီး ဖြစ်ဖို့လိုတယ်။ ဒါမှမဟုတ် အဲဒီပုဂ္ဂိုလ်ရဲ့ ကြွေးမြီး ဒါမှမဟုတ်တောင်းဆို ချက်တွေကို ပေးချေပြီး ဒါမှမဟုတ် ဆုံဖြတ်ဖြေရှင်းပြီးဖြစ်ဖို့ လိုတယ်။ ဒါမှမဟုတ်တရားရုံးက ကျေနပ်လက်ခံ တဲ့အထိမဆုံးရှုံးစေဖို့ အာမခံချက်ပြုထားပြီးဖြစ်ဖို့ လိုတယ်။
ဒါပေမယ့် တရားရုံးတော်အနေနဲ့ ပုဂ္ဂိုလ်တစ်စုံတစ်ရာ အတန်းအစားတစ်ခုနဲ့ပတ်သက်ပြီး အထူး အကြောင်းပြချက်တွေရှိရင် လိုအပ်တဲ့နို့်တစ်စာကို ပလပ်နိုင်တယ်။
တရားရုံးက ပြင်ဆင်ပြောင်းလဲတာကို အပြည့်အ၀ပဲဖြစ်ဖြစ်၊ တစ်စိတ်တစ်ဒေသပဲဖြစ်ဖြစ် အတည်ပြုမိန့် ချမှတ်နိုင်တယ်။
ဆရာ ဦးကျော်ဇေယျ ရေးသားသော စီးပွားရေးလုပ်ငန်းရှင်လက်စွဲစာအုပ်မှ ကောက်နုတ်ဖော်ပြထားပါသည်။
ကုမ္ပဏီအဖွဲ့ဝင်များအကြောင်း
မေး ။ ။ ကုမ္ပဏီအဖွဲ့ဝင်အကြောင်း သိချင်ပါတယ်။
ဖြေ ။ ။ ကုမ္ပဏီတစ်ခုရဲ့ သင်းဖွဲ့မှတ်တမ်းမှာ အမည်ထည့်ဝင်ထားသူတွေအနေနဲ့ ကုမ္ပဏီရဲ့အဖွဲ့ဝင် ဖြစ်လာဖို့သဘောတူပြီးဖြစ်သူတွေဖြစ်တယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။ ကုမ္ပဏီကို မှတ်ပုံတင်ပြီးတဲ့အခါ ဒီ ပုဂ္ဂိုလ်တွေကို အဖွဲ့ဝင်တွေအဖြစ် ကုမ္ပဏီရဲ့ အဖွဲ့ဝင်မှတ်ပုံတင်စာအုပ်မှာ ရေးသွင်းရတယ်။
ကုမ္ပဏီတစ်ခုရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်လာဖို့ သဘောတူတာဖြစ်တဲ့အတွက် အဖွဲ့ဝင်မှတ်ပုံတင်စာအုပ်မှာ မိမိရဲ့အမည်ကို ရေးသွင်းဖော်ပြထားတာဖြစ်တယ်။
ကုမ္ပဏီမှာ အဖွဲ့မှတ်ပုံတင်စာအုပ် တစ်အုပ်ဖြစ်ဖြစ်၊ တစ်အုပ်ထက်ပိုပြီးဖြစ်ဖြစ် ထားရှိရမှာဖြစ်တယ်။ မှတ်ပုံတင်စာအုပ်မှာ -
၁။ အဖွဲ့ဝင်တွေရဲ့ အမည်၊ နေရပ်၊ လူမျိုး၊ အလုပ်အကိုင်(အစုရှယ်ယာမတည်ငွေရင်းရှိတဲ့ ကုမ္ပဏီဖြစ်ရင်) အဖွဲ့ဝင်တစ်ဦးချင်းပိုင်ဆိုင်တဲ့ အစုရှယ်ယာ၊ ဒါကိုတစ်ဦးချင်းအမှတ်စဉ်ဖော်ပြပြီး ပေးသွင်းပြီးဖြစ်တဲ့ငွေ၊ ပေးသွင်းပြီးပြီလို့ မှတ်ယူသဘောထားတဲ့ငွေ၊
၂။ မှတ်ပုံတင်စာအုပ်မှာ အဖွဲ့ဝင်အဖြစ် ပုဂ္ဂိုလ်တစ်ဦးကို ရေးသွင်းတဲ့နေ့စွဲ၊
၃။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အဖွဲ့ဝင်အဖြစ်က ရပ်စဲတဲ့ နေ့စွဲစတဲ့အချက်တွေကို ရေးသွင်းရမှာဖြစ်တယ်။
အဖွဲ့ဝင်(၅၀)ဦးရေထက်ပိုပြီးရှိတဲ့ ကုမ္ပဏီတိုင်းအနေနဲ့ ကုမ္ပဏီအဖွဲ့ဝင်တွေရဲ့ အမည်တွေကို မာတိကာပြုလုပ်ထားရှိဖို့ လိုတယ်။
ဒါ့အပြင် အဖွဲ့ဝင်မှတ်ပုံတင်စာအုပ်ထဲမှာ တစ်စုံတစ်ရာအပြောင်းအလဲပြုလုပ်တဲ့နေ့မှ (၁၄) ရက် အတွင်း မာတိကာမှာလည်း လိုအပ်တဲ့ပြောင်းလဲချက်တွေကို ရေးသွင်းဖို့လိုတယ်။
မာတိကာကို ကတ်ပြားမာတိကာပုံစံနဲ့လည်း အသုံးပြုနိုင်ပါတယ်။ အဲဒီမာတိကာမှာ အဖွဲ့ဝင်တစ်ဦးချင်း နဲ့ပတ်သက်တဲ့စာရင်းကို အဖွဲ့ဝင်စာအုပ်မှာ လွယ်လွယ်ကူကူ ရှာတွေ့နိုင်အောင် လုံလောက်တဲ့အညွှန်းထားရှိ ရပါတယ်။
အစုရှယ်ယာ မတည်ငွေထားရှိတဲ့ ကုမ္ပဏီတိုင်း ပထမဆုံးအကြိမ်ကျင်းပတဲ့ ဒါမှမဟုတ်နှစ်ကာလ အတွင်းမှာကျင်းပတဲ့ သာမန်သင်းလုံးကျွတ်အစည်းအဝေးမှာ ကုမ္ပဏီအဖွဲ့ဝင်တွေ ဖြစ်နေကြတဲ့ ပုဂ္ဂိုလ်အားလုံး ရဲ့အမည်စာရင်းကို ကုမ္ပဏီမှတ်ပုံတင်တည်ထောင်ပြီး (၁၈) လအတွင်း ပြုစုထားရှိရမှာဖြစ်တယ်။ အဖွဲ့ဝင် အဖြစ်က ရပ်စဲသွားကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ အမည်ကိုပါ ပြုစုထားရမှာဖြစ်တယ်။
လက်ရှိဖြစ်တဲ့ အဖွဲ့ဝင်တွေ၊ အဖွဲ့ဝင်အဖြစ်က ရပ်စဲသွားသူတွေနဲ့ ပတ်သက်ပြီးယခင်နောက်ဆုံးစာရင်း ပြုလုပ်တဲ့နေ့ကစပြီး ဒါမှမဟုတ် ကုမ္ပဏီမှတ်ပုံတင်တည်ထောင်တဲ့နေ့ကစပြီး အသီးသီးလွှဲပြောင်းပေးခဲ့တဲ့ အစုရှယ်ယာတွေကို တိတိကျကျဖော်ပြရတယ်။
လွှဲပြောင်းပေးတာတွေရှိရင် နေ့စွဲဖော်ပြရတယ်။ ဒီစာရင်းမှာ ငွေနဲ့ရောင်းချထုတ်ပေးတဲ့ အစုရှယ်ယာ တွေနဲ့ ငွေသားမပေးရသေးတဲ့ အပြည့်အ၀ပေးသွင်းပြီး အစုအဖြစ်သတ်မှတ်ထုတ်ပေးထားတဲ့ အစုရှယ်ယာဆို ပြီးကွဲပြားအောင် ခွဲခြားပြသတဲ့အနှစ်ချုပ်စာရင်း ပါရှိရမှာဖြစ်တယ်။ အဲဒီမှာ ဘယ်အချက်တွေပါရမလဲဆိုတော့
(က) ကုမ္ပဏီရဲ့ အစုရှယ်ယာ မတည်ငွေတန်ဖိုးနဲ့ မတည်ငွေကို ခွဲစိတ်ထားတဲ့ အစုရှယ်ယာအရေအတွက်၊
(ခ) ကုမ္ပဏီလုပ်ငန်းကို စတင်ချိန်ကစပြီး စာရင်းပြုစုတဲ့နေ့အထိ ထည့်ဝင်ရယူကြတဲ့ အစုရှယ်ယာအရေ အတွက်၊
(ဂ) အစုရှယ်ယာတစ်ခုချင်းပေါ်မှာ တောင်းဆိုထားတဲ့ ငွေပမာဏ၊
(ဃ) ငွေရရှိပြီးဖြစ်တဲ့ စုစုပေါင်းတောင်းငွေခေါ် ငွေပမာဏ၊
(င) နောက်ဆုံးစာရင်းပြုလုပ်ခဲ့တဲ့နေ့ကစပြီး အစုရှယ်ယာတွေ၊ ဒီဘင်ချာတွေနဲ့ ပတ်သက်ပြီးပေးရတဲ့ကော်မရှင် ငွေ ဒါမှမဟုတ် ကော်မရှင်ငွေ ဒါမှမဟုတ် စာရင်းပြုလုပ်ချိန်မှာ စာရင်းက ပယ်ဖျက်ခြင်းမပြုရသေးတဲ့ တန်ဖိုး ပမာဏ၊
(စ) သိမ်းယူလိုက်တဲ့ စုစုပေါင်း အရေအတွက်၊
(ဆ) စာရင်းပြုစုတဲ့နေ့မှာ ရှယ်ယာဝါရန့်(Share Warrants)ထုတ်ပေးထားဆဲဖြစ်တဲ့ အစုရှယ်ယာတွေ၊ စတော့ ခ်တွေရဲ့ စုစုပေါင်းတန်ဖိုးပမာဏ၊
(ဇ) ယခင်နောက်ဆုံးစာရင်းဇယားပြုစုတဲ့နေ့ကစပြီး ထုတ်ပေးခဲ့တဲ့ ရှယ်ယာဝရန့်တွေနဲ့ြ့ပန်လည်အပ်နှံတဲ့ ရှယ်ယာဝရန့်အသီးသီးရဲ့ စုစုပေါင်းတန်ဖိုးပမာဏ၊
(ဈ) ရှယ်ယာဝရန့်တစ်ခုချင်းမှာပါဝင်တဲ့ အစုရှယ်ယာအရေအတွက် ဒါမှမဟုတ် စတော့ခ်ရဲ့ တန်ဖိုးပမာဏ၊
(ည) စာရင်ပြုစုတဲ့နေ့မှာ ကုမ္ပဏီရဲ့ ဒါရိုက်တာတွေဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေနဲ့ အဲဒ်ီနေ့ကုမ္ပဏီရဲ့ မန်နေဂျာတွေ၊ မန်နေဂျင်း၊ အေးဂျင်းတွေဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ အမည်တွေရှိခဲ့ရင် ရှိခဲ့သလို အမည်၊ နေရပ်လိပ်စာ၊ လူမျိုး စတဲ့အချက်အလက်တွေ၊ ပုဂ္ဂိုလ်အပြောင်းအလဲဖြစ်မှုတွေ၊ ဒီအပြောင်းအလဲဖြစ်တဲ့နေ့စွဲတွေ၊
(ဋ) မှတ်ပုံတင်အရာရှိထံမှာ မှတ်ပုံတင်ပြုဖို့လိုအပ်တဲ့ ပစ္စည်း၊ ပေါင်နှံမှုအားလုံးနဲ့ ကြွေးမြီးတာဝန်တင်ထားမှု အားလုံးနဲ့ပတ်သက်ပြီး ကုမ္ပဏီက ပေးဆောင်ရမယ့် ကြွေးမြီးစုစုပေါင်း တန်ဖိုးပမာဏ စတဲ့အချက်အလက်တွေ ပါရမှာဖြစ်တယ်။
ဆရာ ဦးကျော်ဇေယျ ရေးသားသော စီးပွားရေးလုပ်ငန်းရှင်လက်စွဲစာအုပ်မှ ကောက်နုတ်ဖော်ပြထားပါသည်။
အစုရှယ်ယာဆိုသည်မှာ
မေး ။ ။ အစုရှယ်ယာတွေထည့်ဝင်ငွေရင်းကိစ္စ သိချင်ပါတယ်။
ဖြေ ။ ။ ကုမ္ပဏီအဖွဲ့ဝင်တစ်ဦးရဲ့ အစုရှယ်ယာတွေ ဒါမှမဟုတ်အခြားအကျိုးခံစားခွင့်တွေဟာ ရွှေ့ ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်ရပါမယ်။ ဒါ့အပြင် ကုမ္ပဏီရဲ့ အသင်းအဖွဲ့စည်းမျဉ်းမှာ ပြဋ္ဌာန်ထားတဲ့ နည်းလမ်းတွေ အတိုင်းလွှဲပြောင်းနိုင်ခွင့်ရှိရမှာဖြစ်တယ်။
အစုရှယ်ယာ မတည်ငွေရင်းထားရှိတဲ့ ကုမ္ပဏီတစ်ခုမှာ အစုရှယ်ယာတစ်ခုချင်းကို သင့်လျော်တဲ့ အမှတ်စဉ်နံပါတ်တပ်ပြီး ထားရှိရတယ်။
အဖွဲ့ဝင်တစ်ဦးပိုင်ဆိုင်တဲ့ အစုရှယ်ယာတွေ စတော့ခ်တွေကို တိတိကျကျဖော်ပြပြီး ကုမ္ပဏီရဲ့ ကိုယ်ပိုင် တံဆိပ်တုံးနှိပ်ပြီး ထုတ်ပေးတဲ့ သက်သေခံလက်မှတ်ဟာ ဒီအစုရှယ်ယာတွေ၊ စတော့ခ်တွေကို အဲဒီအဖွဲ့ဝင်ပိုင် ဆိုင်တဲ့အကြောင်း ခိုင်လုံတဲ့ သက်သေခံအထောက်အထား ဖြစ်စေရမှာဖြစ်တယ်။
မေး ။ ။ အစုရှယ်ယာ ဘယ်နှစ်မျိုးရှိပါသလဲ။
ဖြေ ။ ။ ကုမ္ပဏီဥပဒေမှာ အသိအမှတ်ပြုဖော်ပြထားတဲ့ အစုရှယ်ယာ အတန်းအစားတွေကတော့
၁။ သာမန်အစုရှယ်ယာ
၂။ ဦးစားပေးအစုရှယ်ယာ
၃။ နောက်ချန်အစုရှယ်ယာ
၎။ ပြန်လည်ရွေးယူနိုင်တဲ့ ဦးစားပေးအစုရှယ်ယာတွေပါပဲ။
အစုရှယ်ယာ အတန်းအစားသီးသီးမှာ အခွင့်အရေးအမျိုးမျိုးရှိတယ်။ အစုရှယ်ယာအတန်းအစားခွဲခြား ထားရှိချက်နဲ့ သတ်မှတ်ထားတဲ့ အခွင့်အရေးတွေကို ကုမ္ပဏီရဲ့ သင်းဖွဲ့မှတ်တမ်းနဲ့ သင်းဖွဲ့စည်းမျဉ်းတွေမှာ ဖော်ပြဖို့လိုတယ်။ ဒီအခွင့်အရေးတွေကို ပြင်ဆင်ပြောင်းလဲတာမျိုး မပြုလုပ်နိုင်ပါ။ ပြင်ဆင်ပြောင်းလဲချင်ရင် ပေးထားပြီးဖြစ်တဲ့ အခွင့်အရေးတွေကို မထိခိုက်အောင် အကာအကွယ်ပေးနိုင်ဖို့်အတွက် ကုမ္ပဏီဥပဒေမှာ သတ်မှတ်ထားတဲ့နည်းလမ်းအတိုင်းသာ ဆောင်ရွက်ရမှာဖြစ်တယ်။
မေး ။ ။ သာမန်အစုရှယ်ယာဆိုတာ ဘယ်လိုမျိုးပါလဲ။
ဖြေ ။ ။ ကုမ္ပဏီတစ်ခုမှာ အမြဲတမ်းရှိနေတဲ့ ရှယ်ယာအတန်းအစားဖြစ်တယ်။ ဘယ်အခွင့်အရေးကိုမှ အထူးတလည် သတ်မှတ်ဖော်ပြပေးဖို့မလိုဘဲ အစုရှယ်ယာဝင်တိုင်းရရှိမယ့်အခွင့်အရေးမှန်သမျှကို ရရှိမယ့် ရှယ်ယာအတန်းအစားမျိုးဖြစ်တယ်
ကုမ္ပဏီမှာ ဦးစားပေးအစုရှယ်ယာတွေဆိုရင် အဲဒီအစုရှယ်ယာတွေအတွက် ပုံသေသတ်မှတ်ထားတဲ့ အမြတ်ဝေစုကို ခွဲဝေပေးပြီးနောက် ကျန်အမြတ်အားလုံးဟာ သာမန်အစုရှယ်ယာတွေအတွက်ဖြစ်တယ်။
မေး ။ ။ ဦးစားပေးအစုရှယ်ယာ ဆိုတာကကော
ဖြေ ။ ။ သင်းဖွဲ့စည်းမျဉ်းမှာ ဖော်ပြထားတဲ့ ပုံသေရာခိုင်နှုန်းနဲ့ အမြတ်ဝေစုကို သာမန်အစုရှယ်ယာတွေ ရဲ့အလျင်ရနိုင်တဲ့ အခွင့်အရေးရတယ်။ သတ်မှတ်ထားတဲ့ပုံသေအမြတ်ဝေစုထက် ပိုလို့တော့မရနိုင်ပါ။ အသင်း အဖွဲ့စည်းမျဉ်းတွေက ပိုလျှံတဲ့အမြတ်ငွေပေါ်မှာ ထပ်မံခွဲဝေခံစားခွင့် ပေးထားခဲ့ရင်တော့ ရနိုင်တယ်။
သာမန်အစုရှယ်ယာတွေအနေနဲ့ ပိုသမျှအမြတ်ငွေကို ခံစားနိုင်ခွင့်ရှိပေးမယ့် ရှေ့ပိုင်းမှာ အမြတ်ကုန် သွားရင် သာမန်အစုရှယ်ယာတွေအတွက် အမြတ်ဝေစုကျန်မှာ မဟုတ်တော့ပါ။
နှစ်တစ်နှစ်အတွင်း ဦးစားပေးအစုရှယ်ယာတွေအတွက် အမြတ်မရှိလို့ ခွဲဝေမပေးနိုင်ပေမယ့် အဲဒီ အမြတ်ငွေကို နောက်နှစ်မှာ နောက်အမြတ်ထဲက ခံစားနိုင်ခွင့်(အမြတ်စုဆောင်းနိုင်ခွင့်) ပေးထားတာလည်း ရှိတတ်တယ်။ ကုမ္ပဏီကို စာရင်းဖျက်သိမ်းတဲ့အခါမှာ ဦးစားပေးအခွင့်အရေးမရှိပါ။ ပိုလျှံတဲ့ မတည်ငွေရင်းမှာ ပါဝင်ခံစားခွင့်မရှိဆိုတဲ့ ကိစ္စကတော့ သင်းဖွဲ့စည်းမျဉ်းတွေနဲ့ အစုရှယ်ယာထုတ်ပေးစဉ်က စည်းကမ်းချက်တွေ အပေါ်တည်တာပါပဲ။
မေး ။ ။ နောက်ချန်အစုရှယ်ယာ ဆိုတာကကော။
ဖြေ ။ ။ ကမကထ ပြုသူတွေရဲက အစုရှယ်ယာဒါမှမဟုတ် စီမံခန့်ခွဲသူရဲ့ အစုရှယ်ယာကို ခေါ်တာပါပဲ။ ကုမ္ပဏီဖြစ်မြောက်အောင် တည်ထောင်ဖွဲ့စည်းကြတဲ့ လုပ်အားအတွက် တည်ထောင်သူတွေကို ခွဲဝေချထား ပေးတာရှိတယ်။
အပြည့်အ၀ပေးသွင်းပြီး အစုရှယ်ယာအဖြစ် ဒါမှမဟုတ် တစ်စိတ်တစ်ဒေသပေးသွင်းပြီး အစုရှယ်ယာ အဖြစ်လည်း တရားဝင်ခွဲပေးခွင့်ရှိတယ်။ ဒီလိုခွဲပေးဖို့အတွက် စာချုပ်စာတမ်းတွေကို ကုမ္ပဏီများမှတ်ပုံတင် အရာရှိထံမှာ တင်ပြရတဲ့အပြင် လုပ်ငန်းလမ်းညွှန်း ဒါမှမဟုတ် လုပ်နင်းလမ်းညွှန်းအစား ဖော်ပြချက်စာတမ်း တွေမှာလည်း ဖော်ပြရတယ်။ အခြားအတန်းအစားဖြစ်တဲ့ အစုရှယ်ယာတွေအနေနဲ့ကျန်တဲ့ အမြတ်ငွေကိုခွဲဝေ ခံစားလေ့ရှိတယ်။ အမြတ်အစွန်း များများစားစားရရှိတဲ့နှစ်မှာ နောက်ချန်အစုရှယ်ယ်ာတွေ အမြတ်များများရပါ တယ်။ ဒါဟာလည်း သင်းဖွဲ့မှတ်တမ်းမှာပါတဲ့ စည်းကမ်းတွေအတိုင်းပါပဲ။
မေး ။ ။ ပြန်လည်ရွေးယူနိုင်တဲ့ ဦးစားပေးအစုရှယ်ယာအကြောင်းလည်း ဆက်လက်ရှင်းပြပေးစေလို ပါတယ်။
ဖြေ ။ ။ သာမန်အားဖြင့် အစုရှယ်ယာတွေအတွက် ပြန်လည်ရွေးပြီး ငွေထုပ်ပေးရိုးထုံးစံမရှိပါ။ ဒါပေ မယ့်ပြန်လည်ပြီး ရွေးယူနိုင်တဲ့ ဦးစားပေးအစုရှယ်ယာတွေကို သင်းဖွဲ့စည်းမျဉ်းက သတ်မှတ်ပေးထားရင် ကုမ္ပဏီက ဆောင်ရွက်ပေးတယ်။
အဲဒီအစုရှယ်ယာတွေကို ပြန်လည်ရွေးယူတဲ့နေရာမှာ ကုမ္ပဏီရဲ့ အမြတ်ငွေထဲကဖြစ်ဖြစ်၊ အစုရှယ်ယာ အသစ်ထုတ်ဝေလို့ ရရှိတဲ့ အမြတ်ငွေထဲကပဲဖြစ်ဖြစ်၊ ကုမ္ပဏီရဲ့ ပစ္စည်းတစ်စုံတစ်ရာကို ရောင်းချပြီးရရှိတဲ့ ငွေထဲကပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ရွေးယူရမှာဖြစ်တဲ့အကြောင်းနဲ့ ဒီလိုရွေးယူတဲ့ အစုရှယ်ယာတွေက အပြည့် အ၀ပေးသွင်းပြီးဖြစ်တဲ့ အစုရှယ်ယာငွေဖြစ်ရမယ်လို့ ဖော်ပြထားတယ်။
ပြန်လည်ရွေးယူတဲ့အတွက် မတည်ငွေရင်း လျော့ပါးမသွားစေဖို့ ‘မတည်ငွေရင်း ပြန်ရွေးယူဖို့ သီးသန့် ရန်ပုံငွေ’ တစ်ရပ်ကို အမြတ်ငွေထဲက ထူထောင်ဖို့လည်းပြဋ္ဌာန်းထားတယ်။
မေး ။ ။ အစုရှယ်ယာတွေကို လွှဲပြောင်းလို့ရပါသလား။
ဖြေ ။ ။ အစုရှယ်ယာဆိုတာ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းဖြစ်ပါတယ်။ သင်းဖွဲ့စည်းမျဉ်းပါပြဋ္ဌာန်းထားတဲ့ နည်းလမ်းတွေအတိုင်း လွှဲပြောင်းနိုင်ခွင့်ရှိပါတယ်။ အစုရှယ်ယာတွေကို တစ်ခုချင်းကွဲပြားစေဖို့ အမှတ်စဉ်နံပါတ် တွေပေးထားရတယ်။ ကုမ္ပဏီတွေကို တစ်ခုချင်းကွဲပြားစေဖို့ အမှတ်စဉ်နံပါတ်တွေပေးထားရတယ်။ ကုမ္ပဏီတံ ဆိပ်ခပ်နှိပ်ထားပြီး ထုတ်ပေးတဲ့ အစုရှယ်ယာ သက်သေခံလက်မှတ်ဟာ ရှယ်ယာပိုင်ဆိုင်မှုအတွက်ခိုင်လုံတဲ့ အထောက်အထားပါပဲ။
အစုရှယ်ယာပိုင်သူအနေနဲ့ မိမိပိုင်အစုရှယ်ယာကို လွှဲပြောင်းပေးမယ်ဆိုရင် စာချုပ် ချုပ်ဆိုရပါတယ်။ တံဆိပ်ခေါင်း ကပ်ရပါမယ်။
ကုမ္ပဏီရဲ့ သင်းဖွဲ့မှတ်တမ်းမှာ လွှဲပြောင်းတာနဲ့ပတ်သက်ပြီး စည်းကမ်းချက်ဖော်ပြထားတာကို ကြည့်ရပါတယ်။ စည်းကမ်းချက်မှာ အစုရှယ်ယာလွှဲပြောင်းတာကို ငြင်းပိုင်နိုင်တဲ့ စည်းကမ်းချက်တွေ ပါမပါ ကြည့်ရပါမယ်။ စည်းကမ်းချက်မှာ လွှဲပြောင်းခွင့်ကို လုံးဝပိတ်ပင်တားဆီးတာမျိုးတော့ မပြုလုပ်နိုင်ပါ။ ဒါက ဥပဒေကပေးတဲ့ အခွင့်အရေးပါ။ ဒါကြောင့် လွှဲပြောင်းသူဟာ လွှဲပြောင်းစာချုပ်နဲ့အတူ စည်းကမ်းချက်အတိုင်း အကြောင်းကြားးရတယ်။
အစုရှယ်ယာ ဒီဘင်ချာလွှဲပြောင်းတာနဲ့ပတ်သက်ပြီး ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် အကြောင်းကြား ခြင်း၊ မှတ်ပုံတင်ခြင်း၊ အဖွဲ့ဝင်မှတ်ပုံတင်စာအုပ်မှာ ရေးသွင်းခြင်း၊ အစုရှယ်ယာလက်မှတ် ရေးသွင်းခြင်းစတဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရတယ်။
မြန်မာကုမ္ပဏီတစ်ခုဟာ မိမိရဲ့ အစုရှယ်ယာကို နိုင်ငံခြားသားတစ်ဦးကို လွှဲပြောင်းပေးမယ်ဆိုရင် ကုမ္ပဏီမှတ်ပုံတင်အရာရှိထံကို ၂၁ ရက်အတွင်း အကြောင်းကြားရတယ်။
နိုင်ငံခြားကုမ္ပဏီရဲ့ အစုရှယ်ယာအားလုံးဟာ မြန်မာတိုင်းရင်းသားပိုင်ဖြစ်သွားရင်လည်း အလားတူ အကြောင်းကြားရမှာဖြစ်တယ်။
မေး ။ ။ အစုရှယ်ယာဆက်ခံခြင်းအကြောင်း သိချင်ပါတယ်။
ဖြေ ။ ။ အစုရှယ်ယာဆက်ခံခြင်းကိစ္စလည်း ကုမ္ပဏီရဲ့အသင်းအဖွဲ့စည်းမျဉ်းမှာ ဖော်ပြထားဖို့လိုအပ် ပါတယ်။ ဆက်ခံခြင်းဟာ လွှဲပြောင်းခြင်းနဲ့မတူတာကတော့ လွှဲပြောင်းခြင်းဟာ မသေဆုံးမီလွှဲပြောင်းပေးခြင်း ကိစ္စဖြစ်ပြီး ဆက်ခံခြင်းကတော့ သေဆုံးပြီးနောက်ကိစ္စဖြစ်တယ်။ အစုရှယ်ယာပိုင်သူတစ်ဦး သေဆုံးရင်၊ လူမွဲ ခံယူသွားရင်၊ တရားဥပဒေရဲ့ အစီအမံအရ ဆက်ခံပိုင်ခွင့်ရှိလာသူကို ကုမ္ပဏီက အသိအမှတ်ပြုရမှာဖြစ်တယ်။
ဆရာ ဦးကျော်ဇေယျ ရေးသားသော စီးပွားရေးလုပ်ငန်းရှင်လက်စွဲစာအုပ်မှ ကောက်နုတ်ဖော်ပြထားပါသည်။
မဟာယာန နှင့်ထေရဝါဒ ကွာခြားမှု အကြောင်း
ခေါင်းစဉ်ဖတ်ရုံနှင့် အင်မတန်စိတ်ဝင်စားဖွယ်ကောင်းမည့် အကြောင်းအရာဖြစ်မှန်း စာဖတ်သူတို့ သိရှိမည်ဟု ယုံကြည်ပါသည်။
ယင်းသို့ ဗုဒ္ဓဘာသာမှ ခွဲထွက်လာသော ထိုလမ်းနှစ်သွယ်ကို ရေးသားသုံးသပ်ရန်မှာ အင်မတန်ခက်ခဲလှသည်။ အကြောင်းမှာ- တစ်ဖက်စောင်းနှင်းဖော်ပြမိလျှင် မိမိဘာသာ သာ အမှန်၊ အခြားဘာသာမှားယွင်းသည်ဟု မှားမှားယွင်းယွင်း သိမြင်စေသော အတ္တဝါဒီ သမား ဖြစ်နိုင်ခြင်း၊ ကွဲလွဲမှုများဖော်ပြရာ စာဖတ်သူတို့အား အမြင်လွဲမှား မှုများဖြစ်ပေါ်စေခဲ့လျှင် သံဃာသင်းခွဲသည်ဟူသော ကံကြီးတစ်ခုပါ ထိုက်ချေအုံးမည်။
သို့ဖြစ်ရာ မှန်ကန်သော အထောက်အထားများရရှိစေရန် စာအုပ်များ ဖတ်ရှုလေ့လာရပါသည်။ ထို့ကြောင့် စာရေးသူ တင်ပြသော မဟာယာန နှင့် ထေရဝါဒ အယူဖော်ပြချက်များမှာ ဗုဒ္ဓအဆုံးအမနှင့် ကျမ်းဂန်လာများ သာ ဖြစ်ကြောင်း သိစေလိုပါသည်။
ထေရဝါဒကို များများစားစား တင်ပြနေစရာမလို စာရေးသူတို့မြန်မာလူမျိုးအများစု ကိုးကွယ်နေသည့် ဘာသာဖြစ်ရာ သိရှိပြီးဟု ယုံကြည်သဖြင့် အကျဉ်းချုပ် အဓိပ္ပါယ်ကိုသာဖော်ပြလိုပါသည်။ ထို့နောက် မဟာယာနကို အကျယ်တစ်ပွင့်ဖော်ပြပါမည်။
ထေရဝါဒ ဟူသည် ထေရ နှင့် ဝါဒ ပေါင်းစပ်ထားသော မြင့်မြတ်သည့် အယူ (သို့) ရဟန်းမထေရ်တို့၏ဝါဒ (အယူ) ဟုဖြစ်သည်။ ထေရဝါဒ အယူအရ ခန္ဓာ၏ ဖြစ်ပျက်ကိုရှုပြီး သစ္စာလေးပါး သိမြင်ကာ မဂ်ဖိုလ်နိဗ္ဗာန်သို့ ဆိုက်ရောက်စေသော အယူဖြစ်ပါသည်။ (ဒီထက်ပိုမိုကျယ်ပြန့်စွာ လည်း ဖော်ပြနိုင်ပါသည်။) ဤသည် အများက သိမြင်ထားသော အကျဉ်းချုပ်အဓိပ္ပါယ်ဖြစ်သည်။ သာဝက လမ်းစဉ်ဖြစ်ပြီး သောတပန်၊ သကဒါဂန်၊ အနာဂန်၊ ရဟန္တာစသည့် အရိယာအဆင့်ဆင့်ဖြင့် လောကီမှ နိဗ္ဗာန်သို့ကျွတ်တမ်းဝင်စေ သော လမ်းစဉ်ဖြစ်သည်။
မဟာယန ဟူသည်ကား ဗောဓိသတ္တယာန ခေါ် ဘုရားအလောင်းလမ်းစဉ်ကို ဦးစားပေးသော ဗုဒ္ဓဘာသာဂိုဏ်းဖြစ်သည်။ မဟာ (ကြီးကျယ်မြင့်မြတ်သော) ယာန (ဝါဒ)(လမ်းစဉ်) ဟုခေါ်ဆိုရသည့် အကြောင်းနှစ်ချက်ရှိသည်။ ၁။ သတ္တဝါအများကိုကယ်တင်နိုင်သဖြင့် ကြီးကျယ်များပြားသော အနက်၊ ၂။ သမာရိုးကျဗုဒ္ဓဘာသာ (ထေရဝါဒနှင့် ဟိနယာန) တို့ထက်သာလွန်မြင့်မြတ်သည့်ရည်မှန်းချက်ရှိသော အနက်… ထိုအနက်နှစ်ခုကြောင့် မဟာဟုခေါ်ဆိုခြင်းဖြစ်သည်။
သဒ္ဓရ်မပုဏ္ဍရိက ကျမ်းတွင် မဟာယနဝါဒကို အလွယ်နည်းဖြင့်သိရန် ပုံပြင်ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ အိမ်ကြီးတစ်အိမ်တွင် ကလေးငယ်များ ကစားနေစဉ် ထိုအိမ်ကြီး မီးလောင်သည်ဆိုပါစို့။ ကလေးငယ်များက ဘာမျှ လုပ်တတ်ကြလိမ့်မည်မဟုတ်။ ထိုအခါ အားကောင်းမောင်းသန်ဖခင်ဖြစ်သူက ကလေးငယ်များနှင့်တကွ ကစားစရာများကိုပါ ယာဉ်ရာထားကြီးပေါ်တင်ပြီး မီးဘေးလွတ်ကင်းရာ သို့ထွက်ခဲ့သည်။ ထိုပုံပြင်၌ မီးလောင်နေသာ အိမ်ကြီး ကို ဒေါသမီး၊လောဘမီး၊ မောဟမီး ဟုန်းဟုန်းတေက်လောင်မြိုက်နေသော ဤကမ္ဘာလောကကြီး၊ ကလေးငယ်များကို ပုထုဇဉ်လူသားများ၊ ကယ်တင်သူ ဖခင်ကို ဘုရားလောင်း၊ ကယ်တင်ရာ ယာဉ်ကို ဘုရားအလောင်းကျင့်စဉ် (ဗောဓိသတ္တယန) စသည့် ဥပမာများဖြင့် ဖော်ပြထားလေသည်။ ကလေးငယ်များ ကစားနေသော ကစားစရာယာဉ်များတွင် လူတကယ်စီးနိုင်လောက် သော လှည်းရုပ်များလည်းရှိမည်ဖြစ်သော်လည်း ထိုလှည်းကလေးများသည် ထကယ့်အရေးအကြောင်းရှိလာပါ မူကား အကူအညီရနိုင်လိမ့်မည် မဟုတ်ကြောင်း ရှင်းပြထားသည်။
ထို့ကြောင့် မဟာယန အယူအရ တစ်ဦးတစ်ယောက်တည်း နိဗ္ဗာန်သို့ရောက် ရန်ကျင့်ခြင်းသည် မမြင့်မြတ်၊ မိမိကိုယ်တိုင် ဘုရားဖြစ်မှသာ လောကကို ကယ်တင်နိုင်ပြီး အားလုံးကျွတ်အောင်ပြုနိုင်အပ်ပေသည်ဟု ယုံကြည်ကြသည်။
နိဗ္ဗာန်သို့ရောက်ရန် ကျင့်စဉ် သုံးနည်း (ဝါဒ ၃ဝါဒ) ရှိသည်။
၁။ သာဝကယာန ( သာဝက ရဟန်းဘဝဖြင့် နိဗ္ဗာန်ဝင်ခြင်း)
၂။ မစ္စေကဗုဒ္ဓယာန (ပစ္စေက ဗုဒ္ဓဘဝဖြင့် နိဗ္ဗာန်ဝင်ခြင်း)
၃။ ဗောဓိယာန (ဘုရားအဖြစ်မှ နိဗ္ဗာန်ဝင်ခြင်း) (ယင်းလမ်းစဉ်ကို နောက်ပိုင်း ဘုရားလောင်းကျင့်စဉ် (သမ္မာသမ္ဗောဓိ) ဟုလည်းခေါ်သည်။)
စသည်တို့ဖြစ်သည်။
၂။ မစ္စေကဗုဒ္ဓယာန (ပစ္စေက ဗုဒ္ဓဘဝဖြင့် နိဗ္ဗာန်ဝင်ခြင်း)
၃။ ဗောဓိယာန (ဘုရားအဖြစ်မှ နိဗ္ဗာန်ဝင်ခြင်း) (ယင်းလမ်းစဉ်ကို နောက်ပိုင်း ဘုရားလောင်းကျင့်စဉ် (သမ္မာသမ္ဗောဓိ) ဟုလည်းခေါ်သည်။)
စသည်တို့ဖြစ်သည်။
ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီး နှစ် ၁၀၀ ခန့်တွင် ပထမ သံဃာယနာတင်ပြီးနောက်ပိုင်း ဟိနယာနဂိုဏ်းတစ်ခု ထေရဝါဒ မှခွဲထွက်လာသည်။ ဒုတိယ သံဃာယနာကာလတွင်း ဝိနည်းဆယ်ပါး တီထွင်ပြဋ္ဌာန်းမှုကြောင့် မူလထေရဝါဒဂိုဏ်း ရဟန္တာမထေရ်ကြီးတို့က မိမိတို့အား သံဃာကံထားပြီး သာသနာတော်သန့်စင်ခဲ့သည်ကို အငြိုးထားကာ ရဟန္တာဆိုသည်မှာ ကိလေသာမကုန်သေး။ သံယောဇဉ်မကုန်သေး။ ထို့ကြောင့် ဘက်လိုက်မှုပြုတတ်သေးသည်။ အမှားကိုလည်းပြုတတ်သေးသည်။ ထို့ကြောင့် အရိယာဂုဏ်ယုတ်လျော့ အောင်ပြောဆိုဝေဖန်ပြီးလျှင် မိမိတို့သည် ထိုပထမသံဂါယနာတင် ရဟန္တာအိုကြီးများ၏ သာဝက လမ်းစဉ်ကို မလိုက်လိုကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။
ထို့ကြောင့် အစဦးပိုင်းတွင် ဟိနယာနဂိုဏ်းဝင်တို့သည် ပစ္စေကဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံအားထုတ်ရာ နောက်ပိုင်း ၄င်းထက်ပိုမြင့်မြတ်သော ဘုရားလမ်းစဉ် (ဝါ) ဘုရားလောင်းလမ်းစဉ် (သမ္မာသမ္ဗောဓိ) သဖြင့် မဟာယန အဖြစ်သို့ အသွင်ပြောင်းခဲ့သည်။ ထို့ကြောင့် ဟိနယာန ဂိုဏ်းပျောက်ကွယ်ခဲ့သည်။
ဤတွင် စိတ်ဝင်စားဖွယ်တစ်ချက်ဝင်လာသည်။ မြတ်စွာဘုရားရှင်သည် လူ့ပြည်၌ သာဝကလမ်းစဉ်ကို သာဟောကြားခဲ့သည်။ အတိအကျဆိုရသော် ဓမ္မက္ခန္ဓာ(တရားအစု) အားဖြင့် ၈၄၀၀၀ သာဖြစ်သည်။ ထို့ကြောင့် မဟာယန လက်စွဲကျင့်ကြံသော သမ္မာသမ္ဗောဓိလမ်းစဉ်ကို မည်သို့ရရှိသနည်းဖြစ်သည်။
မဟာယန ကျမ်းဂန်အရ မြတ်စွာဘုရားသည် သမ္မာသမ္ဗောဓိ (ဘုရားအလောင်း) လမ်းစဉ်ကို နဂါးပြည်တွင် ဟောခဲ့သည်။ အေဒီ ၁၀၀-၂၀၀ တွင် နာဂါရ်ဇုန ရဟန္တာသည် လောကီပညာရပ်တွင် သိဒ္ဓိပေါက်ပြီး နဂါးပြည်သို့ တက်ရောက်ကာ ဗောဓိသတ္တလမ်းစဉ်နှင့် သုညသဝါဒကို သင်ယူခဲ့သည်။ ထို့ကြောင့် သင်ယူထားသော ဝါဒကို ပြန်လည်ပြန့်ပွားစေရာ မာဓျမိက ဝါဒဟုသာ အမည်တွင်သည်။ အေဒီ(၂၇၀-၃၅၀)တွင် ယောဂစာရဂိုဏ်း အယူဝါဒတည်ထွင်သူ မေတ္တေယျနာထ မှ မာဓျမိက ဝါဒကို ဆက်လက်ထိန်းသိမ်းပြန့်ပွားခဲ့သည်။ ယခုအခါယင်း မေတ္တေယျသည် သုတိသာနတ်ပြည်တွင်စံမြန်းနေသော နောင်ပွင့်မည့် မေတ္တေယျဘုရားဟု မဟာယနတို့မှ ယုံကြည့်ထားကြသည်။ မာဓျမိကဝါဒ သည် အလယ်အလတ်ဖြစ်သော ပစ္စေကာဗုဒ္ဓါယာနအယူကိုလက်ခံသဖြင့် ထိုထက်ပိုမြင့်မြတ်သော သမ္မာသမ္ဗောဓိ အယူသို့ကူးပြောင်းရာ မဟာယနပီပြင်လာခဲ့သည်။
မဟာယန ကျမ်းဂန်အရ မြတ်စွာဘုရားသည် သမ္မာသမ္ဗောဓိ (ဘုရားအလောင်း) လမ်းစဉ်ကို နဂါးပြည်တွင် ဟောခဲ့သည်။ အေဒီ ၁၀၀-၂၀၀ တွင် နာဂါရ်ဇုန ရဟန္တာသည် လောကီပညာရပ်တွင် သိဒ္ဓိပေါက်ပြီး နဂါးပြည်သို့ တက်ရောက်ကာ ဗောဓိသတ္တလမ်းစဉ်နှင့် သုညသဝါဒကို သင်ယူခဲ့သည်။ ထို့ကြောင့် သင်ယူထားသော ဝါဒကို ပြန်လည်ပြန့်ပွားစေရာ မာဓျမိက ဝါဒဟုသာ အမည်တွင်သည်။ အေဒီ(၂၇၀-၃၅၀)တွင် ယောဂစာရဂိုဏ်း အယူဝါဒတည်ထွင်သူ မေတ္တေယျနာထ မှ မာဓျမိက ဝါဒကို ဆက်လက်ထိန်းသိမ်းပြန့်ပွားခဲ့သည်။ ယခုအခါယင်း မေတ္တေယျသည် သုတိသာနတ်ပြည်တွင်စံမြန်းနေသော နောင်ပွင့်မည့် မေတ္တေယျဘုရားဟု မဟာယနတို့မှ ယုံကြည့်ထားကြသည်။ မာဓျမိကဝါဒ သည် အလယ်အလတ်ဖြစ်သော ပစ္စေကာဗုဒ္ဓါယာနအယူကိုလက်ခံသဖြင့် ထိုထက်ပိုမြင့်မြတ်သော သမ္မာသမ္ဗောဓိ အယူသို့ကူးပြောင်းရာ မဟာယနပီပြင်လာခဲ့သည်။
မဟာယနတွင် ဒသဘူမိကဆယ်ဆင့်တရား၊ ဗောဓိသတ္တ၏ အဓိဋ္ဌာန်၊ ပါရမီခြောက်ပါးကျင့်စဉ်တရား စသည်ဖြင့်စသည်ဖြင့် ခိုင်မာသော တရားအုတ်မြစ်များ ရှိနေရာ ယနေ့တိုင် တည်မြဲရသော အကြောင်းအရင်းတစ်ရပ်ဖြစ်ပေသည်။
ဥပမာ- အတ္တနှင့် အနတ္တ အစွန်းနှစ်ဖက်၏ အလယ်ဗဟိုကျင့်စဉ်၊ အစွန်းတရားပယ်နည်း၊ ပတ်လည်ငြင်းပယ်နည်း ၈မျိုး၊ (Negation of Negation) နောက်ဆုံးတွင် အစွဲအားလုံးကင်းသော နိဗ္ဗာန်အစစ် (သုညတာ) သို့သိမြင်ရသည်ဟု ဆိုထား၏။
သို့သော် မဟာယနတွင် အများဝေဖန်စရာ အချက်များရှိနေသေးသည်။ ၄င်းမှာ ဘုရားလောင်း ကိုးကွယ်ခြင်းဖြစ်သည်။ မဟာယန၏ အယူမှာ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး လူ့ပြည်သို့ ဆင်းပြီး တရားမဟာခဲ့ ပုံရိပ်၊ ကာယအတုတို့ဖြင့်သာဖြစ်ပြီး ဘုရားလောင်းများကို တစ်ဆင့်ပါးပြီးလည်း ဟောတော်မူကြောင်ယုံကြည်ကြသည်။ ထိုသို့ယုံကြည်ခြင်းသည်လည်း အကြောင်းမဲ့မဟုတ်။ ဗုဒ္ဓကို ကာယသုံးပါးဖြင့် ခွဲပြထားပြီး ထိုကာယတို့အား လူတို့မဖူးတွေ့ရပုံ တို့ပါတိတိကျကျညွန်းဆိုထားကြသည်။
ထို့ကြောင့် အရေးအကြောင်းတစ်ခုခုလျှင် မြတ်စွာဘုရားမှမကယ်။ ဘုရားလောင်းများသာ လာရောက်ကယ်တင်ကြသည်ဟု ယုံကြည်သည်။ ဘုရားလောင်းများသည် နတ်သား၊ နတ်သမီးအဖြစ်လည်းကောင်း ဘဝအမျိုးမျိုးဖြစ်သည်ဟု ယုံကြည်ကြသည်။ လက်ရှိ တရုတ်တို့ကိုးကွယ်နေသာ ကွမ်ယင်မယ်တော်မှာ ဘုရားလောင်းဖြစ်သည်ဟုယုံကြည်ကြသည်။ မဟာယနတို့သည် အရိမေတ္တေယျ မပွင့်မီ ကာလ ကြားကာလမှ ဘုရားလောင်းများကို ဘေးဒုက္ခများမှ လွတ်မြောက်ရန် ကယ်တင်ပေးစေလိုခြင်းငှာ ကိုးကွယ်ဆည်းကပ်ကြလေသည်။
ထိုသို့ဘုရားလောင်းကိုးကွယ်ခြင်းသည် မဟာယနတွင် အင်မတန်ခေတ်စားပြီး အိန္ဒိယ မှ ဗြိဿနိုးကိုပင် အမည်ပြောင်းလဲခေါ်ဆိုကာ ဘုရားအလောင်းတော် အဖြစ်ကိုးကွယ်သည်။ ခေတ်အဆက်ဆက် ပြောင်းလဲလာပြီး ဘုရားအလောင်းတော် ကိုကိုးကွယ်ရာတွင် ဘုရားအလောင်းတော်၏ မိဘုရား နတ်သမီးကိုပါကိုးကွယ်ခြင်းအထိ ဖြစ်လာသည်။ ယင်းကိုးကွယ်မှု သည် မြန်မာ သို့ ပုဂံခေတ်ကတည်းက စီးဝင်ပြီး ဂေါတမမြတ်စွာ ဘုရားအားထု လုပ်ရာ ဘေးတွင် နတ်သားနှင့် နတ်သမီးပါနေသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ထို့မှ ကာမုဂုဏ်မွေ့လျော်မှုကိုဦးစားပေးလာကြရာ အယုတ်အညံ့ဆုံး လောကီ ရှုပ်ထွေးပွေလီမှုများ ပေါဝင်ဆက်စပ်လာတော့သည်။ ဘုရားအလောင်းများစွာကို နတ်ဘုရားမများဖြင့် စုံတွဲလိုက်ကိုးကွယ်တတ်အောင် ဘေးမှနေပြီး သွန်သင်ပေးသူတို့မှာ ဟိန္ဒူတန္တြဆရာများပင်ဖြစ်သည်။
အမှန်လျှင် ဗုဒ္ဓအယူဝါဒအရ ဘုရားလောင်းဟူသည် ဘုရားမဖြစ်သေး။ ကိလေသာမကုန်စင်သေး။ ထို့ကြောင့် ကိုးကွယ်ရန်မသင့်မြတ်ဟု ယူဆထားကြသည်။ ဤတွင်လည်း ထေရဝါဒနှင့် မဟာယနကွဲလွဲချက်ကိုလည်း တွေ့နိုင်သည်။
မဟာယန ယုံကြည်ကိုးကွယ်မှုကို နတ်ဘုရားကိုးကွယ်မှုဖြင့် အဆုံးသတ် ထားခြင်းကြောင့် အထင်အမြင်မသေးသင့်ပေ။ မဟာယနတွင်လည်း အခြား ငြင်းမရသော မှန်ကန်သည့် အချက်များ လည်းရှိနေသည်။ ကျင့်စဉ်အားဖြင့် ကွဲလွဲမှုများရှိသော်လည်း ကိလေသာ ကုန်စဉ်ရန် ရည်မှန်းချက် တူညီကြသည်။ အခြားခြားသော တူညီမှုများလည်းရှိနေသည်။
သို့ရာတွင် အနောက်တိုင်းနိုင်ငံသားများသည် ဗုဒ္ဓဘာသာကိုလေ့လာစမ်းစစ်ပြီး မဟာယနသို့ ကူးပြောင်းသူများရှိသကဲ့သို့ ထေရဝါဒသို့ ကူးပြောင်းသူများ လည်းရှိနေသည်ကိုတွေ့သည်။
စာဖတ်သူုတိ့ အနေဖြင့် မိမိတို့ကိုးကွယ်သော ထေရဝါဒ၏ အနှစ်အရသာနှင့် သစ္စာလေးပါးကို ပိုင်းခြားသိမြင်ပြီး မဂ္ဂင်ရှစ်ပါး တရားအားဖြင့် ပွားများကျင့်ကြံကာ နိဗ္ဗာန်လမ်းသို့လျှောက်လှမ်းနိုင်ကြပါစေ။
စာရေးဆရာ ဦးအောင်မြတ်မွန် ရေးသားသော 'နောင်ပွင့်မည့် အရိမေတိယျ ဘုရား' စာအုပ်မှ ကောက်နုတ်၍ ရေးသား ပူဇော် အပ် ပါသည်။
အောင်ခမ်း (ရိုးရာလေး)
Subscribe to:
Posts (Atom)
