Tuesday, April 8, 2014

လူငယ် နှင့် အလုပ် …



ယနေ့ခေတ်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်းလွန်းတဲ့အတွက်၊ ပညာရပ်အသီးသီးဟာ တရှိန်ထိုးတိုးတက် နေတဲ့အတွက် လူငယ်တွေအတွက် နေရာတစ်နေရာရဖို့၊ အောင်မြင်ဖို့အတွက် အစွမ်းကုန်ကြိုးစားဖို့ လိုအပ်ပါတယ်။ အရည်အချင်းမရှိရင် နောက်ကျကျန်နေခဲ့မှာ သေချာပါတယ်။ အဲဒီအတွက် ဖြည့်တင်း ရမယ့် အခြေခံ Skill ၄-ခုကို ရှေ့မှာရေးခဲ့တဲ့ ဆောင်းပါးတွေမှာ ပြောခဲ့ပြီးပါပြီ။ မေ့နေမှာစိုးလို့ သတိပေးတဲ့ အနေနဲ့ ပြန်ပြောချင်ပါတယ်။ Professional Skill, Language Skill, ICT Skill, Knowledge Skill ၄-ခုကို မဖြစ်မနေ ဖြည့်တင်းထားဖို့ လိုအပ်ပါတယ်။ အဲဒီ ၄-ခုလုံးကို အတိုင်းအတာတစ်ခုအထိ ပြည့်စုံအောင် ဖြည့်ဆည်းဖို့ အတွက် အချိန်ကို ဘယ်လို စီမံခန့်ခွဲပြီး လုပ်ဆောင်သင့်တယ် ဆိုတာကိုလည်း “လူငယ် နှင့် အချိန်” ဆောင်းပါးမှာ ရေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ အဓိက ပြောချင်တာက လူငယ်တွေ လုပ်ငန်းခွင်မှာ ကြုံရတဲ့အခြေအနေ၊ အလုပ်နဲ့ ပတ်သက်လို့ ထားတဲ့ သဘောထားတွေနဲ့ ပတ်သက်ပြီး ပြောချင်တာပါ။
လူငယ်တွေဟာ ကျောင်းပြီးကြတဲ့အခါ လုပ်ငန်းခွင် အသီးသီးကို ဝင်ရောက်ကြပါတယ်။ အဲဒီ အချိန်မှာ အရည်အချင်းပြည့်စုံတဲ့ လူငယ်တွေ ကတော့ နေရာရပြီး အဆင်ပြေကြတဲ့အတွက် အခက်အခဲမရှိ ပေ့မယ် အရည်အချင်းမပြည့်စုံတဲ့ လူငယ်တွေအတွက်တော့ ပြဿနာပါ။ မြန်မာပြည်က လူငယ်အများစု ကတော့ ကျောင်းပြီးတဲ့အချိန်မှာ ဘာလုပ်မယ် ဆိုတာမသေချာဘဲ အဆင်ပြေတဲ့အလုပ်တစ်ခုခုကို ဝင်လုပ်ကြတာကများပါတယ်။ အဲဒီအထဲမှာ စာရေးသူလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ ကိုယ်လုပ်ချင်တာ၊ ဝါသနာပါတာ ကိုယ်နဲ့ကိုက်ညီတာတွေ၊ အရည်အချင်းပြည့်စုံတာတွေ ထက် လောလောဆယ် အလုပ်တစ်ခု ရရင်ပြီးရော ဆိုတဲ့ ပုံစံနဲ့ လိုက်လျှောက်ပြီး ရတဲ့အလုပ်တစ်ခုကို ဝင်လုပ်တတ်ကြပါတယ်။ အဲဒီလို အရည်အချင်းမပြည့်စုံဘဲနဲ့ လုပ်ငန်းခွင် ဝင်တဲ့အခါ လက်နက်မစုံဘဲ တိုက်ပွဲဝင်တာနဲ့ တူပါတယ်။ ဘဝဆိုတဲ့ ကစားပွဲကြီးကို Training မပြည့်ဘဲ ဝင်ကစားသလို ဖြစ်တတ်ပါတယ်။ အနိုင်ရဖို့ကို အသာထားလို့ သရေကျအောင်တောင် မနည်းကြိုးစား ကစားကြရပါတယ်။
လုပ်ငန်းခွင်ထဲမှာ အရည်အချင်းမပြည့်စုံတဲ့ အခါ ရာထူးတက်ဖို့၊ လစာတိုးဖို့အတွက် အခက်အခဲ တွေ တွေ့ကြုံရတတ်ပါတယ်။ (အရည်အချင်းအပေါ်မူတည်ပြီး ရာထူးတိုးနိုင်တဲ့၊ လစာတိုးနိုင်တဲ့ လုပ်ငန်းမျိုး ကို ဆိုလိုပါတယ်၊ အလျင်းသင့်လို့ ကြားဖူးတာလေးတစ်ခု ပြောချင်ပါတယ်၊ လုပ်ငန်းခွင်မှာ လူငယ် တစ်ယောက်က အရည်အချင်းလည်းရှိတယ် အလုပ်ကိုလည်း ကြိုးကြိုးစားစား လုပ်တယ်၊ ဒါပေမယ့် ရာထူးလည်းမတက်၊ လစာလည်းမတိုးလို့ သူဌေးကိုမေးတဲ့အခါ၊ သူဌေးက“မင်းက မတော်လို့” ပြန်ဖြေ တယ်။ ဒါနဲ့အဲဒီလူငယ်က ဘာမတော်တာလဲ လို့ ထပ်မေးတော့ သူဌေးကပြန်ဖြေလိုက်တာက “အမျိုး” တဲ့။ အဲဒီလိုလုပ်ငန်းခွင်မျိုးကို မဆိုလိုပါ။ အဲဒီလိုလုပ်ငန်းမျိုးမှာလုပ်နေရတဲ့အခါ ဘယ်လိုလုပ်သင့်လဲကို “လူငယ်နှင့် အခွင့်အလမ်း” ဆောင်းပါးမှာ ရေးခဲ့ပြီးဖြစ်ပါတယ်။) အဲဒီတော့ ခုနအကြောင်းကို ပြန်ဆက်ရရင် ရာထူးတိုးဖို့၊ လစာတိုးဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေ ဖြည့်ဆည်းဖို့ ကိုယ်တိုင်လေ့လာ သင်ယူတာအပြင် လိုအပ်သလို သင်တန်းတွေလည်း ထပ်တက်ရပါတယ်။ အဲဒီအချိန်မှာ ကြုံရတတ်တဲ့ အခက်အခဲက အချိန်မလုံလောက်မှုပါ။ အလုပ်တော်တော်များများက မနက် ၉-နာရီက ညနေ ၅-နာရီ လောက်အထိ အချိန်ပေးရပါတယ်၊ တစ်ချို့သောအလုပ်တွေဆို မနက် ၈-နာရီလောက်ကတည်းက ညနေ ၆-နာရီလောက်အထိ လုပ်ရတာတွေလည်း ရှိပါတယ်။ (အလုပ်ချိန်ပိုသွားလို့ အချိန်ပိုကြေးပေးဖို့က သိပ်ပြီး မသေချာပေမယ့် အလုပ်ချိန်နောက်ကျရင်တော့ လစာဖြတ်မှာ သေချာပါတယ်။)

အဲဒီလို အလုပ်တစ်ဖက်နဲ့ သင်တန်းတွေတက်ရတာ သိပ်တော့မလွယ်လှပါဘူး၊ ရုံးချိန်လွတ် သင်တန်းတွေကို တက်ရောက်နိုင်ပေမယ့် ရုံးဆင်းနောက်ကျတဲ့အခါ သင်တန်းနောက်ကျ တတ်တာလည်း ခဏ ခဏ ဖြစ်တတ်ပါတယ်။ နောက်တစ်ချက်က သင်တန်းကိုတော့ ရောက်နေပါရဲ့ ရုံးက အလုပ်တွေက မပြီးသေးတဲ့အခါ စိတ်က သင်တန်းကို ရောက်တစ်ချက် မရောက်တစ်ချက်နဲ့ ဖြစ်တတ်ပါတယ်။ တစ်ခုခုကို လေ့လာတယ်ဆိုတာ စိတ်ရှင်းနေမှ လေ့လာသင်ယူလို့ ကောင်းတာပါ။ တစ်ခုခုကို လေ့လာတယ်ဆိုတာ သင်တန်းတက်ရုံနဲ့လည်း မလုံလောက်သေးဘဲ ကိုယ်တိုင်လေ့ကျင့်ဖို့လည်း လိုပါတယ်။ ဒါပေမယ့် အလုပ်ကလည်း ပင်ပန်း၊ တစ်ခါတစ်လေ ဖယ်ရီကမလာ၊ ကားကလည်းတိုးစီးရနဲ့ သင်တန်းက ပြန်ရောက် တဲ့အချိန် အိမ်လည်းရောက်တော့ စားပြီး၊ သောက်ပြီးတာနဲ့ အိပ်ချင်လာတော့တာပါပဲ။ သင်တန်းက စာလေးတွေ လုပ်လိုက်ပါဦးမယ် လို့ စိတ်တော့ကူးလိုက်ပါရဲ့ ရုပ်ကမလိုက်နိုင် တော့တာမျိုးတွေ ကြုံရတတ် ပါတယ်။ အဲဒီတော့ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းပြီးတော့ ထိထိရောက်ရောက် မရှိဘဲ ဟိုလည်းမရောက် ဒီလည်းမရောက် ဖြစ်တတ်ကြပါတယ်။ အရည်အချင်းမပြည့်စုံလို့ ရာထူးမတက်/ လစာမတိုး၊ ရာထူးမတိုး/ လစာမတက်လို့ အရည်အချင်းဖြည့်မယ်လုပ်တော့ အချိန်က လောက်လောက်လားလား မပို၊ ရတဲ့အချိန်လေး ကြိုးစားပမ်းစား လေ့လာမယ်လုပ်တော့ ပင်ပန်းနေတော့ ဖိဖိစီးစီးမလုပ်နိုင်လို့ မထိရောက်နဲ့ မြန်မာလူငယ်တွေမှာ “မုန့်လုံးကို စက္ကူကပ်၊ ဂျာအေးကို သူ့အမေရိုက်” နေတော့တာပါပဲ။

အချိန်ပိုထွက်လာအောင် အချိန်ပိုင်းအလုပ်ဖိုစဉ်းစားကြည့်တော့ အချိန်ပိုင်းအလုပ်ကလည်း မြန်မာပြည်မှာ တော်တော်များများ ဆိုတော့ ရှိတဲ့အလုပ်ထဲမှာပဲ သံသရာလည်နေ ကြတဲ့သူတွေ တော်တော်များများ ပါတယ်။ ကိုယ့်အချိန်ကို ကိုယ်ပိုင်စီမံခန့်ခွဲလို့ရမယ် အလုပ်မျိုးတွေတော့ ရှိပါတယ်၊ ဒါပေမယ့် ခက်တာက လူငယ်တွေ အဲဒီလိုအလုပ်မျိုးကို လုပ်ရဲတဲ့သူတွေ နည်းမယ်လို့ ထင်ပါတယ်။ ဥပမာ - သတင်းစာ၊ ဂျာနယ် ရောင်းတဲ့/ လိုက်ပို့တဲ့အလုပ်မျိုးပေါ့။ စာရေးသူသင်တန်းကို သတင်းစာ/ဂျာနယ် လာပို့တဲ့ ကောင်လေးကို မေးကြည့်ပါတယ်။ အထိုင်ရောင်းတာမဟုတ်ဘဲ လိုက်ပို့တာ တစ်ရက်မှာ ဘယ်ဂျာနယ်/ ဘယ်သတင်းစာတွေ ဘယ်နှစ်စောင်လောက်ပို့ရလဲ မေးကြည့်ပါတယ်၊ တနင်္လာနေ့ဆို Weekly Eleven၊ အင်္ဂါနေ့မှာ ပြည်မြန်မာ၊ Venus News၊ ဗုဒ္ဓဟူးနေ့မှာ 7days၊ ပြည်သူ့ခေတ်၊ ကြာသပတေးနေ့မှာ Hot news၊ First Weekly၊ သောကြာနေ့မှာ News Watch၊ မော်ဒန်၊ စနေနေ့မှာ the Voice၊ သူရိယနေဝန်း၊ တနင်္ဂနွေနေ့မှာ Messenger စတဲ့ဂျာနယ်တွေဟာ အနည်းဆုံး စောင်ရေ ၃၀ ကနေ ၆၀ ကျော်လောက်အထိ ပို့ရတယ်လို့ ပြောပါတယ်။ (အများစုပို့ရတဲ့ ဂျာနယ်အမည်တွေကို ပြောတာပါ၊ အခြားပုံမှန် ပို့ရတာတွေလည်း ရှိပါတယ်) ပျမ်းမျှ စောင်ရေ ၅၀-နဲ့ပဲ တွက်ကြည့်ပါ။ တစ်စောင်ကို ၁၀၀ မြတ်ရင် ၁၀၀ x ၅၀ = ၅၀၀၀ နှုန်းနဲ့ တစ်လကို ၅၀၀၀ x ၃၀ = ၁၅၀၀၀၀ ဝင်ငွေရှိပါတယ်။ (အထိုင်ရောင်းတဲ့ ဝင်ငွေနဲ့ဆို သူရဲ့ ဝင်ငွေဟာ တစ်လကို ၂-သိန်းအောက်မလျော့ပါဘူး)၊ ချက်ချင်းတော့ သူ့လောက် ရောင်းအားမရှိပေမယ့် တစ်နေ့ သတင်းစာ/ဂျာနယ် အရောရော စောင်ရေ ၃၀ ကုန်ရင်တောင်မှ တစ်လဝင်ငွေ ကိုးသောင်းရှိပါတယ်။ ရွှေဂုံတိုင်၊ သမိုင်းလမ်းဆုံ၊ ၄၆-လမ်း စတဲ့ နီးစပ်ရာနေရာမှာ မနက် ၄-နာရီထ၊ သွားယူပြီး နောက်အကျဆုံး သူ့အလုပ်ပြီးချိန်ဟာ မနက် ၁၁-နာရီပါ။

မနက်ပိုင်း ဂျာနယ်ပို့ပြီးရင် တစ်ရေးလောက်အိပ်လိုက်ပါဦး၊ နေ့လည် ၁-နာရီလောက်ကစပြီး ကိုယ်တက်ချင်တဲ့ သင်တန်းတွေ လိုက်တက်နိုင်ပါတယ်။ ညနေပိုင်းမှာ အေးအေးဆေးဆေး ပြန်လည် လေ့ကျင့်ဖို့ အချိန်လည်း ရပါတယ်။ နေ့တိုင်းစာဖတ်ပြီး ဗဟုသုတလည်း တိုးနိုင်ပါတယ်။ အလျင်းသင့်လို့ သွားတက်ချင်တဲ့ ဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ seminar စတဲ့ အတွေ့အကြုံရမယ့် ကိစ္စတွေကိုလည်း ရုံးပိတ်ရက်မဟုတ်လို့ ပူစရာမလိုပါဘူး၊ တစ်ရက်တစ်လေ လူစားထိုးလို့ရပါတယ်။ နောက်ထပ် လုပ်လို့ရတဲ့ အရင်းအနှီးနည်းနည်းနဲ့ လုပ်နိုင်တဲ့ လုပ်ငန်းတွေရှိပါသေးတယ်၊ စာရှည်မှာစိုးလို့ မပြောတော့ပါ၊( သိချင်ရင် ဖုန်းဆက်မေးနိုင်ပါတယ်။) ဒီအလုပ်ကို တစ်သက်လုံးလုပ်ဖို့ ပြောတာမဟုတ်ပါ၊ ကိုယ်လုပ်ချင်တဲ့အလုပ်ကို မလုပ်ခင် အရည်အချင်းဖြည့်နိုင်ဖို့အတွက် အချိန်ပိုထွက်အောင် ပြောပြတာပါ။ ဒါပေမယ့် တက္ကသိုလ်တက် နေတဲ့ လူငယ်တစ်ယောက်ကို အဲဒီအလုပ်လုပ်ရဲလားလို့ မေးကြည့်ပါ။ ဘယ်လိုဖြေမလဲလို့ … မြန်မာလူငယ် အလုပ်အပေါ်ထားရှိတဲ့ သဘောထားကို တွေ့ရပါလိမ့်မယ်။ ရှက်ရမယ့် ကိစ္စတွေကို မရှက်ဘဲ မရှက်ရမယ့် ကိစ္စတွေကို ရှက်တတ်ကြပါတယ်။ တော်တော်များများကြည့်ဖူးကြမယ့် “တခါတုန်းက တက္ကသိုလ်မှာ” ကိုရီးယား ဇာတ်လမ်းမှာ ဆေးကျောင်းသူလေး စားသောက်ဆိုင်မှာ အလုပ်လုပ်ပြီး ကြိုးစားရတာကို တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းထဲမှာသာမက အပြင်မှာလည်း အဲဒီလိုလုပ်နေကြတာတွေ အစုနဲ့အဝေး ဒုနဲ့ဒေးပါ။

“မုန့်လုံးကို စက္ကူကပ်၊ ဂျာအေးကို သူ့အမေရိုက်”တဲ့ သံသရာထဲမှာ ပျော်နေမှာလား၊ ဘဝပင်လယ်ထဲ ရိက္ခာမစုံဘဲ ဖြစ်ကူးကြမှာလား၊ တိုက်ပွဲမစခင် လက်နက်ပြင်ကြမှာလား … ကိုယ့်ကိုယ်ကို ပြန်မေးပြီး သြရသနဲ့ အေသင်ချိုဆွေ သီချင်းထဲကလို “နဖူးပေါ်လက်တင် စဉ်းစားကြည့်ပါ”။
Be the Best !

အကောင်းဆုံးလုပ်ပါ … မမျှော်လင့်ပါနဲ့



လူသားတွေဟာ နေ့စဉ်နဲ့ အမျှ ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင်၊ လုပ်ငန်းနယ်ပယ် အသီးသီးမှာ ကြိုးစား ရုန်းကန် လှုပ်ရှားနေကြပါတယ်။ တစ်ခါတစ်လေမှာ လူတွေဟာ ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခု မအောင်မြင်တဲ့အခါ၊ ရှုံးနိမ့်မှုတွေ ကြုံရတဲ့အခါ၊ ထက်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ စိတ်ဓါတ်ကျ တတ်ကြ ပါတယ်။ ဒါကလည်း ဖြတ်တတ်တဲ့ သဘာဝပါ၊ ဘာဖြစ်လို့ စိတ်ညစ်ကြလဲ၊ စိတ်ဓါတ်ကျရတာလဲ စာရေးသူ မြင်သလောက် ပြောမယ်ဆိုရင် မျှော်လင့်ချက်တွေ ထားကြလို့ပါ။ လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်တယ် လို့ တော်တော်များများက ပြောကြပါတယ်။ အဲဒီမျှော်လင့်ချက်တွေ ကြောင့်ပဲ အောင်မြင် ကြသလို၊ အဲဒီမျှော်လင့်ချက်တွေ ကြောင့်ပဲ ခံစားရတာမျိုးတွေ ဖြစ်တတ်ပါတယ်။

“သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိတယ်” ဆိုတဲ့ နယူတန်ရဲ့ နိယာမအတိုင်း လူတော်တော်များများဟာ ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခုစီတိုင်း၊ တစ်ခုစီတိုင်းမှာ ပြန်လည် သက်ရောက်လာမယ့် တနည်းအားဖြင့်ပြောရင် ပြန်လည်ရရှိလာမယ့် အရာတစ်ခုခုကို မျှော်လင့်ထားတတ် ကြပါတယ်။ အဲဒီလို မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အခါ၊ မျှော်လင့်ထားတာထက် သက်ရောက်မှု (သို့မဟုတ်) ပြန်ရတဲ့အရာက နည်းတဲ့အခါ လူတွေဟာ ခံစားကြရပါတယ်။ ဒါကြောင့် စာရေးသူ အမြင်အရတော့ မျှော်လင့်ခြင်း ကင်းကင်းနဲ့ အလုပ်ကို လုပ်စေချင်ပါတယ်။

ဘာကြောင့်ဒီလိုပြောလဲဆိုတော့ အဲဒီလို မျှော်လင့်ချက်တွေနဲ့ အလုပ်လုပ်တဲ့အခါ မျှော်လင့်တဲ့ အတိုင်း ဖြစ်မလာခဲ့ရင် ခံစားရမယ့်သူက တစ်ခြားသူမဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင်ပါပဲ။ လုပ်ဆောင်ချက် တိုင်းမှာ မျှော်လင့်ခြင်း ကင်းရမယ်လို့ ပြောတာဟာ ရည်ရွယ်ချက်၊ ရည်မှန်းချက်ပန်းတိုင် မရှိတာကို ပြောခြင်းမဟုတ်ပါ၊ ရည်ရွယ်ချက် ပန်းတိုင်ရှိတာက သတ်သတ်ပါ၊ ကိုယ်လုပ်တဲ့အလုပ်တစ်ခုအတွက် တစ်ခုခု ပြန်ရဖို့ မျှော်လင့်တာက သတ်သတ်ပါ။ ပြောချင်တာက “အကျိုးလိုလို့ ညောင်ရေလောင်း” တာမျိုး မဖြစ်စေချင်တာပါ။ ဥပမာ- မြမြ နဲ့ လှလှ သူငယ်ချင်း ၂-ယောက်ရှိတယ် ဆိုကြပါစို့၊ သူတို့ ၂-ယောက်က အဆောင်မှာ အတူတူနေကြတယ်၊ မြမြက တစ်ခုခု လိုအပ်တိုင်း အသေးအဖွဲ့လေးတွေကအစ လှလှက အကူအညီပေးတယ်၊ မြမြ ဈေးဝယ်ထွက်တိုင်း လှလှကို အဖော်ခေါ်တယ်၊ လှလှကလည်း အားသည် ဖြစ်စေ၊ မအားသည်ဖြစ်စေ အမြဲတမ်း လိုက်ပေးတယ်၊ ဒီလိုနဲ့ တစ်နေ့မှာ လှလှက ကိစ္စရှိလို့ အပြင်သွားဖို့ မြမြကို အဖော်လိုက်ပေးဖို့ ခေါ်တဲ့အခါ မြမြက အကြောင်းတစ်ခုပြပြီး ငြင်းလိုက်တယ်။ စာဖတ်သူသာ လှလှနေရာမှာဆိုရင် မြမြကိုဘယ်လို သဘောထားမလဲ၊ ကိုယ်ကိုတိုင်ရော ဘယ်လိုခံစားရမလဲ … သေချာတာကတော့ အနည်းဆုံး “သူ့ကိုကျတော့ ငါ့မှာ လုပ်ပေးလိုက်ရတာ၊ ငါအလှည့်ကျတော့ လှည့်တောင် မကြည့်ဘူး” လို့ တွေးမိပါလိမ့်မယ်၊ အဲဒီထက် နည်းနည်း ပြင်းထန်ရင် “နေဦး၊ တွေ့ဦးမယ် … နောက်တစ်ခါ ငါ့ကို ခေါ်လို့ကတော့ လိုက်ပါလိမ့်မယ် အားကြီး” လို့ တွေးမိပါလိမ့်မယ်။

ဒါအဖြစ်အပျက်လေးက မျှော်လင့်ချက်နဲ့ လုပ်ပေးတာကို မြင်သာထင်သာ ရှိစေတဲ့ အရိုးရှင်းဆုံး ဥပမာ တစ်ခုပါ၊ စိတ်ထဲကတော့ ပြန်လိုချင်လို့ လုပ်ပေးခဲ့တာမဟုတ်ဘူးလို့ ထင်ကောင်း ထင်နိုင်ပေမယ့် မသိစိတ်ကတော့ မျှော်လင့်နေလို့ အဲဒီလိုတွေးမိတာပါ။ အဲဒီလိုက အစပြုပြီး တစ်ယောက်နဲ့ တစ်ယောက် ငြိုငြင်တာတွေ၊ ဆက်ဆံရေးကျဲတာတွေ အစပြုတတ်ကြပါတယ်။ ဒါကြောင့် ဘာကိုပဲ လုပ်လုပ် မျှော်လင့်ခြင်း ကင်းကင်းနဲ့ လုပ်ပါလို့ ပြောခြင်းဖြစ်ပါတယ်။ သူငယ်ချင်းတွေသာမက လုပ်ငန်းခွင်၊ အချစ်ရေး၊ အိမ်ထောင်ရေး စတဲ့ကိစ္စတွေမှာလည်း ဒီအချက်ဟာ အခြေခံအကျဆုံး ကဏ္ဍတစ်ခု အဖြစ် ပါဝင်နေပါတယ်၊ “ကိုယ်ပေးသော်လည်း … ပေးတိုင်းပြန်မရတာ … အချစ်လို့ခေါ်မလား” ဆိုတဲ့ ထူးအယ်လင်း သီချင်းထဲက စာသားကိုကြည့်ရင် ဒါကို မြင်နိုင်ပါတယ်။ ပေးတဲ့အတိုင်း ပြန်လိုချင်တာ၊ ရင်းတဲ့အတိုင်းမြတ်ချင်တာ ဆိုတာတွေက စီးပွားရေးလုပ်ငန်းမှာပဲ ရှိသင့်တာပါ၊ လူမှုဆက်ဆံရေး နယ်ပယ်၊ မိသားစုနယ်ပယ် တွေမှာတော့ မရှိသင့်ဘူးလို့ စာရေးသူက မြင်မိပါတယ်။ ကိုယ်က တစ်ကြိမ်တစ်ခါတည်းပဲ လုပ်ပေးနိုင်ပါစေ … အဲဒီတစ်ကြိမ် တခါကို မျှော်လင့်ခြင်းကင်းကင်းနဲ့ လုပ်ပေးလိုက်ပါ၊ ဘာကိုမှလည်း ပြန်မမျှော်လင့်ထားတဲ့ အတွက် ဘာကိုမှပြန်မရခဲ့လည်း ဘယ်လိုမှ ခံစားရမှာ မဟုတ်ပါဘူး၊ ကိုယ်လုပ်ပေးလိုက်လို့ သူတစ်ပါး အဆင်ပြေသွားတာ၊ ကျေနပ်သွားတာ၊ ပျော်ရွှင်သွားတာကို မြင်ရုံနဲ့ ကိုယ်က စိတ်ချမ်းသာပါလိမ့်မယ်။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက “ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်” လို့ ဟောကြားတော်မူခဲ့ပါတယ်၊ ဒါပေမယ့် ဘယ်အချိန်မှာ ဘယ်သူ့ဆီက ဘယ်လိုဖြစ်လာမယ်လို့ ပြောခဲ့တာ မဟုတ်ပါဘူး။ ကိုယ်က မောင်ဖြူအတွက် အကောင်းဆုံးလုပ်ပေးလိုက်လို့ မောင်ဖြူဆီက အကောင်းဆုံးတွေ ပြန်လာချင်မှ လာပါလိမ့်မယ်၊ မောင်နီဆီကလည်း ပြန်လာချင်လာပါလိမ့်မယ်၊ မောင်မဲဆီကလည်း ပြန်လာချင် လာပါလိမ့်မယ်၊ လူတွေရဲ့သဘောက အများအားဖြင့် ကိုယ်က မောင်ဖြူအတွက် လုပ်ပေးလိုက်တော့ မောင်ဖြူဆီက ပြန်ရမယ့်အရာကို မျှော်လင့်တတ်ကြပါတယ်၊ အဲဒီလို မျှော်လင့်တဲ့အတိုင်း ပြန်မရတဲ့အခါ စိတ်ညစ်တာတွေ၊ စိတ်ဓါတ်ကျတာတွေ၊ ဝမ်းနည်းတာတွေ၊ ကြေကွဲတာတွေ၊ နာကျင်တာတွေ၊ ခံစားတာတွေ စသည်ဖြင့် ကိုယ်မျှော်လင့်ထားတဲ့ ပမာဏ ကြီးရင် ကြီးသလောက် အလူးအလိမ့် ခံစားရတတ်ကြ ပါတယ်။ အဲဒီလို ခံစားနေရင် ၂-ခါပြန်ရှုံးပါတယ်၊ စိတ်ညစ်နေတာတွေ၊ ခံစားနေရတာတွေကြောင့် နောက်တစ်ခု ထပ်လုပ်ဖို့အတွက် အချိန်တွေ နှောင့်နှေး နိုင်ပါတယ်၊ ဒါ့အပြင် ကိုယ်လုပ်ပေးလိုက်တဲ့ ကိစ္စကလည်း သဒ္ဒါမပြတ်တဲ့အတွက် စနိုးစနောင့် ဖြစ်နိုင်ပါတယ်။ အစကတည်းက မမျှော်လင့်ထားရင် ကိုယ်လုပ်ပေးနိုင်သလောက် လုပ်ပေးလိုက်တာကို ပြန်ရသည် ဖြစ်စေ၊ ပြန်မရသည်ဖြစ်စေ … ဝမ်းသာ ပီတိ ဖြစ်ပြီး သာယာပျော်ရွှင်နိုင်ပါတယ်။ တကယ်ဆိုရင် ကိုယ်ပေးတဲ့ အတိုင်း ပြန်ရသည်ဖြစ်စေ … ပြန်မရသည်ဖြစ်စေ … သူက ကိုယ့်အတွက် ပြန်လုပ်ပေးသည် ဖြစ်စေ … ပြန်မလုပ်ပေးသည် ဖြစ်စေ … ကိုယ်လုပ်တဲ့အလုပ်ကို တတ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးဖို့ပဲ လိုပါတယ်။

ဒါကြောင့် ဘာပဲလုပ်လုပ် ကိုယ်လုပ်နိုင်သမျှ၊ ကိုယ်တတ်စွမ်းနိုင်သမျှ၊ အကောင်းဆုံးလုပ်ပါ။ ဒါပေမယ့် … အဲဒီအတိုင်း ပြန်ရချင်တဲ့ စိတ်မထားပါနဲ့ … မမျှော်လင့်ပါနဲ့။ ဒါဆိုရင် လူတိုင်းလူတိုင်း သက်ဆိုင်ရာ ကိစ္စတိုင်း ကိစ္စတိုင်းကို အကောင်းဆုံးလုပ်ပေးကြမယ်ဆိုရင် ဒီကမ္ဘာမြေလောကကြီးဟာ မေတ္တာဓါတ်တွေ လွှမ်းခြုံပြီးတော့ ထာဝရငြိမ်းချမ်း သာယာပါလိမ့်မယ်၊ ချမ်းသာခြင်း အစစ်အမှန်ကို ပိုင်ဆိုင် ကြပါလိမ့်မယ် 

အောင်ကိုဦး(UMK)

ပညာသင်တာ မှားပြီလား ?



ဒီဆောင်းပါး ခေါင်းစဉ်ကို ကြည့်လိုက်တာနဲ့ နောင်တရတဲ့ အသံတစ်ခုလို့ ထင်ကောင်း ထင်နိုင် ပါတယ်။ နောင်တရခြင်းမဟုတ်ပါ … ဒီနေ့ခေတ်အချိန်မှာ လမ်းလျှောက်ရင်း လမ်းပျောက်နေကြတဲ့ တစ်ချို့ချို့သော လူငယ်တွေရဲ့ ခံစားချက် အတွေးတစ်ခုပါ။ ဘာကြောင့် တချို့တွေက ဒီလို တွေးမိကြလဲ … ? အကြောင်းမဲ့ တွေးခြင်း သက်သက်တော့ မဟုတ်ပါ။

စာရေးသူတို့ ကျေးရွာဟာ ပညာရေးကို အားပေးတဲ့ ကျေးရွာတစ်ခုလို့ ပြောနိုင်ပါတယ်။ တစ်ရွာလုံး အိမ်တိုင်းလောက်နီးပါး သား/သမီးတွေကို ပညာသင်ပေးကြပါတယ်၊ ရွာဦးကျောင်း ဆရာတော်ကလည်း ပညာရေးမှာ အားတတ်သရော ကူညီပေးပါတယ်၊ ကိုယ့်ရွာမှာရှိတဲ့ အခြေခံပညာအဆင့် ကျောင်းသား/သူတွေ ကနေ တရပ်တကျေးမှာ တက္ကသိုလ်တက်နေကြတဲ့ ကျောင်းသား/သူတွေ အထိ အားလုံးကို ရွာဦးကျောင်းဆရာတော်က တတ်နိုင်သလောက် ကူညီထောက်ပံ့ပေး ပါတယ်။ ကျောင်းသား သမဂ္ဂအဖွဲ့က ဦးဆောင်ပြီးတော့ ပညာရည်ချွန်ဆုပေးပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ပါတယ်၊ ဆယ်တန်းမှာ ဂုဏ်ထူးနဲ့ အောင်မြင်တဲ့ ကျောင်းသား/သူတိုင်းကို ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ ဆုတံဆိပ်ကို ချီးမြှင့်ခဲ့ပါတယ်။ စာရေးသူတို့ငယ်စဉ်က စာရေးသူတို့ရွာမှာ အလယ်တန်းကျောင်းမရှိပါဘူး၊ တွဲဖက်အဆင့် ပဲရှိပါတယ်၊ အဲဒီတွဲဖက်ကျောင်း အဆင့်မှာပဲ ပတ်ဝန်းကျင်ရွာက လာတက်ကြတဲ့ ကျောင်းသား/သူတွေကို စာရေးသူတို့ ရွာက နေရေးသာမက၊ စာသောက်ရေးပါ စီစဉ်ပေးပါတယ်။ နယ်ဝေးက တာဝန်ကျ နေကြတဲ့ ဆရာ/ဆရာမတွေ အတွက်လည်း ဝန်ထမ်းအိမ်ရာ မဆောက်ပေးနိုင်ပေမယ့် ရွာလယ်မှာ အိမ်တစ်အိမ်ကို စီစဉ်ပေးထား ပါတယ်။ အဲဒီလို အားလုံးပါဝင်ပြီးတော့ ညီညီညွတ်ညွတ် နဲ့ တစ်ရွာလုံးမှာ အိမ်တိုင်းလောက် နီးပါး ကျောင်းတက်နေကြတဲ့သူတွေနဲ့ ပြည့်နေပါတယ်။

အဲဒီလို သားသမီးတွေကို ပညာသင်ရင်းသင်ရင်းနဲ့ စာရေးသူတို့ရွာက မိဘတွေဟာ ကြီးမြင့်လှတဲ့ ကျောင်းစရိတ်တွေကို ထမ်းရင်းထမ်းရင်းနဲ့ နွမ်းပါးလာကြပါတယ်၊ ဒါဟာ တကယ်ပါ။ ဒါပေမယ့် စာရေးသူတို့ရွာနဲ့ ကပ်နေတဲ့ရွာကတော့ ပညာရေးထက် စီးပွားရေးကို ဦးစားပေးကြပြီး တော်တော်များများ ဟာ စီးပွားရေးပြေလည် ကြပါတယ်။ အဲဒီရွာမှာ သား/သမီး တွေကို ဆယ်တန်းအောင်၊ ဘွဲ့ရတဲ့အထိ ပညာသင်ပေးတဲ့ မိသားစုတွေ ရှိကြပေမယ့် စာရေးသူတို့ ရွာနဲ့ယှဉ်ရင်တော့ တော်တော်ကို နည်းပါတယ်။ ပညာသင်တဲ့ မိသားစုတွေမှာ သား/သမီးတွေက ကျောင်းပြီးသွားပေမယ့် ဘဝရပ်တည်ရေး က မရေရာ၊ မသေချာသေးတော့ နောက်ထပ်သင်တန်းတွေ ဆက်တက်ဖို့ အနည်းဆုံး ၃-နှစ်လောက် ဆက်လက် ထောက်ပံ့ပေးကြ ရပြန်ပါတယ်၊ အလုပ်တစ်ခု ရလာပြန်တော့လည်း လစာက လောက်လောက် လားလား မရတော့၊ ရတဲ့လစာလေး ၁-သိန်းလောက်နဲ့ အိမ်ကိုပြန်ပေးဖို့နေပါဦး ကိုယ့်စားရိတ်တောင် ကိုယ်အလျင်မီ အောင် မနည်းသုံးနေကြ ရပါတယ်။ အဲဒီအချိန်မှာ ဘေးရွာက ပညာရေးထက် စီးပွားရေးကို ဦးစားပေးတဲ့သူတွေက မင်းတို့ပညာသင်တာ ဘာဖြစ်လာလဲ …? ငါတို့ကတော့ ဘယ်လို သုံးနိုင်တယ်၊ ဘယ်လိုလှူနိုင်တယ်၊ မင်းတို့ပညာသင်ပြီး အလုပ်လုပ်တာ ဘယ်လောက်များ ရလို့လဲ …? စသည်ဖြင့် ပြောတဲ့သူကပြောကြသလို၊ ကြည့်တဲ့သူကလည်း ကြည့်ကြပါတယ်။ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်လို တွေးတဲ့သူ တွေ တွေးလာကြပါတယ် …။ ဘကြောင့် ဒီလိုဖြစ်နေတာလဲ … ?

မြန်မာပြည်ရဲ့ ပညာရေးစနစ်ဟာ လူတစ်ယောက်ကို လောက်လောက်လားလား ရပ်တည်နိုင်ဖို့ အတွက် အကူအညီမပေး နိုင်သေးတာတော့ အမှန်ပါ။ နိုင်ငံတကာမှာတော့ တက္ကသိုလ်တွေဟာ သူရဲ့ အဆင့်အတန်းအလိုက် ပညာသင်ယူသူတွေအတွက် အာမခံချက်ပေးနိုင်ပါတယ်။ ဥပမာ- Massachusetts Institute of Technology (MIT) က အင်ဂျင်နီယာတွေဟာ အင်တာဗျူးမလိုဘဲ ဘယ်နေရာဆို အလုပ်ဝင်လို့ ရတယ်၊ ဟားဗတ်တက္ကသိုလ်က MBA ဘွဲ့ရတွေဆိုရင်လည်း ထိုနည်းတူ နေရာတိုင်းမှာ လွယ်လွယ်ကူကူ အလုပ်ရတယ် စသည်ဖြင့် ဆရာရဲမြင့်(စွန့်ဦးတီထွင်)ရဲ့ ဟောပြောပွဲတစ်ခုမှာ နားထောင်ဘူးပါတယ်။ နိုင်ငံတကာမှာ တက္ကသိုလ်တွေ အပေါ်မူတည်ပြီတော့ ဘွဲ့အဆင့်အတန်း (Graduation Grade) တွေကွာခြားကြပါတယ်။ စာရေးသူတို့ မြန်မာပြည်မှာတော့ မြန်မာပြည်ရဲ့ ဘယ်တက္ကသိုလ်ကပဲ ရတဲ့ဘွဲ့ဖြစ်စေ ကွဲပြားခြားနားမှု မရှိပါဘူး၊ ပြည်နယ်/ ပြည်မ၊ တောင်ပေါ်/ မြေပြန့်မခွဲခြားပဲ တန်းတူညီမျှ အခွင့်အရေးရထားတာပါ။ ဘယ်တက္ကသိုလ်ကပဲ ဘွဲ့ရတာဖြစ်ဖြစ် ဘွဲ့ရပြီးတာနဲ့ လောက်လောက်လားလား မတတ်ကြတာ အားလုံးနီးပါးလောက် အတူတူပါပဲ။ ဒါဆိုရင် ပညာသင်ကြတဲ့ လူငယ်တွေ “မင်းတို့ ပညာသင်တာ ဘာများဖြစ်လာလဲ” ဆိုတဲ့ မေးခွန်းကို ခေါင်းငုံ့ပြီး ငြိမ်နားထောင် နေကြမှာလား … ? “ပညာသင်တာ မှားပြီလား ?” လို့ တွေးနေကြမှာလား … ?

အဲဒီအပြောတွေ၊ အဲဒီအကြည့်တွေကို မှားကြောင်းသက်သေပြဖို့ တိုက်ဆိုင်သူတိုင်း၊ ခံစားချက်ရှိသူတိုင်း ကိုယ်စီကိုယ်ငှ တာဝန်ရှိပါတယ်။ စာရေးကိုယ်တိုင် အဲဒီအကြည့်တွေ၊ အဲဒီလိုပြော တာတွေကို ခံခဲ့ရပါတယ်။ အဲဒီစကားတွေကို ချေဖျက်နိုင်ဖို့ ဆိုရင် စာရေးသူတို့ ဆရာကြီးဦးမြကြိုင် စကားနဲ့ ပြောရရင် “အမြီးမြှောက်လိုက်၊ အီးပေါက်လိုက်” နဲ့တော့ မဖြစ်နိုင်ပါဘူး။ ခေတ်၊ စနစ်ကို လက်ညိုးထိုး နေရင်လည်း လက်ညောင်းတာပဲ အဖတ်တင်ပါလိမ့်မယ်၊ ကိုယ်တိုင်က လုပ်မှ ရမှာဖြစ်ပါတယ်။ အိမ်ကိုပြန်တိုင်း စီးပွားရေးလုပ်ပြီး အဆင်ပြေနေကြတဲ့သူတွေက ကြည့်တဲ့အကြည့်တွေ၊ ပြောတဲ့ အပြောတွေကို ကိုယ့်ဘဝတိုးတက်ဖို့၊ အောင်မြင်ဖို့အတွက် တွန်းအားတွေ ပြောင်းနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ စာရေးသူကိုယ်တိုင် အဲဒီအကြည့်တွေ၊ အဲဒီအပြောတွေကို မမြင်ချင်ယောင်ဆောင်၊ မကြားချင်ယောင် ဆောင်ပြီး ကိုယ့်ဘဝကို အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ အတိုင်းအတာတစ်ခုအထိ အဆင်ပြေလာတဲ့အခါ ကိုယ်က ငါဘာကောင်လဲ ဆိုတာ သွားပြောဖို့လည်း မလိုပါဘူး၊ သူ့အလိုလို သိသွားကြမှာပါ။

စာရေးသူပြောချင်တာက သူသာတယ်၊ ကိုယ်သာတယ် ကို ပြိုင်ငြင်းနေကြဖို့အတွက် မဟုတ်ပါဘူး။ အဲဒီလိုကြုံရတယ် ဆိုရင်၊ အဲဒီကိစ္စတွေကို ကိုယ့်ဘဝတိုးတက်ရေးမှာ အားအဖြစ် ပြောင်းလဲလိုက်ဖို့ ပြောတာပါ။ ခေတ်စနစ်ကို အပြစ်တင်ပြီး ရေစုန်မှာ မျှောလိုက်နေရင်၊ ကိုယ့်ရဲ့ ကိုယ်စွမ်းကိုယ်စကို ပေါ်ထွက်လာအောင် မကြိုးစားဘူးဆိုရင် ဘယ်သူတွေ ဘာတွေပြောတာက ခဏထားလို့ ကိုယ့်ဘဝမှာ ကိုယ်ကိုယ်တိုင်ပဲ အခက်အခဲတွေ့ကြမှာပါ။

ဒါကြောင့် “ပညာသင်တာ မှားပြီလား” လို့ တွေးမယ့်အစား ပညာသင်တာ မမှားကြောင်း သက်သေပြနိုင်ဖို့ ကိုယ့်ရဲ့ ကိုယ်စွမ်းကိုယ်စ၊ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး ကို အသုံးချပြီး ဘဝတိုးတက်အောင်မြင်ရေးအတွက် အများတကာတွေရဲ့ ဝေဖန်စကားတွေကို အားဖြစ် ပြောင်းလဲပြီး ဒီနေ့ပဲ စတင်ကြိုးစားလိုက်ပါ … ။

အောင်ကိုဦး(UMK)

Wednesday, April 2, 2014

အမျိုးသမီးတို့ဧ။်စွမ်းအား(၅)မျိုးနှင့် အထက်မြတ်ဆုံးစွမ်းအား



သူတစ်ပါးကို လွှမ်းမိုးလိုသော ပုဂ္ဂိုလ်သည် မိမိ၌စွမ်းအား တစ်ခုခုတော့ ရှိရမည်။ မည်သည့်စွမ်းအားမျှ မရှိဘဲ သူတစ်ပါးကို လွှမ်းမိုးနိုင်မည် မဟုတ်ပေ။ ထို့အတူပင် အမျိုးသားတစ်ယောက်ကို လွှမ်းမိုးလိုသော အမျိုးသမီးတို့သည် စွမ်းအားငါးမျိုးနှင့် ပြည့်စုံနိုင်သမျှ ပြည့်စုံရန် လိုအပ်ပါသည်။ ယင်းစွမ်းအားငါးမျိုးတို့မှာ-

(၁) ရူပဗလ-ရုပ်ရည်လှပခြင်းစွမ်းအား
(၂) ဘောဂဗလ-ပစ္စည်းဥစ္စာ ပြည့်စုံခြင်းစွမ်းအား
(၃) ဉာတိဗလ-ဆွေမျိုးအသိုင်းဝိုင်း ပြည့်စုံခြင်းစွမ်းအား
(၄) ပုတ္တဗလ-သားသမီးနှင့်ပြည့်စုံခြင်းစွမ်းအား
(၅) သီလဗလ-ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းစွမ်းအားတို့

ဖြစ်ကြပါသည်။

စွမ်းအားငါးမျိုးတို့ဧ။် အရေးပါမှု
*******************
အထက်ပါ စွမ်းအား(၅)မျိုးတို့တွင် ပထမအချက်နှစ်ခုသည် အိမ်ထောင်မရှိသေးသော အမျိုးသမီးများနှင့် ပို၍သက်ဆိုင်၏။ အောက် အချက် သုံးခုသည် အိမ်ထောင်ရှင် အမျိုးသမီးတို့နှင့် ပိုသက်ဆိုင်၏။ ရုပ်ရည်လှပမှုသည် တကယ့်အနှစ်သာရရှိသော အပိုင်း မဟုတ်သော် လည်း အရေးကြီးသော အပိုင်းဟု ဆိုနိုင်၏။အဘယ်ကြောင့် ဆို အောက်အချက်လေးခုတို့ သည် ခင်မင်ရင်းနှီးမှု မရှိ ပါက အတိအကျ သိနိုင်ရန် ခက်ခဲ၏။ ထို့ကြောင့် အရေးကြီးသည်ဟု ဆိုရခြင်းဖြစ်သည်။

အမျိုးသမီးတို့သည် ပစ္စည်းဥစ္စာ စသည်တို့ ပြည့်စုံမှု အရှိသော်လည်း ရုပ်ရည်လှပမှုရှိလျှင် လင်ကောင်းသားကောင်း ရရှိနိုင်ပါသည်။ ရုပ်ရည်လှပမှု မရှိ၊ ဆွေမျိုးစသည်တို့ ပြည့်စုံမှု မရှိပါသော်လည်း ပစ္စည်းဥစ္စာတို့ ပြည့်စုံပါက လင်ကောင်းသားကောင်း ရရှိနိုင်ပါသေး သည်။ ဆွေမျိုးအသိုင်းဝိုင်းနှင့် ပြည့်စုံခြင်းသည်ကား ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားသော လူမျိုးတို့၌ ပို၍ထင်ရှား၏။ မြန်မာလူမှုပတ်ဝန်းကျင်၌မူ ပေါ် လွင် ထင်ရှားမှု သိပ်မရှိပေ။ သားသမီးတို့သည်ကား မိဘနှစ်ပါးကို မကွဲကွာအောင် (ခင်ပွန်းက ဇနီးသည်ကို မစွန့်ခွာ အောင်) ချည်နှောင်ထားသော ကြိုးတစ်မျှင်ဖြစ်သည်။ ထို့ကြောင့်အမျိုးသမီး တို့၏ စွမ်းအား တစ်မျိုးဟု ဆိုရခြင်းဖြစ်သည်။

အထက်မြတ်ဆုံးစွမ်းအား
***************
နောက်ဆုံးအချက်ဖြစ်သော ကိုယ်ကျင့်တရားကောင်းမွန်မှု သီလစွမ်းအားသည် အနှစ်သာရ အရှိဆုံးနှင့်အရေးကြီးဆုံးဖြစ်၏။ ထို့ကြောင့်အထက်မြတ်ဆုံးစွမ်းအားဟုလည်း
ဆိုနိုင်ပါသည်။

အကြောင်းကား ရုပ်ရည်လှပမှု၊ စည်းစိမ်ဥစ္စာ ပြည့်စုံမှု စသည်တို့သည် အမျိုးသမီးတို့ကို အမှန်တကယ် မစောင့်ရှောက်နိုင်ချေ။ ရုပ်ရည်လှပမှု စသည်တို့နှင့် ပြည့်စုံသော်လည်း ကိုယ်ကျင့်သီလ မရှိပါက “အကျင့် ပျက်သူ မိန်းမပျက်” ဟုဆိုကာ အမျိုးအိမ် (သို့) လင်ယောက်ျားအိမ်မှ နှင်ထုတ်ခြင်း ခံရပေမည်။ အကျင့်သီလနှင့် ပြည့်စုံပါက (မယားကျင့်ဝတ် ကျေပွန်ပါက) အမျိုးသမီးတို့သည် ထိုအိမ်မှ နှင်ထုတ်ကြမည် မဟုတ်ပေ။ ထို့ကြောင့် အမျိုးသမီးတို့သည် ကိုယ်ကျင့်တရား တည်းဟူသော သီလစွမ်းအားနှင့် ပြည့်စုံအောင် အထူးကြိုးစားသင့်ပါသည်။

D-eXistence မှ အရှင် ကောလိယ ရေးသားပြုစုတော့ " အမျိုးသမီးဘဝနှင့် ဗုဒ္ဓအမြင် " စာအုပ်မှ ကူးယူဖော်ပြပါသည်။

Tuesday, April 1, 2014

AIDS ပိုးက လေထဲမှာ ဘယ်လောက်အချိန်ထိ နေနိုင်ပါသလဲ၊ AIDS ပိုးပာာ လေပာာနယ်မှ ကူးစက်တတ်ပါသလား?



ဘယ်လို ကိုယ်ခန္ဓာ-အရည်တွေမှာ HIV ပိုးတွေ ပါနေနိုင်သလဲ။
၁။ သွေး၊
၂။ သုတ်ရည်၊
၃။ ဗဂျိုင်းနား အရည်၊
၎။ နို့ရည်၊
၅။ တခြား သွေးပါနိုင်တဲ့ အရည်တွေ။

• HIV ဘယ်လိုကူးသလဲ
- HIV ဗိုင်းရပ်စ် ပိုးတွေဟာ လူ့ကိုယ်ခန္ဓာ အရည်တွေနဲ့ (တစ်ရှူး) တွေထဲမှာ နေနိုင်တယ်။ ဒါပေမဲ့ သွေး၊ သုတ်ရည်၊ ဗဂျိုင်းနာ-အရည် နဲ့ နို့ရည်တွေ ကနေသာ အများဆုံး ကူးနေတာ သိရတယ်။ ဒီအရည်တမျိုးမျိုးဟာ တခြားလူရဲ့ အပေါ်ဖုံး-အပါးလွှာ၊ ထိခိုက် ပျက်စီးနေတဲ့ အရေပြား (တစ်ရှူး) နဲ့ သွေးထဲကို ဆေးထိုအပ်လိုမျိုးနဲ့ တိုက်ရိုက် ထိုးသွင်းတာခံရမှ ကူးစက်တယ်။
- သုတေသန ကျကျနန လုပ်နေတဲ့ အမေရိကားမှာဆိုရင် စအိုလမ်းနည်း-လိင်ဆက်ဆံမှု နဲ့ (ဗဂျိုင်းနား) ကနေ လိင်ဆက်ဆံမှုတွေကနေ ကူးစက်တာ အများဆုံးလို့ သိရတယ်။ နောက်များတာ တခုက ဆေးထိုးအပ်ကနေ ကူးတာ ဖြစ်တယ်။ ပါးစပ်ကို လိင်ဆက်ဆံရာ သုံးတာနဲ့ မိခင်ကနေ ကလေးကို မွေးနေတုံးဖြစ်ဖြစ် နို့တိုက်လို့ ဖြစ်ဖြစ်၊ ထမင်း ဝါးခွံတာကနေဖြစ်ဖြစ် ကူးစက်တာ နည်းတယ်။ ကျန်နည်းတွေကတော့ မသန့်တဲ့ သွေး နဲ့ သွေးနဲ့ဆိုင်တာတွေ သွင်းတာ၊ အင်္ဂါ-အစားထိုးတာတွေ ကနေကူးတယ်။ ဆေးရုံနဲ့ ကျန်းမာရေး ဌာနမှ အလုပ်လုပ်သူတွေကိုလဲ အပ်-ဒါး စတာတွေ ကနေတဆင့် ကူးစက်နိုင်တယ်။

• တခြား ဖြစ်နိုင်ခြေရှိတဲ့ အရည်တွေ
- ဦးနှောက်နဲ့ ခါးရိုးထဲက အာရုံကြောကြီးရဲ့အရည်၊
- အဆစ်ထဲကအရည်၊
- ရေမြွှာရည်၊
- မျက်ရည်၊
- တံတွေး၊

• ကိုယ်ခန္ဓာ အပြင်ဘက်မှာ HIV ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်သလဲ၊ သိပ္ပံပညာရှင် အားလုံးလောက် နီးနီး လက်ခံကြတာက ပိုးဟာ ကိုယ်ခန္ဓာအပြင်ဘက်မှာ ကြာကြာ မရှင်နိုင်ဘူး။

• စအိုလမ်းသုံး လိင်ဆက်ဆံတာကနေ ကူးနိုင်သလား၊ (ကွန်ဒွမ်) မသုံးရင် သေခြာပေါက် ကူးနိုင်တယ်။

• (ဗဂျိုင်းနား) ကို လိင်ဆက်ဆံရင် ကူးသလား၊ (ကွန်ဒွမ်) မသုံးရင် သေခြာပေါက် ကူးနိုင်တယ်။ မ-လိင်လမ်းကြောင်း (ဗဂျိုင်းနား၊ သားအိမ်ဝ) နဲ့ ကျား-ဆီးသွားပေါက်တွေမှာ မျက်စိနဲ့ မမြင်နိုင်အောင် သေးငယ်တဲ့ အရှ-အနာလေးတွေကနေ ပိုးဝင်နိုင်တယ်။ အနာ-အဆာ ရှိရင်လဲ ဝင်မယ်။ တယောက်ယောက်မှာ (STD) လိင်ကတဆင့်ကူးစက်ရောဂါရှိနေရင် ပိုဖြစ်နိုင်တယ်။

• ပါးစပ်သုံး လိင်ဆက်တာကနေ ကူးသလား၊ လက်ခံသူဖြစ်ဖြစ် ပြုလုပ်ပေးသူဖြစ်ဖြစ် ကူးမယ်။ ထုံးစံလမ်းသုံး လိင်ဆက်ဆံနည်း လောက်တော့ အဖြစ်မများဘူး။ ပါးစပ်နဲ့ လည်ချောင်းတဝှိုက်မှာ အနာအဆာ ရှိရင် ပိုဖြစ်နိုင်ခြေ များမယ်။ သုတ်ရည်ကို ပါးစပ်ထဲ ထုတ်မိရင် ပိုဖြစ်နိုင်ခြေ များမယ်။ (STD) ရှိနေရင် ပိုဖြစ်နိုင်ခြေ များမယ်။

• Sex toys လိင်သဲုးကရိယာတွေသုံးရင် ကူးနိုင်သလား၊ Dildos တို့ Vibrators တို့သုံးရင် ကူးစက်နိုင်လို့ (ကွန်ဒွမ်-အသစ်) သုံးပါ။

• ဆေးထိုးလို့ ကူးသလား၊ ကူးနိုင်တယ်။ ထိုးဆေး၊ ဆေးဝါး-ကရိယာ၊ သွေးပါနေမဲ့ ဆေးထိုးပိုက်၊ မိုးရေ ပြန်သုံးတာ၊ ပုလင်း၊ အဖုံး၊ ဇွန်း၊ အစစ်၊ ဆေးရည်၊ ပတ္တီး၊ ဝါဂွမ်း၊ စတာတွေကို မျှသုံးတာ၊ လမ်းဘေးရောင်း ဆေးထိုးပိုက်-အပ်တွေက ပြန်ထုပ်တာတွေ ဖြစ်နိုင်တယ်။ စိတ်မချရဘူး။

• HIV နဲ့ တခြား လိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ ဆက်စပ်မှု ရှိသလား၊ ရှိတယ်။ အဲလိုရောဂါ တခုခုရှိနေသူမှာ HIV ပိုပြီး ကူးစက်နိုင်တယ်။ ဥပမာ ဆစ်ဖလစ်၊ လိင်လမ်း-ရေယုံ၊ ရှန်ကာ၊ ကလာမိုင်ဒီးယား၊ ဂနိုးရီးယား၊

• ဆေးရုံ-ဆေးခန်း အလုပ်လုပ်သူတွေကို ကူးစက်သလား၊ ကူးစက်နိုင်တယ်။ ကြိုတင် ကာကွယ်ရေး နဲ့ တကိုယ်ရေ အကာအကွယ်တွေ သုံးရမယ်။ အဓိက သတိထားဘို့က အပ်၊ ဓါးလို ပြတ်ရှတာနဲ့ မတော်တဆ ထိခိုက်မိရင် ပိုဖြစ်နိုင်တယ်။ ၁% လောက်နီးနီး ရှိတယ်။

• မိန်မချင်း လိင်ဆက်ဆံတာကနေ ကူးသလား၊ ရှားပါတယ်။ (ဗဂျိုင်းနား) အရည်နဲ့ ရာသီသွေးထဲမှာ ပိုးပါနိုင်တယ်။

• တက်တူး ထိုးတာ၊ ကွင်းတွေ ဖေါက်ဝတ်ဆင်တာကနေ ကူးသလား၊ ကူးနိုင်တယ်။ အသုံးအဆောင်တွေကို ပိုးသန့်တာ နည်းရင် ဖြစ်နိုင်တယ်။ တခါသုံး မဟုတ်ရင် ကူးနိုင်တယ်။

• နမ်းတာကနေကူးသလား၊ ဘယ်လိုနမ်းသလဲအပေါ်မှာ မူတည်တယ်။ ပြင်သစ်နည်းခေါ်တဲ့ နှုပ်ခမ်းစုပ်နမ်းနည်းနဲ့ကူးတာ အတော်တော့ ရှားတယ်။ နုတ်ခမ်းမှာ အနာရှိမှဖြစ်တယ်။ ပါးစပ်ပိတ်နမ်းတာ၊ ပါးကို နမ်းလို့ ကူးတာ မတွေ့ရသေးပါ။

• လူချင်းကိုက်လို့ ကူးသလား၊ ရှားတယ်။ ၁၉၉၇ တုံးကရှိဘူးတာကို ထုတ်ပြန်ဘူးတယ်။

• ခြင်ကောင်ကနေကူးသလား၊ မကူးပါ။

• မကူးစက်နိုင်တဲ့ ဆက်ဆံမှုတွေဆိုတာ ကုပ်မိလို့ မကူးပါ။ တံတွေးစင်လို့ မကူးပါ။ လက်ဆွဲ နုပ်တက်တာ၊ ရင်ချင်းအပ်တာ၊ ရေအိမ်အတူသုံးတာ၊ ဖန်ခွက်၊ နှာချေ၊ ချောင်းဆိုး တာကနေ မကူးပါ။ အလုပ်ဌာနတူတာ၊ Schools ကျောင်း အတူနေတာ၊ သာရေး-နာရေး အတူသွားတာ၊ တခါးဖွင့်ဘု ကိုင်မိတာ၊ ပန်းကန်ခွက်ယောက်၊ Pets အိမ်မွေး-တိရစ္ဆာန်၊ အားကစား၊

(အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) ကိန်းဂဏန်းများ
• ၁၉၈၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က အမေရိကန် ပြည်ထောင်စု လော့စ်အင်ဂျဲလိစ် က လူ ၅ ဦးမှာ HIV/AIDS (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) ရောဂါရှိခဲ့တယ်လို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနကနေ ထုတ်ပြန်ခဲ့တာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေမှာ နှစ် ၃ဝ တင်းတင်း ပြည့်သွားပြီ ဖြစ်တယ်။
• အဲဒီ ထုတ်ပြန်ချက်ကို HIV/AIDS ရောဂါရဲ့ ကနဦးလို့ သတ်မှတ်နိုင်ပြီး၊ အဲဒီကတည်းက HIV/AIDS ရောဂါကို လေ့လာဘို့ အတူးအဖွဲ့ကိုလဲ စတင်ဖွဲ့စည်းခဲ့တယ်။
• ၁၉၈၂ ဇူလိုင်လမှာ ဒီရောဂါလို့ နာမည်မတပ်ရသေးသူပေါင်း အမေရိကန် ပြည်ထောင်စု တဝက်လောက်မှာ ပြန့်နေတဲ့ လူနာပေါင်း ရာဂဏန်း ရှိနေပြီဖြစ်တယ်။

HIV ပိုးဟာ လူ့ကိုယ်အပြင်ဘက်မှာ ကြာကြာမရှင်နိုင်ပါ၊ ဆက်ပွါးများမှုမဖြစ်နိုင်ပါလို့သာ အခုထိလုပ်ထားတဲ့ သုတေသနတွေကဆိုပါတယ်။

ဒေါက်တာ တင့်ဆွေ

မသိတာ…..အပြစ်လား?




          လူတွေဟာ ဟန်ဆောင်မှုတွေကို ခုန်မင်ကြတယ်။မသိတာကို မသိသလိုပဲနေကြတယ်။သိအောင်လုပ်ဖို့ ကြိုးစားသင့်တယ်။ဒါမှ ဘာကြောင့် ကိုယ်တိုင်မသိရတာပါသလဲဆိုတာ အဖြေပေါ်လာလိမ့်မယ်။အများနည်းတူ သိသင့်ပါတယ်။မသိတာ…အပြစ်လား ဆိုတာထက် သိအောင် မကြိုးစားတာမှ အပြစ်ပါ။ဂျာနယ်တစ်စောင်းက ဟာသလေးတစ်ခုကို ပြောပြပါမယ်။
လူငယ်နှစ်ယောက်ဟာ လက်ရှိဖြစ်ပျက်နေတဲ့ ခေတ်စနစ်အကြောင်းကို ပြောဆိုနေကြတယ်။
ပထမလူငယ်    ဒို့နိုင်ငံက တော်တော်လေးကို ရှုပ်ထွေးနေပြီးနော်။
ဒုတိယလူငယ်   မင်းက ဘာကိုဆိုလိုတာလဲ။
ပထမလူငယ်    နိုင်ငံရေး၊ငြိမ်ချမ်းရေး တစ်ခုမှ အကောင်အထည်မပေါ်သေးဘူး။
ဒုတိယလူငယ်   ဟေ့ကောင်… အဲဒါတွေက လျှို့ဝှက်ထားတာကွ။
ပထမလူငယ်    ဘာကြောင့် လျှို့ဝှက်ထားတာလဲ။
ဒုတိယလူငယ်   မလုပ်တတ်လို့ပေါ့ကွ။
ပထမလူငယ်    တိန်………
          ဒီဟာသ လိုဖြစ်နေပြီ မသိတာကို မသိသလိုနေတယ်။မလုပ်တတ်တာကို လုပ်တတ်အောင်မကြိုးစားဘူး။ဘာတဲ့ လျှို့ဝှက်ထားတာဆိုပဲ။သိသလို တတ်သလိုနဲ့ ဟန်ဆောင်နေကြတယ်။ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ဒီလိုပါပဲ တစ်ချို့တွေ အရမ်းသိချင်၊တတ်ချင်တယ်။တစ်ချို့ကလည်း မသိလိုက်မသိဖာသာ နေတတ်ကြတယ်။လူအမျိုးမျိုး စိတ်အထွေထွေပါပဲ။အရာအားလုံးကို မသိနိုင်ပေမယ့် ကိုယ်ကျင်လည်နေတဲ့ ကိုယ့်ပတ်ဝန်းကျင်မှာတော့ ဘာတွေဖြစ်နေတယ်၊ဘာတွေလုပ်နေကြတယ် ဆိုတာတော့ သိဖို့လိုအပ်ပါတယ်။သူများအကြောင်းတွေ သိဖို့ထက် ကိုယ့်အကြောင်းကိုယ် ပိုသိတာ အကောင်းဆုံးပါပဲ။ကိုယ်လက်ရှိ ဘယ်အခြေနေမှာ ရပ်တည်နေတယ်၊ဘာတွေလုပ်နေတယ်၊ရည်မှန်းချက်တွေက ဘာတွေရှိတယ်ဆိုတာကို သိသင့်ပါတယ်။
          လက်ရှိအခြေနေမှာ ကိုယ့်နိုင်ငံရဲ့ ပြောင်းလဲမှုတွေဟာ အချိန်နဲ့အမျှ ဖြစ်ပေါ်နေပါတယ်။လူတွေရဲ့ အသိပညာ ဗဟုသုတတွေကိုဖွင့်ပေးနေတဲ့ (press media)လို့ခေါ်တဲ့ ဂျာနယ်တွေ၊နေ့စဉ်ထုတ် သတင်းစာတွေဟာလည်း အမျိုးမျိုး ထွက်ရှိလို့လာနေပါတယ်။ဈေးနှုန်းတွေဟာလည်း လူတိုင်းဖတ်ရှုနိုင်တဲ့ ဈေးနှုန်းဖြစ်ပြီး ကွမ်းဖိုး၊ဆေးလိပ်ဖိုးမျှသာ ရှိပါတယ်။ဒီအခြေနေမှာ လူလတ်တန်းစားမရွေး ၀ယ်ဖတ်လာနိုင်ကြတယ်။ဝမ်းသာစရာပါပဲ။ဟိုယခင်ကဆို ဂျာနယ်၊သတင်းစာတွေဟာ လက်ချိုးရည်တွက်လို့ရပါတယ်။သမ္မတကြီး ဦးသိန်းစိန်လက်ထက်ကစ၍ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာချိန်မှာ သတင်းမီဒီယာလောကဟာ ပြန်လည်အသက်ဝင်လာပါတော့တယ်။သတင်းမီဒီယာဆိုတာ ပြည်သူလူထုရဲ့ မျက်စိ၊နား ပါပဲ။ပြည်သူလူထုရဲ့ အသိပညာ၊ဗဟုသုတတွေ တိုးပွားလာအောင်၊မသိသေးတာတွေ သိလာအောင် ဒီ ဂျာနယ်၊သတင်းစာတွေက အသိပညာတွေ ဖွင့်ပေးနေပါတယ်။ခုဆို လူတိုင်းနီးပါး သတင်းတွေ ၀ယ်ဖတ်လာကြတယ်။ရရှိလာတဲ့ အသိအမြင်တွေဟာလည်း လူမှုဘ၀ကို များစွာ အထောက်အပံ့ ပေးနိုင်ပါတယ်။ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို အချိန်နဲ့တစ်ပြေး သိရှိလာပါတယ်။
          အချုပ်အားဖြင့် မသိတာ အပြစ်မဟုတ်ပေမယ့် အများသူငှာ သိရှိနေချိန်မှာ ကိုယ်လည်း သိရှိဖို့ လိုအပ်လာပါတယ်။တစ်ဦးတစ်ယောက်ချင်းဆီက သိပညာတိုးပွားလာတာနဲ့အမျှ ကျွန်တော်တို့နိုင်ငံတော်ကြီးမှာ ဟိုအရင်လို လုပ်ချင်တိုင်းလုပ်၊ချယ်လှယ်ချင်းတိုင်း ချယ်လှယ်လို့မရတော့ပါဘူး။အားလုံးဟာ မျက်စိတွေ၊နားတွေ ပွင့်နေကြပါပြီး။ဒါကြောင့် မသိတာ အပြစ်မဟုတ်ပေမယ့် သိအောင်ကြိုးစားကြပါလို့ နှိုးဆော် အကြုံပြုပါရစေဗျာ။
ဆရာချစ်

Windows XP နှင့် Windows 7 Version များအကြောင်း



Windows XP Editions
- လူသုံးအများဆုံးဖြစ်တဲ့ Windows XP Professional Edition and Windows Home Edition

- Windows XP Starter Edition

- Windows XP Media Center Edition

- Windows XP Tablet Edition ဆိုပြီး (၅)မျိုးကို တွေ့နိုင်ပါတယ်။ အသေးစိပ်ကိုတော့ Windows 7 ရဲ့ ရှင်းလင်းချက်တွေမှာပဲ ဖော်ပြပေးပါမယ်။

Windows 7 6 Editions
Windows 7 Starter 
Windows 7 Home Basic 
Windows 7 Professional 
Windows 7 Enterprise 
Windows 7 Ultimate 

1. Windows 7 Starter

Aero user interface, DVD Playback, Window Media Center, Internet Connection Sharing စသော လုပ်ဆောင်ချက်များ မပါဝင်ပါ။ 
Encryption File System (EFS), Applocker, Direct-Access, Bitlocker, Remote Desktop Host, Branch-Cache စသော Enterprise Feature များလဲ မပါဝင်ပါ။ 
Windows XP တွင်ပါဝင်သော IIS Web Server ကိုလဲ သုံးမရနိုင်ပါ။ အများအားဖြင့် IIS Feature ကို Window Server Version တွေမှာသာ အသုံးအများဆုံးပါ။ Windows 7 တွင် Professional, Enterprise, Ultimate စသော Editions များတွင် ပါဝင်ပြီး Web Developer များ အသုံးအများဆုံးပါပဲ။ 
CPU တလုံးသာခွင့်ပြုထားပြီး core ကို unlimited ခွင့်ပြုထားပါသည်။ 
Windows 7 Editions အားလုံးသည် Dual Core, Quad Core, ... အားလုံးကို support လုပ်ပါသည်။ 

2. Windows 7 Home Basic

Emerging Market Country (ဖွံ့ဖြိုးစနိုင်ငံများတွင် တွေ့ရသည်) 
Aero user interface, DVD Playback, Window Media Center, Internet Connection Sharing စသော လုပ်ဆောင်ချက်များ မပါဝင်ပါ။ 
Domain System join ၍ မရနိုင်ပါ။ 
Enterprise Feature တွေဖြစ်တဲ့ Encryption File System (EFS), Applocker, Direct-Access, Bitlocker, Remote Desktop Host, Branch-Cache စတာတွေကိုလဲ မရနိုင်ပါဘူး။ IIS Web Server ကိုလဲ သုံး၍ မရနိုင်ပါ။ 
Physical Processor (CPU) တလုံးသာ ခွင့်ပြုထားပြီး 32bit Version တွင် Memory 4GB အထိ သုံးနိုင်ပါသည်။ 64bit Version တွင် Memory 8GB အထိ သုံးနိုင်ပါသည်။ 

3. Windows 7 Home Premium

Encryption File System (EFS), Applocker, Direct-Access, Bitlocker, Remote Desktop Host, Branch-Cache စသော Enterprise Feature များပါဝင်ပါသည်။ 
IIS Web Server Feature ပါဝင်ပါတယ်။ 
Domain System များ မ join နိုင်ပါ။ 
Enterprise Feature တွေဖြစ်တဲ့ Encryption File System (EFS), Applocker, Direct-Access, Bitlocker, Remote Desktop Host, Branch-Cache စတာတွေကိုလဲ မရနိုင်ပါဘူး။ 
32bit version တွင် Memory 4GB အထိ support လုပ်ပြီး 64bit version တွင် Memory 16GB အထိ အလုပ်လုပ်ပါသည်။ 
Physical Processors ၂လုံးအထိ support လုပ်ပါတယ်။ 

4. Windows 7 Professional Editions

Windows 7 Home Premium Edition မှ Feature များအားလုံး ပါဝင်ပါတယ်။ 
Domain System ကိုလဲ join နိုင်ပါတယ်။ 
Encryption File System (EFS), Applocker, Direct-Access, Bitlocker, Remote Desktop Host, Branch-Cache စတာတွေကိုလဲ ရနိုင်ပါတယ်။ 
Enterprise Feature တွေဖြစ်တဲ့ Encryption File System (EFS), Applocker, Direct-Access, Bitlocker, Remote Desktop Host, Branch-Cache စတာတွေကိုတော့ မရနိုင်ပါဘူး။ 
Physical Processor 2လုံးအထိ support လုပ်ပါတယ်။ 

5. Windows 7 Enterprise Editions

6. Windosws 7 Ultimate Editions

ဒီ(၂)ခုက တူနေလို့ ပေါင်းပြီး ရေးပေးလိုက်ပါတယ်...

Enterprise Edition ကို Microsoft's Volume Licensing Customer တွေအတွက် ထုတ်လုပ်ထားပေးတာပါ။ 
Enterprise နဲ့ Ultimate Editions တွေမှာ အခြားEditions တွေမှာ မရနိုင်တဲ့ Feature တွေတင်မကပါဘူး။ Enterprise Feature တွေဖြစ်တဲ့ Encryption File System (EFS), Applocker, Direct-Access, Bitlocker, Remote Desktop Host, Branch-Cache အပြင် Boot from VHD ကိုပါရနိုင်ပါတယ်။ 
Physical Processor 2 လုံးအထိ support လုပ်ပါတယ်။ 

Note : MCTs (Windows 7, 70-680) ဖြေမယ့်သူများကတော့ 7-680 မှာ Test မေးတဲ့ Feature အများဆုံးကတော့ Enterprise နဲ့ Ultimate Edition တွေမို့ အဓိကထားပြီး လေ့လာစေချင်ပါတယ်။

မူရင်း ပို့စ်ကို google reference တွေနဲ့ အတတ်နိုင်ဆုံး ကြိုးစားထားပေးတာပါရှင်။ ဗဟုသုတ အနည်းငယ်ရသွားမယ်ဆိုရင် မမိုးကြိုးစားရကြိုး နပ်ပါတယ်။

အဆင်ပြေကြပါစေ

မိုး (နည်းပညာများ)