Friday, April 25, 2014

အတွေးကတ်ပြား


လူတစ်ယောက်ထံမှ အစစအရာရာ

သိမ်းပိုက်သွားနိုင်သော်လည်း

တစ်ခုကိုမှု ယူ၍မရ။

ယင်းကား ၊ လူ့လွတ်လပ်ခွင့်တို့အနက်

အရင်းခံအကျဆုံးဖြစ်သည့်

‘မိမိလမ်းကို မိမိရွေးချယ်ပိုင်ခွင့်’ ဖြစ်ပေသည်။

[ဗစ်တာ ဖရန်ကဲလ်]

ကောလိပ်ရောက်စ နှစ်များတုန်းကမှု ကျွန်တော်ကမကျေနပ်စိတ် ဒေါသစိတ်တွေ များနေသည့် လူငယ်တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော့်ဒေါသက အရပ်ရပ်သို့ ပျံ့နှံ့နေသည်။ လောကကြီးထဲမှာ ကျွန်တော်ဘာကိုမှ မကျေနပ်ချင်ပါ။ ကျွန်တော့်ဒေါသက နေရာတစ်ခုမှာ စုပြုံကျရောက်နေတာလည်း ရှိသည်။ အဲဒါက မိဘများဖြစ်သည်။ မိဘတွေကို ကျွန်တော် သဘောမကျပါ။
အဖေ့သြ၀ါဒတွေ ၊ လမ်းညွှန်တာ သွန်သင်တာ ဆုံးမတာတွေအတွက် ကျွန်တော် အမြဲဒေါသထွက်နေရသည်။

မိဘက ငွေကြေးမပြည့်စုံတော့ ကျွန်တော် နီးနီးနားနားက ကောလိပ်ကျောင်းကိုပဲ တက်နိုင်သည်။
ကျောင်းသွားတော့လည်း နေ့တိုင်း ဘတ်စကားနှင့် ပဲသွားရသည်။
တစ်နေ့မှာတော့ အဖေနှင့် ကျွန်တော် အကြီးအကျယ် စကားများသည်။ ကျွန်တော့်စိတ်တွင် ကျွန်တော့်ကို အဖေချုပ်ချယ်လွန်းသည်ဟု ထင်နေသည်။ ကျွန်တော် အချုပ်အချယ်တွေက ရုန်းထွက်ချင်နေသည်။
အဖေက ကျွန်တော်သည် လူကြီးကိုမလေးစား ၊ ပုန်ကန်ချင်သည်ဟုမြင်သည်။ ဖိဖိစီးစီး ကိုင်တွယ်မှ ဖြစ်မည်ဟု သဘောထားသည်။အဲသည်တော့ နှစ်ယောက်လုံး အော်ကြီးဟစ်ကျယ်တွေနှင့် ပေါက်ကွဲကြတော့သည်။

ကျွန်တော် အိမ်ကဆူပူအော်ဟစ်ပြီး ထွက်လာတော့ကျောင်းကားက သွားနှင့်ပြီ။ နောက်တစ်စီး စောင့်မည်ဆိုလျှင် ‘ပညာရေး’ အတန်းကို မှီမှာမဟုတ်တော့။ ကျွန်တော် အဲသည်မှာ ပို၍ပင် စိတ်တိုလာသည်။

လမ်းတစ်လျှောက် ရှူးရှူးရှဲရှဲ ဒေါသထွက်လိုက် ၊ တဟင်းဟင်း သက်ပြင်းချလိုက်နှင့် ကျွန်တော် ကျောင်းသို့ရောက်လာသည်။ စိတ်ထဲမှာ အဖေနှင့်ပတ်သက်သည့် ဒေါသအတွေးတွေ တစ်လျှောက်လုံး
သွန်ချလာသည်။မြီးကောင်ပေါက်အရွယ် လူငယ်အတော်တော်များများနည်းတူ ကျွန်တော့်အတွေးတွေက ကိုယ့်သဘော ကိုယ့်ဆန္ဒတွေချည်း ကြီးစိုးလွန်းနေသည်။

လောကကြီးမှာ ကျွန်တော့်အဖေလောက်ဆိုးသည့်
အဖေမျိုး တစ်ယောက်မျှ ရှိမည်မဟုတ် ၊ ကျွန်တော့်လို မတရား ချုပ်ချယ်ခံရ သည့် အနေအထားမျိုးလည်း ဘယ်သူမျှ ကြုံဖူးကြလိမ့်မည်မဟုတ် ၊ ပြီး ကျွန်တော့်အဖေသည် အထက်တန်းကျောင်းထွက်
စာမေးပွဲလောက်ပင်မအောင်မြင်ခဲ့ ၊ ကျွန်တော်က ကောလိပ်ကျောင်းသား ၊ သူ့ထက်အများကြီးပညာတတ်သည် ၊ ဒါတောင်မှပင် ကျွန်တော့်ဘ၀ ကျွန်တော့်အစီအစဉ်တွေမှာ နေရတကာ ၀င်ပါချင် ၊ လိုက်နှောင့်ယှက်
်ချင်နေသည် စသဖြင့်။

ကျယ်ဝန်းသော ကျောင်းဝင်းကို ဖြတ်သန်းကာစာသင်တန်းရှိသည့် အဆောက်အုံဆီသို့ အပြေးအလွှားသွားရင်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသည်။ သည်ကနေ့ပေးရမည့် ‘အတွေးကတ်ပြား’ အဆိုင်းမင့်အတွက်
ကျွန်တော်ဘာမှ မလုပ်ခဲ့ရသေး။သည်အတန်းက ဒေါက်တာ ဆစ်ဒနီဘီဆိုင်မွန်၏ အတန်းဖြစ်သည်။ ဒေါက်တာဆိုင်မွန်က ကျွန်တော်တို့ကျောင်းမှာ အထူးခြားဆုံး ဆရာတစ်ယောက်ဖြစ်သည်။ သူ့ပေါ်လစီတွေ လုပ်ထုံးလုပ်နည်းတွေကလုံးဝ တစ်ဘာသာ။
သင်ကြားပုံ သင်ကြားနည်းတွေက တစ်ခါမှ မကြုံတွေ့ဖူးသည့် အသစ်အဆန်းတွေဖြစ်သလို ၊ အမှတ်ပေးစနစ်ကလည်း အံ့သြဖွယ်ရာပင်။ ဒေါက်တာဆိုင်မွန် အကြောင်းကို လူတိုင်းက ပြောကြသည်။

သူ့ထံ ပထမဆုံး အတန်းတက်ရသည့်နေ့တွင်ဒေါက်တာဆိုင်မွန်က သင်ခန်းစာအစီအစဉ် တစ်ခုရှင်းပြသည်။ “အင်္ဂါနေ့တိုင်း လေးလက်မ ခြောက်လက်မအရွယ် အညွှန်းကတ်ပြားတစ်ခုစီ ယူခဲ့ကြပါ ၊ ကတ်ပြားရဲ့ ထိပ်မျဉ်းကြောင်းမှာ နာမည်နဲ့ နေ့စွဲရေးပါ ၊ အောက်မှာ ဘာရေးမလဲဆိုတာတော့ တစ်ဦးချင်းသဘောပဲ။ အတွေးတစ်ခုရေးနိုင်တယ် ၊ ကိုယ် စိုးရိမ်ပူပန်တာရေးနိုင်တယ် ၊ ခံစားချက်ရေးနိုင်တယ် ၊ မေးခွန်းတစ်ခုခု ရေးနိုင်တယ် ၊
ဒါမှမဟုတ် ဘာဖြစ်ဖြစ် ခေါင်းထဲပေါ်လာတဲ့ တစ်ခုခုကို ရေးလိုက်နိုင်တယ်။ အဲဒါဟာမင်းတို့နဲ့ ဆရာ့ကြား တိုက်ရိုက်ဆက်သွယ်တဲ့ နည်းတစ်ခုပဲ။ ဒီကတ်ပြားတွေဟာ လုံးဝ ‘လျှို့ဝှက်’ ဖြစ်တယ် ၊ ဗုဒ္ဓဟူးနေ့တိုင်း ဒါတွေပြန်ပေးမယ် ၊ကတ်ပြားပေါ်မှာ မင်းတို့ရေးလိုက်တာတွေနဲ့ ပတ်သက်တဲ့ ဆရာ့ရဲ့ မှတ်ချက်တွေ ပါလာလိမ့်မယ် ၊ မေးခွန်းမေးသူကို ဆရာ အတတ်နိုင်ဆုံးကြိုးစားပြီး ဖြေမယ်ကိုယ်စိုးရိမ်ပူပန်တဲ့ကိစ္စ ဖော် ပြလာသူ
ကိုလည်းပဲ အလားတူဆရာအလေးအနက် တုံ့ပြန်မယ်။ အရေးကြီးတဲ့ အချက်ကဒီကတ်ပြားဟာအင်္ဂါနေ့အတန်းတက်ဖို့အတွက်ဝင်ခွင့်လက်မှတ်
ဖြစ်တယ်ဆိုတာ မမေ့ကြဖို့ပဲ”

ပထမအင်္ဂါနေ့မှာကျွန်တော်တာဝန်ကျေပွန်စွာအညွှန်းကတ်ပြားယူလာသည်။
ကတ်ပြားထိပ်မှာ ကျွန်တော့်နာမည်နှင့် အဲသည်နေ့ နေ့စွဲကို ကျကျနနရေးထားပြီး အောက်ဘက်တွင် “အရောင်ပြောင်တိုင်းလဲ ရွှေမဟုတ်”
ဟူသောစာတစ်ကြောင်း ရေးလိုက်သည်။ နောက်တစ်နေ့မှာ ဒေါက်တာဆိုင်မွန်က အတန်းသားတွေကိုကတ်ပြားများ ပြန်ပေးသည်။ ကျွန်တော့်ကတ်ပြားတွင်ခဲတံနှင့် ရေးထားသော မှတ်ချက်တစ်ခု ပါလာသည်။
“ဒီစကားပုံက မင်းအတွက် ဘာအဓိပ္ပာယ် ထွက်သလဲ ၊ ထူးခြားချက် တစ်စုံတစ်ရာရှိသလား”
မှတ်ချက်ကိုဖတ်ကာ ကျွန်တော့်စိတ်ထဲ စနိုးစနှောင့် ဖြစ်သွားသည်။ သူက သည်ကတ်ပြားတွေကိုတကယ်အလေးအနက် လုပ်နေသည်ပဲ။ ကျွန်တော်ကတော့ ရင်ထဲရှိနေတာတွေကို သူ့ထံ လုံးဝဖွင့်ဟချင်စိတ်မရှိ။

နောက်ရက်တွေ ရောက်လာသည်။ သည်အတန်းက တစ်ရက်တစ်နာရီ နေ့တိုင်းရှိသည်။ ဒေါက်တာဆိုင်မွန်က တကယ်ထက်မြက်သော ပုဂ္ဂိုလ်တစ်ယောကဖြစ်ပါသည်။ ကျွန်တော်တို့အား မေးခွန်းတွေ မေးသောနည်းဖြင့် သင်ကြားသည်။
အရင်တုန်းက ဘယ်ဆရာထံကမှ မကြားခဲ့ရဘူးသည့် ပြဿနာတွေ ၊ အရေးကိစ္စတွေ သူ ဖော်ထုတ်ကာ ကျွန်တော်တို့အား ဆွေးနွေးခိုင်းသည်။ ပြဿနာကို ကိုယ်တိုင်စဉ်းစားဖြစ်အောင်ဆွပေးသည်။ ပေါ့ပေါ့တန်တန်မဟုတ် အလေးအနက်စဉ်းစားစေခြင်းဖြစ်သည်။
လူမှုရေးပြဿနာ ၊ နိုင်ငံရေးပြဿနာ ၊ တစ်ဦးချင်းဆိုင်ရာ ပြဿနာ အားလုံးသည်ပင် ကျွန်တော်တို့ အတန်းအတွက် ဆွေးနွေးစရာသင်ခန်းစာတွေချည်းဖြစ်သည်။ ကျွန်တော်တို့ အတန်းသည် လူမှုရေးရာဘာသာရပ်များ
သင်ကြားပို့ချပုံနည်းနာများအကြောင်း လေ့လာသော အတန်းဖြစ်ရာလေ့လာမှုနယ်ပယ်က အလွန်ကျယ်ဝန်းသည်။ ကျွန်တော် အထက်တန်းကျောင်းမှာတုန်းကလည်း လူမှုရေးရာဘာသာများဖြစ်သော ပထ၀ီ ၊ သမိုင်း ၊ စီးပွားရေးပညာ အစရှိတာတွေ
သင်ခဲ့ရဖူးသည်။ ဆရာ ဆရာမ များက သည်ဟာတွေကို ကျက်စာဘာသာများအဖြစ်သဘောထားကြသည်။ သူတို့ထဲမှာပါသည့် အမည်တွေ ၊ ခုနှစ်သက္ကရာဇ်တွေ ၊ နံပါတ်စဉ်ထိုး၍ ပေးထားသည့် အချက်အလက်တွေကို အလွတ်ရအောင်ကျက် ၊
စာမေးပွဲမှာ မေးလာသည့်အခါ အားလုံးပြန်ချရေး ၊ဒါပဲဖြစ်သည်။သူတို့အထဲက အကြောင်းအချက်တွေနှင့် ပတ်သက်ပြီးစဉ်းစားဝေဖန်ဖို့ ဘယ်သူကမှ ခိုင်းလေ့မရှိခဲ့။

အစပိုင်း၌ ကျွန်တော့်စိတ်တွင် ဆရာဆိုင်မွန်ကကျွန်တော်တို့ကို သည်ပြဿနာရပ်တွေနှင့် ပတ်သက်၍ထောက်ခံသည့်ဘက်ကအမြင်တွေ သို့မဟုတ်ဆန့်ကျင်ကန့်ကွက်သည့်ဘက်ကအမြင်တွေ ခေါင်းထဲရိုက်ထည့်ပေးဖို့ ကြိုးစားနေတာများလားဟု ထင်မြင်မိသေးသည်။
သို့သော် ဆရာက သည်လိုပုဂ္ဂိုလ်မျိုး မဟုတ်ပါ။ ကျွန်တော်တို့ ကိုယ့်ဘာသာ စဉ်းစားတတ်ဖို့ ၊ ပြီး အဲသည်ကမှ ကိုယ်ပိုင်အတွေးအမြင် အယူအဆများ ကိုင်စွဲရရှိလာစေဖို့ သူ တိုက်တွန်း အားပေးနေခြင်းသာ ဖြစ်သည်။
သို့သော် ပွင့်ပွင့်လင်းလင်းပြောရလျှင် သည်အတန်းတက်ရတာ ကျွန်တော် အတော် ကသိကအောင့် ဖြစ်ပါသည်။ စင်စစ် ၊ ဆရာဆိုင်မွန် သင်ကြားပုံက အသစ်အဆန်းဖြစ်၍ ငြီးငွေ့ဖွယ်မရှိဟု ဆိုနိုင်သည်။ သဘောကျချင်စရာ၊ တစ်ခါတစ်ရံ တက်တက်ကြွကြွ
ပါဝင်ချင်စရာလည်းဖြစ်ပါသည်။ သို့သော်သည်သင်ကြားပုံမျိုး မကြုံဘူးသည့် ကျွန်တော့်မှာ ဆရာဆိုင်မွန်ကို ဘယ်လိုပုံစံပြန်လည်တုံ့ပြန် ဆက်ဆံမည်ဟူသော ဗျူဟာတစ်ရပ် ချမှတ်နိုင်ခြင်းမရှိ ဖြစ်နေသည်။ ပုံမှန်အတန်းမှာ အကောင်းဆုံး ဘယ်လို နေထိုင်ရမည်
်ဆိုတာ ကျွန်တော်သိသည်။ ရှေ့ဆုံးတန်းမှာထိုင်၊ ဆရာ့လက်ချာကို အရမ်းသဘောကျကြောင်းပြော၊ အဆိုင်းမင့်တွေကို ဆရာပြောသည့်ပုံစံအတိုင်း တိတိကျကျ သပ်သပ်ရပ်ရပ် ရိုက်ပြီးတင်၊ပြီးလျှင် စာတွေ အလွတ်ကျက် ၊ အလွတ်ကျက် ၊ အလွတ်ကျက်။
ယခု ဆရာ့အတန်းကတော့ လုံးဝတခြားစီ ဖြစ်နေသည်။ အရင်အစဉ်အဆက် ကျွန်တော် သုံးစွဲအောင်မြင်လာခဲ့သည့် နည်းတွေ သည်နေရာမှာ သုံးမရဖြစ်နေသည်။

ဒုတိယအင်္ဂါနေ့ ရောက်လာပြန်သည်။ ကျွန်တော်က ကတ်ပြားပေါ်မှာ “အချိန်မီတစ်ချက်ချုပ်လျှင် ရေညှိမတင်” ဟု ရေးလိုက်သည်။ (“အချိန်မီတစ်ချက်ချုပ်လျှင် ကိုးချက်ချုပ်ရ သက်သာသည်” နှင့် “လိမ့်နေသော ကျောက်ခဲရေညှိမတင်”
ဟူသော စကားပုံနှစ်ခုကို ဖြတ်ဆက်ပေးထားခြင်းဖြစ်သည်။) ဒါကလည်း ဆရာ့ကို ပြည့်ပြည့်၀၀ ကိုးစားယုံကြည်ခြင်း မရှိသဖြင့် ဟာသကလေးနှင့် ကိုယ့်ကိုကိုယ် ဖုံးထားကာထားလိုက်ခြင်းဖြစ်သည်။ ကျွန်တော်ရင်းရင်းနှီးနှီး အရောတ၀င် မဆက်ဆံချင်သည့်
အခါမျိုးမှာ ကျင့်သုံးလေ့ရှိသည့် ကျွန်တော်၏ အကောင်းဆုံး ကာကွယ်ရေးနည်းလမ်းတစ်ရပ်လည်း ဖြစ်ပါသည်။ နောက်နေ့ကတ်ပြားပြန်ရသည့် အခါမှာတော့ “မင်းကြည့်ရတာ ဟာသဥာဏ်ရှိပုံ ရတယ်၊ အဲဒါဟာ မင်းအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ်ပဲလား” ဟူသော မှတ်ချက်တစ်ခုပါလာသည်။

သူဘာကိုလိုချင်သလဲ။ အခုလုပ်နေတာ ဘာသဘောလဲ။ မူလတန်းကျောင်းမှ စတင်ကာ ယနေ့အထိ ကျွန်တော့်အား ကိုယ်ရေးကိုယ်တာတွေပါ လိုက်စိတ်ဝင်စားသည့် ဆရာ ဆရာမ တစ်ယောက်မျှ မကြုံဖူးပါ။ သည်ဆရာ ဘာကိုအလိုရှိသလဲ။

ကျွန်တော် စာသင်ဆောင်ထဲ အပြေးအလွှားဝင်လာခဲ့သည့်အချိန် အတန်းစတာ ၁၀ မိနစ်ခန့်ရှိနေပြီ။ အခန်းပြင်ဘက်နားလေးမှာ ကျွန်တော်မှတ်စုစာအုပ်ထဲက အညွှန်းကတ်ပြားတစ်ခု ထုတ်ယူသည်။ နာမည်နဲ့ နေ့စွဲရေးသည်။
အဲသည်နောက် ဘာအတွေး ရေးရမလဲ အသည်းအသန်စဉ်းစားသည်။ သည်အခါ စောစောက အဖေနှင့် ရန်ဖြစ်ခဲ့သည့် အကြောင်းတစ်ခုပဲ ခေါင်းထဲပေါ်လာသည်။ “ကျွန်တော်သည် လုံးဝအသုံးမကျသော သူတစ်ယောက်၏ သားဖြစ်သည်” ဟု ရေးချလိုက်ပြီး
အခန်းထဲ အလျှင်အမြန်ဝင်ခဲ့သည်။ ဆရာက ၀င်ပေါက်အနီးမှာပဲ ရပ်ကာ အကြောင်းအရာတစ်ခုကို ဆွေးနွေးပြောဆိုနေခိုက်ဖြစ်သည်။ ကျွန်တော့်ကို မြင်တော့ ကတ်ပြားလှမ်းတောင်းသည်။ ကျွန်တော် သူ့လက်ထဲ ကတ်ပြားထည့်ပေးလိုက်ပြီး ကျွန်တော့်နေရာမှာ
ဝင်ထိုင်သည်။

နေရာမှာ ထိုင်မိသည်နှင့် တစ်ပြိုင်နက် ကျွန်တော် အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားသည်။ ငါ ဘာတွေလုပ်မိလိုက်ပါလိမ့်။ ကတ်ပြားကို ပေးလိုက်မိပြီ။ အဲဒါ အကြီးအကျယ် ပြသာနာ။ သည်ကိစ္စဖွင့်ပြောဖို့ ကျွန်တော်လုံးဝစိတ်ကူးမရှိခဲ့။
ယခုတော့ ကျွန်တော့်ဒေါသအာဃာတတွေ သူသိသွားတော့မည်။ ကျွန်တော့်အဖေအကြောင်း ကျွန်တော့်ဘ၀အကြောင်းတွေ သူသိသွားတော့မည်။ အဲသည်နေ့ အတန်းထဲက တစ်ခြားကိစ္စတွေ ကျွန်တော် ဘာတစ်ခုမှသတိမရ။ ကျွန်တော့်ခေါင်းထဲ ကြီးစိုးနေသည်က
ကတ်ပြားကိစ္စသာပဲဖြစ်သည်။

အဲသည်ည တစ်ညလုံးပင် အမျိုးအမည်မဖော်ပြနိုင်သည့် တုန်လှုပ်ချောက်ချားမှုတစ်ခုကြောင့် ကျွန်တော် အိပ်မရနိုင်ခဲ့။ သည်ကတ်ပြားတွေက ဘာအဓိပ္ပာယ်လဲ။ ဘာရည်ရွယ်ချက်လဲ။ ငါ ဘာကြောင့် အဖေ့အကြောင်း သူ့ကိုသွားပြောလိုက်မိသလဲ။
တကယ်လို့ သူသာအဖေ့ကို ဆက်သွယ်စကားပြောခဲ့ရင် ဘယ့်နှယ်လုပ်မလဲ။ ဒါတွေ သူနဲ့ကော ဘာဆိုင်သလဲ။ သူများကိစ္စတွေ သူဘာပတ်သက်စရာလိုသလဲ…။

ဗုဒ္ဓဟူးမနက် ရောက်လာသည်။ စိတ်မဖြောင့် တဖြောင့်နှင့်ပင် ကျောင်းသွားဖို့ ကျွန်တော်ပြင်သည်။ အတန်းထဲ ကျွန်တော် အချိန်စောစီးစွာ ရောက်လာသည်။ အတန်းထဲမှာ နောက်ဘက်အဝေးဆုံးထိုင်ကာ အတတ်နိုင်ဆုံး ပုန်းလျှိုးချင်စိတ် ပေါက်နေသည်။ အတန်းစသည်။ဒေါက်တာဆိုင်မွန်က အတွေးကတ်ပြားတွေ ပြန်လိုက်ပေးသည်။ ကျွန်တော့်ကတ်ပြားကို စားပွဲပေါ်တွေ မှောက်လျက်ချသွားသည်။ ဒါလည်း သူ့ထုံးစံပဲ ဖြစ်သည်။ ကတ်ပြားကို ကျွန်တော်ကောက်ကိုင်လိုက်သည်။ သို့သော် လှန်ရပင် ခက်နေသည်။

ကတ်ပြားကိုကြည့်မိသည့်အခါမှာတော့ သူရေးထားသောစာကို ဖတ်မိသည်။ “လုံးဝအသုံးမကျသောသူရဲ့သား က အနာဂတ်ကာလ သူ့ဘ၀အတွက် ဘာတွေ လုပ်နေပါသလဲ” တဲ့။

ကျွန်တော် လုံးဝ အရှိုက်ထိုးခံလိုက်ရသလို ဖြစ်သွားသည်။ တစ်နေ့တစ်နေ့ ကျွန်တော် ကျောင်းသားသမဂ္ဂလက်ဖက်ရည်ဆိုင်မှာ အခြားသူငယ်ချင်းများနှင့်အတူ တမေ့တမောထိုင်ကာ ‘ကျွန်တော့်မိဘတွေကြောင့်’ ပေါ်ပေါက်လာရသည့်
ကျွန်တော့်ပြဿနာတွေ အကြောင်းပြောဆိုလေ့ရှိခဲ့သည်။ သူတို့ကလည်း အလားတူအကြောင်းအရာတွေ ကျွန်တော်နှင့် ပြန်လည် မျှဝေကြစမြဲ ဖြစ်သည်။ ဘယ်သူကမှ ဘယ်သူ့ကို ကိုယ့်ကိစ္စ ကိုယ်တာဝန်ယူဖို့ ကောင်းသည့်အကြောင်း ပြောလေ့မရှိခဲ့။ တကယ်က
ကျွန်တော်တို့အားလုံးပင် မိဘကို အပြစ်ပုံချသောအလုပ်ကို တညီတညွှတ်လုပ်ကာ ရေသာခိုနေခြင်းဖြစ်သည်။ ပြဿနာမှန်သမျှသည် ကျွန်တော်တို့မိဘတွေ၏ ချို့ယွင်းချက်တွေကြောင့်ချည်း ဖြစ်နေသည်။ စာမေးပွဲမှာ အမှတ်ကောင်းကောင်းမရလျှင် အမေ့ကို
အပြစ်တင်မည်။ထောက်ပံ့ကြေးအလုပ်တစ်ခုရတော့မလိုနှင့် မရလျှင် အဖေ့ကို အပြစ်တင်မည်။ ကျွန်တော်က မိဘတွေနေရာမကျသည့် အကြောင်းအမြဲပြော၍ အပေါင်းအသင်းတွေကလည်း အရမ်းနားလည်သဘောပေါက်သည့် လက္ခဏာဖြင့် ခေါင်းတညိတ်ညိတ်ဖြင့်
နားထောင်ကြမြဲ ဖြစ်သည်။ ကျွန်တော့်အတွက် ကျောင်းစရိတ်ရှာဖွေပေးနေသည့် မိဘတွေသည် ဘာတစ်ခုမျှ မတတ်မသိဘဲ နေရာတကာလိုက် ပြဿနာရှာနေကြသူများသာ ဖြစ်သည်။

သို့သော် ပါမောက္ခဆစ်ဒနီဆိုင်မွန်၏ အလွန်ရိုးစင်းသလိုထင်ရသော မေးခွန်းက ကျွန်တော်မှုတ်ထားသည့် အဲသည်လေပူဖောင်းကို ထိုးဖောက်ပစ်ခဲ့သည်။ သူက ပြဿနာ၏ သော့ချက်ကို အမိအရ ဆုပ်ကိုင်သည်။ ကိစ္စက ဘယ်သူ့ကိစ္စလဲ။ မင်းပြဿနာကို
ဘယ်သူတာဝန်ယူရမှာလဲဟူ၍ တဲ့တိုးမေးချလိုက်ခြင်းပင်။

အဲသည်နေ့က သမဂ္ဂလက်ဖက်ရည်ဆိုင်ဘက်သို့ခြေဦးမလှည့်ဖြစ်တော့ပဲ အိမ်ဆီ တန်းပြန်လာခဲ့သည်။ လူက စိတ်ဓာတ်ကျနေသလိုလို ၊ နည်းနည်းနှိပ်ကွက်ခံထားရသလိုလို ဖြစ်နေသည်။ တစ်ညနေလုံး သည်ကိစ္စကိုပဲ တအုံနွေးနွေး တွေးနေမိသည်။ အမေပြောခဲ့ဖူးသည့်
စကားတစ်ခွန်းကိုလည်း အဖန်ဖန် သတိရနေသည်။ “သန်းကြွယ်သူဌေးက သူ့ကိုယ်သူဂုဏ်ဖော်ချင်တဲ့အခါ ‘ကိုယ်ထူးကိုယ်ချွန်သမား’ တဲ့ ၊ အမှုဖြစ်ပြီး အဖမ်းခံရပြီဆိုတဲ့အခါကျတော့ ‘ငယ်ငယ်တုန်းက စရိုက်ကြမ်းတဲ့ မိဘတွေနဲ့ ကြီးပြင်းလာရလို့ပါ’ တဲ့”

ဘ၀အတွက် တကယ့်အပြောင်းအလဲကြီးတစ်ရပ်ကို ကျွန်တော် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်ဟု ပြောချင်လှပါသည်။ သို့သော် သည်လိုပြောလျှင်လည်း အတိအကျမှန်မည်တော့ မဟုတ်ပါ။ ဒေါက်တာဆိုင်မွန်၏ မှတ်ချက်က ရေရှည်ဆွဲကာဖြည်းဖြည်းချင်း အာနိသင်သက်ရောက်
ခဲ့ခြင်းသာ ဖြစ်ပါသည်။ နောက်ရက်သတ္တပတ်အတန်ကြာအောင် သူ့မှတ်ချက်စကားက ကျွန်တော့်ခေါင်းထဲ ခဏခဏ ပေါ်လာနေသည်။ စိတ်ထဲမှာ ဟိုကိစ္စ သည်ကိစ္စတွေအတွက် အဖေ့အား အပြစ်တင်စကားဆိုမိတိုင်း ကိုယ်တွင်းမှ အသံတစ်သံက “ဟုတ်ပြီ ၊ မင်းပြောတဲ့အတိုင်း
မင်းအဖေက ဘယ်နေရာတစ်ခုမှမကောင်းဘူးပဲ ထားပါတော့ ၊ မင်းကကော မင်းကိစ္စအတွက် ဘယ်လောက်ကြာကြာ အဖေကိုချည်း အပြစ်ပုံချပြီး ရှောင်တိမ်းနေနိုင်မယ် ထင်သလဲ” ဟူ၍လှမ်းလှမ်းမေးတာ ကျွန်တော်ကြားနေရသည်။

တဖြည်းဖြည်း ကျွန်တော့်အတွေးတွေ ပြောင်းလဲသထက်
ပြောင်းလဲလာခဲ့သည်။ ကျွန်တော့် ပြစ်တင်ဝေဖန်စကားတွေ ပြောလွန်းတာ ကိုယ့်ဘာသာကြားလာသဘောပေါက်လာသည်။ ကျွန်တော့်ဘ၀မှာ ကျွန်တော့်ကိုယ်ကျွန်တော် အဓိကပုဂ္ဂိုလ်နေရာက မထားမိပါကလား ၊
ကျွန်တော်သည်ပြုလုပ်သူမဟုတ် အပြုခံ ဖြစ်နေခဲ့ပါကလားဆိုတာကို ကျွန်တောမြင်လာသည်။သည်အခါကျတော့ ဒေါက်တာဆိုင်မွန့်အတန်းထဲမှာ
တုန်းကထက်ပင် ပို၍ မသက်မသာခံစားရသည်။ ကျွန်တော်ရုပ်သေးရုပ်တစ်ရုပ်မဖြစ်ချင်ပါ။ ကိုယ်ကစတင် ပြုလုပ်သူသာဖြစ်ချင်သည်။
သူတပါးလုပ်ရပ်ကို လိုက်၍တုံ့ပြန် လှုပ်ရှားသူမျိုး မဖြစ်ချင်ပါ။

သို့သော် ရင့်ကျက်ဖွံ့ဖြိုးမဖြစ်စဉ်က အဆောတလျှင်အလွယ်တကူ မဖြစ်ပေါ်ပါ။ မိမိခံစားမှု ၊ မိမိရွေးချယ်မှုနှင့် မိမိလုပ်ရပ်များအတွက် မိမိဘာသာ တာဝန်ယူတတ်သူတစ်ဦးအဖြစ် ကျွန်တော့်အား လူအများ သတိထားမိလာဖို့ တစ်နှစ်မျှ အချိန်ကြာခဲ့သည်။ ကျောင်းက ဘာသာရပ်တိုင်းမှာပင် ကျွန်တော့်အဆင့်အမှတ်တွေသိသိသာသာ တက်လာသည်။ အပေါင်းအသင်း သူငယ်ချင်းအသစ်တွေ တိုးပွားလာသကဲ့သို့ သူတို့၏အရည်အချင်းတွေလည်း
မြင့်မားလှတာ အံ့သြစွာတွေ့ရှိရသည်။ အထူးခြားဆုံးက ကျွန်တော့်အမြင်မှာ
အဖေအရင်ကထက် အဆမတန် တော်လာနေခြင်းဖြစ်သည်။

သည်ကာလ တစ်လျှောက်လုံးပင် ကျွန်တော်အတွေးကတ်ပြားတွေ
ဖြည့်မြဲဖြည့်ပေးဖြစ်ခဲ့သည်။ ထူးခြားလှသော သည့်ဆရာထံ၌
နောက်ထပ်အတန်းတစ်တန်း ထပ်တက်သေးသည်။
ကျောင်းနေခဲ့သည့်သက်တမ်းတစ်လျှောက် ဆရာ့အတန်းမှာ ကျွန်တော်အကြိုးစားဆုံးဖြစ်ခဲ့သည်။
အပတ်စဉ်ပေးရသည့် အတွေးကတ်ပြားများနှင့်အတူ ပို၍ အဖြေရခက်သောပြဿနာမေးခွန်းတွေ ကျွန်တော်ဆက်၍ဆက်၍ ရရှိခဲ့သည်။

နှစ်အတန်ကြာပြီးနောက်မှာတော့ ကျွန်တော့်တိုးတက်မှုက ကျွန်တော့်ဘာသာပင် အံ့အားသင့်ရသလောက်ပင် ၊အနိုင်နိုင်ရှိခဲ့သော ကျွန်တော်သည် ထူးချွန်သော ကျောင်းသားတစ်ဦး ဖြစ်လာပြီး အဲသည်နောက်တွင်မှု အောင်မြင်သော ဆရာတစ်ဦးအဖြစ်ပါ အသိအမှတ်ပြု ခံလာခဲ့ရသည်။နဂိုရ် က အမြဲမကျေမချမ်းဖြစ်နေပြီး ဘ၀အတွက် လုပ်သင့်လုပ်ထိုက်သည့် အလုပ်မှန်သမျှကို အမြဲရှောင်ဖယ်နေခဲ့သော ကျွန်တော်သည် ယခုတော့ ထက်သန်တက်ကြွသူ ၊ ရည်မှန်းချက်ရှိသူ ၊ ရွှင်ပျလန်းဆန်းနေသူတစ်ဦး ဖြစ်လာခဲ့ပြီ။

အဖေနဲ့ ကျွန်တော့်ကြား ဆက်ဆံရေးသည်လည်းအလားတူပင် လုံးလုံးလျားလျားကြီး ပြောင်းလဲသွားခဲ့သည်။ ယခင်က ချုပ်ချယ်သည်ထင်ခဲ့ရာမှ ယခုတော့အဖေကျွန်တော့်အတွက် စိုးရိမ်ပူပန်ခြင်း ၊ ကျွန်တော့်ကိုဂရုစိုက်ခြင်းသာဖြစ်သည်ဟု မြင်လာခဲ့ပြီ။
ကျွန်တော်အားထိန်းကျောင်းပဲ့ပြင်ရန်အတွက် အဖေ့မှာ “ချောမွေ့ပြေပြစ်သော” နည်းလမ်းများ မရှိခဲ့တာ မှန်သော်လည်း စေတနာမေတ္တာအရင်းခံက ကြီးမားလှသည်ဆိုတာ ကျွန်တော်သဘောပေါက်ခဲ့ပြီ။ အဖေနှင့် ရန်ဖြစ်တာတွေ တဖြည်းဖြည်း လျော့လာသည်။
နောက်ဆုံး လုံးဝပျောက်ကွယ်သွားသည်။ အဖေသည် အမြော်အမြင်ရှိ၍ သားသမီးကိုလည်း ချစ်တတ်သော ဖခင်ကောင်းတစ်ယောကဖြစ်ကြောင်း ကျွန်တော် ကောင်းစွာ သိနားလည်ခဲ့ပြီ။

သည်အရာအားလုံးပင် အလွန်ရိုးစင်းသလို ထင်ရသည့် ဆရာ့မေးခွန်းတစ်ခုက အစပြုခဲ့ခြင်းဖြစ်ချေသည်။

creditး မူရင်းစာရေးသူ Hanoch McCarty ၊ ဘာသာပြန်သူ ဆရာဖေမြင့်
ပုံကို Google Images မှကူးယူသည်။

Tuesday, April 8, 2014

လုပ်ငန်းခွင်မှာ အောင်မြင်ဖို့ …



ကမ္ဘာကြီးရဲ့ ပြောင်းလဲလာခြင်း နဲ့အတူ လုပ်ငန်းခွင်မှာ ယှဉ်ပြိုင်မှုနယ်ပယ် အလွန်ကျယ်ပြန့်လာပါတယ်။ လုပ်ငန်းခွင်မှာ အောင်မြင်ဖို့အတွက် အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ ဘာတွေလုပ်ဖို့ လိုအပ်လဲ ?

၁။ ဦးစားပေးလုပ်ငန်းများ နဲ့ ပန်းတိုင်
တစ်နေ့တာ အတွက် ဘာတွေကို ဦးစားပေးလုပ်ရမလဲ ? တစ်နေ့တာ လုပ်ငန်းဆောင်တာများကို အစီအစဉ်ချမှတ်ကာ စာရင်းလုပ်ပါ။ အစီအစဉ် သတ်မှတ်တဲ့ အခါ အရေးပေါ်ကိစ္စကို ထိပ်ဆုံးမှာ ထားပြီး သူ့နောက်က အရေးကြီးတဲ့ အရာတွေကို အစဉ်လိုက် ချရေးလိုက်ပါ။ အလားတူပဲ ရေတို၊ ရေရှည် စီမံကိန်း ကို သေသေချာချာ ချမှတ်ပြီး တိုးတက်မှုကို မကြာခဏ တွက်ချက်ကာ အကဲဖြတ်ပါ။

၂။ အာရုံစိုက်ပါ
အလုပ်ကို စိတ်ရော ရုပ်ပါ တကယ် စိတ်ဝင်တစား လုပ်နိုင်ရဲ့လား ? အာရုံလွင့်တာ၊ အာရုံလွတ်သွား တာတွေ ကို အတတ်နိုင်ဆုံး ထိန်းချုပ်ပါ။ ကိုယ့်အလုပ် ကိုယ့်တာဝန်ကို အပြည့်အဝ အာရုံစိုက်ပါ။
၃။ ကျွမ်းကျင်မှု စွမ်းရည်တွေကို ချဲ့ထွင်ပါ
လုပ်ငန်းအတွက် ကျွမ်းကျင်မှု လိုအပ်ချက်တွေဟာ အမြဲတမ်း ပုံသေ မဟုတ်ပါ။ ကိုယ့်ရဲ့ ကျွမ်းကျင်မှု စွမ်းရည် နဲ့ ဗဟုသုတတွေကို အမြဲတမ်း တိုးတက်နေပါစေ။ စာအုပ်/စာပေ ဖတ်ရှုခြင်း၊ ဆွေးနွေးပွဲများ တက်ရောက်ခြင်း၊ သင်တန်းများ တက်ရောက်ခြင်း စသည်ဖြင့် တိုးတက်မှုအတွက် အခွင့်အလမ်း ဟူသမျှကို ဖမ်းဆုတ် နိုင်ရန် အမြဲ အားထုတ်ပါ။

၎။ အများနဲ့ ပေါင်းသင်းဆက်ဆံပါ
လူမှုရေး လုပ်ငန်းကိစ္စများမှာ ပါဝင်ဆောင်ရွက်ရန် အသင့်ဖြစ်နေပါစေ၊ မျက်မှန်းတမ်းမိသော သူများကိုလည်း သူငယ်ချင်း ဖြစ်အောင် ဆက်ဆံပါ၊ သူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်း အသစ်များ ကိုလည်း လေးလေးစားစား အားတက်သရော ပြောဆို ဆက်ဆံပါ။ နားထောင်တတ်သူ ဖြစ်အောင် ကြိုးစားပါ၊ နားထောင်တတ်ခြင်းဖြင့် တစ်ဖက်သားဆီက မှတ်သားလေ့လာ စရာ တစ်ခုခုတော့ ရမှာ သေချာပါတယ်။

၅။ ကိုယ့်ရဲ့ ကောင်းကွက်ကို သိပါ
ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်များကို သိပါစေ။ ကိုယ့်က ရာထူးတိုးဖို့ ထိုက်တန်နေပြီ ဆိုရင် တောင်းဆိုပါ၊ စောင့်မနေပါနဲ့။

၆။ စိတ်ခေါ်မှုများကို ရင်ဆိုင်ပါ
စိန်ခေါ်မှုတွေကို ရင်ဆိုင် ကျော်ဖြတ်ခြင်းက တစ်ခါမှ မကြုံဖူးသေးတဲ့ ကိုယ်ရည် ကိုယ်သွေးတွေကို ရရှိစေနိုင်ပါတယ်။ အဲဒီ စိန်ခေါ်မှုတွေက မျှောလိုက်နေတတ်တဲ့ ပုံစံကနေ ကွဲထွက်စေမှာပါ။ တစ်နေ့ တစ်နေ့ ဘဝက အပြောင်းအလဲ မရှိ ပုံမှန်ပဲ ဖြစ်နေတယ်ဆိုရင် ရှေ့ရောက်ဖို့ လမ်း တနည်းပြောရင် တိုးတက်မဲ့ လမ်းကို မတွေ့နိုင်ပါ။ လုပ်ဖူးသားတွေပဲ ဆက်လုပ်နေရင် ရဖူးတာတွေပဲ ရပါလိမ့်မယ်။

၇။ အများနဲ့ ပြောဆိုဆက်ဆံပါ
အကျိုးရှိရှိ ပြောဆိုဆက်ဆံ နိုင်အောင် လေ့လာသင်ယူပါ။ အကူအညီရနိုင်ဖို့၊ သတင်းအချက်အလက်တွေ ရနိုင်ဖို့၊ ပတ်ဝန်းကျင်ကို ကိုယ့်ဘက်ပါအောင် ဆွဲဆောင်နိုင်ဖို့ တစ်ဖက်သားက အကြံဉာဏ် ဝေဖန် အကြံပြုတာတွေကို လက်ခံပါ၊ အာရုံစိုက်ပါ၊ နားထောင်ပါ။
၈။ အတင်းအဖျင်းတွေကို ရှောင်ပါ
ကိုယ့်သဌေး အကြောင်းပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေ ရဲ့ အကြောင်းပဲ ဖြစ်ဖြစ် အတင်းအဖျင်း ပြောတာကို ရှောင်ပါ၊ အပြန်အလှန် လေးစားကာ လုပ်ငန်းရဲ့ ကောင်းကျိုး အတွက်ပဲ အလုပ်လုပ်ပါ။

၉။ အပန်းဖြေပါ
ဝါသနာပါတဲ့ အလုပ်တွေကို လုပ်ခြင်း၊ အပြောင်းအလဲ တစ်ခုခု လုပ်ခြင်း စသည်ဖြင့် တနည်းနည်းဖြင့် နှစ်သက် သလို အပန်းဖြေပါ၊ အားလပ်ရက်တွေမှာ အနားယူ အပန်းဖြေခြင်းက လန်းလန်းဆန်းဆန်း နဲ့ ကိုယ့်ရဲ့ လုပ်ငန်း စွမ်းဆောင်ရည်ကို မြင့်တင်နိုင်ပါလိမ့်မယ်။
၁၀။ စိတ်ပျော်ရွှင်အောင်နေပါ
ကိုယ့်လုပ်လိုက်တဲ့ ကိစ္စတစ်ခုကို သဘောမကျရင် အဆင်မပြေရင် စိတ်ကို အဆင်ပြေအောင် ပြောင်းလဲကြည့်ပါ၊ လုပ်နေရင်းနဲ့ အဆင်မပြေမှု တွေကြုံတဲ့အခါ စိတ်မပျက်ပါနဲ့၊ လူတိုင်းမှာ အခက်အခဲတွေ ရှိကြပါတယ်။ ကိုယ့်စိတ်ကို ပျော်အောင် နေထိုင်ပါ။

“လုပ်ငန်းခွင်မှာ ပျော်ပျော်ရွှင်ရွှင် နဲ့ အောင်မြင်နိုင်ကြပါစေ …… ”

Be the Best !

သံပုရာသီးလေးတွေရဲ့ အသုံးဝင်ပုံ



ခံတွင်း ကျန်းမာရေး .....
သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။တောက်ပစေပါတယ်။
ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။
နှုတ်ခမ်းကွဲခြင်း .....
မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။
ဆံပင်ကျွတ်ခြင်း .......
အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။
ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက် ....
ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။
တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင်သွားပါလိမ့်မယ်။
အသားအရေခြောက်သွေ့ခြင်းအတွက် .....
ငှက်ပျောသီးမှည့်တစ်လုံးကိုယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။
ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။
နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊
တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြားအလှအပအတွက်
အကောင်းဆုံးပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသ ဖြင့် ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက်ကင်းစေတဲ့သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်း
စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။
အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက် ......
သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကိုချေပြီး ပျော့ဖတ် သဖွယ် ရအောင်လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြောပေးပါ။
တံတောင်ဆစ်မည်းခြင်းအတွက် ......
သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ
တွေဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက်သွေ့သွေ့ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်းထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည်တစ်ခွက်တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့စိမ်ချိုးပေးပါ။
လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင် ....
သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်းတွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။
ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ်ဆိုရင်လည်း ပိုပြီးတောက်ပြောင်လာပါလိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြောပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင်စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့
ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်းပါတယ်။
ခြေထောက် .....
သံပုရာရည်တစ်ခွက်စာ (ကော်ဖီခွက်တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေးမကြီးပါ) တို့ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူးဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။
တစ်ပတ်လောက်လုပ်ကြည့်လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာချောမွေ့လာပါလိမ့်
မယ်။
နွေအပူမှာ ချွေးထွက်သက်သာအောင် အကောင်းဆုံးသစ်သီး
ပူပြင်းခြောက်သွေ့တဲ့နွေရာသီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာအောင်လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်း
ကိုလည်း သက် သာစေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့
သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေးပါတယ်။
myawady

(Personality & Duty)

ကိုယ်ရေးကိုယ်တာ နှင့် လုပ်ငန်းတာဝန် 



နေ့စဉ်နဲ့အမျှ လူသားတွေဟာ လုပ်ငန်းတာဝန်ကိုယ်စီနဲ့ ဘဝအတွက် လုပ်ရှားရုန်းကန် နေကြရတယ်။ ကိုယ့်ရဲ့ နေ့စဉ်တိုင်းမှာ လုပ်ငန်းတာဝန်၊ မိသားစုတာဝန်၊ ပတ်ဝန်းကျင် တာဝန် စသည် စသည်ဖြင့် တာဝန်တွေ ကိုယ်စီကို လုပ်ကိုင်နေကြရပါတယ်။ ထို့အတူပဲ နေ့စဉ်နဲ့ အမျှ ကိုယ့်ရဲ့ လူမှုရေး၊ အချစ်ရေး၊ မိသားစုအရေး စသည်စသည်ဖြင့် ကိုယ်ရေးကိုယ်တာ ကိစ္စများစွာကိုလည်း ကိုင်တွယ် ဖြေရှင်း နေကြရပါတယ်။ အဲဒီအချက် ၂-ချက် ကို ဟန်ချက်ညီညီ လုပ်ကိုင် ဆောင်ရွက်နိုင်မှသာလျှင် သာယာ ပျော်ရွှင်တဲ့ အောင်မြင်မှုကို ပိုင်ဆိုင်နိုင်ကြမှာပါ။

ဘဝမှာ အလုပ်တာဝန်တွေကိုပဲ ဦးစားပေးရင်း ဦးစားပေးရင်း အလုပ်လုပ် ဆိုတာကိုပဲ လုပ်နေရင်း တနည်းအားဖြင့် ငွေ … ငွေ … နောက်ကိုပဲ လိုက်ရင်း လိုက်ရင်း လုပ်ငန်းအောင်မြင်မှု၊ ငွေရေး ကြေးရေး အောင်မြင်မှုတွေ တော့ ရရှိနိုင်ပေမယ့် မိသားစုကို အချိန်မပေးနိုင်တဲ့အခါ သာယာမှုမရှိတဲ့၊ နွေးထွေးမှု မရှိတဲ့ အောင်မြင်မှုပဲ ရရှိပါလိမ့်မယ်။ ထိုအတူ မိသားစုကိုပဲ ဦးစားပေးလွန်း တော့လည်း စိတ်ပိုင်းဆိုင်ရာ တော့ ပြည့်စုံကုံလုံပြီး နွေးထွေးမှုတော့ ရှိနိုင်ပါတယ်၊ ဒါပေမယ့် လုပ်ငန်းပိုင်းကို အာရုံစိုက်မှု အားနည်းတဲ့အခါ ရုပ်ပိုင်းဆိုင်ရာမှာ အားနည်းချက်တွေရှိနိုင်ပါတယ်။ နောက်တစ်မျိုးက ကိုယ်ရေးကိုယ်တာ နဲ့ လုပ်ငန်းတာဝန်ကို ရောထွေးပြီး ၂-ဖက်လုံးမှာ မယ်မယ်ရရ အောင်မြင်မှု မရှိဘဲ ဘဝ ဝဲဂယက်ထဲမှာ တဝဲလည်လည် ဖြစ်နေကြတာမျိုးလည်း တွေ့ရတတ်ပါတယ်။
လူတိုင်းဟာ ကိုယ်ရေးကိုယ်တာ နဲ့ လုပ်ငန်းတာဝန် ၂-ချက်လုံးကို ရှောင်လွှဲလို့ မရနိုင်ပါဘူး။ အဲဒီ ၂-ခုလုံးကို ရှောင်လွှဲလို့ မရသလို ရောထွေးရင်လည်း အဆင်မပြေပါ။ အဲဒီ ၂-ချက်ကို သူ့အကန့် နဲ့သူ သတ်သတ်စီ ခွဲခြားနိုင်အောင် လုပ်ကိုင်ဖို့လိုအပ်ပါတယ်။ ဆိုလိုတာက အလုပ်ထဲကို အိမ်က ကိစ္စတွေ သယ်သွားလို့ အဆင်မပြေသလို အိမ်ကိုလည်း အလုပ်က ကိစ္စတွေ သယ်လာလို့ အဆင်မပြေပါဘူး။

ဒါပေမယ့် များသောအားဖြင့် တော့ ရောထွေးတတ်ကြပါတယ် … ။ လူဆိုတာ အမြဲတမ်း အဆင်မပြေနိုင် ပါဘူး၊ တစ်ခါတစ်လေ ငွေးရေး ကြေးရေး၊ မိသာစု အရေး စသည်ဖြင့် အဆင်မပြေမှုတွေ ကြုံရတဲ့အခါ အဲဒီစိတ်တွေကို လုပ်ငန်းခွင်ထဲအထိ ယူသွားတဲ့အခါ လုပ်ငန်းခွင်မှာပါ အဆင်မပြေမှုတွေ ဖြစ်လာတတ်ပါတယ်။ ထို့အတူ လုပ်ငန်းခွင်မှာ လည်းအဆင်မပြမှုတဲ့ ရှိတဲ့အခါ စိတ်ညစ်တာ၊ စိတ်တိုတာ၊ ဒေါသထွက်တာ မျိုးတွေ ဖြစ်တတ်ပါတယ်၊ ပိုဆိုးချင်တော့ လမ်းမှာ လိုင်းကားစီးတော့ စပယ်ယာနဲ့ပါ ပြဿနာ ထပ်တက်တဲ့အခါ အိမ်ကိုလည်း ရောက်ရော နိုင်တဲ့လူကို မဲပြီး ဖိဟောက်တာမျိုးတွေ တွေ့ရတတ် ပါတယ်။
အိမ်ကို ရောက်လာပြီဆိုတာနဲ့ အလုပ်ထဲက ပြဿနာတွေ၊ အဆင်မပြေမှုတွေ၊ စိတ်တိုတာတွေ၊ ဒေါသတွေ အားလုံးကို တံခါးဝမှာပဲ ချိတ်ထားလိုက်ပါ၊ အိမ်ထဲကို မသယ်လာပါနဲ့ ကိုယ့်ရဲ့မိသားစုနဲ့ အတူ နွေးနွေးထွေးထွေး ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်အောင် ကြိုးစားပါ။ ကိုယ့်က ကိုယ့်ကိစ္စနဲ့ ကိုယ် အဆင်မပြေလို့ စိတ်တို ဒေါသထွက်ပြီး မှုန်ကုပ်ကုပ် လုပ်နေရင် … အိမ်က လူတွေက ကိုယ့်အနားကို ကပ်တော့မှာ မဟုတ်ပါဘူး။ တစ်ခါတစ်လေ ကတော့ သိပ်မသိသာပေမယ့် အကြိမ်အရေအတွက် များလာ တဲ့အခါ မိသားစုက ကိုယ့်ကို အေးစက်လာပါလိမ့်မယ်။

ကိုယ့်မှာ မိသားစု ပြဿနာ၊ ငွေရေးကြေးရေး ပြဿနာ စတာတွေရှိရင်လည်း အလုပ်ခန်းတံခါးဝကို ရောက်တာနဲ့ ခဏမေ့ထားလိုက်ပါ။ မမေ့နိုင်ဘဲ သယ်လာခဲ့ရင် အဲဒီစိတ်တွေက ကြီးစိုးနေလို့ လုပ်ငန်းခွင်မှာ အာရုံမကပ်နိုင်တော့တာမျိုးဖြစ်တတ်ပါတယ်။ အဲဒီတော့ အမှားတွေလုပ်မိဖို့ အခြေအနေမျိုး ပိုပြီး ဖြစ်နိုင်ချေ များပါတယ်။ နီးစပ်ရာလူကို ဒေါသတွေ ပုံကျသွားတာမျိုးတွေ ဖြစ်လာတဲ့ အခါ လုပ်ငန်းခွင်က၊ လုပ်ဖော်ကိုင်ဖက် ဖြစ်စေ၊ လက်အောက်ငယ်သား ဖြစ်စေ ကိုယ့်ကို အပြစ်မြင်လာ ပါလိမ့်မယ်။ နောက်တစ်ခုက လုပ်ငန်းကိစ္စဖြစ်စေ၊ မိသားစု ကိစ္စဖြစ်စေ ပင်ပန်းတာတွေ များလာတဲ့အခါ၊ အိပ်ရေးတွေပျက်တဲ့အခါ ဒေါသ ထွက်တတ်ပါတယ် … ။ ကိုယ့်ကိစ္စနဲ့ ကိုယ် အဆင်မပြေတာ ပင်ပန်းတာကို သူများအပေါ် မသက်ရောက်မိ အောင် ကြိုးစားဖို့ လိုပါတယ်။

ဆိုလိုသည်မှာ လုပ်ငန်းခွင်မှာ တာဝန်ထမ်းဆောင်တဲ့အခါ လုပ်ငန်းကိစ္စကိုပဲ အပြည့်အဝ အာရုံစိုက်ပြီး အကောင်းဆုံး လုပ်ဆောင်နိုင်အောင် ကြိုးစားဖို့လိုပါတယ်။ ဘယ်လို အကြောင်းကိစ္စ ကြီးငယ် ရှိနေသည်ဖြစ်စေ လုပ်ငန်းခွင်နဲ့ လုံးဝ (လုံးဝ) မရောထွေးဖို့ အရေးကြီးပါတယ် … ။ ကိုယ့်ရဲ့ မိသားစုနဲ့ နေတဲ့အခါလည်း လုပ်ငန်းခွင်က ဘယ်လို ပြဿနာမျိုးတွေပဲ ရှိနေပါစေ မိသားစုကို လုံးဝ (လုံးဝ) မသက်ရောက် ဖို့ အထူးလိုအပ်ပါတယ်။ လုပ်ငန်းကိစ္စ နဲ့ ကိုယ်ရော ကိုယ်တာ ရောထွေးလို့ လုပ်ငန်းခွင်မှာ ဖြစ်စေ၊ မိသားစုနဲ့ ဖြစ်စေ၊ ပတ်ဝန်းကျင်နဲ့ ဖြစ်စေ ပြဿနာတွေ တက်တဲ့အခါ အိမ်မှာ စိတ်တိုလာလို့၊ ဒေါသထွက်လာလို့၊ အလုပ်မှာ အဆင်မပြေလို့ ဖြစ်သွားတယ် ဆိုတာမျိုးက တစ်ခါတစ်လေပဲ ဆင်ခြေ ပေးလို့ ကောင်းပါတယ်။ ခဏခဏ ဖြစ်လာရင်တော့ ကိုယ့်ရဲ့ အောင်မြင်မှုကို ထိခိုက်လာ မှာ သေချာ ပါတယ်။

လူတိုင်းဟာ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် ပြဿနာတွေ၊ အခက်အခဲတွေ၊ စိတ်ညစ်စရာတွေ၊ ပင်ပန်းတာတွေ၊ ဒေါသထွက်တာတွေ နဲ့ အမြဲတမ်းမဟုတ်တောင် ခဏခဏတော့ တွေ့ကြုံနေကြရမှာပါ။ ပျော်ရွှင် အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ အတွက် အဲဒီကိစ္စတွေကို ကိုယ်က ဘယ်လိုတုန့်ပြန်လဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ကိုယ်ရေးကိုယ်တာ နဲ့ လုပ်ငန်းတာဝန်ကို ဘယ်ကိစ္စကို ဦးစားပေးရမယ် လို့မဆိုလိုပါ။ မိသားစုနဲ့ တွေ့တဲ့အခါ မိသားစုအကြောင်းပဲ ခေါင်းထဲထည့်ပြီး အကောင်းဆုံးလုပ်ဖို့ လိုအပ်သလို လုပ်ငန်းကိစ္စ လုပ်နေတဲ့အခါ လည်း အလုပ်ကိစ္စပဲ ခေါင်းထဲထည့်ပြီး အကောင်းဆုံး ကြိုးစားဖို့ လိုအပ်ပါတယ်။

ဒါဆိုရင် သူ့ကဏ္ဍနဲ့ သူ ကိစ္စအဝဝ ပြီးမြောက်အောင်မြင်ပြီး ပျော်ရွှင်တဲ့ အောင်မြင်မှုမျိုးကို ပိုင်ဆိုင်နိုင်ကြမှာ သေချာပါတယ်။

“ရတဲ့အသိကို လက်တွေ့ အသုံးချနိုင်ပါစေ … ”

အောင်ကိုဦး(UMK)
Be The Best !

ငါမရှိလည်း ဖြစ်ဖို့လိုတယ် …



လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှု၊ ဆုံးရှုံးမှုတွေမှာ ခေါင်းဆောင်ရဲ့ အခန်းကဏ္ဍဟာ အဓိက ကျလှပါတယ်။ ခေါင်းဆောင်းကောင်း ဆိုတာ ကိုယ်တာဝန်ယူထားတဲ့ အဖွဲ့အစည်းကို အပြည့်အဝ တာဝန်ယူရမှာ ဖြစ်သလို၊ ကိုယ်တာဝန်ယူထားတဲ့ လုပ်ငန်းကိုလည်း အပြည့်အဝ ကျွမ်းကျင်ဖို့လိုပါတယ်။ အရေးကြီးဆုံးတစ်ချက်က အဖွဲ့အစည်းမှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်လုပ်ဆောင်နေကြသူတွေ တစ်ယောက်ခြင်းစီကို အကောင်းဆုံးစွမ်းဆောင်နိုင်အောင် စီမံခန့်ခွဲနိုင်ဖို့လိုပါတယ်။ နောက်တစ်ချက် က ကိုယ့်နေရာမှာ တာဝန်ယူနိုင်တဲ့ မျိုးဆက်သစ်တွေကို မွေးထုတ်ပေးနိုင်အောင် လေ့ကျင့်သင်ကြား ပေးဖို့လည်း အရေးကြီးပါတယ်။ လုပ်ငန်းကို အပြည့်အဝ တာဝန်ယူနိုင်ဖို့လိုတယ် ဆိုတဲ့ နေရာမှာ နေရာတိုင်းကို ကိုယ်လိုက်လုပ်ဖို့ ပြောတာမဟုတ်ပါဘူး။ သက်ဆိုင်ရာ ကဏ္ဍအသီးသီးရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကို တာဝန်ယူ ဖြေရှင်းဖို့ကို ဆိုလိုတာပါ။

စာရေးသူတို့ မြန်မာပြည်မှာ ခေါင်းဆောင်တစ်ချို့ဟာ အရာရာမှာ ဝင်ပြီးလုပ်ကိုင်ကြတဲ့အတွက် စေတနာအမှားတွေကြောင့် မန်နေဂျာလည်းကိုယ်၊ စာရင်းကိုင်လည်းကိုယ်၊ စာရေးလည်းကိုယ်၊ ကြိုဆိုရေးလည်းကို၊ နောက်ဆုံးသန့်ရှင်းရေးလည်းကိုယ် နဲ့ မနိုင်မနင်းဖြစ်တတ်တဲ့ စီမံခန့်ခွဲမှု အလွဲတွေကို တွေ့နေရပါတယ်။ အဲဒါကလည်း ကိုယ်တိုင်လုပ်လိုက်ရမှ စိတ်တိုင်းကျတဲ့ ခေါင်းဆောင်မျိုးတွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့် ခေါင်းဆောင်တစ်ယောက်တည်းကို အားကိုးမှီတည်တဲ့ အဖွဲ့အစည်းဟာ အတက်အကျ အပြောင်းအလဲတွေဟာ ခေါင်းဆောင်အပေါ်မှာ မူတည်နေပါတယ်။ ခေါင်းဆောင်း လုပ်နိုင်ရင် အဖွဲ့အစည်းဟာ တိုးတက်ပြီးတော့ ခေါင်းဆောင်က မလုပ်နိုင်တာနဲ့ အဖွဲ့အစည်းဟာ ကျဆင်း သွားတတ်ပါတယ်၊ ဒါကလည်း ကိုယ့်နေရာမှာ တာဝန်ယူနိုင်ဖို့ မျိုးဆက်သစ်တွေကို မွေးမထားတဲ့ အတွက် ကြောင့်ပါ။
အဖွဲ့အစည်းတစ်ခုကို ဘောလုံးအသင်းတစ်သင်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် နည်းပြကောင်းရုံနဲ့ အသင်းရဲ့ အောင်နိုင်ရေးအတွက် မဖြစ်နိုင်ဘူးလားဆိုတော့ ဖြစ်တော့ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် အသင်းသားတွေ ကောင်းဖို့လည်း လိုပါတယ်၊ ဆိုလိုတာက မော်ရင်ဟိုကိုဖြစ်စေ၊ ဖာဂူဆန်ကိုဖြစ်စေ မြန်မာဘောလုံးအသင်းမှာ နည်းပြခန့်ပြီး အရှေ့တောင်အာရှမှာ ယှဉ်ပြိုင်ကြည့်ပါ၊ ချက်ချင်းအောင်မြင်မှု ရပါ့မလား … စဉ်းစားစရာပါ။ ဘောလုံးအသင်းတစ်သင်းမှာ key player တစ်ယောက်ရှိရင် အရေးကြီးတဲ့ အဆုံးအဖြတ် အချိန်တွေမှာ သူ့ရဲ့ တစ်ကိုယ်တော် စွမ်းဆောင်မှုတွေကြောင့် အသင်းကို အောင်မြင်မှု ရအောင်၊ အရှုံးကနေ အနိုင်ဖြစ်အောင် ကယ်တင်နိုင်တာတွေဟာ အမှန်တွေပါ၊ ဒါပေမယ့် အဲဒီကစားသမား ဟာ ဒဏ်ရာရနေလို့ဖြစ်စေ၊ ပွဲပယ်ထားလို့ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် မကစားနိုင် တဲ့အခါ အဲဒီအသင်းရဲ့ ကစားအားဟာ သိသာထင်ရှားပါတယ်။ ဘောလုံးအသင်းတစ်သင်းမှာ key player တစ်ယောက် စွမ်းရည် အပြည့်အဝ မကစားနိုင်တော့ဘူးဆိုရင် တစ်သင်းလုံးကစားအား သေသွားတာကို ဘောလုံးပွဲကြည့်ကြသူတိုင်း မြင်မိမှာပါ။ ခေါင်းဆောင်းတစ်ယောက်ကိုပဲ သို့တည်းမဟုတ် စွမ်းရည်ကောင်းသူ တစ်ယောက်တည်းကိုပဲ အားကိုးရတဲ့ အဖွဲ့အစည်းဟာလည်း ဒီအတိုင်းပါပဲ။

စာရေးသူ အထက်တန်းကျောင်းသားဘဝက မြို့နယ်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲလုပ်ပါတယ်။ မှတ်မှတ်ရရ ဘောလီဘောပြိုင်ပွဲမှာ စာရေးသူတို့ အသင်းမှာ တကယ်ကောင်းတဲ့ fighter ကစားသမား (၃) ယောက်လောက် ပါပါတယ်၊ ကျန်တဲ့သူတွေကတော့ သာမာန်ပါ၊ ပရိတ်သတ် တော်တော်များများကလည်း ကစားသမားကောင်းတွေ ပါတဲ့ စာရေးသူတို့အသင်းပဲ ဗိုလ်စွဲမယ်လို့ မှန်းထားကြပါတယ်။ ဒါပေမယ့် တစ်ကျောင်းသော အသင်းမှာတော့ အရမ်းကြီးကောင်းတယ်ဆိုတဲ့ ကစားသမားတစ်ယောက်မှ မပါပါဘူး၊ သူတို့အသင်းက ကစားသမားတွေက သူ့နေရာနဲ့သူ စွမ်းရည်ကောင်းပြီး လူညီပါတယ်။ နောက်ဆုံးတော့ အဲဒီအသင်း ဗိုလ်စွဲသွားပါတယ်။ ဒါကို ငယ်စဉ်ကတော့ သတိမထားမိပါဘူး၊ အရွယ်ရောက်လို့ နည်းနည်း စဉ်းစားတတ်လာတဲ့အခါ ချဲ့ပြီး နည်းနည်း စဉ်းစားကြည့်ပါတယ်၊ ကမ္ဘာ့နိုင်ငံတွေမှာ တစ်ကမ္ဘာလုံးကသိတဲ့ Global Figure ခေါင်းဆောင်ရှိတဲ့ နိုင်ငံတွေ ရှိသလို မရှိတဲ့ နိုင်ငံတွေလည်း ရှိကြပါတယ်။ ဥပမာ ဗီယက်နမ်မှာ ဟိုချီမင်း ရှိတယ်၊ အိန္ဒိယမှာ ဂန္ဒီ ရှိတယ်၊ အာဖရိကမှာ မင်ဒဲလားရှိတယ် စာရေးသူတို့နိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းရှိတယ်၊ ခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် ရှိတယ်၊ အဲဒီလို ခေါင်းဆောင်ကောင်း တွေရှိတဲ့ နိုင်ငံတွေဟာ သူတို့တွေရှိတဲ့ အချိန်မှာ နိုင်ငံရဲ့ဖြစ်တည်မှုနဲ့ သူတို့မရှိတဲ့အခါ နိုင်ငံရဲ့ ဖြစ်တည်မှု တွေကို လေ့လာသုံးသပ်ကြည့်ပါ။ တစ်နိုင်ငံခြင်းရဲ့ သမိုင်းကြောင်း အစဉ်အလာကို ပြောနေရင် ရှည်မှာစိုးလို့ မပြောတော့ပါ။ ကိုယ်တိုင်လေ့လာ ကြည့်လိုက်ပါ။ အတွေးတစ်ခုရနိုင်ပါတယ်။ ဒါပေမယ့် ဂျပန်မှာ Global Figure ခေါင်းဆောင်ဘယ်သူရှိလဲ ရှိတော့ ရှိပါတယ်၊ ဒါပေမယ့် အထက်မှာ ဥပမာပေးခဲ့တဲ့ နိုင်ငံတွေလိုမျိုး လောက်တော့ မရှိတာ သေချာပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ ရပ်တည်မှု အနေအထားကို လေ့လာကြည့်ပါ၊ နိုင်ငံသားတွေရဲ့ တစ်ဦးတစ်ယောက်ခြင်းစီရဲ့ အရည်အသွေး၊ အရည်အချင်းတွေကို တည်ဆောက်ထားတဲ့အတွက် သူတို့နိုင်ငံဟာ ဘယ်လိုရပ်တည်နေလဲဆိုတာ တွေ့ရပါလိမ့်မယ်။

ဥပမာ အာစရိယပူဇော်ပွဲ အခမ်းအနား တစ်ခုလုပ်တယ် ဆိုကြပါစို့ … ရံပုံငွေရှာဖွေရေး၊ ဖိတ်ကြားရေး၊ သတင်းနဲ့ ပြန်ကြားရေး၊ ကြိုဆိုနေရာချထားရေး (ကန်တော့ခံဆရာကြီး/ဆရာမကြီးများ၊ ပရိတ်သတ်များ) ၊ ဧည့်ခံကျွေးမွေးရေး၊ အခမ်းအနား ပြင်ဆင်ရေး၊ အခမ်းအနားမှူး၊ ကန်တော့ချိုး တိုင်မယ့်သူ၊ ကန်တော့ပစ္စည်း ပေးအပ်မယ့်သူ၊ ကျေးဇူးတင်စကားပြောမယ့်သူ၊ ငွေစာရင်းကိုင်မယ့်သူနဲ့ ငွေစာရင်းရှင်းတမ်း တင်ပြမယ့်သူ စသည်စသည်ဖြင့် သက်ဆိုင်ရာ ကဏ္ဍများရှိကြပါမယ်။ အဲဒီကဏ္ဍတွေ အားလုံးကို တစ်ယောက်တည်းလုပ်လို့ မရပါဘူး။ ကိုယ်ကိုယ်တိုင်လုပ်ရမှ စိတ်တိုင်းကျတယ် ဆိုတဲ့ စိတ်နဲ့လည်း မဖြစ်ပါဘူး။ သက်ဆိုင်ကဏ္ဍအလိုက် ဆောင်ရွက်ချက်တွေကို စိတ်တိုင်းကျအောင် အကောင်းဆုံး လုပ်ဆောင်နိုင်အောင် လေ့ကျင့်ပေးထားရပါမယ်။ သက်ဆိုင်ရာကဏ္ဍအလိုက် နေရာ အသီးသီးမှာ လုပ်ရမယ့် တာဝန်၊ ဝတ္တရားတွေကို အသေးစိတ် ရှင်းပြထားရပါမယ်။ သက်ဆိုင်ရာနေရာ အလိုက် သင့်တော်မယ့်သူကို ရွေးချယ်နိုင်ရပါမယ်။ အဖွဲ့ခွဲ တစ်ခုနဲ့ တစ်ခု အချိတ်အဆက်တွေကို သေချာအောင် ပြင်ဆင်ထား ရပါမယ်။ ခေါင်းဆောင်ဟာ အရာအားလုံးကို လိုက်လုပ်ဖို့ မလိုအပ်ပါဘူး၊ ဒါပေမယ့် အရာအားလုံးကို အသေးစိတ် စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ပဲ အရေးကြီးတာပါ။ လိုအပ်နိုင်တဲ့ လစ်ဟာနိုင်တဲ့ လုပ်ငန်းကျွမ်းကျင်မှု အားနည်းတဲ့ နေရာတွေကို လိုက်ပြီး ထိန်းသိမ်းဖို့ လိုပါတယ်။ ကိုယ်ကိုယ်တိုင် ဝင်ပါသင့်တယ့် နေရာမှ ဝင်ပါဖို့လိုပါလိမ့်မယ်။ အဲဒီလိုမဟုတ်ပဲ ငါမရှိရင် မဖြစ်ဖူးဆိုတဲ့ အတွေးနဲ့ နေရာတစ်ကာ ဝင်ပါ လိုက်လုပ်နေရင် ကိုယ်ကိုယ်တိုင်လည်း ပင်ပန်းလိမ့်မယ်၊ ကိုယ်ကပဲ လိုက်လုပ်နေရင် ကိုယ်ကမလုပ်နိုင်တဲ့ အခါ သူတို့တစ်တွေလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ အချိတ်အဆက်တွေလွဲပြီး အဆင်မပြေတာ တွေ ဖြစ်လာပါလိမ့်မယ်။

ဒါကြောင့် နေရာတစ်ကာ ငါမရှိရင်မဖြစ်ဖူးလို့ စွဲကိုင်မထားပါနဲ့ ငါမရှိလည်း ဖြစ်အောင် လေ့ကျင့်ပေးထားပါ၊ စီမံခန့်ခွဲပါ … ဒါဆိုရင် တစ်ဦးတစ်ယောက်ခြင်းစီရဲ့ အရည်အသွေးတွေ၊ ကျွမ်းကျင်မှုတွေနဲ့ အားလုံးတက်ညီလက်ညီ ဆောင်ရွက်ပြီး ပန်းတိုင်ဆီကို အဆင်ပြေပြေ ချီတက်နိုင်ကြမှာ သေချာပါတယ်။

“ငါမရှိလည်း ဖြစ်အောင် လုပ်ဆောင် နိုင်ကြပါစေ …”
Be the Best !

မြန်မာလူငယ်တွေ ဘာကြောင့် မအောင်မြင်တာလဲ



ဒီနေ့ခေတ်မြန်မာလူငယ်တွေဟာ နိုင်ငံတကာနဲ့ ယှဉ်လိုက်ရင် အနိမ့်ဆုံး အာဆီယံအဆင့် နှိုင်းယှဉ် ကြည့်လိုက်ရင် အောင်မြင်မှု အတိုင်းအတာ နည်းပါးနေသေးတာကို တွေ့ရပါတယ် … ။ ဘာဖြစ်လို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင် အောင်မြင်မှု အတိုင်းအတာ နိမ့်ကျနေရတာလဲ … ? အကြောင်းရင်းတွေ များစွာထဲက စာရေးသူမြင်တဲ့ အဓိက အချက်တွေကို ပြောကြည့်ချင်ပါတယ် … ။

မြန်မာလူငယ် အများစုမှာ လွပ်လပ်စွာ ရွေးချယ်ခွင့်နည်းပါးကြတာလဲ တစ်ချက်ပါဝင်ပါတယ်။ ဥပမာ လူငယ်တစ်ယောက် ဆယ်တန်းအောင်သွားတဲ့ အချိန်မှာ ဘဝအတွက် အသက်မွေးဝမ်းကြောင်း နယ်ပယ်တစ်ခုကို ရွေးချကြမယ့် နေရာမှာ ကန့်သတ်ချက်တွေ ရှိနေပါတယ်။ ဥပမာ နည်းပညာ တက္ကသိုလ်တက်ပြီး အင်ဂျင်နီယာ ဘာသာရပ်ကို လေ့လာချင်တဲ့ သူတစ်ယောက်ဟာ တက္ကသိုလ်ဝင်တန်း လို့ခေါ်တဲ့ ၁၀-တန်းမှာ အမှတ်မမှီခဲ့ရင် နောက်တစ်ကြိမ် ပြန်ဖြေခွင့်မရှိပါဘူး။ အစိုးရတက္ကသိုလ်ကို တက်ခွင့်မရတဲ့အတွက်လည်း ပုဂ္ဂလိက တက္ကသိုလ် တစ်ခုခုကကကို ရွေးချယ်စရာ အခွင့်အလမ်း မရှိပါဘူး။ နောက်ထပ် ကန့်သတ်ချက်တစ်ခုက မိဘ ဆွေမျိုး ပတ်ဝန်းကျင် အသိုင်းအဝိုင်းရဲ့ လွှမ်းမိုးမှုပါ။ လူငယ်တွေက သူတို့ စိတ်ဝင်စားတဲ့ နယ်ပယ်ကို ဆုံးဖြတ်နိုင်စွမ်းမရှိသေးတာက တစ်ကြောင်း၊ ခေတ်အရ လူကြိုက်များနေတဲ့ ဘာသာရပ် တွေကတစ်ကြောင်း (ဥပမာ- ဆေး၊ စက်မှု၊ ရေကြောင်း) နဲ့ မိဘ ဆွေမျိုး ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေက တိုက်တွန်းတဲ့ ရွေးချယ်ပေးတဲ့ ဘာသာရပ်တွေကို ရွေးချယ်ကြရ တတ်ပါတယ်။ (ဒီအကြောင်းတွေကို “လူငယ် နှင့် ရွေးချယ်မှု” ဆောင်းပါးမှာ အသေးစိတ် ရေးခဲ့ပြီး ဖြစ်ပါတယ်။)

နောက်တစ်ချက်က မြန်မာလူငယ်တွေမှာ အိမ်မက်တွေ ပျောက်ဆုံးနေကြပါတယ်၊ အိမ်မက်တွေကို အကောင်အထည် ဖော်ဖို့အတွက် အခွင့်အလမ်းဟာ ကိုယ့်ရဲ့ ကိုယ်စွမ်းကိုယ်စ၊ ကိုယ်ရည်ကိုယ်သွေး တစ်ခုတည်းနဲ့ မသက်ဆိုင်ဘဲ ကန့်သတ်ချက်တွေရှိနေကြပါတယ်။ ဆိုလိုတာက နောင် ၅-နှစ်မှာ၊ နောင် ၁၀-နှစ်မှာ ဘာဖြစ်ချင်တယ်၊ ဘာဖြစ်အောင်လုပ်မယ် ဆိုတဲ့ တိကျတဲ့ အိမ်မက်တွေ၊ ရည်မှန်းချက် ပန်းတိုင်တွေ ရှိတဲ့ လူငယ်တွေ နည်းပါးပါသေးတယ်။ ပြီးတော့ ကုမ္ပဏီမှာဖြစ်စေ၊ အစိုးရလုပ်ငန်း ဝန်ကြီးဌာန မှာဖြစ်စေ၊ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ လုပ်ကိုင်နေကြတဲ့ လူငယ်တွေမှာ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်ပေမယ့်၊ ကြိုးစားအားထုတ်ကြပေမယ့် တိုးတက်မှု အခွင့်အလမ်းဟာ ဆုံးဖြတ်ပိုင်ခွင့် ရှိသူ အပေါ်မှာလည်း မူတည်နေပါတယ်။ ဆိုလိုတာက ဘယ်လိုအရည်အချင်းတွေ၊ ဘယ်လိုကြိုးစားမှုတွေ ရှိရင်တော့ဖြင့် မန်နေဂျာဖြစ်မယ်၊ ဦးစီးမှူးဖြစ်မယ် စသည်ဖြင့် ရေရေရာရာ၊ သေသေချာချာ မရှိကြပါဘူး။ ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ မူတည်နေတော့ ကိုယ်စွမ်းကိုယ်စ တိုးတက် အောင်လုပ်ဖို့ထက် တာဝန်ကျေရုံလောက်ပဲ ကြိုးစားအားထုတ်ကြပါတော့တယ်။ ပြောချင်တာက ဘယ်လောက် ကြိုးစားလုပ်ပေမယ့် ကုမ္ပဏီမှာဖြစ်စေ၊ ဌာနဆိုင်ရာမှာဖြစ်စေ အခွင့်အလမ်း တိုးတက်ဖို့ဆိုတာ မသေချာပါဘူး၊ သူတို့ ပေးမှရမယ်၊ သူတို့ကြိုက်မှ ရမယ် ဆိုတဲ့ ပုံစံမျိုးတွေက များနေပါတယ်။ (နေရာ ဌာနတိုင်းကို မဆိုလိုပါ၊ ဒါပေမယ့် အများစုကတော့ အဲဒီအတိုင်းပါ။) အဲဒီတော့ တာဝန်ကျေပဲ လုပ်ကြပါတော့တယ်၊ စေတနာထားပြီးလုပ်တာတို့၊ ကိုယ့်အလုပ်လိုသဘောထားပြီး လုပ်တာတို့က စာအုပ်ထဲမှာပဲ ကျန်နေခဲ့ပါတယ်။ နောက်တစ်ခုက ကိုယ်ရည်ကိုယ်သွေး တိုးတက်အောင် ကြိုးစား အားထုတ်ဖို့ထက် ကိုယ်နေရာရဖို့ အခွင့်အလမ်းတွေ ပိုင်ဆိုင်နိုင်ဖို့ အတွက် လက်ရှိနေရာထက် တဆင့်မြင့်နိုင်ဖို့အတွက် ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေကို ဖားတဲ့အလုပ်မျိုးတွေပဲ လုပ်တတ်လာကြပါတယ်။

ကိုယ်ပိုင်လုပ်ငန်း တည်ထောင်နေကြတဲ့ လူငယ်တွေမှာလည်း အဓိက အခက်အခဲက ကိုယ့်ရဲ့လုပ်ငန်းကံကြမ္မာကို ကိုယ်တိုင် ဖန်တီးခွင့်မရှိတာပါ။ ကိုယ့်ရဲ့လုပ်ငန်း လည်ပတ်ဖို့အတွက်၊ အောင်မြင်ဖို့ အတွက် ကိုယ့်ရဲ့ ကုန်ပစ္စည်း၊ ကိုယ့်ရဲ့ Brand ကို တည်ဆောက်ရုံနဲ့ မလုံလောက်ဘဲ ကိုယ့်ရဲ့ လုပ်ငန်း အဆင်ပြေချောမွေ့ဖို့အတွက် ဆိုင်ရာ ပိုင်ရာတွေကို လိုအပ်သလို ပေါင်းသင်းရပါတယ်။ ကိုယ့်ရဲ့ Customer တွေကို ပေးရမယ့် Service တွေအပြင် ဆိုင်ရာ၊ ပိုင်ရာ တွေကို ပေးရတဲ့ Service က ပိုများနေပါတယ်။

ပထမဆုံးချက်ကိုပြန်ပြီး အနှစ်ချုပ်ပြန်ပြောရရင် မြန်မာလူငယ်တွေမှာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးခွင့်၊ ကိုယ့်ရဲ့ မျှော်လင့်ချက်ကို လွပ်လွပ်လပ်လပ်ရှင်သန်ခွင့်၊ ကိုယ့်ရဲ့ အိမ်မက်ကို ကိုယ်တိုင် အကောင်အထည် ဖော်ခွင့်တွေ၊ ကြိုးစားမှုအတွက် အသိအမှတ်ပြုမယ့်၊ အသီးအပွင့်ရမယ့် အခွင့်အလမ်း တွေဟာ ရှိတယ်ဆိုပေမယ့် နည်းနေပါသေးတယ်။ သူတို့ရဲ့ ကြိုးစားမှုကို အရှိန်တင်ပေးမယ့် အစာ တနည်းပြောရင် အခွင့်အလမ်း၊ နေရာ စတာတွေက မသေချာတော့ ဖြည်းဖြည်းချင်းပဲ ရွေ့နေကြပါတယ်။

ဒုတိယ တစ်ချက်က မြန်မာလူငယ်တွေမှာ အကြီးအကျယ် အတိဒုက္ခရောက်နိုင်တဲ့ စွန့်စားမှု (risk) တွေမရှိတာလည်းပါဝင်ပါတယ်။ ဆိုလိုတာက မြန်မာလူငယ်တွေ အပြင်းအထန် မကြိုးစားလို့ ချက်ချင်း ဒုက္ခ ရောက်မသွားနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ အနောက်နိုင်ငံတွေမှာတော့ သူတို့ရဲ့ ဓလေ့ထုံးစံအရ အချိန်တန် အရွယ်ရောက်ပြီဆိုတာနဲ့ ကိုယ့်ဘဝကိုကိုယ်ကိုတိုင် ကြိုးစားရုန်းကန်ကြရပါတယ်။ ကိုယ်ရဲ့ ကောင်းခြင်း ဆိုးခြင်းတွေကို ကိုယ်ကိုတိုင်က တိုက်ရိုက် ခံစား စံစားကြရပါတယ်။ ကျွန်တော်တို့ မြန်မာလူငယ်တွေ အတွက်တော့ ကျွန်တော်တို့ ဓလေ့ထုံးစံအရ အသက်ကြီးသည် ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ မိဘတွေက ကျွန်တော်တို့ရဲ့ နောက်ကွယ်က ကြံ့ကြံ့ခံပေးနေလို့ပါ။ “တောင်းဆိုး၊ ပလုံးဆိုးပဲ ပစ်ရိုးထုံးစံရှိတယ်၊ သားဆိုး၊ သမီးဆိုး ပစ်ရိုးထုံးစံမရှိဘူး” ဆိုတဲ့ စကားအတိုင်း သားသမီးတွေက ဘယ်လောက်ပဲ ဆိုးနေနေ၊ မိဘတွေက ပစ်မထားကြပါဘူး။ မိဘက ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ရှိတဲ့အတိုင်းအတာလေးနဲ့ သားသမီးတွေကို ထောက်ပံ့ပေးထား ကြပါတယ်။ လူငယ်တစ်ယောက်က ဆိုးနေသည်ဖြစ်စေ၊ အလုပ်မရှိသည်ဖြစ်စေ၊ ဝင်ငွေမရှိသည်ဖြစ်စေ ထမင်းတလုပ်စားရုံ၊ အချိန်တန်ရင် မုန့်ဖိုး ၂၀၀ လောက်ရရုံ ကတော့ မိဘတွေက ထောက်ပံ့ပေးထား ကြပါတယ်။

အဲဒီတော့ မြန်မာလူငယ်တွေအတွက် သူတို့ရဲ့ စွမ်းအားတွေကို အကောင်းဆုံးထုတ်သုံးနိုင်မယ့် မျှော်လင့်ချက်၊ အနာဂတ် စတဲ့ အစာ၊ တနည်းအားဖြင့် အခွင့်အလမ်းကလည်း ထင်သလောက်မရှိ သလို အနောက်မှာလည်း မကြိုးစားလို့၊ အားထုတ်မှုနည်းလို့ ပြုတ်ကျသွားနိုင်တဲ့ ချောက်၊ တနည်းပြောရင် စွန့်စားမှု (risk) ကလည်း မရှိတော့ မြန်မာလူငယ်တွေက ဒီအတိုင်းလေးပဲ ပုံမှန်လေးပဲ မျှောလိုက်နေကြ ပါတယ်။ အရှေ့ကိုလည်း အရမ်းမရောက်သလို၊ အနောက်ကိုလည်း ပြုတ်ကျမသွားကြဘဲ ပုံမှန်လေးပဲ လက်ရှိ အခြေအနေလေးအတိုင်း ခရီးဆက်နေကြတာပေါ့။

အချုပ်အနေနဲ့ ပြောရရင် မြန်မာလူငယ်တွေ ကိုယ်စီ ကိုယ်ငှ အောင်မြင်ကြဖို့ဆိုရင် မြန်မာ လူငယ်တွေမှာ ကြိုးစားရင် ကြိုးစားသလောက် ဖြစ်နိုင်ခွင့်၊ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးခွင့်ရှိဖို့ လိုအပ်သလို မကြိုးစားရင်လည်း ဒုက္ခရောက်သွားနိုင်တဲ့ risk တွေရှိဖို့ လိုပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ကိုယ်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးခွင့် အပြည့်အဝ မရှိသေးပေမယ့် အတိုင်းအတာ တစ်ခုတော့ ရရှိနေပါပြီ။ အရင်အတိုင်း အိပ်ပျော်မနေကြပဲ အိမ်မက်ဆိုးက နိုးထဖို့လိုအပ်နေပါပြီ …. ကိုယ်ကံကြမ္မာ၊ ကိုယ့်အနာဂတ်၊ ကိုယ့်ရဲ့ အောင်မြင်မှုပန်းတိုင်ကို ကိုယ်တိုင်ဖန်တီးဖို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသ၍ ကြိုးစား ကြမယ်ဆိုရင် မြန်မာလူငယ်တွေအတွက် အောင်မြင်မှု ပန်းတိုင်ကို အရောက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်။


“သက်ဆိုင်သူတွေ တွေးချင့်ချိန် နိုင်ကြပါစေ …”
Be the Best !

ပြင်းပြသောစိတ်ဆန္ဒ နှင့် အလေ့အထ

(Burning Desire & Habit)



ယနေ့ခေတ်လူငယ်တွေဟာ အောင်မြင်မှု တစ်ခုရဖို့အတွက် သူ့ထက်ငါ အပြိုင်အဆိုင် ကြိုးစား အားထုတ်နေကြတာကို တွေ့မြင်နေကြရပါတယ်။ အောင်မြင်မှုတစ်ခု ရဖို့အတွက် အထောက်အကူ ပေးနိုင်တဲ့ များစွာသော အချက်အလက်တွေထဲက စာရေးသူကိုယ်တိုင် ကျော်ဖြတ်ခဲ့ရတဲ့ အချက်အလက် အချို့ကို ရေးသားလိုက်ပါတယ်။

လူတစ်ယောက် အောင်မြင်ဖို့ အတွက် ခေါင်းစဉ်မှာ ဖော်ပြထားတဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ (Burning Desire) နဲ့ အလေ့အထ (Habit) နှစ်ခုလုံးဟာ အရေးကြီးတဲ့ အချက်အလက် ၂-ခုပါ။ တကယ်အောင်မြင် ချင်တယ်ဆိုရင် ပြင်းပြတဲ့စိတ်ဆန္ဒ (Burning Desire) ရှိဖို့လိုသလို ပုံမှန်လုပ်လေ့ရှိတဲ့ အလေ့အထ (Habit) ရှိဖို့လည်း လိုအပ်ပါတယ်။ ပုံမှန်လုပ်လေ့လုပ်ထ မရှိတဲ့အခါ စိတ်က လုပ်ချင်စိတ်ရှိပေမယ့် ခန္ဓာကိုယ် က လိုက်မလုပ်နိုင်တာမျိုးတွေ့ရ တတ်ပါတယ်။ စာရေးသူ ငယ်စဉ်က ကြုံတွေ့ခဲ့ရတဲ့ အကြောင်းလေးကို ပြန်ပြောင်း ပြောပြချင်ပါတယ်။ စာရေးသူငယ်စဉ်က ကျောင်းသားဘဝမှာ ကျောင်းတက်ချိန်က မနက် ၁၀-နာရီ က ညနေ ၄-နာရီ အထိ ပါ။ အဲဒီအတွက် စာရေးသူရဲ့ စာကြည့်ချိန်က မနက် ၇-နာရီ က ၉-နာရီ အထိ တစ်ကြိမ်၊ ညနေပိုင်းမှာ ညနေ ၅-နာရီ က ၆-နာရီ အထိ တစ်ကြိမ် စုစုပေါင်း ၂-ကြိမ်ရှိပါတယ်။ စုစုပေါင်း စာကြည့်ချိန်ဟာ ၅-နာရီ ရှိပါတယ်။ မူလတန်းကျောင်းသား ဘဝကနေ အလယ်တန်း ကျောင်းသားဘဝအထိ တနေ့ ၅-နာရီ ဆိုတဲ့ စာကြည့်ချိန်ဟာ လုံလောက်မှု ရှိပါတယ်။ ပြီးတော့ စာရေးသူတို့ငယ်စဉ်က ရွာမှာ ကျူရှင်လည်း တက်ဖို့ မလိုအပ်ပါဘူး။ (ခုကလေးတွေ ကတော့ ကျူရှင်တတ်နေကြရပါပြီ) ည ၈-နာရီကျော်ဆိုရင် စာရေးသူတို့ တောသဘာဝအရ တစ်ရွာလုံး အိပ်ရာဝင်ကြပါပြီ။ အဲဒီအတွက်ကြောင့် စာရေးသူရဲ့ ဇီဝနာရီ (Biological Clock) ဟာ အဲဒီအလေ့အထကို ကျင့်သားရနေပြီ ဖြစ်ပါတယ်။
ဒီလိုနဲ့ အလယ်တန်းပြီးမြောက်လို့ အထက်တန်း ကျောင်းသားဘဝ ရောက်တဲ့အခါ စာရေးသူ ငယ်စဉ်က စာကြည့်ချိန်အဖြစ်ပေးခဲ့တဲ့ အချိန်တွေကို ကျူရှင်ချိန်တွေ အဖြစ်ပေးလိုက်ရပါတယ်။ မနက်မိုးလင်း ကျူရှင်ကိုပြေး ညနေကျောင်းက ပြန်ရောက်တာနဲ့ မြန်မြန်ဆန်ဆန် ရေချိုးပြီး ကျူရှင် ဆက်ပြေးရပါတယ်။ ညဖက်အိမ်ပြန်ရောက်လို့ ထမင်းစားပြီး စာကြည့်စားပွဲထိုင်တဲ့ အချိန်မှာ စတွေ့တော့ တာပါပဲ။ ကျွန်တော်ရဲ့ ဇီဝနာရီ (Biological Clock) က အချက်ပေးနေ ပါတယ်။ စာကြည့်စားပွဲကို ထိုင်တာနဲ့ အိပ်ချင်လာပါတယ်၊ စိတ်က ဆက်ကျက်ချင်ပေမယ့် အကြိမ်ကြိမ်အခါအခါ အိပ်ငိုက်ပါတယ်။ မေမေက ကျွန်တော် အိပ်မငိုက်စေဖို့ ကော်ဖီ၊ လက်ဘက် စတာတွေကို အလှည့်ကျ လုပ်ပေးပါတယ်။ ကျွန်တော်ကလည်း မေမေကျွေးမွေးတဲ့ အစားအသောက်တွေကို စားသောက်ပြီးတော့ စာတော့ ဆက်မကျက်ဖြစ်ဘဲ အိပ်ပါတော့တယ်။ အဲဒီနည်းနဲ့ အဆင်မပြေတော့ အိပ်ငိုက်လာရင် အဖေနဲ့ အပြင်ထွက်ပြီး လမ်းလျှောက်ပါတယ်။ လမ်းလျှောက်ပြီး ပြန်လာတော့လည်း ပင်ပန်းပြီးတော့ အိပ်ပါတော့တယ်။ အလုပ်တစ်ခုပြီးမြောက်ဖို့ အတွက် ပုံမှန်လုပ်လေ့ရှိတဲ့ အလေ့အထဟာ အရေးကြီးတဲ့ ကဏ္ဍ တစ်ခုပါ။
အဲဒီတော့ မေမေက “သားရယ် ဒီနှစ် ၁၀-တန်းကို မဖြေတော့ဘဲ နောက်နှစ်မှပဲ ဖြေပါလား” လို့ ပြောပါတယ်။ (ကျွန်တော်က ၁၀-တန်းမှာ ၁၅-နှစ်ပဲ ရှိသေးတော့ နောက်နှစ်မှ ဖြေလည်း အသက်မကြီးသေးတော့ မေမေက ကျွန်တော့်ကို စိတ်ဆိုးလို့ မဟုတ်ဘဲ သနားလို့ ပြောတာပါ။) အိပ်ငိုက်လိုက်၊ အိပ်ပျော်လိုက်နဲ့ စာတွေကို ကျက်နိုင်သလောက်ပဲ ဆက်ကျက်ရင်းနဲ့ တနေ့မှာ ထူးချွန်ထက်မြက် စာမေးပွဲဖြေဖို့ ကျောင်းကိုယ်စားလှယ် ရွေးမယ်လို့ ကြေငြာပါတယ်။ ကျောင်းအဆင့် စာမေးပွဲ ၃-ကြိမ်စစ်ပြီးတော့ အဆင့်-၁ ကနေ ၃ အထိ ၃-ယောက် နဲ့ ဘာသာရပ်အလိုက် အမှတ်အများဆုံး ရတဲ့သူတွေကို ကျောင်းရဲ့ ကိုယ်စားလှယ်အဖြစ် ရွေးချယ်မှာပါ။ အိမ်ရောက်တော့ အဲဒီသတင်းကို အမေ နဲ့ အဖေကို ပြောပါတယ်။ “အဆင့်-၁ ရရင် ဆိုင်ကယ် ဝယ်ပေးမယ်” လို့ အဖေက ကျွန်တော့်ကို ပြောပါတယ်။ အဲဒီအချိန်မှာ ပြင်းပြတဲ့ စိတ်ဆန္ဒ (Burning Desire) က စာရေးသူရဲ့ ရင်ထဲကို ရောက်လာပါတယ်။ အဲဒီအချိန်တုန်းက စာရေးသူတို့ တောမြို့လေးမှာ ဆိုင်ကယ်နဲ့ ကျောင်းတက်တဲ့သူဟာ လက်ချိုးရေလို့ ရပါတယ်။
အဲဒီ ဆိုင်ကယ်ကို လိုချင်တဲ့ ပြင်းပြတဲ့စိတ်ဆန္ဒ (Burning Desire) ဟာ စာရေးသူရဲ့ အိပ်ချင်စိတ် ကို ဖျောက်ပစ်နိုင်ခဲ့ပါတယ်၊ ဇီဝနာရီ (Biological Clock) အရ ပုံမှန်ဖြစ်နေတဲ့ အလေ့အထကို ကျော်ဖြတ် နိုင်ခဲ့ပါတယ်။ ဆိုင်ကယ်ကို မြင်ယောင်ရင်းနဲ့ ကြိုးစားခဲ့တာ အဆင့်-၁ တော့မရခဲ့ပေမယ့် အဆင်-၂ နဲ့ ကျောင်းကိုယ်စားပြုအဖြစ် မြို့နယ်၊ ခရိုင်အဆင့်တွေ အထိယှဉ်ပြိုင်ခဲ့ရပြီး ဆုတွေ ရှရှိခဲ့ပါတယ်။ မြန်မာစာ နဲ့ ရူပဗေဒ ဘာသာရပ် ၂-ခုမှာလည်း အမှတ်အများဆုံးရရှိပြီး ဘာသာရပ်ဆိုင်ရာ ထူးချွန်ဆုတွေ ပိုင်ဆိုင်ခဲ့ရ ပါတယ်။ အဲဒီအကျိုးဆက်ကြောင့်ပဲ ၁၀-တန်းမှာသေချာပေါက် ကျရှုံးတော့မယ့် အခြအနေက ဂုဏ်ထူး မထွက်ပေမယ့် အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ပါတယ်။ “စိတေန နိယတော လောကော၊ စိတ်သည် လောကကြီးတွင် အရာရာဆောင်နိုင်၏” လို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြား တော်မူခဲ့တဲ့အတိုင်း ပြင်းပြတဲ့ စိတ်ဆန္ဒကြောင့် အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့ပါတယ်။
လူတွေကို အောင်မြင်ချင်လား ? ချမ်းသာချင်လား ? လို့ မေးရင် အောင်မြင်ချင်တယ်၊ ချမ်းသာချင်တယ် လို့ ဖြေကြမှာက များပါတယ်။ ဒါပေမယ့် အောင်မြင်ဖို့အတွက် ဘယ်လောက်အထိ ဆန္ဒပြင်းပြလဲ ၊ ဘယ်အတိုင်းအတာ အထိ အောင်မြင်ချင်လဲလို့ ဆက်မေးရင်တော့ နည်းနည်းတော့ စဉ်းစား သွားတတ်ကြပါတယ်။ အောင်မြင်မှု တစ်ခုရဖို့အတွက် သေချာတဲ့ပန်းတိုင် (Definite Goal) နဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ (Burning Desire) ရှိဖို့လိုအပ်ပါတယ်။ တိကျသေချာတဲ့ ပန်းတိုင်လည်း ရှိပြီ၊ ပြင်းပြတဲ့ စိတ်ဆန္ဒ လည်း ရှိနေတယ်ဆိုရင် အောင်မြင်မှုပန်းတိုင်ကို သွားရမယ့်လမ်းကို တွေ့အောင်ရှာဖွေပါလိမ့်မယ်။ ပြောရရင်တော့ အများကြီးပေါ့ဗျာ … ဒီဆောင်းပါးမှာ အဓိက ပြောချင်တာက အောင်မြင်မှုအတွက် မရှိမဖြစ် လိုအပ်တဲ့ ပြင်းပြတဲ့စိတ်ဆန္ဒ (Burning Desire) အကြောင်းပါ။ ဒါကြောင့် “တကယ်ဖြစ်ချင် တကယ်လုပ်၊ အဟုတ်ဖြစ်ရမယ်” ဆိုတဲ့ စိတ်ဓါတ်ကို မွေးမြူပြီး အောင်မြင်မှုပန်းတိုင်ကို ရင်ထဲကိန်းထားပြီး လှမ်းမျှော်ကာ အရောက်လှမ်းလိုက်ပါ။ မုချ အောင်မြင်မှာ သေချာပါတယ်။