Monday, June 23, 2014

စိတ်ကူးပေါက်ကွဲပါစေ


လူဦးရေပေါက်ကွဲနေကြတဲ့ တရုတ်လို၊ အိန္ဒိယလို နိုင်ငံတွေက လူဦးရေပေါက်ကွဲမှု (Population Explosion)ကတစ်ဆင့်စိတ်ကူးပေါက်ကွဲမှု (Idea Explosion)ကိုကူးပြောင်းနိုင်ဖို့ ကြိုးစားနေကြတယ်။ စိတ်ကူးပေါက်ကွဲမှုဟာ လူတစ်ဦးချင်းအတွက်ပဲဖြစ်ဖြစ်၊ နိုင်ငံတစ်နိုင်ငံအတွက်ပဲဖြစ်ဖြစ်၊ကမ္ဘာကြီးအတွက်ဖြစ်ဖြစ် အလွန်ကောင်းပါတယ်။ စိတ်ကူးဟောင်းတွေထဲမှာ နစ်မြုပ်နေရာက စိတ်ကူးတွေပေါက်ကွဲလာတဲ့အခါ အရင်ကမတွေ့ဖူး၊ မကြုံဖူးတဲ့ကိစ္စတွေ ပေါ်လာလိမ့်မယ်။ ဒီကတစ်ဆင့်ကမ္ဘာကြီးရဲ့ တိုးတက်မှုကို ရှေ့တစ်ဆင့်တွန်းအားပေးနိုင်တာ အမှန်ပါ။

ရုပ်ဝတ္ထုပစ္စည်းတွေကို တီထွင်ခဲ့ကြတဲ့ လူပုဂ္ဂိုလ်တွေဟာ စိတ်ကူးသစ်အမျိုးမျိုး ပေါ်ပေါက်လာရာကတစ်ဆင့် လက်တွေ့ကျကျ ဆန်းသစ်အကောင်အထည်ဖော်ကြရင်း လူ့လောကကြီးကို တိုးတက်အောင် ဆောင်ရွက်ကြတာဖြစ်ပါတယ်။ကျောက်ဂူထဲမှာ နေထိုင်ခဲ့တဲ့ ကျောက်ခေတ်လူသားဘ၀ကနေ အနုမြူသိပ္ပံခေတ်က စူပါမင်းတွေဖြစ်လာတဲ့အထိ လူတွေဟာ စိတ်ကူးပေါက်ကွဲခဲ့ကြပါတယ်။ အဆင့်ဆင့်ပဲ တိုးတက်မှုရရှိစေခဲ့တယ်။ ဒီနေ့အထိလည်း ဒီပေါက်ကွဲမှုဟာ ရပ်တန့်မသွားသေးဘူး။

ပေါက်ကွဲမှုတိုင်းကိုတော့ အားလုံးအကောင်းချည်းပဲလို့ ပြောလို့ရမယ်မထင်ဘူး။ကောင်းတဲ့စိတ်ကူးပေါက်ကွဲမှုနဲ့ မကောင်းတဲ့စိတ်ကူးပေါက်ကွဲမှုဆိုပြီး ရှိလိမ့်မယ်။လူတွေအတွက် လူ့လောကကြီးအတွက်အကျိုးရှိစေမယ့် စိတ်ကူးမျိုးဟာ အမှန်တကယ်ပဲ လိုအပ်မှာဖြစ်ပြီး လူ့လောကကြီးတစ်ခုလုံး ဆုတ်ယုတ်ပျက်စီးသွားစေမယ်စိတ်ကူးမျိုးကတော့ အင်မတန်အန္တရာယ်ရှိမှာ အမှန်ပဲ။

ကုန်ထုတ်စွမ်းအားတိုးတက်ဖို့အတွက် နွားနဲ့လယ်ထွန်ရာက လယ်ထွန်စက်နဲ့ လယ်ထွန်လာနိုင်အောင် ကြိုးစားတာမျိုးက ကောင်းတယ်။ နွားလှည်း၊ မြင်းလှည်းတွေနဲ့ ခရီးဆက်နေရာက မော်တော်ကားတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ လိုရာခရီးတွေကို သွားရတာကောင်းတယ်။ လှေနဲ့သွားနေရာက သင်္ဘောနဲ့သွားရပြီဆိုရင်ကောင်းတာပေါ့။ ဒီလိုပဲ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေ တိုးတက် လာစေဖို့ တီထွင်ကြံဆကြတာကို အားလုံးလက်ခံကြရမှာပဲ မဟုတ်လား။ အဲဒီလိုကိစ္စတွေဆောင်ရွက်နိုင်ဖို့ ပထမဆုံး စိတ်ကူးကောင်းတွေ ရှိဖို့လိုလိမ့်မယ်။ အဲဒီစိတ်ကူးတွေပေါက်ကွဲအောင် နှိုးဆွနိုင်ဖို့ လိုလိမ့်မယ်။ စိတ်ကူးပေါက်ကွဲမှုများတစ်ဆင့် တိုးတက်ကောင်းမွန်တဲ့ လူ့လောကကြီးကို တည်ဆောက်နိုင်လိမ့်မယ်။ လိုအပ်ချက်တွေပြည့်စုံသွားစေလိမ့်မယ်။

ဒါပေမဲ့ အဲဒီစိတ်ကူးဆိုတာကလည်းအတ္တနဲ့ ယှဉ်တဲ့ စိတ်ကူးမျိုးမဖြစ်ဖို့တော့လိုလိမ့်မယ်။ တစ်ဦးချင်းတစ်ယောက်ချင်းချမ်းသာကြယ်ဝဖို့အတွက် ဆောင်ရွက်မယ့်စိတ်ကူးမျိုးဟာ အမှန်ထက် အမှားဘက်ကိုဦးတည်သွားတတ်တယ်။ အများအတွက်ကောင်းဖို့ထက် တစ်ဦးချင်းကောင်းဖို့ဘက်ကို ဦးတည်သွားတတ်တယ်။ ဒါကြောင့်လည်း လောဘဇောကို ဇတ်မသတ်နိုင်တဲ့ပုဂ္ဂိုလ်များဟာ လူသားကမ္ဘာကြီးကိုချောက်ထဲကျသွားအောင် လုပ်တတ်ကြတယ်။

သာမန်ကျည်ဆံတစ်ထောင့် ဗုံးတစ်လုံးလောက်က ကိစ္စမရှိသေးပေမဲ့ လူတွေအများကြီး ဒုက္ခရောက်စေမယ့်ဗုံးတွေ၊ဖျက်အားပြင်းလက်နက်တွေအထိ တီထွင်နိုင်ဖို့အတွက် စိတ်ကူးပေါက်ကွဲကြတာမျိုးကတော့ ကောင်းမယ်မထင်ဘူး။ ငွေနောက်၊ လောဘနောက်ကို လိုက်ကြရင်းက နောက်ဆုံးမှာ လက်နက်ကုန်သည်ကြီးတွေ ဖြစ်သွားတတ်တယ်။ အမှားအယွင်းတစ်ခုကို ကျူးလွန်လိုက်မိတာနဲ့ လူတွေအမြောက်အမြား သေကြကြေကြရတော့မယ်။ အိုးအိမ်တိုက်တာတွေ မြေပြင်ပေါ်က ပျောက်ကွယ်သွားလိမ့်မယ်။

စိတ်ကူးပေါက်ကွဲတယ်ဆိုရာမှာ စိတ်ကူးဆိုတာက စိတ်ကူးဉာဏ်ဆိုတာက အစချီတာဖြစ်ပါတယ်။ စိတ်ကူးဉာဏ်က တွေးတောကြံစည်တတ်တဲ့ စွမ်းရည်လို့ အဓိပ္ပာယ်ရပါတယ်။ ဒါဟာ မဖြစ်နိုင်တာတွေ၊ဖြစ်နိုင်ခဲတာတွေကို တွေးနေတဲ့ စိတ်ကူးယဉ်တာမျိုးတော့ မဟုတ်ပါဘူး။ စိတ်ကူးဉာဏ်အသီးသီးဟာ ကြိုးစားအားထုတ်မှုအရ ရှိတတ်ပါတယ်။

ဥပမာ-လူတစ်ယောက်က ငါးတစ်ကောင်လို ကူးခတ်သွားလာချင်တယ်ဆိုပါတော့။ ပထမဆုံးသူဟာ ငါးတစ်ကောင်ဘ၀ကို ရောက်အောင် ကြံစည်အားထုတ်ရတော့မယ်။ တွေးတောရတော့မယ်။ သိပ်ပြီးပြင်းပြလာတဲ့အခါ စိတ်ကူးပေါက်ကွဲမှုပေါ်လာပြီး တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားအားထုတ်တော့မယ်။ ဒီတော့ သင်္ဘောတွေပေါ်လာတယ်။ ရေငုပ်သင်္ဘောတွေပေါ်လာတယ်။ ရေငုပ်ကိရိယာတွေ ပေါ်လာတယ်မဟုတ်လား။
ဒီနေရာမှာ ပေါက်ကွဲတယ်ဆိုတာကပွင့်အာစင်ထွက်တဲ့သဘော။ ထိန်းသိမ်းမရအောင် ပေါ်ပေါက်လာတဲ့သဘော အဓိပ္ပာယ်ဆောင်ပါတယ်။ ဒီတော့ ကိုယ်ဖြစ်စေချင်တဲ့ ကိစ္စတွေဖြစ်လာဖို့အတွက် အပြင်းအထန်ဖြစ်ပေါ်လာတဲ့ စိတ်ကူးစိတ်သန်းတွေကို စိတ်ကူးပေါက်ကွဲတယ်လို့ ယူဆရင်ရပါလိမ့်မယ်။ ကာယကံရှင်များရဲ့ဆန္ဒဟာ တော်တည့်မှန်ကန်ရင် ပေါ်ပေါက်လာတဲ့ စိတ်ကူးပေါက်ကွဲမှုဟာကမ္ဘာကြီးကောင်းကျိုး၊ လူ့လောကကောင်းကျိုးကို သယ်ပိုးရွက်ဆောင်နိုင်မှာဖြစ်ပြီးကာယကံရှင်ရဲ့ မမှန်ကန်တဲ့ စိတ်ကူးတွေကတစ်ဆင့် ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ကွဲမှုကတော့ မကောင်းတဲ့အချင်းအရာတွေ အနိဋ္ဌာရုံတွေကို ဖြစ်ပေါ်စေလိမ့်မယ်။

လူတစ်ယောက်မှာ ကြီးမားတဲ့ အတ္တကနေ အစပြုလိုက်တဲ့ စိတ်ကူးပေါက်ကွဲမှုမျိုးဟာ တစ်ဦးချင်းကြယ်ဝချမ်းသာဖို့ကို ဦးတည်တတ်တာမို့ ကမ္ဘာကြီးကောင်းဖို့ထက်ဆိုးဖို့ကိုသာ ဦးတည်လိမ့်မယ်။ သူဟာ“ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုတဲ့ လူမျိုး၊ အောက်တန်းကျတဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်ထားတဲ့ လူမျိုးဖြစ်တာကြောင့်သူစိတ်ကူးစိတ်သန်းတွေရဲ့ နိဂုံးဟာ သူကြယ်ဝချမ်းသာဖို့သာ အဓိကဖြစ်လိမ့်မယ်။သူကြယ်ဝချမ်းသာပြီး အများစုဒုက္ခရောက်သွားစေဦးတော့ ဂရုစိုက်မှာမဟုတ်ဘူး။
အတ္တဟိတဆိုတဲ့ ကိုယ်ကျိုးကို ပထမဆုံး စဉ်းစားတတ်တဲ့ လူတွေရဲ့ စိတ်ကူးပေါက်ကွဲမှုဟာ ကောင်းတဲ့ကိစ္စမဟုတ်ဘူး။အင်မတန် အန္တရာယ်များလိမ့်မယ်။ နေရာတိုင်းမှာ မိမိအကျိုးကို ရှေ့မှာထားပြီး တီထွင်ဖန်တီးဆောင်ရွက်တာမျိုးဟာ စစ်ပွဲကိုလက်ယပ်ခေါ်နေရုံသာမက အဆင်မသင့်ရင် ကမ္ဘာကြီးကို ဆိုးဆိုးဝါးဝါး ဖျက်ဆီးပစ်လိမ့်မယ်။

ပြောရမယ်ဆိုရင် လူတွေရဲ့စိတ်ကူးပေါက်ကွဲမှုတွေကတစ်ဆင့် ကမ္ဘာကြီးဟာရှေ့ကို ရွေ့နေတာကို ချွင်းချက်မရှိလက်ခံရလိမ့်မယ်။ ကျောက်ခေတ်လူသားဘ၀ကနေ အနုမြူသိပ္ပံခေတ် လူသားဘ၀ကိုရောက်အောင် အဲဒီစိတ်ကူးပေါက်ကွဲမှုတွေက သယ်ဆောင်ပေးခဲ့တာကို နားလည်နိုင်ပါတယ်။ ဒါဟာ ကောင်းတဲ့ကိစ္စလို့ ယေဘုယျလက်ခံလို့ ရပေမဲ့ မကောင်းတဲ့ ကိစ္စမကောင်းတဲ့ အချင်းအရာတွေကလည်း ဓမ္မတာပဲရှိနေတတ်တယ်။ ဒါကိုတားဆီးပိတ်ပင်လို့လည်းရမယ်မထင်ဘူး။ လူဆိုတာကလည်း စိတ်ကူးအမျိုးမျိုးမဟုတ်လား။ လူအမျိုးမျိုး၊ နတ်အမျိုးမျိုး၊ဘုရားရှိခိုးအမျိုးမျိုးတောင် ရှိတတ်တာပဲ။
မမှန်ကန်တဲ့ လူတွေရဲ့ စိတ်ကူးပေါက်ကွဲမှုတွေဟာ ကြိုဆိုစရာ မကောင်းဘူး။မှန်ကန်တရားတဲ့လူတွေရဲ့ စိတ်ကူးပေါက်ကွဲမှုတွေကိုသာ လိုလားကြိုဆိုကြရမှာဖြစ်ပါတယ်။ Idea Explosion တွေကို ခွဲခြားနားလည်နိုင်ကြပါစေ။
(ထက်ကျော်)

စင်ကာပူ (သို့မဟုတ်) အောင်မြင်နေသောကုန်လှောင်ရုံ


ဖွံ့ဖြိုးတိုးတက်နေတဲ့ စင်ကာပူနိုင်ငံအကြောင်းလေ့လာကြည့်တော့ ဟိုးရှေးရှေးကာလတုန်းက ငါးဖမ်းတဲ့တံငါသည်တွေနေထိုင်တဲ့ရွာလေးတစ်ရွာပဲဖြစ်ခဲ့တယ်လို့သိရတယ်။ အခုတော့ အဲဒီတံငါရွာလေးဟာ ကမ္ဘာပေါ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေပါပြီ။

စင်ကာပူနိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေတဲ့အချက်အလက်များစွာ ရှိနိုင်ပါတယ်။ဥပမာအားဖြင့်ဆိုရရင် စည်းကမ်းလိုက်နာမှုအားကောင်းခြင်း၊ စီမံခန့်ခွဲမှုကောင်းမွန်ခြင်း၊ ခေတ်မှီနည်းပညာများအသုံးချခြင်း၊လူ့စွမ်းအားအရင်းအမြစ်ကို အကျိုးရှိစွာအသုံးချနိုင်ခြင်း၊ နိုင်ငံ၏အကျယ်အ၀န်းပမာဏသေးငယ်ခြင်းတို့ပဲဖြစ်ပါတယ်။

သေသေချာချာစဉ်းစားတွေးတောကြည့်ရင် စင်ကာပူနိုင်ငံမှာ သဘာဝသယံဇာတအရင်းအမြစ်တွေမရှိပါဘူး။ ရေကိုတောင်ဝယ်ယူသုံးစွဲရတဲ့အခြေအနေရှိပါတယ်။ အဲဒီလို အခြေအနေမျိုးထဲက စင်ကာပူနိုင်ငံကို ကြယ်ဝချမ်းသာစေတဲ့ လုပ်ငန်းတစ်ခုက ကုန်လှောင်ရုံလုပ်ငန်းပဲဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်က Export Service International (ESI) လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာပို့ကုန်လုပ်ငန်းများရဲ့ ညီလာခံကိုစင်ကာပူမှာ ကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံကို ဥရောပကော်မရှင်က ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြတယ်။ ညီလာခံမှာ စင်ကာပူနိုင်ငံရဲ့ကုန်သွယ်ရေးနဲ့စက်မှုဝန်ကြီးဖြစ်တဲ့ LEE HSIEN LOONG က မိန့်ခွန်းပြောကြားခဲ့တယ်။သူ့ရဲ့မိန့်ခွန်းထဲမှာ စင်ကာပူနိုင်ငံရဲ့ အောင်မြင်တဲ့ကုန်လှောင်ရုံလုပ်ငန်း အကြောင်းထည့်သွင်းပြောကြားသွားခဲ့တယ်။ အဲဒီမိန့်ခွန်းကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

အာရှ-ပစိဖိတ်ဒေသဟာ ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ စက်မှုလုပ်ငန်းအသစ်တွေနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေ ပေါ်ထွန်းလာခဲ့တယ်။ စီးပွားရေးဖွံ့ဖြိုးမှုနဲ့အတူ ကုန်သွယ်မှုတွေလည်း ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ အာရှပစိဖိတ်ရဲ့ ရေကြောင်းကုန်သွယ်မှုမှာ စင်ကာပူနိုင်ငံပါဝင်ပတ်သက်လာခဲ့ရပါတယ်။ အဲဒီလို ပါဝင်ပတ်သက်ခဲ့ရတာကလည်း အခုအချိန်မှမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ရာစုနှစ်နှစ်ခု ကတည်းကပါ။ ကုန်သွယ်စီးမျောမှုနဲ့အတူ စင်ကာပူနိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်မှုရဲ့အဓိကနေရာတစ်ခုဖြစ်ခဲ့တယ်။ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုကလည်း စင်ကာပူနိုင်ငံရဲ့အခြေခံစီးပွားရေးအုတ်မြစ်လာခဲ့တယ်။

စင်ကာပူနိုင်ငံချမ်းသာအောင်မြင်ခဲ့တာဟာ ကုန်လှောင်ရုံတစ်ခုလိုပဲဖြစ်တယ်။ စီးပွားရေး ပတ်ဝန်းကျင်အခြေအနေတွေကလည်း စင်ကာပူနိုင်ငံကို ကုန်လှောင်ရုံလိုပဲဖြစ်ပေါ်စေခဲ့တယ်။ အစိုးရရဲ့လွတ်လပ်စွာကုန်သွယ်မှုတံခါးဖွင့်မူဝါဒ၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေးနဲ့ ကုန်သွယ်မှုကို အထောက်အပံ့ဖြစ်စေတဲ့ အခြေခံအဆောက်အအုံတွေက ကုမ္ပဏီတွေကို စီးပွားရေးနဲ့ ပတ်သက်ပြီး အကျိုးရှိစေတယ်။ ကမ္ဘာတစ်ဝှမ်းလုံးက လုပ်ဖော်ကိုင်ဖက်တွေနဲ့ လွယ်ကူစွာ ဆက်သွယ်ဆောင်ရွက်မှုပြုနိုင်တယ်။

စင်ကာပူနိုင်ငံဟာ ဘယ်အမျိုးအမည်ပစ္စည်းကိုမှ အဓိကထုတ်လုပ်သူမဟုတ်သလို အဓိကစားသုံးသူလည်းမဟုတ်ပါဘူး။အဲဒီအချက်ရဲ့အကျိုးသက်ရောက်မှုက စင်ကာပူနိုင်ငံဟာကုန်သွယ်မှုရဲ့ ကြားနေအခြေခံစခန်းဖြစ်နေတာပါပဲ။ ဒါကြောင့် စင်ကာပူဟာ ကမ္ဘာလုံးဆိုင်ရာကုန်လှောင်ရုံဖြစ်လာခဲ့တယ်။ ကမ္ဘာလုံးဆိုင်ရာကုန်လှောင်ရုံဖြစ်ဖို့လည်း ရည်ရွယ်ချက်ထားရှိပြီး ခိုင်မာအောင်တည်ဆောက်ရပါမယ်။ စင်ကာပူနိုင်ငံမှာရှိတဲ့ ဆောင်ရွက်မှုလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ကုမ္ပဏီတွေက လည်းလှုပ်ရှား ဆောင်ရွက်နေကြတယ်။ သီးခြားဈေးကွက်နဲ့ သီးခြားထုတ်ကုန်ပစ္စည်းတွေအတွက်ရော ဆောင်ရွက်လှုပ်ရှားနေကြတာပါ။



ဖွံ့ဖြိုးတိုးတက်မှုအတွက် အချက်ငါးချက်ရှိပါတယ်။ အဲဒါတွေက

(၁) အပြည်ပြည်ဆိုင်ရာကုန်သွယ်လှုပ်ရှားမှုတွေအတွက် အခွန်အကောက်ဆိုင်ရာပတ်ဝန်းကျင်တိုးမြှင့်စေခြင်း

(၂) ကုန်ပစ္စည်းရောင်းဝယ်ခြင်းအတွက်စွန့်စားသော စီမံခန့်ခွဲမှု

(၃) အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဆုံးဖြတ်ခြင်း

(၄) အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး အထူးတလည်ကျွမ်းကျင်သူများရဲ့ လေ့ကျင့်သင်ကြားမှု

(၅) ရေကြောင်းသွားလာမှု၊ ဘဏ္ဍာရေးနဲ့စီးပွားရေးလုပ်ငန်းများ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုကို ပိုမိုတိုးတက်အောင်အထောက်အကူပေးခြင်းတို့ဖြစ်ကြပါတယ်။ အခွန်နဲ့ပတ်သက်ပြီး လေ့လာသင့်တာတွေကို လေ့လာရမယ်။ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတိုးတက်မှုရှိမယ့် အစီအစဉ်တွေကို ဆောင်ရွက်ရမယ်။ သတ်မှတ်ထားတဲ့အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ကုမ္ပဏီတွေက လည်းသူတို့ရဲ့ကုန်သွယ်ဖက်တွေအတွက် တိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်ကြမှာပဲဖြစ်တယ်။

ကုန်သွယ်မှုပတ်ဝန်းကျင်အခြေအနေကလည်း လျင်မြန်စွာပြောင်းလဲနေပြီဖြစ်ပါတယ်။ ကုန်သွယ်မှုပတ်ဝန်းကျင်အသစ်မှာ အောင်မြင်စွာ ယှဉ်ပြိုင်နိုင်ဖို့ဆိုရင်နိုင်ငံရပ်ခြားဈေးကွက်မှာ ရင်ပေါင်တန်းနိုင်ဖို့လိုအပ်ပါလိမ့်မယ်။ ထုတ်ကုန်ပစ္စည်းနဲ့ ပတ်သက်တဲ့ဆောင်ရွက်မှု လုပ်ငန်းတွေဝန်ဆောင်မှုလုပ်ငန်းတွေအနေနဲ့လည်း ရှေ့ရောက်အောင်လုပ်ဆောင်နိုင်ရပါမယ်။


ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်တဲ့အခါ အချိန်တိုအတွင်းမှာ မိမိရောက်လိုရာကို မရောက်နိုင်ပါဘူး။ အဲဒီအတွက်မရှိမဖြစ်ကြားခံဒေသတွေရှိလာမှာဖြစ်တယ်။ စင်ကာပူနိုင်ငံလို အောင်မြင်မှုရှိတဲ့ကုန်လှောင်ရုံလုပ်ငန်းတွေလည်း မလွှဲမသွေလိုအပ်မှာဖြစ်ပါတယ်။

Singpore: A Successful Entrepot by LEE HSIEN LOONG

Wednesday, June 18, 2014

အနမ်းနဲ့ ကျမ်းမာရေး


သင့်မှာ ချစ်သူ ရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူး ပါသလား။
ပြီးတော့ ချစ်သူကို နမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူ ပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စား တယ်ဆိုရင် အောက်မှာ ရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်း ဘယ်ပုံ ဆက်စပ်နေတယ် ဆိုတာကို ဆက်ပြီး ဖတ်ကြည့် ပေါ့နော်။
တကယ်တော့ လူတစ်ယောက်နဲ့ တစ်ယောက် နမ်းတယ် ဆိုတာ ခံစားချက် အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ အရပါ ချစ်ခင် နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံ ရတဲ့သူကို ချစ်ပါတယ် ဆိုတဲ့ အဓိပ္ပါယ် ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ ပတ်သတ်တဲ့ Definiton လေး တစ်ခုလောက် ထုတ်ကြည့် ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်း ယုံကြည်မှု အရတော့ နမ်းတယ် ဆိုတာ “နှစ်လိုဖွယ် ခံစား ဆက်ယှက်မှုကို ပါးစပ်က မပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့ သင်္ကေတ” လို့ ဖော်ပြ ထားပါတယ်။
နောက်ပြီးတော့ တစ်ယောက်ကို တစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလို ရရှိနိုင် တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …
၁။ တစ်ယောက်ကို တစ်ယောက် နမ်းနေကြတဲ့ အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့သွေးကြော တွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်း ကိုလည်း မြန်လာ စေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေ ထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်း စေပါတယ်။
၂။ နမ်းနေတဲ့ အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာ ပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှား လာအောင် ဦးနှောက်က လှုံ့ဆော် ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာ ရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှား သန့်စင်စေပြီး မျက်နှာ တစ်ပြင်လုံး ပိုမို ချောမွေ့ လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြော တွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီး ကောင်းလာ စေပါတယ်။
၃။ နောက်တစ်ခု ကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့် ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်း စေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများ နမ်းကြပါ။
၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာ ရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှု တွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော် ပေးတဲ့ ဟိုမုန်းဓာတ် တစ်မျိုး ဦးနှောက်က ထုတ်ပေးတာ ကိုလည်း တားဆီး ပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီး တွေလို့ ထင်မှတ်လာတတ် တယ်လို့ သုတေသီတွေက အတည်ပြု ထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ
ကုထုံး တစ်ခုပါပဲ။
၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါ ကာကွယ်ဆေး တစ်မျိုး ပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦး ဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝ ကိုယ်ခံစွမ်းအား တွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့ တစ်ယောက်ချင်းစီမှာ ရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေ တဆင့် ပေါင်းစပ် သွားပါတယ်။ အဲဒီကနေ တဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာ ကိုယ်ထဲ ပေါင်းစပ် ရောက်ရှိ လာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို “အနမ်းဖြင့် ရောဂါကာကွယ်နည်း”လို့ စိတ်ပညာရှင် တွေက နာမည် ပေးထား ပါတယ်။
၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွ ပေးပါတယ်။ ဘယ်လို အချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံး အကြိမ် နမ်းဖူးတဲ့ အခါ ပေါ်ပေါက် လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင် ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက် အရည်အသွေးဟာ ထိပ်ဆုံး အဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည် ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ် တယ်လို့ ဆိုပါတယ်။
၇။ နောက်ဆုံး တစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန် ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား၊၊၊ အခု ရေးသား ဖော်ပြချက် အနမ်းကို ပြုစုရေးသားသူ ကမ္ဘာကျော် အချစ် သုတေသန ဆရာကြီး ဒေါက်တာ ၀ီလျံစတိုင်းဘတ်၏ ကိုယ်တွေ့များ ဖြစ်ကြောင်းပါ ခင်ဗျား။
NLABR

Tuesday, June 17, 2014

Business Plan



Business Plan ကိုမြန်မာလိုလုပ်ငန်းစီမံကိန်းဟု တိုက်ရိုက်ပြန်ဆိုသည်ကိုကြားဖူးသည်။ လိုချင်သည်ကား လုပ်ငန်းစီမံချက်ဖြစ်သည်။ လုပ်ငန်းကိုဘယ်လို စတင်တည်ထောင်မလဲ ဟူသောခေါင်းစဉ်သာဖြစ်သည်။ ဈေးကွက်စီးပွားရေးနှင့် အလှမ်းဝေးခဲ့သောမြန်မာနိုင်ငံအဖို့ လုပ်ငန်းတစ်ခုထူထောင်ဖို့ စဉ်းစားကြရာတွင် ဈေးကွက်စီးပွားရေးစနစ်တွင်ကျင်လည်ခဲ့ သောနိုင်ငံများနှင့် စဉ်းစားပုံ၊ စဉ်းစားခြင်းကတော့ မတူကြသည်ကိုတွေ့နေရသည်။ လုပ်ငန်းတစ်ခုကိုထူထောင်တော့မည်ဆိုလျှင်ကျွန်တော်တို့ စတင်စဉ်းစားသောအရာများသည် ဘာကိုထုတ်လုပ်ရောင်းချပြီး၊ မည်သည့် အမည်ကိုပေးမည်ဆိုသည်ကို ဦးစားပေးစဉ်းစားလေ့ရှိသည်။ အမည်ကို ထုတ်ကုန်နှင့်လည်းကိုက်စေ၊ ဗေဒင် အရလည်းဖြစ်စေမည့်အမည် မျိုးလောက်ကိုဦးစားပေးစဉ်းစားကြသည်။

သို့သော်လည်း ဈေးကွက်စီးပွားရေးစနစ်တွင်လုပ်ငန်းထူထောင်တော့မည်ဆိုလျှင် ဈေးကွက်စီးပွားရေးတွင် ကျင်လည်ခဲ့သူများအနေဖြင့် ငွေပင်ငွေရင်း၊ အရင်းအနှီးမည်ကဲ့ သို့ရရှိနိုင်မည်ဆိုသည့်အချက်ကို စတင်စဉ်းစားလေ့ရှိသည်။ များသောအားဖြင့် သူတို့ Business Plan ဆွဲခြင်းနှင့်ကျွန်တော်တို့ Business Plan ဆွဲခြင်းတို့ကတော့ ဦးတည်ချက်မတူသည့်သဘောကိုတွေ့နေရသည်။ များသောအားဖြင့်Business Plan ကိုဆွဲကြခြင်းအကြောင်းရင်းတွင် ဘဏ်မှချေးငွေရရှိရန်အတွက် ဆွဲကြခြင်းကို အဓိကထားသည်ဟုဆို လျှင်ကျွန်တော်တို့အမြင်အရ လက်မခံသောသဘောတွေ့နေရသည်။ ဘဏ်များအနေဖြင့်လုပ်ငန်း တစ်ခုအတွက်ငွေထုတ်ချေးတော့မည်ဆိုလျှင် ထုတ်ချေးရန်သင့်မသင့်ဆိုသည့် ဘဏ်ဘက်မှ စဉ်းစားနိုင်ရန်အတွက်လုပ်ငန်း၏ Business Plan ကိုမလွဲမသွေတောင်းလေ့ရှိကြသည်။ Business Planတိုင်းတွင် ချေးငွေ Loan အတွက်ဖြစ်စေ၊ ချေးငွေရရှိပြီးဖြစ်သည့်တိုင်ထပ်မံချေးငှားလိုသော Overdraft အတွက်ဖြစ်စေ၊Business Plan ကိုတောင်းလေ့ရှိသည်။

Business Plan တစ်ခုတွင် အဓိကလိုအပ်သောအခြေခံအချက်များမှာ လုပ်ငန်းလုပ်ကိုင်ခြင်း၏ ရည်ရွယ်ချက်များနှင့်ထိုလုပ်ငန်းကို မည်ကဲ့သို့လုပ်ကိုင်ဆောင်ရွက်မည်ဆိုသည့် လုပ်ငန်းလည်ပတ်မှုOperation နှင့် ထိုလုပ်ငန်းလည်ပတ်မှုအတွက် လိုအပ်မည့် ဘဏ္ဍာရေးအခြေအနေပြည့်ပြည့်စုံစုံ ပါရှိရမည်ဖြစ်သည်။ Business Plan များကို လုပ်ငန်းများကရေးဆွဲကြသည်မှန်သော်လည်း၊ အမှန်တကယ်လမ်းကြောင်း၊ လမ်းညွှန်လုပ်ပေးသူကား ဘဏ်အနေဖြင့် လိုအပ်သောအချက် အလက်မပြည့်မစုံကိုတောင်းလေ့ရှိသည်။ Business Plan နှင့် ပတ်သက်သော ဖြည့်စွက်ရမည့်ပုံစံများရှိသော်လည်း ထိုပုံစံများဖြည့်စွက်ရေးသွင်းရာတွင် လုပ်ငန်းရှင်အနေဖြင့် သတိထားပြီးလုပ်ငန်းဖြည့်သွင်းရန်လိုအပ်သည်။ အကြောင်းမှာ ဖြည့်စွက်ရန်ပုံစံတွင်ပင် အချို့သောအချက်အလက် များသည် အပြန်အလှန်စစ်ဆေးသောမေးခွန်းပုံစံမျိုး Counter Check Questions သဘောမျိုးလည်းပါနေသောကြောင့်လွန်စွာသတိထားဖြည့်စွက်ရသည်။

Business Plan များရေးဆွဲရာတွင် သတိထားရမည့်အခြေခံအချက်များရှိသည်။ ပထမဦးဆုံးလုပ်ငန်းထူထောင်ရာတွင် အဓိကထားပြီးစဉ်းစားရမည့်အချက်(၄)ချက်ရှိတတ်သည်။

ပထမအချက်မှာ မည်သည့်ကုန်စည်များကထို ထုတ်လုပ်မည့်  သို့မဟုတ် မည်သည့် ၀န်ဆောင်မှုများကို လုပ်ကိုင်ဆောင်ရွက်မည်ဆိုသည်ကို စဉ်းစားဆုံးဖြတ်ပြီးဖြစ်ရမည်။ ထိုသို့စဉ်းစားဆုံးဖြတ်ပြီးသည်နှင့် တစ်ဆက်တည်းဆက်လက်စဉ်းစားရမည်မှာမည်သူတို့ကို ရောင်းချရန်ရည်ရွယ်သည်ဟူသော Consumers' target or aiming target များကိုသတ်မှတ်ပြီးဖြစ်ရမည်။ တစ်နည်းအားဖြင့်ရည်ရွယ်ပြီးသော ဈေးကွက်ရှိပြီးသားဖြစ်ရပါမည်။

 ဒုတိယအချက်က ထုတ်လုပ်မှုကုန်ကျစရိတ်စဉ်းစားခြင်းဖြစ်သည်။ ထို့သို့စဉ်းစားရာတွင် အဓိကကုန်ကျမည့် စရိတ်ကြီးများကိုဦးတည်စေပြီး၊ ထိုကုန်ကျစရိတ်များသည် ထုတ်လုပ်မှုကိုကာမိအောင် သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချနိုင်မည့် အခြေအနေ၊ ဈေးကွက်လိုအပ်ချက်အရထုတ်လုပ်နိုင်မည့်အခြေအနေရှိ ၊မရှိအတွက်ကိုပါစဉ်းစားနိုင်ရမည်ဖြစ်သည်။

တတိယအချက်သည် လုပ်ငန်းတည်နေရာဖြစ်သည်။ ထုတ်လုပ်မှုအတွက်စဉ်း စားရာတွင် ကုန်ကြမ်းရှိသည့်နေရာတွင်ထုတ်လုပ်မည့် Raw Material Orientated Industry မျိုးလား၊ ဈေးကွက်တွင်သာထုတ်လုပ်ရမည့် Market Orientated Industryဆိုသည့်အချက်အလက်များကို စဉ်းစားနိုင်ရမည်ဖြစ်သည်။ အထူးသဖြင့်ရေသန့်ထုတ်လုပ်ရေးလုပ်ငန်းများ၊ မော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်းများ၊ ဆန်စက်၊ ဂျုံစက်၊ သကြားစက်တို့လို လုပ်ငန်းများသည် ကုန်ကြမ်းရှိမည့်နေရာတွင် စက်ရုံထောင်ခြင်းသည်အကောင်းဆုံးဖြစ်သည်။ ထိုစက်ရုံမျိုးကို Raw Material Orientated Industries များဟေု ခ်ါကြသည။် သေို့ သ်ာလည်း အလှပြင်ဆိုင်တို့၊ စားသောက်ဆိုင်တို့လိုလုပ်ငန်းမျိုးများသည် ဈေးကွက်အတွင်းတွင် လာရောက်ဖွင့်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ထိုသို့သောလုပ်ငန်းမျိုးများကို Market Orientated Industries များဟု ခေါ်ကြသည်။ လုပ်ငန်းသဘာဝနှင့်အခြေအနေပေါ်လိုက်ပြီး Business Plan တွင် အကျိုးအကြောင်း အားဖြင့်ဖော်ပြနိုင်ရမည်ဖြစ်သည်။

စတုတ္ထအချက်ကား လူအင်အားခန့်ထားအသုံးပြုမှုနှင့် စက်အင်အားများအသုံးချနိုင်မှုအခြေအနေကို အသေးစိတ်တင်ပြနိုင်ရမည်ဖြစ်သည်။ ထုတ်လုပ်သည့်ပမာဏ၊ ထုတ်လုပ်သည့်ကုန်စည်တို့နှင့် ဆီလျော်ညီညွတ်မည့် လူအင်အား အခြေအနေထားကိုပြည့်စုံစွာတင်ပြနိုင်ရမည်ဖြစ်သည်။

 အထက်ပါအချက်အလက်များကိုဘဏ်များက ချေးငွေထုတ်ချေးသင့်မသင့်ကို စဉ်းစားဆောင်ရွက်လေ့ရှိသည်။ အသေးစိတ်ဖော်ပြနိုင်သည့်တိုင် လုပ်ငန်းအနေဖြင့် ငွေစီးဝင်၊ စီးထွက်သွားသည့် Cash Flow ခန့်မှန်းချက် သည်အားနည်းနေသည်ဆိုပါက ချေးငွေထုတ်ချေးရန်ဘဏ်အနေဖြင့် ငြင်းဆန်နိုင် သောကြောင့်ဖြစ်သည်။ များသောအားဖြင့် Business Plans များတွင် လုပ်ငန်းနှင့် ပတ်သက်သောပါဝင်သော်လည်း လိုအပ်ချက် အရကြည့်မည်ဆိုလျှင် ဘဏ်မှ ချေးငွေရရှိရန်အတွက် Business Plan ကိုရေးဆွဲခြင်းသာဖြစ်သည်။

သာမန်အားဖြင့် Business Plan များ၏ရေးဆွဲမှုများကိုလေ့လာမည်ဆိုလျှင်အောက်ပါအချက်များကို ပါဝင်အောင်ရေးဆွဲလေ့ရှိကြသည်။

၁။ လုပ်ငန်း၏အမည်

၂။ လုပ်ငန်းအမျိုးအစား၊ တစ်ဦးတည်းပိုင်ဖြစ်သော Sole Trader မျိုးလား၊ အစု စပ်လား၊ ထို့အတူ အစုစပ်လုပ်ငန်းဖြစ်သည့်တိုင် Unlimited Liabilities ခေါ်အကန့်အသတ်မရှိ ပေးလျော်သည့်လုပ်ငန်းမျိုးလား၊ အကန့်အသတ်ဖြင့်ပေးလျော်သည့် Private Limited Liabilityလုပ်ငန်းမျိုးလား... စသည်ဖြင့် လုပ်ငန်းအမျိုးအစားကိုဖော်ပြရမည်ဖြစ်သည်။

၃။ ထုတ်လုပ်မည့်ကုန်စည် သို့မဟုတ်လုပ်ကိုင်ဆောင်ရွက်မည့် ၀န်ဆောင်မှု အမျိုးအစားကို တိတိကျကျဖော်ပြပေးရန်လိုအပ်သည်။

၎။ ထိုသို့ဖော်ပြပေးပြီး စားသုံးမည့်သူများ မည်သူတို့အတွက်ရည်ရွယ်ပြီး ထုတ်လုပ်ရောင်းချမည်ဆိုသည့် အချက်ကိုလည်းတင်ပြနိုင်ရမည်ဖြစ်သည်။ အကြောင်းမှာထုတ်ကုန်နှင့် ၀န်ဆောင်မှုတို့သည် ထုတ်လုပ်လိုက်သည့်တိုင် မည်သူတို့ဝယ်ယူစားသုံးကြမည်ဆိုသည့် အချက်ကိုလည်း Business Plan တွင်ဖော်ပြနိုင်ရမည်ဖြစ်သည်။

၅။ မိမိထုတ်လုပ်မည့် ကုန်စည်နှင့် ၀န်ဆောင်မှုအတွက် စားသုံးသူများသည်မည်သူများဖြစ်သည်။ မည်မျှရှိသည်ဟူသော ဈေးကွက်သုတေသနလုပ်ဆောင်ချက်များလုပ်ခဲ့ခြင်းရှိ၊ မရှိကိုလည်း ဖော်ပြနိုင်ရမည်ဖြစ်သည်။ မိမိလုပ်ငန်းနှင့် တူညီသောလုပ်ငန်းစုများမည်မျှရှိသည်။ သူတို့၏ အနာဂတ် ဈေးကွက်အလားအလာများကိုလည်း သုတေသနပြုပြီးတင်ပြနိုင်ရမည်ဖြစ်သည်။

၆။ လုပ်သားအင်အားစီမံခန့်ခွဲမှုအနေဖြင့် ၀န်ထမ်းမည်မျှခန့်မည်၊ မည်သည့်အဆင့်ဝန်ထမ်းမျိုး၊ လုပ်ကိုင်ဆောင်ရွက်ရမည့်တာဝန်နှင့် တာဝန်ခံလုပ်ကိုင်ဆောင်ရွက်မှု အခြေအနေများကိုလည်း တင်ပြနိုင်ရမည်ဖြစ်သည်။ ခန့်ထားသောဝန်ထမ်းဦးရေနှင့် တာဝန်အလိုက်ခွဲဝေချထားနိုင်မှုများကိုလည်း တင်ပြနိုင်ရမည်ဖြစ်သည်။

၇။ ထုတ်လုပ်မည့်ကုန်ကျစရိတ်များနှင့်ပတသ် က်ြပီး စကပ် စည္စ်း ကရိ ယိာအတက်ွကုန်ကျမှု၊ ဆိုင်ခန်းခ၊ ပုံသေကုန်ကျစရိတ်များနှင့် ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်များကို ခွဲခြားတင်ပြနိုင်ရမည်ဖြစ်သည်။

၈။ လုပ်ငန်းတည်နေရာသည် Business Plan တွင် အရေးကြီးသည်။ လုပ်ငန်းတည်နေရာတွင် ထုတ်လုပ်မည့်နေရာသည်လည်း အရေးပါသလို၊ ရောင်းချမည့်နေရာသည်လည်း Business Plan တွင် လွန်စွာအရေးပါသည်။

၉။ ခန့်မှန်းအမြတ်အနေဖြင့် မရှုံးမမြတ်အခြေအနေ Break even point သာမက၊လုပ်ငန်းအနေဖြင့် မည်မျှထုတ်လုပ်မည်၊တစ်ကြိမ်ထုတ်လုပ်ရောင်းချမှုရှိတိုင်း မည်မျှအမြတ်အစွမ်းရရှိနိုင်သည့် အခြေအနေများကိုလည်း တင်ပြနိုင်ရမည်ဖြစ်သည်။

၁၀။ လုပ်ငန်းအတွက် လိုအပ်သောငွေအရင်းအနှီးများကို တင်ပြပြီး ထိုအရင်းအနှီးများထဲမှ မည်မျှသော ပမာဏကို ဘဏ်မှရယူလိုပါကြောင်းနှင့် လုပ်ငန်းအနေဖြင့်ငွေဝင်၊ ငွေထွက်မှုအခြေအနေ Cash Flow အားဖြင့် မည်မျှရှိနိုင်မည့်အခြေအနေများကို အသေးစိတ်တင်ပြရန်လိုအပ်သည်။ ပြီးပြည့်စုံသော Business Planတစ်ခုသည် လုပ်ငန်း၏ထုတ်ကုန်အမျိုးအစားပေါ်လိုက်ပြီး ကွဲပြားခြားနားလေ့ရှိတတ်ပါသည်။

 ဒေါက်တာမောင်မောင်စိုး (ဘောဂဗေဒ)

Source: HR Journal

အအောင်မြင်ဆုံးသူတို့ရဲ့ ယုံကြည့်ချက် (၇) ချက်



ဒီနေ့ထိတိုင် ကမ္ဘာကျော်ကွန်ဖူးမင်းသားအဖြစ် လက်ခံထားဆဲ Bruce Lee က ကိုယ်ပိုင်အရည်အသွေးအမြဲရှိဖို့၊ ကိုယ့်အရည်အချင်းကို ထုတ်ဖော်ပြဖို့၊ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့၊ တခြားအောင်မြင်သူတွေရဲ့မူဟန်တွေကို အတုမယူဖို့ ပြောခဲ့ဖူးပါတယ်။စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ အအောင်မြင်ဆုံးဆိုတဲ့ပုဂ္ဂိုလ်တွေဟာ တခြားအောင်မြင်သူအများစုထက်ပိုပြီး လုပ်နည်းလုပ်ဟန်တွေကွာခြားကြတာတွေ့ရပါတယ်။ သူတို့ ဘယ်လိုဘယ်ပုံစဉ်းစားလေ့ရှိသလဲ၊ ဘာကြောင့် အဲဒီစဉ်းစားပုံစဉ်းစားနည်းဟာ အောင်မြင်စေသလဲ ဆိုတာကိုလေ့လာကြည့်စေချင်ပါတယ်။ လုပ်ငန်းနယ်ပယ်မတူ၊ ကျွမ်းကျင်မှု ပညာရပ်ကွဲပြားကြပေမယ့် သူတို့မှာ ယထာဘူတကျကျရှုမြင်သုံးသပ်မှုနဲ့ ယုံကြည်မှုတို့တူညီစွာရှိနေကြတာ သိရပါတယ်။

(၁) အချိန်ဆိုတာ ကိုယ့်စိတ်ကြိုက် အသုံးချစရာ

ပြီးစီးဖို့ နောက်ဆုံးသတ်မှတ်ထားချိန် (deadline) တွေ၊ အချိန်တာသတ်မှတ်မှုတွေက “အကန့်အသတ်စည်းဘောင်” ဖြစ်တယ်ဆိုပေမယ့် နည်းမှန်လမ်းမှန်အဖြစ် အမြဲမဆိုနိုင်ပါဘူး။ သာမန်အရည် အသွေးရှိသူတစ်ဦးကို တာဝန်တစ်ခုပေးပြီး နှစ်ပတ်အကြာမှာအပြီးသတ်စေမယ်ဆိုရင် အဲဒီလူဟာနှစ်ပတ်ကြာမှအလုပ်ပြီးမယ့်အားထုတ်မှုကိုပဲ ပင်ကိုဗီဇအရ အလိုအလျောက် ချိန်ဆလုပ်ကိုင်ပါလိမ့်မယ်။ဒါကြောင့် ကိုယ့်စွမ်းဆောင်မှုကို ကောင်းကောင်းစီမံနိုင်ဖို့အတွက် deadline ကို မေ့ထားဖို့လိုပါတယ်။တာဝန်တိုင်း အလုပ်တိုင်းကို လုပ်သင့်လုပ်ထိုက်တဲ့အချိန်ပမာဏ ပေးရပါမယ်။ ဒါပေမယ့် စွမ်းရည်အပြည့်စိုက်ထုတ်ပြီး မြန်မြန်ဆန်ဆန်ထိထိရောက်ရောက်လုပ်ရမှာပါ။ ပြီး “ပိုထွက်လာတဲ့အားလပ်ချိန်” ကို တခြားကိစ္စတွေအတွက် ကိုယ့်မူအတိုင်း မြန်မြန်ဆန်ဆန်၊ ထိထိရောက်ရောက် အသုံးချနိုင်ပါလိမ့်မယ်။သာမန်အရည်အသွေးရှိသူတွေကတော့ အချိန်ရဲ့ဘောင်အကန့်အသတ်အတွင်း ခြေချုပ်မိနေလေ့ရှိသလောက် ထက်မြက်သူတွေကတော့ အချိန်ကို ကိုယ့်စိတ်တိုင်းကျ အကျိုးရှိရှိ အသုံးချနိုင်ပါတယ်။

(၂) ကိုယ်ရွေးချယ်ထားသူသာ ကိုယ့်အနားမှာ

လက်အောက်ဝန်ထမ်းတချို့ကြောင့် “ဦးနှောက်စား”ရလေ့ရှိပါတယ်။ “တစ်ခါဆက်ဆံ ဆယ်ခါလန်”တဲ့ကပ်စ်တမာတချို့ လည်းကြုံတတ်ပါတယ်။ အတ္တကြီးတဲ့မိတ်ဆွေ၊ ပြဿနာရှာတဲ့ သူငယ်ချင်းတွေနဲ့လည်းပေါင်းသင်းရတတ်ပါတယ်။ အဲဒီသူတွေ အားလုံးကိုရွေးချယ်သူဟာကိုယ်တိုင်ပါပဲ။ ကိုယ့်ဝန်းကျင်ကလူတွေကြောင့် ဒုက္ခရောက်ရတယ်ဆိုရင် ဒါဟာသူတို့အမှား မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ရဲ့အမှားပါ။ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ရေးရာမှာပဲဖြစ်ဖြစ် ဒီလိုလူတွေပါဝင်ပတ်သက် နေတာဟာ ကိုယ်တိုင်ကလက်ခံထားလို့ဆိုတာကိုမမေ့ပါနဲ့။

ဘယ်လိုလူမျိုးနဲ့ အလုပ်တွဲလုပ်ချင်သလဲ၊ ဘယ်လိုကပ်စ်တမာမျိုးကို ၀န်ဆောင်မှုပေးချင်သလဲ၊ ဘယ်လိုမိတ်ဆွေ အပေါင်းအသင်း လိုချင်တာလဲ ဆိုတာကို စဉ်းစားပါ။ ပြီး ကိုယ်တိုင် ပြောင်းလဲပါ။ ဒါမှသာ ကိုယ်အလိုရှိသူတွေ ကိုယ့်ဝန်းကျင်ဆီရောက်လာအောင် စတင်ဆွဲဆောင်နိုင်ပါလိမ့်မယ်။ အလုပ်ကြိုးစားသူတွေကအလုပ်ကြိုးစားသူတွေနဲ့ပဲ အလုပ်လုပ်ချင်ပါတယ်။ ထက်မြက်တဲ့ဝန်ထမ်းက ထက်မြက်တဲ့ဘော့စ်တွေနဲ့ပဲအလုပ်လုပ်ချင်ပါတယ်။ အောင်မြင်တဲ့ပုဂ္ဂိုလ်တွေဟာ အောင်မြင်တဲ့လူတွေကိုပဲ အလိုအလျောက်ဆွဲဆောင်နိုင်ပါတယ်။

(၃) တာဝန်နဲ့ဝတ္တရားဖြည့်စည်းရုံသာ မလုပ်ပါ

လူ့တန်ဖိုးအတွက် တစ်ခုတည်းသောစစ်မှန်တဲ့တိုင်းတာမှုဟာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ပါဝင်ဆောင်ရွက်မှုတစ်ခုခုကို နေ့စဉ်လုပ်ကိုင်မှုပါပဲ။ ဘာတွေပဲပြီးအောင်လုပ်လုပ်၊ အတိတ်ကဘာတွေပဲ ပြီးမြောက်ခဲ့ပါစေ၊ ကြိုးစားရကျိုးနပ်ပြီ၊ ပင်ပန်းရကျိုးနပ်ပြီ၊ ခက်ခက်ခဲခဲလုပ်ခဲ့ပြီးပြီ လို့ မဆိုနိုင်ပါဘူး။ သေးဖွဲလွန်းတဲ့အလုပ်ဆိုတာ ထာဝရ မရှိသလို၊ ကျွမ်းကျင်မှု မလိုတဲ့အလုပ်၊ ငြီးငွေ့စရာကောင်းတဲ့အလုပ်ဆိုတာလည်းအမြဲတစေမရှိနိုင်ပါဘူး။

ပြောစမှတ်တွင်လောက်အောင် အောင်မြင်တဲ့ပုဂ္ဂိုလ်တွေဟာ သူတို့စွမ်းဆောင်မှုရဲ့အသီးအပွင့်ကလွဲပြီးကျန်အရာတွေက ရမယ့်ခံစားခွင့်အပေါ် အလေးထားလေ့မရှိပါဘူး။

(၄) အတွေ့အကြုံကို ဘေးဖယ်ထား အလုပ်ပြီးမြှောက်မှုသာ အလေးထား

မားကစ်တင်းနယ်ပယ်မှာ ၁၀ နှစ်ရှိပြီတဲ့လား။ ဘယ်နယ်မှာ ဘယ်လောက်ကြာကြာလုပ်ခဲ့သလဲ ဆိုတာအလေးထားစရာ မလိုပါဘူး။ အတွေ့အကြုံနှစ်ကာလတွေဟာ ဘာမှမဟုတ်တာမျိုးလည်းရှိတတ်ပါတယ်။ မားကစ်တင်းနယ်ပယ်တွင်း အညံ့ဆုံး ၀န်ထမ်းအဖြစ် ၁၀ နှစ်ကြာနေခဲ့သူလည်းဖြစ်နိုင်တာကိုး။

အောင်မြင်သူတွေက (ထိရောက်အောင်မြင်စွာ) အလုပ်ပြီးမြောက်မှုကိုပဲ အလေးထားကြပါတယ်။ကုန်ပစ္စည်းဘယ်နှမျိုးကို ဈေးကွက်ပေါက်အောင်၊ ရောင်းအားတက်အောင် စွမ်းဆောင်နိုင်ခဲ့သလဲ၊ပြိုင်ဘက်တွေထက်သာလွန်အောင် ဘာတွေလုပ်နိုင်သလဲ၊ ကပ်စ်တမာတွေကို ဘယ်လောက်အတိုင်းအတာအထိ ဆွဲဆောင်နိုင်သလဲ ... စတဲ့အချက်တွေက သာ အမှန်တကယ်အလေးထားစရာဖြစ်ပါတယ်။

(၅) အရှုံးဆိုတာ ကြုံလာတိုင်း လက်ခံရမယ့်အရာ

လူတွေကို ဘာကြောင့် သူတို့အောင်မြင်ရသလဲ မေးကြည့်တဲ့အခါ သူတို့အဖြေတွေမှာ “ကျွန်တော်.../ကျွန်မ်မ ...” ၊ “ကျွန်တော့်ကို .../ ကျွန်မကို ...””စတဲ့ နာမ်စားတွေနဲ့ ပြည့်နှက်နေတာကို သတိပြုမိပါတယ်။ တစ်ခါတလေမှာငာ “ကျွန်တော်တို့... / ကျွန်မတို့ ...” ဆိုတာမျိုး ကြပါတယ။်ဘာကြောင့် အရှုံးကြုံရတာလဲ လို့ မေးတဲ့အခါမှာတော့ အများစုက “ကလေး” ပြန်ဖြစ်သွားကြပြီး““ကျွန်တော့်ကြောင့် အရုပ်ကျိုးသွားတာဗျ”” လို့ မပြောဘဲ “ကျွန်တော့်အရုပ်တော့ ကျိုးပါပြီဗျာ” လို့ဖြေတတ်ကြပါတယ်။သူတို့က စီးပွားထိုင်းမှိုင်းတာ၊ ဈေးကွက်အသင့်မဖြစ်တာ၊ ပစ္စည်းထောက်ပံ့သူတွေ ပျက်ကွက်တာ လို့ပြောပါလိမ့်မယ်။ တစ်စုံတစ်ယောက်ကြောင့်၊ တစ်ခုခုကြောင့် လို့ ပြောပါလိမ့်မယ်။ သူတို့တွေဟာ အမှားကနေသင်ခန်းစာမယူကြသူတွေပါ။ တကယ်တော့ အောင်မြင်သူတိုင်း ရှုံးနိမ့်ဖူးသူတွေဖြစ်ပါတယ်။ ထိန်းချုပ်စီမံလို့မရနိုင်တဲ့ ပြင်ပကိစ္စရပ် တွေ ဖြစ်တတ်တာမို့ အောင်မြင်သူတိုင်းဟာ အကြိမ်ကြိမ် ရှုံးနိမ့်ဖူးတွေဖြစ်ပါတယ်။ဒါပေမယ့် လက်ရှိအချိန်မှာ ဘာကြောင့်အောင်မြင်တာပါလဲ၊ အရှုံးကို လက်ခံလို့ပါ၊ အရှုံးကနေ သင်ခန်းစာယူလို့ပါ။

(၆) မခိုင်းဘဲ လုပ်မှ ထာဝရ အနိုင်

ကိုယ့်ကိုရွေးချယ် တာဝန်ပေးတာမျိုးမဟုတ်တဲ့ကိစ္စတွေကို လက်မရှောင်ပါနဲ့။ ကိုယ်တိုင်ဆန္ဒပြုတောင်းဆိုတဲ့အခါတိုင်း လုပ်ခွင့်ပိုမိုရလာပါလိမ့်မယ်။ ဒါဟာ (အောင်မြင်လိုသူတွေ အတွက်) အခွင့်ထူးပါပဲ။ပိုမိုလုပ်ခွင့်ရလာရင် သင်ယူလေ့လာဖို့၊ အသိအမှတ်ပြုစေဖို့၊ ကျွမ်းကျင်မှုတွေ ပိုရလာဖို့၊ (လုပ်နိုင်တာထက်ကျယ်ကျယ်ပြန့်ပြန့်ပိုလုပ်နိုင်စေမယ့်) အဆက်အသွယ်သစ်တွေ တိုးပွားလာဖို့ စတဲ့အခွင့်အရေးတွေပိုမိုရရှိပါလိမ့်မယ်။အောင်မြင်မှုဟာ လုပ်ကိုင်ဆောင်ရွက်မှုအပေါ် အခြေခံပါတယ်။ ကိုယ်တိုင်ဆန္ဒပြုလုပ်ကိုင်လေလေလုပ်ခွင့်ရလာ လေလေပါပဲ။ အောင်မြင်သူတွေဟာ အခွင့်အလမ်းတွေကို ဖန်တီးနိုင်ဖို့ ရှေ့တိုးလုပ်ဆောင်တတ်ကြပါတယ်။

(၇) အများမသွားတဲ့ နေရာဆီ ရောက်အောင်သွား

အများမသွားတဲ့ “နေရာ” ဆီ ရောက်အောင်သွားမယ် လို့ လူအများပြောလေ့ရှိပါတယ်။ တကယ်တော့သူတို့ရောက် အောင်မသွားပါဘူး။ ဒီလိုနေရာဟာ ကျယ်ပြောသလောက် လူနေကျဲပါးတဲ့နေရာ၊အထီးကျန်တဲ့နေရာပါ။ စီမံခန့်ခွဲမှုပညာရှင် ဆရာမကြီးတစ်ဦးက ပြောခဲ့ဖူးပါတယ်။ အမြင့်ရောက်လေလေလူနည်းလေလေပါတဲ့။ ဒါကြောင့်လည်း ဒီလိုနေရာမှာ အခွင့်ကောင်းတွေအပြည့်ရှိနေတတ်ပါတယ်။ ကိုယ့်ကိုငွေပေးသူဟာ (အလုပ်ရှင်ဖြစ်ဖြစ်၊ ကပ်စ်တမာဖြစ်ဖြစ်) ကိုယ်ဘာလုပ်ရ မယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာပြောခွင့်ရှိသူမို့ ငွေပေးသူလုပ်စေချင်တာနဲ့ ကိုယ်တိုင်လုပ်ချင်တာနှစ်ခုကို ဟန်ချက်ညီညီချိန် ဆရင်းလုပ်ကိုင်ရပါမယ်။


Source: HR Journal

ဒီ့အတွက် ၀ီရိယစိုက်ထုတ်ပါ။ သူများထက် စောစောအလုပ်စ၊ သူများထက် နောက်ကျခံအလုပ်လုပ်၊လိုအပ်ရင် ဖုန်းအကြိမ်ရေ တိုးခေါ်၊ အီးမေးလ် စောင်ရေ ပိုပို့၊ ဆန်းစစ်လေ့လာချက်တွေ ပိုလုပ်ပါ။အမေးမစောင့်ပါနဲ့။ ကိုယ့်ဘက်က စတင်ကမ်းလှမ်းနိုင်အောင် လုပ်ပါ။ ၀န်ထမ်းတွေ လုပ်ရမှာကိုပြောရုံမပြောဘဲ၊ ကိုယ်တိုင်လုပ်ပြပါ၊ သူတို့နဲ့အတူ အလုပ်လုပ်ပါ။အချိန်တိုင်းမှာ တစ်ခုခု လုပ်နေပါ။ တခြားသူတွေ မလုပ်နိုင်တဲ့အလုပ် ဘာထပ်လုပ်နိုင်မလဲ စဉ်းစားပါ။သေချာတာ ကတော့ အများမလုပ်တဲ့အလုပ်မို့ ခက်ခဲပါမယ်။

လုပ်ငန်းခွင်အတွင်း မပြောသင့်သော အကြောင်းအရာများ



လုပ်ငန်းခွင်းအတွင်းမှာ မပြောသင့်သော အရာများ မြောက်မြားစွာ ရှိပါတယ်။ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်နဲ့ အကြောင်းအရင်းတစ်ခုကို မှားယွင်းစွာ ပြောမိပါက လုပ်ဖော်ကိုင်ဖက်များ ဆုံးရှုံးရတာတွေ၊ အပယ်ခံရတာတွေ၊ စိတ်မလုံတာတော့တာတွေ ဖြစ်လာနိုင်ပါတယ်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ကျီစယ်တာတွေက အချင်းချင်း ရင်းနှီးမှုတွေ၊ လုပ်ငန်းခွင်အတွက် အမောအပန်းတွေ ပြေစေနိုင်ပါတယ်။ ဒါပေမယ့် သေသေချာချာ မှတ်ထားရမှာက စည်းမကျော်ဖို့ပါပဲ။ ကျီစားသန်က ရန်များလှသည် ဆိုတဲ့ စကားပုံလည်း ရှိတယ် မဟုတ်ပါလား။

လူတိုင်းကတော့ ဒီလို ကျီစားလိုက်လို့ ရန်ဖြစ်ရတာတွေ၊ စိတ်မနှောက်အယှက်ဖြစ်ရတာတွေ ရှိပါတယ်။ ငါ အပါအဝင်ပါပဲ။ ငါတို့ စကြနောက်ကျတဲ့ အခါ လက်ခံနိုင်တဲ့ စကားလုံးတွေ ရှိသလို၊ လက်မခံနိုင်တဲ့ စကားလုံးတွေလည်း ရှိပါတယ်။ ဒီလို စကြရင်းနဲ့ စကားကျွံသွားတဲ့ အခါ ချက်ခြင်း မိမိစကား မှားသွားတယ်ဆိုတာကို သိနိုင်တဲ့ ခံစားချက်တွေ ရှိကြပါတယ်။

အကြောင်းအရာတစ်ခုကို မင်းရဲ့ လုပ်ဖော်ကိုင်ဖက်ကို ပြောပြခြင်းဟာ Kate Middleton နဲ့ Justin Bieber ရဲ့ ဝတ်လစ်စလစ် အခွေကို Facebook ဒါမှမဟုတ် Twitter တို့မှာ share ခြင်းထဲ ပိုပြီး မြန်ဆန်ပါတယ်။ သင်အမြဲတမ်း မှတ်ထားရမှာက လူတိုင်းဟာ ကောလဟာလ ပြောချင်းကို ဝါသနာပါကြပါတယ်။ ဒီထက်ပိုတာတွေက လူတိုင်းဟာ မိမိရဲ့ လုပ်ဖော်ကိုင်ဖက် အကြောင်းတွေကို အိမ်ပြန်ရောက်ရင် ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ တွေ့ရင် ဒီလူတွေရဲ့ အကြောင်း ပြောပြကြတဲ့ လူတွေပိုများပါတယ်။

ဒီအောက်က ၁၀ ချက်ကတော့ လုပ်ငန်းခွင်အတွင်း မပြောသင့်သော အကြောင်းအရာများ ဖြစ်ပါတယ်။

၁) Salary or money details

ပိုက်ဆံအကြောင်းကို လုပ်ငန်းခွင်ထဲမှာ ဘယ်တော့မှ မပြောပါနဲ့။ ပြီးတော့ သင့်ရဲ့ လစာ။ ပြီးတော့ သင်အိမ်မှာ ဘယ်လောက် ပိုက်ဆံသုံးနိုင်တာတွေ၊ သင့်အိမ်အကြောင်းတွေ၊ သင့်ရဲ့ နောက်ဆုံးပေါ် ပစ္စည်းတွေရော ပါပါတယ်။ ပိုက်ဆံအကြောင်း ပြောခြင်းဟာ မနာလိုမှုတွေ၊ စိတ်ခုစရာတွေကို ဖြစ်ပေါ်လာအောင် မောင်းတင်ပေးလိုက်တာနဲ့ အတူတူပါပဲ။

၂) Intimate details about your love and sex life

သင့်မှာ အချစ်အကြောင်းတွေ ရှိပါလိမ့်မယ်။ ကောင်းတာ ဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် ဘယ်တော့မှ သင့် လုပ်ဖော်ကိုင်းဖက်တွေကို မပြောမိပါစေနဲ့။

၃) Whether and how much alcohol you drink

အရက်နာကျလို့ ဆေးသောက်နေရတာပဲ ဖြစ်ဖြစ်၊ သင် ရဲ့ weekend super party က အလွန်အကျွံ သောက်လာလို့ပဲ ဖြစ်ဖြစ် သင် မအီမသာ ဖြစ်နေတဲ့ အချိန် အလုပ်မှာ ဒီလိုဖြစ်ခဲ့တယ် ဆိုတာ လူမသိအောင် နေသင့်ပါတယ်။ ဒါက လူကြီးလူကောင်းဆန်တဲ့ အရာမဟုတ်ပါဘူး။ ပြီးတော့ မှုးယစ်ဆေးနဲ့ ပတ်သတ်တဲ့ အကြောင်းတွေကို အလုပ်မှာ ယောင်လို့အောင် မစဉ်းစားမိပါစေနဲ့။

၎) Political views

လူတွေဟာ ဘာကြောင့် Obama ကို မဲပေးကြသလဲဆိုတာ မင်းစဉ်းစားခြင်စိတ် ပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဒီအကြောင်းကို မဆွေးနွေးမိပါစေနဲ့။ နိုင်ငံရေးဟာ လူတွေကို သွေးခွဲနိုင်သလို ဒီထက်ပိုဆိုးခဲ့ရင် ရုံးတွင်းမှာ မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

၅) Religious views

လူတိုင်းမှာ ယုံကြည်ချက် ကိုယ်စီရှိကြပါတယ်။ လူတိုင်းမှာ သူတို့ယုံကြည်တဲ့ ဘာသာတရား ရှိတယ်ဆိုတာ ကောင်းတဲ့ အရာပါ။ ဒါပေမယ့် စစ်ပွဲ အများစုဟာ ဒီလို ယုံကြည်ချက် မတူတာတွေကြောင့် ဖြစ်ပေါ်လာခဲ့တာကို သင်လည်း သိမှာပါ။ ဥပမာ - ခရူးဆိတ် စစ်ပွဲပေါ့

၆) Non-pic jokes

လူတိုင်းလူတိုင်း အလုပ်မှာ ဟာသတွေ ပြောရင်း ရယ်မောပျော်ရွင်ရတာ ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် ဒီလို ရယ်မောပျော်ရွင်ရတာဟာ လူတစ်ဦးတစ်ယောက်ကို နစ်နာစေလို စနောက်ပြီး ဖြစ်ပေါ်လာတဲ့ ရယ်မောပျော်ရွင်နိုင်ခြင်း မဖြစ်အောင် ဂရုစိုက်ရပါမယ်။ သင် တစ်ဦးတစ်ယောက်ကို ဟာသ တစ်ခုခုပြောတော့မယ် ဆိုရင် ဒီဟာသဟာ လူတစ်ဦးတစ်ယောက်ကို ထိနိုင်စေနိုင်သလား ဆိုတာကို ၂ ကြိမ်လောက် စဉ်းစားပြီးမှ ပြောသင့်ပါတယ်။

၇) Your Facebook account

လုပ်ငန်းခွင်မှာ သူငယ်ချင်းဖွဲ့ခြင်းဟာ ကောင်းတဲ့ အရာပါ။ ဒါပေမယ့် လုပ်ငန်းခွင်ထဲက သိပ်မရင်းနှီးတဲ့ လူတွေကို Facebook သူငယ်ချင်းဖွဲ့ခြင်းကတော့ ကောင်းတယ်ထင်တဲ့ အရာထဲမှာ မပါနိုင်ပါဘူး။ Linkedin ကိုတော့ ရုံးမှာ သိတဲ့သူတွေကော မသိတဲ့သူတွေကော invite လုပ်ပြီး ဆက်သွယ်ပါတယ်။ ဒါပေမယ့် Facebook မှာတော့ အရင်းနှီးဆုံး သူငယ်ချင်းတွေနဲ့ပဲ အဆက်အသွယ်လုပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတာ Facebook မှာ ရေးလိုက်တဲ့ Posts တွေ၊ Comments တွေ၊ ဓါတ်ပုံတွေဟာ လုပ်ငန်းခွင်က လူတွေအတွက် မသင့်လျှော်တာတွေ၊ လုပ်ငန်းခွင်အတွက် အနည်းနဲ့ အများထိခိုက်လာနိုင်တာတွေ ရှိလာနိုင်လို့ပါ။

အောင်မြင်စေမယ့် အလေ့အထ ၈ ချက်


အောင်မြင်သူတွေဟာ အကျပ်အတည်းကာလကို နည်းရာက ပိုမိုများပြားလာ ဖို့၊ငယ်ရာက ပိုမိုကြီးထွားလာဖို့အတွက်အပြောင်းအလဲလုပ်ရမယ့်ကာလအဖြစ်လက်ခံလေ့ရှိကြပါတယ်။

စီးပွားရေးလုပ်ငန်းတွေမှာ အအောင်မြင်ဆုံးပုဂ္ဂိုလ်တွေဟာ တခြားသူနဲ့မတူကွဲပြားခြားနားစွာ လုပ်ကိုင်လေ့ရှိကြပါတယ်။ သူတို့ဘယ်လိုလုပ်ကြတာလဲ၊ ဘာကြောင့် သူတို့လုပ်ကိုင်ပုံလုပ်ကိုင်နည်းဟာအောင်မြင်တာလဲဆိုတဲ့အချက်ကို ဆန်းစစ်ကြည့်တဲ့အခါ ထိုသူတို့ရဲ့အလေ့အထတွေကို စုစည်းထုတ်နုတ်ယူနိုင်ပါလိမ့်မယ်။

၁။ အထောက်အပံ့ပစ္စည်းတွေကို အားမထားပါနဲ့

အလုပ်တစ်ခုခုလုပ်တဲ့အခါ အပံ့အပိုးဖြစ်မယ့်အစီအစဉ်တွေချမှတ်ပြီး အဲဒီအစီအမံတွေရှိနေတဲ့အပေါ် အားကိုးအားထားပြုနေရင် အေးအေးဆေးဆေး “နှပ်”နေနိုင်ပါလိမ့်မယ်။ အကျပ်အတည်းကာလကြုံနေတာတောင် စိတ်ချလက်ချဖြစ်နေစေတတ်ပါတယ်။ တကယ်လို့ ““ဘုရင့်နောင် ဖောင်ဖျက်”” စိတ်ဓာတ်မျိုး၊ ငါ့မှာတော့ နောက်ထပ်ရွေးစရာအစီအစဉ် မရှိတော့ဘူး ဆိုတဲ့အနေအထားမျိုးဆိုရင်အချိန်အမြောက်အမြား ပိုပေး၊ ပိုပြီး အားထုတ်ကြိုးပမ်းမှာပါပဲ။ “ရွေးစရာမရှိ” ဆိုတဲ့အကျနာမယ့်အနေအထားမှာ အပြည့်အ၀နှစ်မြှုပ်လုပ်ကိုင်မှုကြောင့် အရင်က မဖြစ်နိုင်ဘူးလို့ ခံယူထားခဲ့တာထက်ပိုပြီး အားထုတ်ကြိုးပမ်းလုပ်ကိုင်နိုင်ပါလိမ့်မယ်။

တကယ်လို့ အဆိုးဝါးဆုံးအခြေအနေတစ်ခုခု တစ်နည်းနည်းနဲ့ ဖြစ်လာရင်““အဆိုးဝါးဆုံး”” ဆိုတာကလည်း ထင်ထားသလောက် ဘယ်တော့မှ မဆိုးရွားပါဘူး။ပြန်လည်ကောင်းမွန်လာစေမယ့် နည်းလမ်းတစ်ခုခုကိုရှာနိုင်မယ်လို့ ယုံကြည်ထားပါ။ ကြိုးစားအားထုတ်လုပ်ကိုင်နေသမျှကာလပတ်လုံး၊ အမှားတွေကနေသင်ခန်းစာယူ ပြုပြင်နေသမျှကာလပတ်လုံး အောင်မြင်မှုကို ဆုပ်ကိုင်နိုင်မယ့်လမ်းပေါ်မှာ မလွဲမသွေရှိနေပါလိမ့်မယ်။

၂။ အလုပ်အမြဲလုပ်ပါ

နည်းနည်းပါးပါး အားထုတ်လုပ်ရုံနဲ့အဆင်ပြေနိုင်သလို နည်းနည်းပိုပြီးထပ်အားထုတ်လုပ်ရုံနဲ့လည်း ပိုပြီး အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် ဒီလောက်အားထုတ်မှုပမာဏဟာ ဘယ်အရာမှာမှထူးချွန်စေမှာမဟုတ်ပါဘူး။ အမှန်တကယ်ထူးချွန်ပြောင်မြောက်ချင်ရင်တော့မလုပ်စဖူးလို့ ဆိုရလောက်အောင် စူးစူးနစ်နစ်ကြိုးပမ်းအားထုတ်ရပါမယ်။ ရှားရှားပါးပါး ထူးချွန်ပြောင်မြောက်သူ ဘယ်သူ့ကိုမဆို စေ့စေ့စပ်စပ်လေ့လာကြည့်ရင်ဒီအခြေဒီအနေရောက်အောင်ကိုယ့်ကိုယ်ကိုယ်ပျိုးထောင်ဖို့ အချိန်ပေါင်းများစွာ၊နေ့ရက်ကာလရှည်ကြာ အားထုတ်ကြိုးစားခဲ့တာကို သိမြင်ပါလိမ့်မယ်။ စစ်မှန်တဲ့အောင်မြင်မှုအတွက် ဖြတ်လမ်းမရှိပါဘူး။တစ်ကြိမ်တည်းနဲ့လည်း အောင်ပန်းမဆွတ်နိုင်ပါဘူး။ အောင်မြင်မှုအတွက် အချိန်နဲ့ကြိုးစားမှု ရင်းနှီးရတယ်ဆိုတာ လူတိုင်းလက်ခံကောင်း လက်ခံကြပေမယ့် ထူးထူးခြားခြားအောင်မြင်သူတွေကလွဲလို့ လူတိုင်းမလိုက်နာကြပါဘူး။

 ဒါကြောင့် အခုပဲ ကြိုးစားပမ်းစားလုပ်ဆောင်ပါ။ မဟုတ်ရင် အစားပြန်မရမယ့်အချိန်တွေ အလဟဿကုန်ဆုံးသွားပါလိမ့်မယ်။



၃။ ဆထက်ထမ်းပိုး ပိုပြီး အလုပ်လုပ်ပါ

““ရုံးဆင်းချိန်မှန်အောင်၊ အချိန်ပိုမလုပ်ရအောင်စီမံခန့်ခွဲနိုင်ပါစေ”” ဆိုတဲ့အကြံပေးချက်တွေကိုမေ့ထားပါ။ ဒီလိုအောင်မြင်စေမယ့် အလေ့အထအကြံပေးသူတွေအတွက် သူတို့နည်းသူတို့ဟန်နဲ့ အိုကေပေမယ့် အဲဒါက အအောင်မြင်ဆုံးဖြစ်ချင်သူအတွက်တော့ မဟုတ်ပါဘူး။ လျှမ်းလျှမ်းတောက် စွန့်ဦးတီထွင်လုပ်ငန်းရှင်တိုင်းဟာ သာမန်လူတွေထက်ပိုပြီး၊ အချိန်အများကြီး ပိုပေးပြီး အလုပ်လုပ်ကြသူတွေချည်းပဲဆိုတာ လေ့လာကြည့်ရင်သိနိုင်ပါတယ်။ သူတို့တွေမှာအပြီးသတ်သည်အထိ သူတို့လုပ်ချင်တဲ့“လုပ်ရန်စာရင်း” အရှည်ကြီးရှိနေတတ်ပါတယ်။ ဒါကြောင့်လည်း သူများတွေထက်ပိုပြီး အလုပ်လုပ်ချိန်အများအပြားပေးရတာပါ။ အခြေအနေတိုးတက်သထက်တိုးတက်လာတာတောင် အလုပ်လုပ်ချိန်များများပေးချင်နေတုန်းပါပဲ။

 အလုပ်အပေါ် စွဲစွဲနစ်နစ်မရှိရင်ကိုယ့်ပန်းတိုင်ရောက်ဖို့ အာသီသမပြင်းထန်သူ၊ ကိုယ့်ပန်းတိုင်အပေါ် တန်ဖိုးမထားသူ၊ ဒါမှမဟုတ် “အလွယ်တကူရနိုင်တဲ့ပန်းတိုင်ပါကွာ” ဆိုပြီး တခြားသူတွေက ယူဆမှာဖြစ်သလို ကိုယ်တိုင်လည်း ထူးထူးခြားခြားအောင်မြင်မှု ရတော့မှာမဟုတ်ပါဘူး။



၎။ အုပ်စုတွေကို ရှောင်ကြဉ်ပါ

လူအများရဲ့ သမားရိုးကျအသိအမြင်ဟာ သမားရိုးကျအကျိုးရလဒ်တွေကိုပဲပေးပါလိမ့်မယ်။ အုပ်စု၊ အဖွဲ့အစည်းတစ်ခုခုမှာ ရောရိရောရာပါဝင်တဲ့အခါဘယ်လောက်ပဲ အဲဒီအုပ်စုက အလားအလာကောင်းပါစေ၊ အခွင့်အလမ်းတွေများနေပါစေ သာမန်သူလို ငါလိုအနေအထားမျိုးပဲဖြစ်ထွန်းတတ်ပါတယ်။ လျှမ်းလျှမ်းတောက်အောင်မြင်သူတွေဟာလူအများမလုပ်တာမျိုးကို အလေ့အထအားဖြင့်လုပ်လေ့ရှိသူတွေပါ။ အပြိုင်အဆိုင်အလွန်နည်းပါးပြီး အောင်မြင်နိုင်ခြေ အလွန်မြင့်မားတဲ့အတွက် လူအများ“မသွားတဲ့လမ်း” ကိုမှ သူတို့က ယုံယုံကြည်ကြည်သွားချင်သူတွေပါ။



၅။ အဆုံးကနေ အစပြုပါ

သာမန်ကာလျှံကာအောင်မြင်မှုကိုဆန်းစစ်ကြည့်ရင် သာမန်ရည်ရွယ်ချက်တွေကနေအခြေခံပြီး ပေါ်ပေါက်လာကြောင်း မကြာမကြာတွေ့ရပါတယ်။ဒါကြောင့် ဘယ်လိုအောင်မြင်မှုမျိုး ကိုယ့်နယ်ပယ်မှာ အကောင်းဆုံး၊ တိုးတက်မှုအမြန်ဆုံး၊ ဈေးအချိုဆုံး၊ လုပ်ငန်းအကြီးဆုံးစသဖြင့် ဘာမဆို အမှန်တကယ်လိုချင်တာလဲဆိုတာ သေသေချာချာဆုံးဖြတ်ပါ။ ဆုံးခန်းတိုင်သည်အထိ ရည်ရွယ်ပါ။ ဘယ်နေရာ၊ ဘယ်အဆင့်မှာ ပြီးဆုံးချင်သလဲဆုံးဖြတ်ပါ။ ဒီလိုလုပ်ဆောင်မှုအဆင့်ဆင့်ဟာ ရည်မှန်းချက် ချမှတ်တာဖြစ်ပါတယ်။

 ပြီးတဲ့အခါ ရည်မှန်းချက်အောင်မြင်မှုဆီသွားရာလမ်းကို လက်ရှိ “နေရာ”ကတစ်ဆင့်ချင်းတစ်လှမ်းချင်းသွားပါ။ ရည်မှန်းချက်တွေနဲ့ပတ်သက်လာရင် အသေးအဖွဲကနေ ဘယ်တော့မှမစတင်ပါနဲ့။အန္တိမရည်မှန်းချက်ဟာ အဆုံးစွန်သောအောင်မြင်မှုဖြစ်လာတဲ့အခါ ကောင်းသထက်ကောင်းတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ပြီး ပိုပြီးကြိုးစားအားထုတ်လုပ်ကိုင်ဖို့လည်း ပိုမိုလွယ်ကူလာပါလိမ့်မယ်။



၆။ အောင်မြင်မှုမှာ မရပ်တန့်ပါနဲ့

ဘယ်လောက်ပဲ ကြီးမားတဲ့အောင်မြင်မှုကိုပိုင်ဆိုင်ပါစေ၊ လျှမ်းလျှမ်းတောက်အောင်မြင်လိုသူအတွက် နိဂုံးမဟုတ်သေးပါဘူး။ ကြီးမားတဲ့အောင်မြင်မှုတစ်ခုရရှိတာဟာ နောက်ထပ်အောင်မြင်မှုကြီးတစ်ခုခု ပိုင်ဆိုင်ဖို့အတွက် ရေခံမြေခံတစ်ခုဖန်တီးလိုက်တာပါပဲ။ ဒေါ်လာမီလီယံပေါင်းများစွာ တန်တဲ့လုပ်ငန်းတစ်ခုကိုဖန်တီးလိုတယ်ဆိုပါစို့၊ အဆက်အသွယ်တိုးပွားအောင်လုပ်တာ၊ သြဇာကျယ်ပြန့်အောင် ကရုဏာဖောင်ဒေးရှင်းတည်ထောင်တာတွေလုပ်နိုင်ပါတယ်။ ဒီ့နောက်မှာ လုပ်ငန်းရဲ့အောင်မြင်မှုနဲ့ လူသားချင်းစာနာထောက်ထားမှုကနေရလာတဲ့အောင်မြင်မှုဟာ ပြောနိုင်၊ ရေးနိုင်၊ တွေးနိုင်၊ ဦးဆောင်နိုင်မယ့် အုတ်မြစ်တစ်ခုကိုဖန်တီးပေးနိုင်ပါတယ်။ နယ်ပယ်တစ်ခုတွင်းအောင်မြင်မှုအတွက် လုပ်ဆောင်မှုအဆင့်ဆင့်ကနေတစ်ဆင့် တခြားနယ်ပယ်တွေမှာလည်း အောင်မြင်စေမယ့် ကျွမ်းကျင်မှုတွေ၊ ကွန်ရက်အဆက်အသွယ်တွေပေါ်ပေါက်စေပါလိမ့်မယ်။

 လျှမ်းလျှမ်းတောက် အောင်မြင်သူတွေဟာ “ပြိုင်ကွင်း” တစ်ခုတည်းမှာပဲအနိုင်ရဖို့ ကြိုးပမ်းသူတွေမဟုတ်ပါဘူး။သူတို့ဟာ ဆက်စပ်ရာ “ပြိုင်ကွင်းအသီးသီး”မှာ အောင်မြင်ဖို့ မျှော်မှန်းချက်ထားပြီးစီမံကြသူတွေဖြစ်ပါတယ်။



၇။ ဈေးကွက်တင်တတ်ပါ

လုပ်ငန်းရှင်တွေ၊ စီအီးအိုတွေကိုသူတို့အောင်မြင်မှုရဲ့အရေးအကြီးဆုံးသော့ချက်ဖြစ်တဲ့ ကျွမ်းကျင်မှုကို မေးမြန်းတဲ့အခါ ““ရောင်းတတ်တဲ့စွမ်းရည်”” လို့လူတိုင်းက ဖြေကြပါ တယ်။ “ရောင်းခြင်း”ဟာ သူတစ်ပါးကို ဖိအားပေးခြင်း၊ခြယ်လှယ်ခြင်း၊ ချော့မော့မြှောက်ပင့်နားချခြင်းမဟုတ်ဘူးဆိုတာကို လက်ခံရပါမယ်။ တကယ်တော့ “ရောင်းချခြင်း” ဟာဆုံးဖြတ်ချက်တစ်ခုခု၊ ဒါမှမဟုတ် အခြေအနေတစ်ခုခုဆိုင်ရာ အခြေခံတွက်ချက်မှုနဲ့ အကျိုးရလဒ်တွေပဲဖြစ်ပါတယ်။ ရောင်းချခြင်းဟာ တခြားသူတွေကို ကိုယ်နဲ့အတူ“အလုပ်”လုပ်အောင် ဆွဲဆောင်စည်းရုံးခြင်းဖြစ်သလို ငြင်းဆန်မှုတွေ၊ အထစ်အငေါ့တွေကို ကျော်ဖြတ်တာဖြစ်ပါတယ်။

 ရောင်းချခြင်းဟာ ဆွေးနွေးညှိနှိုင်းဖို့၊“ငြင်းဆန်မှု”ကို ဖြေရှင်းဖို့၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့နဲ့ ငြင်းဆန်မှုနဲ့ကြုံလာရင်တောင် စိတ်မပျက်အားမလျှော့ဘဲကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားဖို့၊ လူအမျိုးမျိုးနဲ့ ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုနိုင်ဖို့၊ ရေရှည်ဆက်နွှယ်မှုတည်ဆောက်ဖို့စတဲ့ လုပ်ငန်းနဲ့ ပုဂ္ဂိုလ်ရေးရာအောင်မြင်မှုတို့ရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။

 ကိုယ့်စိတ်ကူးကိုပဲဖြစ်ဖြစ်၊ ကိုယ့်ကုမ္ပဏီကိုပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုယ်ပဲဖြစ်ဖြစ် ကိုယ်တိုင်စစ်စစ်မှန်မှန် ယုံကြည်တဲ့အခါ အတ္တမာန၊ ကိုယ်ရည်ကိုယ်သွေးတွေ ကြီးကြီးမားမားထားစရာမလိုတော့ပါဘူး။ ““ရောင်းချဖို့မလိုအပ်”” ဆက်သွယ်ပြောဆိုဖို့သာ လိုအပ်ပါလိမ့်မယ်။

၈။ မာန်မတက်ပါနဲ့

အမှားလုပ်ပြီးရင် မှားကြောင်း ၀န်ခံပါ။ ၀မ်းနည်းကြောင်းပြောပါ။ ရည်မှန်းချက်စိတ်ကူး ကြီးကြီးမားမားထားပါ။ ကိုယ့်အောင်မြင်မှုမှာ တခြားသူတွေရဲ့ကျေးဇူးမကင်းကြောင်း လက်ခံပါ။ လိုအပ်လာရင်ကိုယ့်ကိုယ်ကိုယ် သရော်လှောင်ပြောင်ပါ။ကိုယ်ချည်းပဲ တော်လှချေရဲ့မလုပ်ပါနဲ့။ တခြားသူထံ အကူအညီတောင်းပါ။ ရှုံးနိမ့်မှုဖြစ်လာရင် လက်ခံပါ။ ပြီးထပ်ကာထပ်ကာ ကြိုးစားအားထုတ်ပါ။

Source: HR Journal