အလားအလာရှိတဲ့ ခေါင်းဆောင်း
လက်ရှိအဖွဲ့အစည်းမှာ Middle level manager အဖြစ် အလုပ်လုပ်ခဲ့တဲ့ ဒီတစ်နှစ်ခွဲကာလအတွင်း အကြီးမားဆုံးအခက်အခဲက ဘာလဲဆိုရင် Front line manager တွေကို ဘယ်လိုမျိုး စွမ်းဆောင်ရည်မြှင့်ပေးရမလဲ ဆိုတာပါပဲ။ သူတို့ တော်ရင်တော်သလောက် လုပ်ငန်းတွေ သိသိသာသာ အောင်မြင်လာတတ်ကြတာမို့ အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်လို ဒေသလေးတစ်ခုလောက် တာဝန်ယူရသူတောင် ဒီလောက်ဆိုရင် တစ်နိုင်ငံလုံးကို ဦးဆောင်ရသူဆို ဘယ်လိုများနေမလဲ။ တကယ်တော်တဲ့ မန်နေဂျာတစ်ယောက်ကို တွေ့ပြီဆို လုပ်ငန်းရှင်တွေဟာ လက်လွတ်မခံနိုင်ကြလို့ လစာကောင်းကောင်းပေးဖို့ လက်မတွန့်ကြဘူး ဆိုပြီး လုပ်ငန်းရှင်တစ်ယောက် ရေးဖူးတာလေး သွားသတိရမိပါတယ်။
ခုလို နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ပိုဝင်လာတော့မယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုများလာတော့မယ့် အချိန်မျိုးမှာဆို ကိုယ့်မှာသာ ခေါင်းဆောင်မှုအတွေ့အကြုံနဲ့ အရည်အချင်းတွေ ကောင်းကောင်းရှိထားရင် သူများထက် ခေါင်းတစ်လုံးသာနေမှာ အမှန်ပါပဲ။
ဒါဖြင့် အလားအလာရှိတဲ့ခေါင်းဆောင် (Potential Leader) တစ်ယောက်မှာ ဘယ်လိုအရည်အသွေးတွေ ရှိနေဖို့ လိုမလဲ
၁။ ကိုယ်ကျင့်သိက္ခာ (Character)
ခေါင်းဆောင်တစ်ယောက်ရဲ့ အရေးကြီးဆုံးအရည်အသွေးလို့ ပြောရပါမယ်။ အကျင့်စာရိတ္တလို့ ဘာသာပြန်လိုက်ရင် ငွေကြေးအရှုပ်အရှင်းကင်းတာလောက် ထင်သွားမှာစိုးလို့၊ ကိုယ်ကျင့်သိက္ခာ လို့ ရေးလိုက်တာပါ။ ရိုးသားတာ၊ ဖြောင့်မတ်တာ၊ ရပ်တည်ချက်ခိုင်မာတာ၊ အပြောနဲ့အလုပ်ညီတာ၊ ကိုယ့်ကိုကိုယ်ထိန်းသိမ်းနိုင်စွမ်းရှိတာ၊ ပရော်ဖက်ရှင်နယ် ပီသတာ၊ ကျင့်ဝတ်ကို လေးစားတာ၊ ဒါတွေအကုန်လုံး အကြုံးဝင်ပါတယ်။
မတတ်တာ သင်ပေးလို့ရပါတယ်။ ကိုယ်ကျင့်တရား မကောင်းတာက ပြင်ဖို့ခက်ပါတယ်။ အဲဒီလိုလူမျိုးဟာ အဖွဲ့အစည်းတစ်ခုလုံးအတွက် တကယ့်အားနည်းချက် ဖြစ်လာနိုင်ပါတယ်။
လူတစ်ယောက် တတ်မတတ်၊ သိမသိကို အလွယ်တကူ အကဲဖြတ်လို့ ရပေမဲ့ ကိုယ်ကျင့်သိက္ခာကို သိနိုင်ဖို့ကျ မလွယ်ပါဘူး။ ဒါပေမဲ့ ဒီအချက်တွေနဲ့တော့ ခန့်မှန်းကြည့်လို့ ရပါတယ်။
-အခြေအနေတစ်ခု၊ အထူးသဖြင့် အမှားတစ်ခု၊ ရှုံးနိမ့်မှုတစ်ခုကို တာဝန်ယူတတ်သူလား၊
-ပေးထားတဲ့ ကတိတွေ တည်တတ်သလား၊
-ယူထားတဲ့ တာဝန်တွေ လေးစားတတ်သလား၊
-လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးအခြေအနေ ဘယ်လိုရှိလဲ၊ သူများကိုလုပ်ခိုင်းပြီး နာမည်ကောင်းဝင်ယူတတ်သူမျိုးလား၊ ကိုယ့်ထက်မြင့်သူဆို ဖားတတ်သလောက် နိမ့်တဲ့သူဆို နှိမ့်ချဆက်ဆံတတ်တဲ့သူမျိုးလား။
ဒီလိုအချက်တွေက တိတိကျကျ မဟုတ်တောင် လူတစ်ယောက်ရဲ့ ကိုယ့်ကျင့်သိက္ခာကို အထိုက်အလျောက်တော့ ပြောပြပေးနိုင်ပါတယ်။
၂။ လွှမ်းမိုးနိုင်မှု (Influence)
ခေါင်းဆောင်မှန်ရင် ရှိကိုရှိထားရမဲ့ အချက်နှစ်ချက်ရှိပါတယ်။
၁) သူ ဘယ်သွားချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားရမယ်
၂) အဲဒီကိုရောက်ဖို့ သူနဲ့အတူ လိုက်မဲ့သူတွေကို လွှမ်းမိုးနိုင်စွမ်း ရှိရမယ်။
လွှမ်းမိုးနိုင်တယ်ဆိုတာမှာလည်း Positional power ဆိုတဲ့ ရာထူးအရ၊ လုပ်ပိုင်ခွင့်အရ လွှမ်းမိုးနိုင်တာမျိုးထက် Personal power လို့ ဆိုရမဲ့ အရည်အချင်းနဲ့ စိတ်ဓါတ်ပိုင်းကြောင့် လွှမ်းမိုးနိုင်တာမျိုးက ပိုအရေးကြီးပါတယ်။
၃။ အကောင်းမြင်စိတ် (Positive attitude)
လူတစ်ယောက်ရဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုကို အဓိကအဆုံးအဖြတ်ပေးတာ အဲဒီစိတ်ပါပဲ။ အဆိုးမြင်တတ်သူဟာ အခွင့်အလမ်းတိုင်းကို စိန်ခေါ်မှုလို့မြင်တယ်၊ အကောင်းမြင်တတ်သူက စိန်ခေါ်မှုတိုင်း၊ အခက်အခဲတိုင်းကို အခွင့်အလမ်းလို့မြင်တယ်။ အဆိုးမြင်တတ်သူက ရှုံးနိမ့်မှုတစ်ခုကို စိတ်ပျက်တယ်၊ ဒေါသထွက်တယ်။ အကောင်းမြင်တတ်သူကတော့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်တယ်၊ အမှားကနေ သင်ခန်းစာယူတယ်၊ ပြီးတော့ ရှေ့ဆက်တယ်။ အဲဒီအကောင်းမြင်တတ်တဲ့စိတ်ဟာ လူမှုဆက်ဆံရေးကောင်းဖို့အတွက်လည်း မဖြစ်မနေ လိုအပ်ပါတယ်။
၎။ လူမှုရေးစွမ်းရည် (Excellent people skill)
လူတွေကို ဘယ်လောက်လှုံ့ဆော်နိုင်တယ်၊ နားလည်ပေးနိုင်တယ်၊ သူတို့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ဘယ်လောက်ထိ ထုတ်ယူနိုင်တယ်ဆိုတဲ့ အရည်အသွေးတွေ ဖြစ်ပါတယ်။ လူတွေဟာ အရည်အချင်းရှိတဲ့သူတစ်ယောက်ကို တွေ့ရင် လေးစားကြတယ်ဆိုပေမဲ့ ကိုယ့်ရဲ့ခေါင်းဆောင်အနေနဲ့တော့ မသတ်မှတ်ကြပါဘူး။ People skill မြင့်သူများနောက်ကိုသာ ယုံယုံကြည်ကြည် လိုက်လေ့ရှိကြပါတယ်။ ကမ္ဘာကျော်သူဌေးကြီး Andrew Carnegie က Charles Schwab ဆိုသူကို သူ့ကုမ္ပဏီမှာ လစာငွေမြောက်မြားစွာ ပေးပြီး ခန့်အပ်ထားခဲ့တာဟာ သူ့မှာရှိနေတဲ့ အဲဒီစွမ်းဆောင်ရည်ကို လိုချင်တာကြောင့်ပါ။
၅။ ကိုယ့်အစွမ်းအစကိုယ် သိရှိခြင်း (Evident gift)
လောကမှာ တော်တဲ့သူနဲ့ ညံ့တဲ့သူ ရယ်လို့ မရှိပါဘူး။ ဘုရားသခင် လက်ဆောင်ထည့်ပေးလိုက်တဲ့ အရည်အသွေးတွေကို ရှာဖွေတွေ့ရှိပြီးတဲ့သူနဲ့ မတွေ့ရှိသေးတဲ့သူပဲ ရှိပါတယ်တဲ့။
ဒါကြောင့် ဘ၀မှာ တစ်စုံတစ်ယောက်ဖြစ်လာချင်ပါတယ် ဆိုတဲ့သူတွေကို (၄)မျိုးခွဲလို့ရပါတယ်။
Never be - သူစိတ်ဝင်စားရာ၊ အားသန်ရာနဲ့ လုပ်နေရတဲ့အလုပ်နဲ့ ကိုက်ညီမှုမရှိတာကြောင့် ဒီအလုပ်မှာ ဘယ်လိုမှ မအောင်မြင်နိုင်တဲ့သူ ဖြစ်ပါတယ်။ ဘုရားသခင်ထည့်ပေးလိုက်တဲ့ အရည်အချင်းကို ရှာမတွေ့သေးတဲ့သူမျိုးပေါ့။
Could be - သူကတော့ သူများထက်သာတဲ့ အားသာချက်ရှိတယ်ဆိုပေမဲ့ စည်းကမ်းပိုင်း အားနည်းမှုကြောင့် ဖြစ်သင့်သလောက် ဖြစ်မလာသေးတဲ့သူမျိုး ဖြစ်ပါတယ်။
Should be - သူကတော့ ပင်ကိုယ်ပါရမီ ပါပေမဲ့ လုံလောက်တဲ့သင်ယူမှု မရသေးတဲ့သူ ဖြစ်ပါတယ်။
Must be - သူကတော့ ရှိထားရမဲ့ အသိ၊ အတတ်၊ ခံယူချက်တွေ ကောင်းကောင်းရှိထားပြီးဖြစ်လို့ လုပ်ပြဖို့အခွင့်အရေးသာ လိုနေတော့တဲ့သူမျိုး ဖြစ်ပါတယ်။ အလားအလာရှိတဲ့ခေါင်းဆောင် ဆိုတာ ဒီလိုလူမျိုးကို ခေါ်တာဖြစ်ပါတယ်။
၆။ လုံလောက်တဲ့ အတွေ့အကြုံနဲ့ သင်ခန်းစာယူမှု (Proven track record)
အလုပ်အတွေ့အကြုံ ဘယ်လောက်လဲဆို ဘယ်နှနှစ်ရှိပြီဆိုတာမျိုး ပြောတတ်ကြပေမဲ့ တိတိကျကျ ဘာအခက်အခဲတွေ ကြုံဖူးလဲ၊ ဘယ်လိုတွေ ကျော်လွှားခဲ့ဖူးလဲ မေးရင်တော့ မဖြေနိုင်ကြတော့ပါဘူး။ ဘာလို့ဆိုတော့ အခက်အခဲတွေကို ရှောင်ခဲ့၊ ပုန်းခဲ့ကြတယ်။ မလွဲမသွေဆိုလည်း ကြုံနေတုန်းခဏပဲ၊ ဘာသင်ခန်းစာမှ မယူလိုက်ကြဘူး၊
ခေါင်းဆောင်ကောင်းဖြစ်မယ့်သူကတော့ အခက်အခဲကို မကြောက်ဘူး၊ ရင်ဆိုင်တယ်၊ ကျော်လွှားတယ်၊ သင်ခန်းစာယူတယ်၊ ထပ်ကာထပ်ကာ မှားနေတယ်ဆိုတာ မရှိဘူး။ သူတို့ရဲ့စွမ်းဆောင်ရည်ကို မှတ်ကျောက်တင်ခံပြီးကြောင်း ရာဇ၀င်တွေ သူတို့မှာ ရှိနေတတ်ကြတယ်။
၇။ ယုံကြည်မှု (Confidence)
သူတို့တွေဟာ ဘယ်လောက်ဆိုးတဲ့ အခြေအနေမျိုးမှာပဲဖြစ်ဖြစ် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်စွမ်း ရှိကြတယ်။ အောင်ကိုအောင်မြင်ရမယ်လို့ ယုံကြည်ထားကြတယ်။ မိမိကိုယ်မိမိယုံကြည်မှု မရှိတဲ့သူနောက်ကို ဘယ်သူကမှ မလိုက်ချင်ပါဘူး။ ကျိန်းသေရှုံးမယ့် တိုက်ပွဲကို အနိုင်တိုက်ခဲ့သူတွေ၊ မဖြစ်နိုင်တဲ့ အောင်ပွဲတစ်ခုကို ရယူနိုင်ခဲ့သူတွေအားလုံးဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့ ခေါင်းဆောင်တွေကသာ ပုံဖော်ခဲ့တာချည်းပါပဲ။
၈။ စည်းကမ်းထိန်းသိမ်းနိုင်မှု (Self-discipline)
အောင်မြင်မှုဆိုတာ မတော်တဆ တိုက်ဆိုင်ပြီး ရလာတယ်ဆိုတာ မရှိပါဘူး။ စစ်မှန်တဲ့ အောင်မြင်မှုတိုင်းဟာ စနစ်တကျ တည်ဆောက်ယူရပါတယ်။ အဲဒီအတွက် မဖြစ်မနေလိုလာတာက မိမိကိုယ်မိမိ ထိန်းသိမ်းနိုင်စွမ်းရှိဖို့၊ စည်းကမ်းရှိဖို့ပါပဲ။ မိမိရဲ့ခံစားချက်တွေကို ထိန်းချုပ်နိုင်ရမယ်။ တခုခုကို လေ့လာနေချိန်မှာ ပျော်ချင်ပါးချင်စိတ်တွေကို ချုပ်တည်းနိုင်ရမယ်၊ အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ရမယ်။ လုပ်ငန်းခွင်ရောက်တဲ့အခါ ပရော်ဖက်ရှင်နယ် ပီသရမယ်။ အဲဒီလို ထိန်းသိမ်းနိုင်စွမ်း မရှိတဲ့သူ၊ စိတ်အလိုလိုက်တတ်သူဟာ ဘ၀မှာ အောင်မြင်လည်း ခဏပါပဲ။
၉။ လူမှုဆက်ဆံရေးစွမ်းရည် (Effective communication skill)
ဒီအရည်အသွေးမရှိဘဲ ခေါင်းဆောင်ဖြစ်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ကိုယ်လုပ်ချင်တဲ့ကိစ္စတွေ၊ ဖြစ်ချင်တဲ့အောင်မြင်မှုတွေအကြောင်းကို နောက်လိုက်တွေ သဘောပေါက်အောင် ပြောပြပေးနိုင်ရမယ်၊ သူတို့စိတ်ဓါတ်ကို အကောင်းဆုံး လှုံ့ဆော်ပေးနိုင်ရမယ်။ နောက်ပြီး နောက်လိုက်တွေရဲ့အမြင်၊ အခက်အခဲနဲ့ ခံစားချက်တွေကိုလည်း နားထောင်ပေးနိုင်ရမယ်။
၁၀။ လက်ရှိအခြေအနေပေါ် ကျေနပ်မနေခြင်း(Discontent with status quo)
ခေါင်းဆောင်ကောင်းတွေဟာ လက်ရှိစွမ်းဆောင်ရည်အပေါ်မှာ ကျေနပ်နေတာထက် ဒီထက် ဒီထက် ပိုကောင်းအောင် ငါတို့လုပ်နိုင်သေးတယ်လို့ ခံယူထားကြသူများ ဖြစ်ပါတယ်။ ကိုယ့်အလုပ်မှာ အကောင်းဆုံး စီမံခန့်ခွဲနိုင်တဲ့ မန်နေဂျာကောင်းတွေ ရှားပါးလှပါတယ်။ အနာဂတ်အမြင်ရှိပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ risk ယူရဲ၊ စိန်ခေါ်ရဲ၊ ရှေ့ဆက်ရဲတဲ့ ခေါင်းဆောင်မျိုးကတော့ ပိုလို့တောင် ရှားပါသေးတယ်။
အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေဟာ အနာဂတ်ခေါင်းဆောင်အဖြစ် ဘယ်သူတွေကို ရွေးရမလဲဆိုရင် ခုပြောခဲ့တဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး ရွေးချယ်ကြမှာပါ။ ဒါကြောင့် ဒီအရည်အချင်းတွေဟာ အနာဂတ်မှာ ခေါင်းဆောင်ဖြစ်ချင်သူတိုင်း ပြင်ဆင်ထားရမယ့် အရာတွေဆိုလည်း မမှားပါဘူး။
From : Min Yar Pyae
Source : ဒေါက်တာဖြိုးသီဟ
(မှတ်ချက် - John C. Maxwell ၏ Equipping စာအုပ်ထဲမှ အချက်အလက်များကို အဓိကထားပြီး ဘာသာပြန်ရေးသားထားခြင်း ဖြစ်ပါသည်)
No comments:
Post a Comment