CR - ဂျက်ပြောပါဦး။ ခုဘယ်ကို ခင်ဗျားရဲ့  Alibaba က ဦးတည်လျှောက်လှမ်းနေပြီလဲ။
Alibaba က တရုတ်ပြည်မှာ အခြေစိုက်တဲ့ အင်တာနက်ကုမ္ပဏီတစ်ခုပါ။ နောက်ပြီး စွန့်ဦးတီထွင်လိုစိတ်တွေပြင်းထန်တဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ ကျွန်တော်မှတ်မိ ပါသေးတယ်။ Aliababa ကိုစတင်တည်ထောင်တုန်းက ထားခဲ့တဲ့ ရည်ရွယ်ချက်တစ်ခုရှိခဲ့တယ်ဗျ။ ဘာလဲဆိုတော့… တရုတ်ပြည်မှာ ရှိတဲ့ လုပ်ငန်းငယ်တွေကို အလုပ်ဖြစ်အောင်ကူညီချင်တာဗျာ။ သူတို့ရောင်းကုန်တွေ မြန်မြန်သွက်သွက်နဲ့ လွယ်လွယ်ကူကူ ရောင်းထွက်စေချင်တာပေါ့။
ခုချိန်မှာဆို သန်းနဲ့ချီတဲ့ လုပ်ငန်းငယ်လေးတွေ ကျွန်တော်တို့ အင်တာနက်စာမျက်နှာပေါ်မှာ အလုပ်တွေဖြစ်နေကြပြီ။ သန်း၃၀လောက်ရှိတဲ့ ဖောက်သည်တွေက ကျွန်တော်တို့ စာမျက်နှာပေါ်ကနေ… လိုသမျှ ၀ယ်ယူရနိုင်နေတယ်။ အဲအချိန်မှာ ဟုတ်ပြီ။ ငါ…ဘာထက်လုပ်ရမလဲ စဉ်းစားတယ်။
ကျွန်တော့်အတွေးကို ထပ်မြှင့်ကြည့်လိုက်တယ်။ တကမ္ဘာလုံးမှာရှိနေတဲ့ လုပ်ငန်းငယ်တွေ ရောင်းနေသမျှတွေကို ကျွန်တော်တို့ စာမျက်နှာပေါ်ကတဆင့် ၀ယ်လို့ရအောင်လုပ်ထားမယ်ဆိုတဲ့ အတွေးပဲ။ တစ်ကမ္ဘာလုံးနော်။
ဥပမာဗျာ - နော်ဝေးမှာရှိတဲ့ ရောင်းကုန်လုပ်ငန်းတစ်ခုကပစ္စည်းကို အာဂျင်တီးနားကလူတွေဆီရောင်းမယ်။ အဲလိုပဲ အာဂျင်တီးနား ဖောက်သည်တွေ ဆွစ်ဇလန်ကရောင်းကုန်တစ်ခုခု ၀ယ်ချင်တယ်ဆိုရင်လည်း အလုပ်ဖြစ်အောင်၊ ၀ယ်လို့ရအောင် လုပ်ထားတာမျိုးပေါ့။ ဒီနေ့ခေတ်ကြီးမှာ အင်တာနက်ပေါ်က တဆင့် ကုန်ပစ္စည်းတွေ နိုင်ငံတွေမခြားပဲ၊ နယ်စည်းတွေခြားမနေတော့ပဲ … ရောင်းဝယ်လို့ ရနေပြီလေ။
အဲတော့ ကျွန်တော့်တို့ရဲ့ နောက် ဦးတည်ချက်ကိုပြောမယ်ဆိုရင် ကျွန်တော့်စာမျက်နှာပေါ် တရုတ်ပြည်ကမဟုတ်တဲ့၊ ပြင်ပက ၂ ဘီလီယံ အရေအတွက်ရှိ ရောင်းဝယ်ဖောက်ကား ရောင်းသူ၊ ၀ယ်သူတွေ ရှိလာအောင် ကြိုးစားဖို့ပဲ။
တစ်ခေါက်ကဆို အမေရိကန်၊ ၀ါရှင်တန်ပြည်နယ်မှာရှိတဲ့ လယ်သမားတစ်ချို့နဲ့ တစ်ခေါက်အလုပ်ဖြစ်ဖူးတယ် မှတ်မှတ်ရရပဲဗျ။ အမေရိကန် သံအမတ်ကြီး တရုတ်ပြည်လာတုန်းက
သူက ကျွန်တော့်ကိုပြောသွားတာလေ။ Jack မင်းငါတို့ကို ချယ်ရီသီးတွေရောင်းပါလားကွတဲ့။ အလုပ်ဖြစ်မှာ… ငါ့ကောင်ရ။ အာ… ရတာပေါ့ဆိုပြီး… လိုက်ရှာတာ ရောင်းနိုင်မယ့် ကုမ္ပဏီကို။ ၀ယ်သူ ၈သောင်းဝန်းကျင်လောက် ချယ်ရီသီးတွေကိုလည်း မှာယူကြရော၊ ရောင်းမယ့်သူကို မနည်းလိုက်ပြီး အကြောင်းလှမ်းကြား။ အကြောင်းကြားချိန်မှာ ချယ်ရီသီးတွေ ခူးတောင် မခူးရသေးဘူး။ ရယ်ရတယ်။ အဲတာတွေ မှာပြီးတော့မှ သူတို့ခူးကြဟေ့။ အရောက်ပို့ကြဟေ့နဲ့ တော်တော်လည်း အလုပ်ဖြစ်ကြတာတွေ့ရတယ်။ ၀ယ်သူတွေဘက်ကလည်း တော်တော် စိတ်ကျေနပ်မှုရကြပါတယ်။ ဒါနဲ့ နောက်တစ်ရက်ကြတော့ … complaint စာတွေ လာပါလေရော။ ဘာလို့ …တန်ပေါင်းရာချီပဲ ရောင်းရတာလဲ ဘာလို့ ထောင်ချီပြီး ၀ယ်လို့မဖြစ်နိုင်တာလဲဆိုပြီး မကျေနပ်ကြောင်းတွေ ကျွန်တော်တို့ ဖြေရှင်းကြရပါသေးတယ်။
အဲလိုပါပဲ။ နောက်လတွေမှာ တန် ၃၀၀ မြေပဲ အရောင်းအ၀ယ်ဖြစ်တယ်။ တရုတ်ပြည်ကလူတွေကြတော့ ဘာပြန်ဝယ်ကြလဲဆိုတော့ Alaska Seafood ပြန်မှာကြတယ်။ အဲလိုတွေ အလုပ်ဖြစ်နေမှတော့ ဒီအမေရိကားနဲ့ ဥ့ရောပမှာရှိနေတဲ့ လုပ်ငန်းငယ်တွေရဲ့ ရောင်းကုန်တွေကိုတရုတ်ပြည်မှာရှိတဲ့ စားသုံးသူတွေဆီ ရောင်းလို့ မဖြစ်နိုင်စရာ ဘယ်ရှိမှာလဲ။ ၀ယ်လိုအား ဈေးကွက်ကရှိနေတယ်နော့်။
…………………………………..
…………………………………..
CR - ခင်ဗျားလူတွေအကြောင်းပြောရအောင်။ Alibaba အောင်မြင်လာသလိုပဲ ခင်ဗျားဝန်ထမ်းတွေဆိုလည်း အောက်ခြေလူတန်းစားကနေ အလယ်အလတ်တန်းစား၊ အလယ်အလတ်တန်းစားများဟာလည်း အထက်တန်းစားအဆင့်ကိုရောက်သွားပြီအထိကို အောင်မြင်တယ်ပေါ့။ အဲတော့ နိုင်ငံတကာပေါက်ရောက်မှုကို ကြည့်မယ်ဆိုရင်… ရုရှားမှာရော ခင်ဗျားအဖွဲ့အစည်းဟာ ဘယ်လိုအတိုင်းအတာထိ အောင်မြင်နေပြီလဲ။
ဟုတ်ကဲ့။ ရုရှားမှာ တော်တော်လေး အောင်မြင်နေပါပြီ။ ပြီးတော့ ဘရာဇီးမှာလည်း တော်တော်ဟုတ်နေပါပြီ။ ရုရှားမှာဆိုရင်တော့ ကျွန်တော်တို့ဟာ E-commerce အသိုင်းအ၀န်းမှာ နံပါတ် ၁ မဟုတ်ရင်တောင်မှ နံပတ်၂၊၃ လောက်ချိတ်ပါတယ်။ မနှစ်ကဆို… ရုရှားကဖောက်သည်တွေ အော်ဒါမှာလိုက်ပြီဆိုတာနဲ့ သူတို့ဆီကို ကုန်ပစ္စည်း ပို့နိုင်ဖို့ အချိန်ဘယ်လောက်ကြာတယ် မှတ်လဲ။ ၄လ လောက်အချိန်ကြာတယ်ဗျ။ အဲဒီလို ကြာတာတောင်ဗျာ လူတွေက မှာယူကြသေးတယ်။ နောက်ဆုံးကျွန်တော်တို့ ကြိုးပမ်းမှုကြောင့် အော်ဒါမှာပြီး ၁ ပတ်အတွင်း ပစ္စည်းအရောက်ကို ပို့နိုင်ခဲ့တယ်။ Logistic system ကြီး ပြောင်းလဲ တိုးတက်သွားစေခဲ့တယ်ပေါ့ဗျာ။
………………………………………..
………………………………………..
CR - ဂုဏ်ယူပါတယ်။ ဒါနဲ့ ခင်ဗျား ဟောလီးဝုဒ်လည်း သွားခဲ့တယ်နော်။ ခင်ဗျား ဘာသွားလုပ်တာလဲ။
ကျွန်တော် ဟောလီးဝုဒ်ရဲ့ တီထွင်ဖန်တီးမှုတွေကို သိပ်ကြိုက်တယ်ဗျ။ ဟောလီးဝုဒ်ရုပ်ရှင်တွေကြည့်ြ့ပီးတော့ ကျွန်တော်ဆို ဘ၀မှာသင်ယူစရာတွေတော်တော်များများ အဲဒီရုပ်ရှင်တွေကနေ ရလာတာဗျ။ တိတိကျကျပြောရရင်… Forrest Gump ဆိုတဲ့ ဇာတ်လမ်းလေးဗျ။ ကျွန်တော် အရမ်းကြိုက်တယ်ဗျာ အဲဒီဇာတ်ကားလေးကို။
……………………………………………
……………………………………………
CR - ဘာလို့ အရမ်းကြိုက်တာလဲ ပြောပြပေးပါလား။
ရိုးရှင်းတဲ့ ဘ၀ကို ဖြတ်သန်းတယ်။ ဘယ်တော့မှ ဘ၀ကို အရှုံးမပေးဘူး။ လူတွေကထင်ကြတယ် သူ့ဘ၀ကြီးက ဆုံးသွားပြီ…ဒါပေမယ့် သူက သူ့ကိုယ်သူ အဲလိုမထင်ဘူး။ သူဘာတွေ ဆက်လုပ်နေရမယ်ဆိုတာ အမြဲတွေးနေတယ် မဆုံးသေးဘူး။
ကျွန်တော် ၂၀၀၂ ၀န်းကျင်လောက်က တော်တော်လေး စိတ်ပျက်လက်မှို်င်ကျခဲ့ဖူးတယ်။ အမေရိကားမှာပေါ့ အဲအချိန်တုန်းက။ ဘာလုပ်လုပ် အဆင်မပြေတဲ့အချိန်ပေါ့ဗျာ။ အဲအချိန်မှာ သူငယ်ချင်းတစ်ယောက်နဲ့အတူ အဲဒီ Forrest Gump ရုပ်ရှင်လေးကို ကြည့်ြ့ဖစ်သွားပြီး အဲဒီမှာ စိတ်ဓာတ်ပြန်တက်ကြွလာခဲ့တယ်။ ကိုယ့်ကိုယ်ကိုလည်း ပြောမိတယ်။ ဒီလူပဲ … ဒီလိုလူမျိုးပဲ… ငါတို့ဘ၀အတွက် သင်ယူစရာတွေ ပေးနေတာ။ ဘာတဲ့… ကိုယ်လုပ်သမျှအလုပ်ကို ယုံယုံကြည်ကြည်နဲ့ ရဲရဲတင်းတင်းလုပ်ချပါ။ လူတွေ ကြိုက်တာ၊လက်ခံတာ လက်မခံတာတွေထည့်စဉ်းစားမနေနဲ့။ အဲဒီကားထဲက စကားလေး တစ်ခုတော်တော်ကြိုက်တယ်ဗျာ… Life is like a box of chocolate. ဘ၀ဆိုတာ ချောကလက်တွေထည့်ထားတဲ့ ဗူးလေးလိုပဲ တဲ့။ တစ်ခါနှိုက်လိုက်တာနဲ့ ဘာပါလာလိမ့်မလဲဆိုတာ မသိနိုင်ဘူး။ ချောကလက်ကြီးပဲ ပါလာလိမ့်မယ်လို့ တွေးထားလို့မရဘူး။ ပြောချင်တာက… ဘ၀မှာ ဘာတွေ ဖြစ်လာလိမ့်မလဲဆိုတာ ဘယ်သူမှ မသိဘူး။
ကျွန်တော်လည်း ဒီလိုမျိုး စဉ်ပေါ်မှာလာပြီး စကားပြောနိုင်လိမ့်မယ်လို့ မတွေးခဲ့မိဘူး။ ဒါပေမယ့် အခု ကျွန်တော်ဒါကို လုပ်နိုင်နေပြီ။ ဒါနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၁၅နှစ်လောက်က ကျွန်တော့်အခန်းလေးထဲမှာ လုပ်ဖော်ကိုင်ဖက်တွေကို ပြောခဲ့ဖူးတယ်။ ဟေးးး ငါတို့ အလုပ်ကို ကျားကုပ်ကျားခဲ ကြိုးစားရမယ်။ အဲတာဟာ ကိုယ့်အတွက်လို့ ဘယ်တော့မှမတွေးနဲ့။ တကယ်လို့ … ငါတို့အောင်မြင်ရင်… နောက် လာမယ့် မျိုးဆက်က ၈၀% လောက်ပဲ အောင်မြင်ဖို့ အားစိုက်ရတော့မှာ။
ငါတို့ တိုင်းပြည်မှာ ငွေပေါလို့ မင်းကိုထမင်းကျွေးထားမယ့် ဘိုးအေကြီးတွေလည်း မရှိဘူး။ သြဇာညောင်းတဲ့ မျိုးဆက်ဟောင်းက ဘိုးတော်တွေလည်း မရှိဘူး။ တိုင်းပြည်ကို စစ်မှန်တဲ့တိုးတက်မှုလုပ်ပေမယ့် အဘတွေလည်းမရှိဘူး။ အဲတော့… ငါတို့မှ ဒီအချိန်ရှိခိုက် ကိုယ့်ဟာကိုယ် မရုန်းရင်၊ မကြိုးစားခဲ့ရင် ငါတို့ခေတ်လဲ ဆက်ပြီးပျက်ရအုံးမှာပဲ။
………………………………………………….
………………………………………………….
CR - ခင်ဗျားကြည့်ရတာ အတော်လေး စိုးရိမ်နေသလိုပဲ။ ဘာကို စိုးရိမ်နေတာလဲဗျ။
ကျွန်တော် စိုးရိမ်တစ်ကြီးဖြစ်ရတာကတော့… လူငယ်တော်တော်များများဟာ ယနေ့ခေတ်မှာ မျှော်လင့်ချက်ဆိုတာ ထားရကောင်းမှန်းမသိတော့ဘူး။ မျှော်လင့်ချက်တွေ မထားကြတော့ဘူး။ ဘာကိုမှ မမျှော်လင့်ကြတော့ဘူး။ ဘာလုပ်လဲဆိုတော့… အားအားရှိ၊ မကျေနပ်ကြောင်းပဲ ထိုင်ပြောတတ်ကြတော့တယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း အဲလို မျှော်လင့်ချက်ပျက်သုန်းသည်အထိ ခေတ်တစ်ခုကို ဖြတ်သန်းကြရတာပဲ။ အရာပေါင်းများစွာက စိတ်ဓာတ်တွေကို ရိုက်ချိုးပစ်ခဲ့ကြတယ်လေ။ ဒါပေမယ့် ကမ္ဘာကြီးက ဖွက်ထားတဲ့ အခွင့်အလမ်းတွေကို မရမက လိုက်ရှာ ယူရတာပဲ။ အဲတော့ လောကကြီးကို ကြည့်ပုံ၊ကြည့်နည်း၊ မြင်ပုံ မြင်နည်းပဲ လိုပါတယ်။ အဲဒီလို ဖြစ်နေချိန်မှာ ဟောလိဝုဒ်က ရလာတဲ့ inspiration လေးတစ်ခု ကြုံလို့ပြောပြ ပါရစေ။
ဟောလိဝုဒ်ရုပ်ရှင်တွေမှာဆို ဇာတ်လိုက်က အစပိုင်းမှာ ဘာရယ်မှမဟုတ်ဘူး။ ပါချီ ပါချက်လေးတွေ။ ဇာတ်လမ်းထဲမှာ ပြသနာလည်းတက်၊ ဒုက္ခတွေလည်းရောက်၊ ဇာတ်ရှိန်လဲတက်ရော … သူက သူရဲကောင်း၊လူစွမ်းကောင်းကြီးဖြစ်သွားပါလေရော။ ဇာတ်လမ်းလည်းပြီးရော… အသက်ရှင်ကျန်ခဲ့တဲ့ လူစွမ်းကောင်းကြီးတွေအဖြစ် ဇာတ်သိမ်းသွားရော။
တရုတ်ရုပ်ရှင်မှာကျတော့ အဲလိုမဟုတ်ဘူး။ မင်းက လူစွမ်းကောင်းလား၊ သူရဲကောင်းလား။ အေး… ဇာတ်သိမ်းလည်းကျရော… အဲလူစွမ်းကောင်း သေပေးရတယ်။ သူတို့အတွေးကိုက သူရဲကောင်းဖြစ်ဖို့၊ လူစွမ်းကောင်းဖြစ်ဖို့ စွန့်လွှတ်အနစ်နာခံပြီး သေပေးမှ လူစွမ်းကောင်းလို့၊ သူရဲကောင်းလို့ သတ်မှတ်ချင်ကြတာလေ။ အဲတော့ ကလေးတွေမှာ ဘယ်သူကမှ လူစွမ်းကောင်းမဖြစ်ချင်ကြတော့ဘူး။ ဘယ်သူကမှ စွန့်လွှတ်အနစ်နာ မခံချင်ကြတော့ဘူး။
အဲတော့ ဒီနေရာမှာ ပြောချင်တာက … ကမ္ဘာပေါ်မှာ အသက်ရှင်လျှက် သူရဲကောင်းတွေ၊လူစွမ်းကောင်းတွေ အများကြီးမှ အများကြီးရှိနေပါတယ်လို့။ သေမှ သူရဲကောင်းမဟုတ်ပါဘူးလို့။
……………………………………………………
……………………………………………………
CR - ဒါနဲ့ ခင်ဗျား ကွန်ဖူးလည်း လေ့လာ လိုက်စားတယ်လို့ သိထားရတယ်။
ဟုတ်ကဲ့ တော်တော်များများ ကျွန်တော်လေ့လာဖူးပါတယ်။ ကွန်ဖူးရဲ့ အဓိကအချက်က ဘာလဲဆိုတော့… လူတစ်ယောက်က မဖြစ်နိုင်ဘူးလို့တွေးထားတဲ့ အရာတွေကို လုပ်ဖြစ်လာအောင် နဲ့ လုပ်ရင်း ဖြစ်နိုင်တယ်ဆိုတာကို တွန်းပို့ပေးတဲ့ အထောက်အပံ့ သဘောတရားတစ်ခုပဲ။ ဥပမာဗျာ- လူတစ်ယောက်မှာ အောင်မြင်ဖို့ ကံလေး နည်းနည်းရှိမယ်။ သူက ကြိုးစားလည်း ကြိုးစားမယ်။ ဆရာသမားကောင်းနဲ့တွေ့လို့ လမ်းစဉ်တွေရမယ်။အဲတာကို လိုက်နာ ကျင့်ကြံမယ်ဆိုရင် … သူ့ဟာနဲ့သူ ကျွမ်းကျင်သွားမှာပဲ။ အထူးသဖြင့် ကျွန်တော် ပင်ပန်းနေချိန်၊ စိတ်လှုပ်ရှားချိန်တွေမှာ ကွန်ဖူးစာအုပ်လေးပြေးဖတ်ပြီး စိတ်ဓာတ်ခွန်အားလေး အရ ယူရတယ်။
………………………………………………….
………………………………………………….
CR - ခင်ဗျား ထိုက်ကျိလည်း ကစားတယ်နော်။ အဲဒီ ထိုက်ကျိ အကြောင်းလေး ပြောပြပါအုံး။
ဟုတ်ပါတယ်။ ကျွန်တော် ထိုက်ကျိကစားရတာ အရမ်းကြိုက်ပါတယ်။ သူက Philosophy တစ်ခုဗျ။ ဘာလဲဆိုတော့… Balance မျှခြေညှိုခြင်းပဲ။ ဥပမာ - ပြိုင်ဆိုင်မှုတွေမှာဆို…တစ်ဖက်က အားပြင်းထန်ရင် မျှခြေမမျှနိုင်ဘူး။ ကျွန်တော် Ebay နဲ့အပြင်းအထန်ပြိုင်ဆိုင်တုန်းကဆို ကျွန်တော့်ကိုပြောကြတယ်။ Jack တစ်ယောက်တော့ Ebay ကိုအတော်လေး မုန်းမှာပဲတဲ့။ No No No ကျွန်တော် Ebay ကိုဘာလို့မုန်းရမှာတုန်း။ သူတို့ တကယ့်ကုမ္ပဏီကြီး ကျွန်တော်မမုန်းပါဘူး။
ပြိုင်ဆိုင်မှုကြောင့် သူတို့က ကျွန်တော့်ညာရင်ဘတ်ကို လာထိုးရင် … ကျွန်တော်က ထိုက်ကျိအကွက်နဲ့ရှောင်ပြီး ဘယ်ဘက်က တိုက်စစ်ဆိုင်မှာပေါ့။ သူတို့က ကျွန်တော့်် ခန္ဓာကိုယ်အောက်ပိုင်းကို လာတိုက်ရင် … ကျွန်တော်က ခုန်ရှောင်ပြီး အပေါ်ဘက်ကနေ တိုက်စစ်ဆင်မှာပေါ့။ ထိုက်ကျိကစားသလိုပဲလေ။ ဒီသဘောတရားပါပဲ။ ထိုက်ကျိရဲ့  Balance ဆိုတဲ့ မျှခြေညှိုလိုက်တဲ့ သဘောပါပဲ။
ကျွန်တော်ကတော့ ဒီထိုက်ကျိရဲ့ သဘောတရားလေးကို လုပ်ငန်းလုပ်တဲ့နေရာတော်တော်များများကို အသုံးချဖြစ်ပါတယ်။ စိတ်လေးကိုလျော့ထား၊ စိတ် ထွက်ပေါက်လေးပေး၊ မိမိကိုယ် မိမိ မျှခြေတစ်ခု ထိန်းညှိုထား။
လူတွေကသာ ပြောကြတာ… ပြိုင်ဆိုင်မှုမှာ ကိုယ်ကပြိုင်ဘက်ကို ဦးအောင်တိုက်ခိုက် နှိမ်နင်းနိုင်မှတဲ့။ ကျွန်တော်အတွက်တော့ အဲလိုမဟုတ်ဘူး။ သူ့ကို နှိမ်နင်းချေမှုန်းလိုက်နိုင်လို့ သူသေသွားရင်တောင် ကိုယ်က နိုင်တယ်လို့ မဆိုလိုဘူး။ လုပ်ငန်းတွေမှာဆို… ဈေးကွက်ထဲ ကိုယ်တစ်ယောက်တည်းကျန်ခဲ့ရင်တောင် ကိုယ်အသာရချင်မှ ရတာ။
…………………………………………………………..
…………………………………………………………..
CR - ခင်ဗျား ဒီကုမ္ပဏီ Alibaba ကို ကမ္ဘာကိုလှုပ်ကိုင်ပြီး ပြောင်းလဲပစ်ချင်တယ်လို့ ဟစ်ကြွေးဖူးတယ်နော်။ နောက်တစ်ခုက Alibaba ဟာ အမျိုးသမီးတွေရဲ့ ဘ၀ကိုလည်း တိုးတက်ပြောင်းလဲပစ်စေချင်တယ်လို့ပြောပြန်တယ်။ အဲတာတွေ အတွက် ဘာတွေလုပ်နေလဲဗျ။
လွန်ခဲ့တဲ့နှစ်တွေမှာ ကျွန်တော် ကမ္ဘာကြီးကိုပြောင်းလဲပစ်ချင်တယ်။ ဒါပေမယ့်အခု ကျွန်တော် ကမ္ဘာကြီးကိုပြောင်းလဲရမယ့်အစား… ကိုယ့်ကိုယ်ကို ပြောင်းလဲရမှာလို့ သိလာတယ်။ ဘာလို့လဲဆိုတော့… ကိုယ့်ကိုယ်ကို ပြောင်းလဲပစ်နိုင်ဖို့က ပိုအရေးကြီးလို့ပဲ။ အဲတာကို အရင်လုပ်မယ်။ ပြီးရင်တော့ ကမ္ဘာကြီးကို ပိုကောင်းအောင်လုပ်ပေးနိုင်မယ့်နေရာ ဘယ်လို ပါဝင်ရမလဲ… အဲတာ လုပ်မယ်။
ကမ္ဘာကြီးကိုပြောင်းလဲပစ်တဲ့ အလုပ်ကိုလုပ်မယ့်အစား တခြားအလုပ်ဖြစ်တဲ့ ကိုယ့်လူတွေကို ပိုကောင်းတဲ့ဘ၀ အဆင့်ကိုရောက်အောင် အရင်လုပ်မှာပေါ့။ ကိုယ့်လူတွေ ပိုကောင်းလာရင် ကိုယ့်ဖောက်သည်တွေကို ပိုကောင်းတဲ့ ၀န်ဆောင်မှုတွေပေးနိုင်မယ်။ ပိုကောင်းတဲ့ ၀န်ဆောင်မှုတွေနဲ့ ကျေနပ်နေတဲ့ ဖောက်သည်များလေလေ ကျွန်တော်တို့ လည်း ပျော်ရွှင်နိုင်မယ်။
နောက် အမျိုးသမီးအင်အားကတော့ ကျွန်တော်တို့ Alibaba မှာ တော်တော်လေး အားကောင်းပါတယ်။ Alibaba ရဲ့ အောင်မြင်ခြင်း လျှို့ဝှက်ချက်ထဲက တစ်ချက်က အဲလို အမျိုးသမီးအင်အားတော်တော်များများရထားလို့ပါပဲ။
………………………………………………….
………………………………………………….
CR - အမျိုးသမီးအင်အား ဘယ်နှရာခိုင်နှုန်းလောက်ရှိသလဲ ဗျ။
IPO မှတ်တမ်းမ၀င်ခင် ၂လ ၃လလောက်အလိုမှာ အမေရိကန်သတင်းထောက်တစ်ယောက် ကျွန်တော်တို့ရုံး ရောက်လာတယ်။အဲမှာ သူက မေးတယ်။ Jack မင်းတို့ဆီမှာ အမျိုးသမီးအင်အားကောင်းလှချည်လားတဲ့ တအံ့တသြကြီး ပြောလာတယ်။ ကျွန်တော်ကလဲ ပြန်ပြောလိုက်တယ်။ အဲတာ ဘာများထူးဆန်းလို့လဲ လို့။ ဟုတ်တယ်လေ။ ဒါ…ဘာအံ့သြစရာတုန်း။
ကျွန်တော် တစ်ကုမ္ပဏီလုံးရဲ့ ၄၇% သည် မိန်းကလေးတွေဖြစ်တယ်။ အရင်ကတော့ ၅၁% ပေါ့။ ဒါ…ရာခိုင်နှုန်းလေး နည်းနည်းကျသွားတာလို့ ပြောရမယ်ဗျ။ ဘာလို့လဲ ဆိုတော့ လတ်တလောပူးပေါင်းလိုက်တဲ့ ကုမ္ပဏီငယ်တွေက အမျိုးသားအင်အားစုတောင့်တော့ ပေါင်းလိုက်တဲ့အခါ အမျိုးသမီးရာခိုင်နှုန်းကျသွားတယ်ထင်ရတာ။
…………………………………………….
…………………………………………….
CR - အဲဒီ ၄၇% ရာခိုင်နှုန်းကရော စီမံခန့်ခွဲမှု အလွှာကလား။
၃၃ % ရာခိုင်နှုန်းက စီမံခန့်ခွဲမှုအလွှာကပါ။ ၂၄% ရာခိုင်နှုန်းကတော့ ထိပ်သီးအုပ်ချုပ်မှုအပိုင်းကပေါ့။ CEO (Chief Executive Officer), CFO (Chief Financial Officer), CPO (Chief People Officer)တွေက အမျိုးသမီးတွေ ချည်းပဲ။ သူတို့တွေနဲ့ အလုပ်လုပ်ရတာ သိပ်ပြီး အဆင်ပြေတယ်ဗျ။
တကယ်လို့ သင်သာ ၂၁ရာစုမှာ အောင်မြင်ချင်တဲ့ လုပ်ငန်းတစ်ခုကို ဖွဲ့စည်းလုပ်ကိုင်မယ်ဆိုရင် - ခင်ဗျား အရေးတကြီးလုပ်ဖို့လိုတာ တစ်ခု ရှိတယ်။ အဖွဲ့သားတွေကြားမှာ မိမိမဟုတ်တဲ့ တစ်ပါးသူတွေကို ပိုအင်အားကောင်းလာအောင် အာရုံစိုက် လုပ်ကိုင်ရမယ်ဆိုတာပဲ။ ပိုတော်အောင်လုပ်ရမယ်ဆိုတာပဲ။
အဲဒါမှလည်း ခင်ဗျား အောင်မြင်နိုင်မယ်တဲ့။ အဲဒီမှာ ကျွန်တော်ဘာတွေ့ရှိ သလဲဆိုတော့… အမျိုးသမီးတွေဟာ အမျိုးသားတွေထက် တစ်ပါးသူကိုအာရုံပိုထားတယ်။ ပိုဂရုစိုက်တယ်။ ပိုစိတ်ဝင်စားတယ်။ ကိုယ့်လူတွေကို ပြန်ဂရုစိုက်တတ်တယ်လေ။
……………………………………………………………………….
……………………………………………………………………….
CR - တရုတ်ဟာ အခု စီးပွားရေးတိုးတက်မှု နှေးကွေးသွားမှာကို မစိုးရိမ်ဘူးလား Jack။
ကျွန်တော်လုံးဝ မစိုးရိမ်ပါဘူး။ ဒါဟာ သဘာဝကျလို့ပါ။ အမြဲတမ်း နိုင်ငံတစ်ခုဟာ ဆက်တိုက်ကြီး တိုးတက်နေတာ မဖြစ်သင့်ပါဘူး။ နှေးကွေးသွားတာ ပိုတောင်ကောင်းပါတယ်။
တရုတ်ဟာ ကမ္ဘာပေါ်မှာ ဒုတိယ စီးပွားရေးအင်အားအကောင်းဆုံး နိုင်ငံပါ။ ဒီ ၉% နှစ်စဉ်တိုးတက်နေဖို့ ထိန်းသိမ်းထားနိုင်ဖို့ သိပ်ခက်ပါတယ်။ တကယ်လို့ ၉% တိုးတက်နေဆဲပဲလို့ ဆိုလာရင်တော့ ကျွန်တော်ကတော့ တစ်ခုခုမှားနေပြီလို့ ပြောပါရစေ။ ဘာလို့လဲ ဆိုတော့ အနာဂတ်မကောင်းနိုင်ဘူးလေ။ အရည်အသွေးရှိတဲ့ တိုးတက်မှု မဖြစ်နိုင်တော့ဘူး။ ဒီအချိန်မှာ အရည်အသွေးပိုင်းတိုးတက်မှုကို သတိထား အာရုံစိုက်လုပ်မရမယ့်အချိန်။ ဒီအချိန်မှ အာရုံမစိုက်ရင် ဘယ်အချိန် အာရုံစိုက်ကြမလဲ။
ဒီလိုလေး မြင်သာအောင် ရှင်းပြချင်တယ်။ လူသားရဲ့  တိုးတက်မှုဖြစ်စဉ်လိုပေါ့။ ခန္ဓာကိုယ်အရပ်အမောင်း ကြီးထွား၊ တိုးတက်မှုဖြစ်စဉ်ဟာ လူလတ်ပိုင်းအရွယ်မှာ ရပ်သွားပြီ။ အဲလိုရပ်သွားတဲ့ လူလတ်ပိုင်းအချိန်ဟာပဲ… ဦးနှောက်အသိတရား တွေ ဖွံ့ဖြိုးတိုးတက်ဖို့ အချိန်ကောင်းပဲ ဖြစ်လာတယ်။ အရည်အသွေးတိုးတက်မှုဖြစ်တဲ့ အတွေးအခေါ်တိုးတက်မှုဘက်ကို ဆက်သွားရတော့မှာလေ။ တန်ဖိုးတွေ၊ ယဉ်ကျေးမှုတွေ စသည်ဖြစ်ပေါ့။
အဲဒီတော့ တရုတ်ပြည်ကြီးရဲ့ စီးပွားရေးကို လူသားရဲ့ တိုးတက်မှုဖြစ်စဉ်လိုပဲ။ အရပ်အမောင်းတိုးတက်မှုဖြစ်စဉ် (ရုပ်ပိုင်း၊ကိန်းဂဏာန်းပိုင်း အတက်ပြမယ့်ဖြစ်စဉ်) တွေအစား… အတွေးအခေါ်တိုးတက်မှုဖြစ်စဉ်တွေဖြစ်တဲ့ အရည်အသွေးတိုးတက်မှုဖြစ်စဉ်တွေကို အာရုံထားသင့်တယ်။
CR - ကျေးဇူးတင်ပါတယ်။
From: ဗိုလ်ဗိုလ်ကျော်
အပိုင်း (၁) (၂) အား ဖိုးချစ်မှတ်စုများ facebook page https://www.facebook.com/PhoChitNotes တွင်တင်ထားပေးပါသည်။
အပိုင်း (၁) (၂) အား ဖိုးချစ်မှတ်စုများ facebook page https://www.facebook.com/PhoChitNotes တွင်တင်ထားပေးပါသည်။
No comments:
Post a Comment