Tuesday, June 2, 2015
Linkedin ကို professional ပီသစွာ သုံးရအောင်
LinkedIn မှာ သင့်ကိုယ်သင် ဘယ်လို ပရိုမိုးရှင်းလုပ်မလဲ။
အခု နောက်ပိုင်း မြန်မာပြည်မှာလည်း LinkedIn အသုံးပြုသူတွေ တစ်နေ့ ထက် တစ်နေ့ များပြားလာပါတယ်။ ဒါ့အပြင် linkedIn ပေါ်ကနေ ၀န်ထမ်းခေါ်ယူမှုတွေ လည်း တော်တော်များများ ရှိလာတာကို တွေ့ ရတယ်။ ၀န်ထမ်းခေါ်ယူတဲ့ အခါမှာလည်း company linkedIn account တွေကနေ ခေါ်ယူတာအပြင် HR professional တွေကလည်း သူတို့ linkedin မှာ ကြေငြာပြီး ခေါ်ယူတာ တွေ့ ရပါတယ်။ ဒီထက်ပိုပြီး ထူးခြားတာကတော့ passive job seekers တွေကို လိုက်ရှာတဲ့ recruiters (Head hunters) တွေလည်း မြန်မာပြည်မှာ ရှိလာပါပြီ။ head hunters ကို အလွယ်ဆုံး အဓိပ္ပါယ် ဖွင့်ဆိုရယင်တော့ Head hunters တွေဟာ သူတို့ ရဲ့  network ထဲ မှာ ရှိတဲ့ အရည်းအချင်း ရှိတဲ့သူတွေကို လေ့လာထားမယ်။ ချိတ်ဆက်ထားမယ်။ တကယ်လို့ သူတို့ ကို company တစ်ခုခု က ၀န်ထမ်းခေါ်ဖို့ အလုပ်လာအပ်တဲ့အခါမှာ ခုနက လေ့လာ ချိတ်ဆက်ထားတဲ့ သူတွေထဲ က သင့်တော်မယ့်သူကို ဆက်သွယ်ပြီး သူတို့  ဆီမှာ အပ်ထားတဲ့ အလုပ်မှာ ပြောင်းလုပ်ချင်လာအောင် စည်းရုံးတဲ့ မျိုးတွေပေါ့။ အဲ့ဒီလိုမျိုး Head hunters တွေ က သင့်ကို ဂရုပြုမိဖို့ အတွက် သင့် ရဲ့  linkedIn profile က သူတို့ ကို ဆွဲဆောင်နိုင်ဖို့ လိုပါတယ်။ အဲ့ဒီလို ဆွဲဆောင်နိုင်ဖို့ ၊ ကိုယ့်ကို လူသိများဖို့ ဘယ်လို promote လုပ်ကြမလဲ။ အောက်မှာ ဆက်လက်ဖတ်ရှုကြည့် ပါ ခင်ဗျာ။
၁။ သင့်ကို လာပြီး invite သမျှ ကို လက်ခံခြင်းမှ ရပ်လိုက်ပါ။
LinkedIn က professional network တစ်ခုပါ။ ဖေ့ဘွတ်လို့ မျိုး မဟုတ်ပါဘူး။ ဖေ့ဘွတ်မှာတောင် အပြင်မှာ မသိယင် လက်မခံသင့်ပါဘူး။
LinkedIn မှာ တစ်ယောက်ယောက်က လာ add ထားယင် အရင်ဆုံးလုပ်ရမှာက သူ့ profile ကို ကြည့်လိုက်ပါ။ သူ က ဘယ်သူလဲ။ ကိုယ်နဲ့ professional တူလား။ တကယ်လို့ professional တူတယ်ဆိုယင်တော့ လက်ခံလို့ ရပါတယ်။ အဲ့ဒီလိုမှ မဟုတ်ပဲ သင်က computer programmer၊ လာပြီး Invite ထားတဲ့သူက သတ္တု တူးဖော်ရေးသမားဆိုယင် professional ချင်း စပ်ဆက်ဖို့ ရာ ဝေးလွန်းပါတယ်။ ဒါဆိုယင် လက်မခံပါနဲ့ တော့။
ဘာဖြစ်လို့ လက်မခံရတာလဲဆိုတော့ သင့်အနေနဲ့ computer field မှာလုပ်နေတယ်ဆိုယင် သင့်ရဲ့  network ကို computer field နဲ့ စပ်နွယ်တဲ့ network ထဲကို များများ ချဲ့ ထွင်ဖို့ လိုပါတယ်။ အကုန်ရောထွေးနေတဲ့ သင့် network မှာ မှန်ကန်တဲ့ အဆက်အသွယ်ကို ရှာဖို့ ရာ ခက်ခဲသွားပါမယ်။ နောက်တစ်ခုကတော့ LinkedIn က သင့်ရဲ့  CV နဲ့ တူတူပါပဲ။ ဒါကြောင့် သင့်ကိုယ်ရေး ကိုယ်တာ အချက်အလက်တွေကို အခြားသူတွေကို အလွယ်တကူ ပေးမသိစေချင်ပါနဲ့ ။ ကိုယ်နဲ့ သက်ဆိုင်တဲ့ သူပဲ သိပါစေ။
၂။ လူတိုင်းကို လိုက်ပြီး invite မလုပ်ပါနဲ့ ။
အပေါ်က လိုမျိုးပါပဲ။ သင်က လူတိုင်းကို လက်မခံသင့်သလို သင့်အနေနဲ့ လည်း လူတိုင်းကို လိုက်ပြီး invite တာမျိုး မလုပ်သင့်ပါဘူး။ သင်နဲ့ သိတဲ့လူ၊ ဒါမှ မဟုတ် သင့်ရဲ့  professional နယ်ပယ်ထဲက လူတွေကို ပဲ invite လုပ်သင့်ပါတယ်။
အဲ့ဒါဆိုယင် သင့်ရဲ့  တိကျတဲ့ professional network ဟာ တဖြည်းဖြည်း ကျယ်ပြန့် လာပါလိမ့်မယ်။
(မှတ်ချက်။ ။ LinkedIn profile မှာ တင်ထားတဲ့ ပုံလေးက လန်းလို့ ဆိုပြီးလည်း invite မလုပ်ပါနဲ့ ။ လုပ်ချင်ယင် အဲ့ဒီ profile နာမည်နဲ့ ဖေ့ဘွတ်ကို ရှာကြည့်ပါ။ ဖေ့ဘွတ် ပေါ်မှာ ပဲ invite လုပ်ပါ။ လက်ခံတာ မခံတာတော့ နောက်တစ်ပိုင်းပေါ့၊ LinkedIn ကို professional အတွက်ပဲ သုံးဖြစ်ပါစေ)
၃။ Anonymous viewing ကို ရှောင်ကြဉ်ပါ။ ကြည့်ချင်တယ်ဆိုယင် သင်ဘယ်သူဆိုတာ ဖော်ပြပြီး ကြည့်လိုက်ပါ။
LinkedIn မှာ အခြားသူ အကောင့်ကို သင်ဝင်ကြည့်တဲ့ အခါ အခြား သူက သင်ဝင်ကြည့်တယ်ဆိုတာကို သိပါတယ်။ ဒါပေမယ့် အဲ့ဒီလို မသိစေချင်ယင် anonymous view ကို သုံးလို့ ရပါတယ်။ သင့်နာမည် မပေါ်တော့ပါဘူး။ ဒါပေမယ့် သင့်နဲ့ နီးစပ်တဲ့ အချက်အလက်တော့ ပေါ်ပါတယ်။ ဥပမာ သင်က KBZ bank မှာ customer services လုပ်တယ်ဆိုပါစို့ ။ anonymous view နဲ့ ကြည့်ယင် customer services expert from banking industry ဆိုတာ မျိုး ပဲ ပေါ်အောင်လုပ်လို့ ရပါတယ်။
ဒါပေမယ့် ဒါမျိုးလုပ်ဖို့ ကို အားမပေးပါဘူး။ ရဲရဲဝင့်ဝင့် သာ anonymous view ကိုပိတ်ပြီး ကိုယ်ကြည့်ချင်တဲ့ profile ကိုကြည့်လိုက်ပါ။ သင့်နာမည် ပေါ်ပါစေ။ ဒါဆိုယင် တစ်ဖက်က သူကလည်း သင့်ကို ပြန်ပြီး စိတ်ဝင်စားပြီး ပြန်ကြည့်မှာပါ။ အဲ့ဒီအခါမှာ သင့်ရဲ့ အရည်အချင်းကို ဖော်ပြဖို့ ရာ အခွင့်အရေးပေါ်လာပါပြီ။
၎။ အပြန်အလှန်ဆက်သွယ်မှု ကို မြှင့်တင်ပါ။
သင့်နဲ့ connect ဖြစ်နေတဲ့ သူတွေ တင်တဲ့ update တွေကိုဖတ်ပါ။ သဘောကျလျှင် like ပါ။ ၀င်ရောက် ဆွေးနွေးပါ။ သင်မှာ အရည်အချင်း ရှိတယ်ဆိုတာကို ပေါ်လွင်အောင်ပြပါ။ (ဘလိုင်းကြီး ဆရာကြီး ၀င်လုပ်ခိုင်းတာ မဟုတ်ပါ။အချို့ အချို့ ရှိပါတယ်။ အခြားသူ တင်ထားတဲ့ post အောက်မှာ မိမိ ဘယ်လောက်တတ်ကြောင်း ရာထူးရှိကြောင်း ပေါ်လွင်အောင် ၀င်ရောက်ရေးတဲ့ comment မျိုးတွေ တွေ့ ဖူးပါတယ်)
အဲ့ဒီလိုလုပ်ခြင်း အားဖြင့် သင့်ကို သူတို့ တွေရဲ့  စိတ်ထဲမှာ မှတ်ထားပါလိမ့်မယ်။ မှတ်မိနေပါလိမ့်မယ်။
၅။ သင့်ရဲ့  profile address (URL) ကို linkedin က ဖန်တီးပေးတဲ့ အတိုင်း မထားပဲ စိတ်တိုင်းကျ ပြောင်းယူပါ။ ဥပမာ linkedin profile လုပ်လိုက်ယင် သင့်ရဲ့  profile address ကို Linkedin က အလိုအလျောက်ဖန်တီးပေးလိုက်ပါတယ်။ အောက်မှာ ကျွန်တော့် LinkedIn account နဲ့  ဥပမာ ပြထားပါတယ်။
စစချင်း ဒီလို ပေးထားပါလိမ့်မယ်။ https://www.linkedin.com/pub/aung-hein/70/993/328
အဲ့ဒါအစား ဒီလို ပြောင်းလိုက်လို့ ရပါတယ်။ https://www.linkedin.com/in/aunghein
ဘယ်လိုပြောင်းမလဲဆိုယင်တော့ သင့်ရဲ့  public profile ကို သွားလိုက်ပါ။ ပြီးယင် ညာဘက် screen မှာ Create a Custom URL ဆိုတာ ရှိပါတယ်။ အဲ့ဒီမှာ ၀င်ပြီး ပြောင်းလိုက်လို့ ရပါတယ်။ ဒါဆိုယင် သင့်ရဲ့  profile ကို ရှာရတာ ပိုပြီးလွယ်သွားပါပြီ။ ဂဏန်းတွေ မပါတော့ပါဘူး။
၆။ သင့်မှာ website (သို့ ) blog ရှိယင် သင့်ရဲ့  linkedin profile ကို ကြေငြာပါ။ ဥပမာ ပြရယင်တော့ အပေါ်မှာ ကျွန်တော့် Linkedin profile ကို Share ထားသလို မသိမသာ ကြေငြာတာပေါ့။
၇။ သင့်ရဲ့  Profile ကို အကောင်းဆုံးဖြစ်အောင် ဖန်တီးပါ။
LinkedIn profile တစ်ခု ရှိရုံနဲ့ သင့်ကို လူတွေ သတိထားမိတော့မယ်၊ အလုပ်ခေါ်တဲ့သူတွေ ရောက်လာတော့မယ်လို့ ဘယ်တော့မှ မတွေးထားပါနဲ့ ။ သူတို့ ကို ဆွဲဆောင်ရမှာက သင့်ရဲ့ တာဝန်ပါ။ ဒါကြောင့် Linkedin မှာ ဖြည့်ရမယ့် နေရာမှန်သမျှမှာ သင့်ရဲ့ မှန်ကန်တဲ့ အချက်အလက်တွေကို ဖြည့်ပေးပါ။ သင့်ရဲ့  profile က အားလုံးပြည့်စုံနေပါစေ။ LinkedIn မှာ ရေးတဲ့အခါမှာလည်း CV တစ်စောင်ရေးသကဲ့သို့ သေသပ်မှု ရှိပါစေ။ ဘာကြောင့်လဲဆိုတော့ ဒါက သင့်ရဲ့  Digital CV တစ်စောင်ပါပဲ။
၈။ သင့်ကို ဘယ်သူ တွေ ၀င်ကြည့်တယ်ဆိုတာကို ပြန်စစ်ဆေးပါ။
ဒါဆိုယင် သင့်ကို ဘယ်သူတွေ ၀င်ကြည့်တာများတယ်ဆိုတာ သိလာပါလိမ့်မယ်။ ဥပမာ အလုပ်ရှင်တွေလား၊ recruiter တွေလား။ ကိုယ့်ရဲ့  လုပ်ဖော်ကိုင်ဖက်တွေလား ဆိုတာ စစ်ဆေးပါ။ သူတို့ ကိုလည်း သင်က ပြန်လည် ကြည့်လို့ ရပါတယ်။ အဲ့ဒီလို ကြည့်လိုက်ခြင်း အားဖြင့်လည်း သင့်ကို တစ်ဖက်လူ က သတိထားမိစေပါတယ်။
၉။ Linkedin Groups တွေကို ၀င်ထားပါ။
Linkedin မှာ groups တွေ အများကြီး ရှိပါတယ်။ အဲ့ဒီ group တွေကို ၀င်ထားပါ။ သင်နဲ့ သင့်တော်တဲ့ သင်စိတ်ဝင်စားတဲ့ Group တွေပေါ့။ Group အားလုံးတော့ လိုက်ဝင်စရာမလိုပါဘူး။ Group တွေ ထဲမှာ သင်တန်း အကြောင်းတွေ၊ အလုပ်ခေါ်စာတွေ share တတ်ကြပါတယ်။ Group တွေထဲမှာရှိတဲ့ ဆွေးနွေးခန်းတွေကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။
၁၀။ သင်က စာရေး ကောင်းတယ်၊ စာရေးတာ စိတ်ဝင်စားတယ်ဆိုယင်တော့ ဆောင်းပါးတွေရေးပြီး share လို့ ရပါတယ်။ ဒါဆိုယင်တော့ သင့်ကို လူတွေ ပိုပြီး သတိထားမိလာမှာပါ။ ဆောင်းပါးကတော့ professional ဆန်တဲ့ ဆောင်းပါးမျိုး၊ အလုပ်အကိုင်နဲ့ ပက်သက်တဲ့ ဆောင်းပါးမျိုးတွေ ပေါ့။
စာဖတ်သူ အားလုံး LinkedIn ကို အကျိုး ရှိရှိ အသုံးပြုနိုင်ကြပါစေ။
Credit : မြန်မာလူငယ်များအတွက်
Labels:
ဖတ်စရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment