Saturday, May 23, 2015

Presentation ကောင်းကောင်းပေးနိုင်ဖို့


လူများများနည်းနည်း လူပုံအလယ်မှာ စကားပြောဆိုရပြီဆိုရင် စိတ်ဖိစီးမှုကတော့ ရှိနေမှာ ပဲဖြစ်ပါတယ်။ ဒါကြောင့် ပထမဆုံး ပရိသတ်ရှေ့စကားပြောရတာပဲဖြစ်ဖြစ် အကြိမ် ၁၀၀ မြောက်ပြောရတာ ပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်သွားဖို့က အရေးကြီးပါတယ်။ ကြိုတင်ပြင်ဆင်ပြီးတော့မှသာ သင့်ရဲ့ပြောဆိုမှုကို တင်ဆက်ပြီး သင်ရဲ့တင်ဆက်မှုကို လူတွေ အမှတ်ရသွားအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ပညာရှင်တွေရဲ့ မှတ်ချက်
တစ်ခါတစ်ရံမှာ လူရှေ့ထွက် စကားပြောဆိုရတာက လူတွေရဲ့ အကြောက်ဆုံးအလုပ်တစ်ခုဖြစ်ပါတယ်။ "လူ တွေရဲ့ အကြည့်တွေအားလုံးက သင့်ကိုပဲ ကြည့်နေကြတာမို့ လူအားလုံးရှေ့မှာ တစ်ယောက်တည်း အကာ အကွယ်မဲ့ မလုံခြုံသလို ခံစားရတယ်"ဟု Public Words အဖွဲ့အစည်းကို တည်ထောင်သူ ဥက္ကဋ္ဌလည်းဖြစ်ပြီး Power Cues စာအုပ်ရေးသားသူ နစ်မော်ဂန် Nick Morgan ကပြောပါတယ်။

" အမှန်ကိုပဲ ရှက်ရွံ့စိတ်အားငယ်မှုတွေ ဖြစ်နေစေတာပါပဲ"ဟု သူက လူအများရှေ့ စကားပြောရတာနဲ့ ပတ်သက်ပြီး ပြောပါတယ်။ နောက်တစ်ချက်ကလည်း အရှက်ကွဲမှာကို စိုးရိမ်တဲ့ ကြောက်စိတ်က လူရှေ့ ထွက်စကားပြောရတာမှာကိုကြောက်စေတဲ့ အဓိက စိုးရိမ်ပူပန်မှုဖြစ်ပါတယ်။

နောက်ထပ် ပြဿနာတစ်ခုကတော့ "လူရှေ့စကားပြောရမယ့်ဆိုရင် ခြောက်ပြစ်ကင်း အပြစ်တစ်စက်မှ မရှိအောင် လုပ်မယ်ဆိုပြီး ဘယ်တော့မှ မဖြစ်နိုင်တာကို ရည်မှန်းတတ်ကြပါတယ်။ ဒါကလည်း လွဲမှားမှုပါ"ဟု မော်ဂန်ကပြောပါတယ်။

"ပြောပြီးသွားရင်လည်း ငါ ဒီလိုပြောလိုက်ရကောင်းသား ဒါမှမဟုတ် ငါဒီလိုလုပ်လိုက်သင့်တာ ဆိုပြီး နောင်တရတဲ့အတွေးတွေကို ရက်ပေါင်းများစွာ ဆက်တွေးနေတတ်တော့တာပါပဲ။ ဒါပေမဲ့ တင်ဆက်ရမယ့်သူတွေအနေနဲ့ ကိုယ့်ကို စိတ်ဖိစီးမှုဖြစ်မယ့် ပရိသတ် အခင်းအကျင်းမျိုးကို တွေးပြီးကြောက်လန့်မနေသင့်ပါဘူး"ဟု Duarte Design ကျောင်းအုပ်ဆရာမကြီးနဲ့ စီအီးအို၊ HBR Guide to Persuasive Presentations စာအုပ်ရေးသားသူ နန်စီဒါတီ Nancy Duarte ကပြောပါတယ်။

"တကယ်တော့ ပရိသတ်ဆိုတာက သူတို့ရှေ့မှာ ပြောမယ့် သင့်တို့ရဲ့အားပေးချင်တဲ့လူတွေပါ။ ဘာကြောင့်လဲဆိုတော့ သင်ဘာပြောမယ်ဆိုတာ သူတို့ ကြားချင်ကြပြီး သင်အဆင်ပြေပြေ ပြောဆိုအောင် မြင်သွားတာကိုပဲ လိုချင်ကြပါတယ်။ ဒါတွေကတော့ သင့်အတွက် အကူအညီဖြစ်မယ့် အကြံပြုချက်တွေပါပဲ"လို့ သူက ပြောပါတယ်။


၁။ ပရိသတ်ကို နားလည်ပါ
သင့်ရဲ့ ပြောဆိုတင်ဆက်မှုကို စလုပ်ရပြီဆိုရင် သင့်ပြောမယ့်၊ ပေးမယ့် အကြောင်းအရာသတင်းစကား အပေါ် နားထောင်သူတွေဘက်က အမြင်နဲ့ စဉ်းစားပါ။
"ပရိသတ်ကို အရင်ဆုံးလေ့လာထားပါ"လို့ မော်ဂန်ကပြော ပါတယ်။ "သူတို့ရဲ့ စိတ်အခြေအနေကို နားလည်အောင်လုပ်ပါ။ သူတို့ရဲ့ စိတ်ဝင်စားမှု၊ သူတို့ရဲ့ စိုးရိမ်စိတ်တွေ၊ လိုအင်တွေ၊ လိုအပ်ချက်တွေကို သိရှိနားလည်အောင်လုပ်ပါ"လို့ မော်ဂန်က ဆိုပါတယ်။

သင့်ရဲ့ တင်ဆက်မှုအစီအစဉ်က သင့်ရဲ့ ကျွမ်းကျင်မှု ပညာခန်းပြဖို့ အခွင့်အရေးဆိုပြီး မတွက်ထားပါနဲ့။ "တကယ်တမ်း သင့်ရဲ့ရှုထောင့်အယူအဆဆီ ပရိသတ်ကို ခေါ်ငင်သွားတဲ့ ခရီးတစ်ခုလို အခွင့်အရေးမျိုးအဖြစ်ပဲ တွေးပါ"ဟု မော်ဂန်က ပြောပါတယ်။ "ဦးဆောင်လမ်းပြညွန်ပြသူတစ်ဦးရဲ့ စိတ်နှလုံးသွင်းပြီးပဲ ပြောဆိုပါ"လို့ ဒါတီက ဖြည့်စွက်ပြောပါတယ်။

" သင့် အပြောကိုနားထောင်ဖို့ ပရိသတ်တွေက ဘာကြောင့်လာကြတာသလဲဆိုတာကို တွေးပါ။ သူတို့ကို ဘာတွေပေးရမလဲ။ ဘာတွေထောက်ပံ့ရမလဲဆိုတာကိုပဲ ကိုယ်ကိုယ်ကိုယ်မေးထားပါ"လို့ ဒါတီက ဆိုပါသည်။

၂။ ယုံကြည်မှုကိုရယူပြီး စတင်ပါ
စကားပြောဆိုမှု ပထမ မိနစ်အနည်းငယ်အတွင်းမှာ အဓိကအမှားသုံးရပ် ရှိတယ်လို့ မော်ဂန်က ဆိုပါတယ်။ ပထမအမှားကတော့ ကိုယ်ကိုယ်ကိုယ်မိတ်ဆက်တဲ့အချိန်ပါ။ အထူးသဖြင့် ကိုယ်ကိုယ်ကိုယ် ဇာချဲ့ပြနေတာဖြစ် ပါတယ်။ ဒုတိယအမှားက ဘာတွေပြောသွားပါ့မယ်ဆိုပြီး ပရိသတ်ကို PowerPoint Slide တစ်ချပ်နဲ့ မာတိကာစဉ် ခင်းပြနေတာပါ။

တတိယအမှားကိုတော့ မော်ဂန်က 'လည်ချောင်းရှင်းခြင်း' လို့ ရည်ညွန်းထားပါတယ်။
ဒါကတော့ စကားပြောဖို့ ပရိသတ်ရှေ့ရပ်တာနဲ့ "ကဲ၊ ဒီနေ့ကတော့ ကောင်းတဲ့နေ့ပါပဲ။ မနေ့က ပါတီက ဘယ်လိုလဲ ပျော်စရာမကောင်းဘူးလား။ ခုပရိသတ်ထဲ ရင်းနှီးတဲ့သူတွေ အများကြီးတွေ့နေရပါလား"စတဲ့ အလာပ သလာပ စကားတွေ ပြောတာပဲဖြစ်ပါတယ်။ ဒီလို လောကွတ်စကားတွေက သင့်ကို စိတ်အေးသက်သာ ဖြစ်စေပေမယ့် ပရိသတ်အကျိုးမရှိတဲ့ စကားတွေပြောမိနေတာပါ"ဟု မော်ဂန်ကပြောပါတယ်။

ဒါ့ပြင် အလွန်အရေးကြီးတာကတော့ ပရိသတ်ကို စိတ်ဝင်တစားဖြစ်လာအောင် လုပ်ဖို့ အရေးအကြီးဆုံး မိနစ်တွေကို ဖြုန်းတီးမိတာပါပဲ "သင် တကယ် လုပ်ရမှာက ပရိသတ်ရဲ့ စိတ်အာရုံကို စစချင်းမှာ အမိအရ ဆွဲယူနိုင်ဖို့ လုပ်ရမှာပါ"လို့ မော်ဂန် က ပြောပါတယ်။

၃။ ဇာတ်လမ်း ပုံပြင်တွေ ပြောပြပါ
ပုံဝတ္တုဇာတ်လမ်းတွေက ကျွန်တော်တို့ရဲ့ စိတ်သဘောထားတွေ၊ ယုံကြည်ချက်တွေနဲ့ အပြုအမှုတွေ ပြောင်းလဲစေပါတယ်။

PowerPoint Slide တွေ ပြင်တဲ့အခါမှာ ဒီအချက်ကို သတိထားပါ။ ပုံဝတ္တုတွေ က ကိုယ်ပြောပြချင်တဲ့ အကြောင်းအရာတွေကို အလွယ်တကူနားဝင်စေပြီး အမှတ်တရပို ဖြစ်စေပါတယ်"လို့ ဒါတီက ပြောပါ တယ်။

အဟန့်အတား အခက်အခဲတွေကို ကျော်လွှားအောင်မြင်သူတွေရဲ့အကြောင်းက ပရိသတ်စိတ်ကို ဆွဲဆောင်စွမ်းရှိ ပါတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။ ပရိသတ် အားပေးချင်စရာ ဇာတ်ကောင်မျိုးပါတဲ့ ဇာတ်လမ်းတွေပေါ့။ အချက်အလက်တွေ လုပ်ရမယ့် စာရင်းတွေ ထုတ်ပြတာထက် ဒီလို ပုံဇာတ်လမ်းကောင်းကောင်းတွေက ပရိသတ်ကို ရင်ထဲအထိ ၀င်ပြီး ဖမ်းစားနိုင်ပါလိမ့်မယ်"လို့ မော်ဂန်က ပြောပါတယ်။

၎။ ပြောပြတဲ့အတိုင်း လုပ်ချင်စိတ် ဖြစ်ချင်စိတ်တွေကို လှုံ့ဆော်ပေးပါ
"လုပ်ငန်းစဉ်တွေကို ပြောပြနိုင်ပါတယ်။ အချိန်မီ ပြီးစီးရမယ့် ကိစ္စတွေကိုလည်း ဆွေးနွေးနိုင်ပါတယ်။

ဒီလိုတင်ပြရုံမကဘဲ လုပ်ရမယ့်အလုပ်တွေသည် ပြဿနာတစ်ခုကို ဖြေရှင်းနေတာဖြစ်တယ်၊ ရလဒ်ကြီးတစ်ခုဆီကို ဦးတည်သွားနေတာမျိုးဖြစ်တယ်ဆိုပြီးတော့လည်း နားထောင်သူတွေ စိတ်လှုပ်ရှားစေဖို့လိုပါတယ်။

တကယ် ဆောင်ရွက်ပြီး ပန်းတိုင်ရောက်အောင်ကြိုးစားချင်စိတ် ဖြစ်အောင်လည်း လှုံ့ဆော်ပေးဖို့လိုပါတယ်။


၅။ အကောင်းမြင်ပါ
သင့်ရဲ့စင်မြင့်ကြောက်တတ်တဲ့ လက္ခဏာတွေက ရင်ခုန်မြန်တာတွေ၊ လက်ဖဝါးတွေအေးစက်တာနဲ့ ဗိုက်ထဲကပါ အပြင်းအထန်လှုပ်ရှားတာတွေ ဖြစ်ပါတယ်။ ဒါက သင် ခံစားနေရတာတွေပါ။ ဒါပေမယ့် ပရိသတ်ကတော့ ဒါတွေကို သိပ်မမြင်ရပါဘူး။

"သင်ကသာ ကိုယ့်ကိုယ်ကိုယ် သတိပေးရမှာက သင်ဒီလိုဖြစ်နေတာ လူတွေ သိပ်မသိဘူးဆိုတာပါပဲ "လို့ မော်ဂန်က ပြောပါ တယ်။

သင့်ရဲ့ အသိစိတ်ထဲမှာ ဆိုးဝါးတာတွေပဲ တွေးလာပြီး "ငါက သေချာမသိတဲ့ အယောင်ဆောင် သမားတစ်ဦးပဲ။ ဒီစကားပြောဆိုမှု ကတော့ ဆိုးဆိုးဝါးဝါးတွေဖြစ်တော့မှာပဲဆိုပြီး အတွေးဆိုးတွေ ဝင်လာလိမ့်မယ်။ ဒါကို တန်ပြန်ပြီး ရပ်ပစ်နိုင်ဖို့ လိုပါတယ်။ "ညံ့ဖျင်းတဲ့ အတွေးတွေကို အကောင်းမြင်စိတ်အတွေးနဲ့ အစားထိုးဖို့လုပ်ပါ"လို့ မော်ဂန်က ဆိုပါတယ်။

"ကိုယ့်ကိုယ်ကိုယ်ပြောပါ။ ဒါကောင်းသွားမှာပါ၊ ပြောမယ့်အကြောင်းအရာက ငါကျွမ်းကျင်တဲ့ အကြောင်းအရာ ပါ။ ဒီအကြောင်းက အရင်ကလည်း ငါပြောဆိုနေကျပဲ"လို့ ကိုယ့်ကိုယ်ကိုယ်ပြန်တွေးဖို့ မော်ဂန်က အကြံပေးပါ တယ်။ ပထမဆုံးအကြိမ်မှာ သင်က သိမ်ငယ်စိုးရွံစိတ်ဝင်မှာပဲဖြစ်ပါတယ်။ ဒါပေမယ့် အကောင်းဘက်က အတွေးတွေက တကယ်ကို အဆင်ပြေလာပါလိမ့်မယ်" လို့ မော်ဂန်က ပြောပါတယ်။

၆။ ပြန်လည်သုံးသပ်ပါ။ အစမ်းလေ့ကျင့်ပါ။
တကယ့် ပရိသတ်ရှေ့မှာ ပြောဆိုနိုင်ဖို့က အစမ်းဇာတ်တိုက် ပြင်ဆင်ထားပြီး အသင့်ရှိနေတာက အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ဒီအတွက် ကျွမ်းကျင် နည်းပြမလိုပါဘူး။ သူငယ်ချင်းတစ်ယောက်ယောက်၊ ဒါမှမဟုတ် အပေါင်းအဖော်တစ်စုလောက်ရှိရင်ပဲ လုံလောက်ပါတယ်။

အစမ်းဇာတ်တိုက်ပြီးနောက်မှာ "ဒီလိုဇာတ်တိုက်လေ့ကျင့်ရာကနေ ဘယ်လိုပြောဆိုရင်ကောင်းမလဲဆိုတဲ့ အချက်တွေကို ရရှိမှာဖြစ်ပါတယ်။ ဘယ်လိုကောင်းမွန်အောင် ဟောပြောရမယ်ဆိုတာကို ပိုသိရှိစေမှာ ဖြစ်ပါတယ်"လို့ ဒါတီက ပြောပါတယ်။ တကယ့်စကားပြောပွဲကြီးတွေအတွက်ဆိုရင် ကိုယ်ပြောရမယ့် စင်မြင့်ပုံစံအတိုင်း ခံစားနိုင်မယ့် နေရာကို ရွေးပြီး သွားအစမ်းကျင့်သင့်ပါတယ်။

ဒီလိုအစမ်းလေ့ကျင့်မှုကိုလည်း ဗီဒီယိုရိုက်ထားသင့်ကြောင်း ဒါတီက အကြံပေးပါတယ်။ "ဒီရိုက်ယူထားတဲ့ ဗီဒီယိုကနေပြီး သင့်ရဲ့ ထူးခြားမှုကို ပြန်ရှာဖွေပါ။ သင့်ရဲ့လက်ဟန်ခြေဟန်နဲ့ စိတ်ခံစားချက်ပါပါအပြောတွေကို မြှင့်တင်ပါ။ သင့်ကိုယ်ဟန်ပုံစံတစ်ရပ်လုံးက ဒီအကြောင်းအရာကို စိတ်ပါဝင်စားပြောနေတဲ့ဟန်ပေါက်ဖို့က အဓိကပါပဲ"လို့ ဒါတီက ပြောပါတယ်။

၇။ အလွန်အကျွံလည်း မလေ့ကျင့်ပါနဲ့
တစ်ခါတစ်ရံမှာ လေ့ကျင့်မှုက ရလဒ်ပြောင်းပြီး အကျိုးသက်ရောက်သွားတတ်ပါတယ်။ "သင်က မလေ့ကျင့်ပါပဲ ပြောဆိုရင် ပရိသတ်နဲ့က လမိုင်းကပ်ဖို့ ရှိမှာမဟုတ်ပါ။ ဒါပေမဲ့လည်း အရမ်းလေ့ကျင့်ထားရင် လည်း ပရိသတ်အတွက်က စက်ရုပ်ဆန်နေပြီး ပြဇာတ်ကြီး ကြည့်နေရသလို ဖြစ်သွားပါလိမ့်မယ်။ လေ့ကျင့်မှု က လုံလုံလောက်လောက်ပဲဖြစ်နေပါစေ။ အေးအေးဆေးဆေးဖြစ်နေပါစေ။ ပြီးရင် အစီစဉ်တကျပြောပြီး စိတ်ပါ လက်ပါ ပြောဆိုပါ"လို့ ဒါတီက သတိပေးပါတယ်။

_____________________
မှတ်ထားရမယ့် အနှစ်ချုပ်
လိုက်နာရန်
-ပရိသတ်အကြောင်းသိနေအောင်လုပ်ပြီး သူတို့ဘာလိုချင်တယ်ဆိုတာ သိပါစေ။ ကိုယ်ပြောမယ့် အကြောင်း အရာမှာ ကျင်လည်ကျွမ်းကျင်နေပါစေ။
-သူငယ်ချင်း ဒါမှမဟုတ် အပေါင်းအဖော်အုပ်စုရှေ့မှာ သင့်ရဲ့ တင်ဆက်မှုအတွက် လေ့ကျင့်ပါ။ ပြီးရင် ဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုတာ သူတို့ရဲ့ အကြံပြုချက်တွေကို စိတ်ရှင်းရှင်းထား နားထောင်ပါ။
-ကောင်းတဲ့ အတွေးတွေပဲ တွေးပါ။ ကိုယ်ပြောဆိုမယ့် အကြောင်းအရာအပေါ် စိတ်ထက်သန်နေပါစေ။
-ပထမမိနစ်အနည်းငယ်မှာ ပရိသတ်စိတ်ဝင်စားမှုရအောင် အဖွင့်ကောင်းကောင်းနဲ့ ဖွင့်ပါ။
- ပုံဝတ္တုဇာတ်လမ်းတွေနဲ့ ရယ်ရွှန်းပတ်ရွှန်း အပြောတွေက ပရိသတ်စိတ်ဝင်စားမှုကို ပိုရရှိစေပါတယ်။

ရှောင်ကြဉ်ရန်
-ပွဲအစမှာ ဗလုံးဗထွေးပြောတာတွေရှောင်ကြဉ်ပါ။

-ဖြစ်ပေါ်လာတဲ့ ခံစားစိုးရိမ်ပြီး ခြေအေးလက်အေးဖြစ်နေတာတွေကို မစိုးရိမ်မနေပါနဲ့။ စင်ကြောက်တဲ့စိတ်က သဘာဝတစ်ရပ်ပဲဖြစ်ပြီး ပရိသတ်က ဒါကို နားလည်ခွင့်လွှတ်ပါလိမ့်မယ်။

-အချက်အလက်တွေ၊ စာရင်းဇယားတွေနဲ့ ပရိသတ်ကို ဝန်မပိပါစေနဲ့။

_______________________________
လက်တွေ့ အဖြစ်အပျက် (၁)။ သင့်ဇာတ်လမ်းကို သေချာပြင်ဆင်ထားပြီး လေ့ကျင့်ထားပါ

၂၀၁၃ ခုနှစ်အစပိုင်းက ProPhase ဓာတ်ခွဲသုတေသနကုမ္ပဏီမှ စီအီးအို၊ Cold-EEZE ပူရှိန်း ငုံဆေးပြားထုတ်လုပ်သူ Ted Karkus က အကြီးစားရင်းနှီးမြှုပ်နှံမှုညီလာခံတစ်ခုမှာ စကားပြောဖို့ဖြစ်လာပါတယ်။ တက်က တခြား ကုမ္ပဏီနှစ်ခုမှ အမှုဆောင်တွေအဖွဲ့တွေနဲ့ အတူထိုင်ပြီး ပြောဆိုရမှာပါ။ အဲဒီ့ ကုမ္ပဏီနှစ်ခု ကလည်း ProPhase ထက်ကြီးတဲ့ ငါးဆလောက်ကြီးတဲ့ ကုမ္ပဏီကြီးတွေဖြစ်ပါတယ်။

"ဒီလို ပြောဖို့ဆိုဖို့ဖြစ်လာတော့ ကျွန်တော် နှလုံးတုန် ရင်ခုန်ရတော့တာပေါ့။ ဒါပေမယ့် ကျွန်တော်စဉ်းစား ပါတယ်။ ကျွန်တော့်ကုမ္ပဏီအကြောင်း ကျွန်တော် စိတ်ပါလက်ပါ ထဲထဲဝင်ဝင်ကို ပြောနိုင်တယ်။ ဘာကြောင့်ဆို ဒီကုမ္ပဏီအပေါ်မှာ ကျွန်တော် ယုံကြည်မှုအပြည့်ရှိတာပဲ'ဆိုပြီး စဉ်းစားမိလိုက်တယ်။ ဒါပေမယ့်လည်း ကျွန်တော်သိနေတယ်။ ကြိုတင် ပြင်ဆင်မှု ရှိထားရင်ကောင်းမယ်ဆိုပြီးပါ။ Presentation ကောင်းကောင်းပေးနိုင်ဖို့ဆိုတာ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့က အရေးကြီးတယ်လေ"လို့ သူက ပြောပါတယ်။

စကားပြောဆိုလာရတဲ့အခါမှာလည်း Slide တစ်ခုတိုင်းက ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာစေရမယ့် ဆိုတဲ့ မူကို အခြေခံထားပြီးတော့ သူကပြောပါတယ်။ သူက ကိန်းဂဏန်းအချက်အလက်တွေပဲ ပရိသတ်ကို ပြောနေတာမျိုး မလုပ်ချင်ပါဘူး။"ကျွန်တော်တို့ကုမ္ပဏီက အများနဲ့ဆိုင်တဲ့ကုမ္ပဏီပါ။ ကိန်းဂဏန်းတွေ သိချင်ရင် အင်တာနက် မှာ ရှာကြည့်နိုင်ပါတယ်။ ဒီအစား ကျွန်တော်ကတော့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေနဲ့ Cold-EEZE ရဲ့ သမိုင်းနောက်ခံအကြောင်းတွေကိုပဲ ပြောချင်ပါတယ်"လို့ တက်က ပြောပါတယ်။

တက်ဒ်က ဒီကုမ္ပဏီရဲ့ နောက်ခံဇာတ်လမ်းက အလွန်စိတ်ဝင်စားဖွယ်ကောင်းတယ်လို့ ယုံကြည်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ တက်ဒ်က ဒီကုမ္ပဏီကို ရှယ်ယာလုပွဲရဲ့ အဆုံးမှာ လွဲပြောင်းယူခဲ့တာပါ။ သူ ဦးစီးလုပ်ကိုင်ရတော့ ရောင်းအားက တစ်ရစ်ရစ်ကျနေပါတယ်။ ၀န်ထမ်းတွေ အများကြီး လျှော့ပြစ်ခဲ့ရသလို သူ့ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို လက်လီ သမားတွေ အဝယ်မလျှော့ဖို့လည်း မေတ္တာရပ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ဈေးကွက်မဟာဗျူဟာသစ်တွေ၊ ထုပ်ပိုးမှုသစ် တွေနဲ့ ထုတ်ကုန်လုပ်ငန်းတွေ စသဖြင့် အကြီးအကျယ်ပြောင်းလဲမှုကြီးလုပ်လိုက်ပြီးနောက်မှာတော့ ရောင်းအား က တစ်ဟုန်ထိုး ပြန်တက်သွားပါတော့တယ်။

တက်က အခုလို စကားပြောဆိုခြင်းအတွက် သူတစ်ဦးတည်း ပြင်ဆင်နေတာတော့ မဟုတ်ပါ။ ဒီကာလအတွင်းမှာပဲ Cold-EEZE အတွက် ရုပ်မြင်သံကြား ကြော်ငြာအစီအစဉ်မှာ သူပါရမှာဆိုတော့ အမူအယာပိုင်းအတွက် နည်းပြ တစ်ယောက်ငှားရမ်းထားတာရှိနေပါတယ်။ ''ကျွန်တော့်ကြော်ငြာအတွက် အစမ်းလေ့ကျင့်တဲ့နေရာကို Presentation Slide တွေယူသွားပြတော့ သရုပ်ဆောင် နည်းပြက ကျွန်တော်နဲ့အတူ အချိန်ကုန်ခံနေပြီး ကျွန်တော်ဘယ်လိုပြောဆိုရမယ်။ သဘာဝကျကျ ဘယ်လို လှုပ်ရှားရမလဲဆိုတာတွေကို သင်ပေးခဲ့တယ်"လို့ သူက ပြောပါတယ်။

စကားမပြောဆိုရခင် တစ်နာရီလောက်အချိန်မှာ ရင်းနှီးမြှုပ်နှံသူကြီးတစ်ယောက်က တက်ဒ်ကို တစ်ယောက်ချင်း တွေ့ဆုံ ချင်တယ်လို့ တောင်းဆိုထားခဲ့ပါတယ်။ "ဒါကပဲ ကျွန်တော်Presentation ကို တစ်ခေါက်လေ့ကျင့်ဖို့ အခွင့်အရေးတစ်ရပ် ဖြစ်သွားခဲ့ပါတယ်။ တစ်ဦးချင်းကို ပြောပြရတာနဲ့ လူ ၂၀၀ လောက်ကို ပြောပြရတာက ဘာမှထူးခြားပြောင်းလဲမှု မရှိဘူးဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်တယ်"ဟု တက်က ရှင်းပြပါတယ်။

တက်ဒ်ရဲ့ ဟောပြောချက်က အရမ်းအောင်မြင်မှု ရရှိသွားပါတယ်။ စင်မြင့်က သူမဆင်းခင် သူ့နားကို လူဒါဇင် ဝက်လောက်ကပ်လာပြီး ကုမ္ပဏီအတွက် အကြံဥာဏ်ကောင်းတွေပေးသွားကြပါတယ်။

လက်တွေ့ အဖြစ်အပျက် (၂)။ အဓိကအာဘော်ကို ရှာဖွေထားပြီး ပရိသတ်ကို ဈာန်ဝင်လာအောင် လှုံ့ဆော်နိုင်ဖို့ စဉ်းစားပါ

၂၀၁၀ ပြည့်နှစ်က အဆင့်မြင့်ပညာရေးဆော့ဖ်ဝဲလ်ကုမ္ပဏီ တစ်ခုရဲ့ ဈေးကွက်ရှာဖွေရေးတာဝန်ခံ အကြီး အကဲ မီရှယ်ရိဒ် Michelle Reed က ကုမ္ပဏီဖောက်သည်များအတွက် ဧည့်ခံတဲ့ပွဲတစ်ခုမှာ အဖွင့်အမှာစကား ပြောကြားဖို့ တောင်းဆိုခံရပါတယ်။ ပရိသတ်က ၈,၀၀၀ ခန့်ရှိတဲ့ပွဲပါ။

"ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မ ကြောက်သွားတယ်။ ဒါကို ကျွန်မ ကောင်းကောင်းလုပ်နိုင်ချင်တယ်။ ကျွန်မပေးချင်တဲ့ သတင်းစကားက ပရိသတ် ရင်ထဲမှာ ပဲ့တင်ကျန်ခဲ့စေချင်တယ်"ဟု ရိဒ်က ပြောပါတယ်။

ပွဲရဲ့ခေါင်းစဉ်က 'ဒီနေ့ ဦးစားပေးရမယ့်အချက်တွေနဲ့၊ မနက်ဖြန်အတွက် ဖြစ်လာနိုင်သော အခွင့်အလမ်းများ' ဆိုတဲ့ ခေါင်းစဉ်ပါ။

သူမရည်ရွယ်တာက ကျောင်းသား/သူတွေရဲ့ ပညာသင်ယူမှု အတွေ့အကြုံတွေကို နည်းပညာနဲ့ ဘယ်လို ပိုကောင်းအောင်လုပ်ပေးနိုင်တယ်ဆိုတာကို ပရိသတ် စဉ်းစားမိစေချင်တာပါ။

"တက္ကသိုလ်အဆင့် ပညာသင်ယူခြင်းက သင့်တို့အတွက် ပိုမိုကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်စေပါတယ်။ သင်နဲ့အတူ မိသားစုရော၊ နောက်ပြောရမယ်ဆိုရင် ကမ္ဘာကြီးကိုတောင် ပိုမိုကောင်းမွန်တဲ့ နေရာအဖြစ် ဖန်တီး ပေးနိုင်ပါတယ်။ ဒီလို အသိတရားမျိုးကို ပရိသတ်ကို ပေးချင်ခဲ့တာပါ"လို့ ရိဒ်က ပြောပါတယ်။

ရိဒ်က စတင်စကားပြောရစဉ်မှာ သူမဘဝကိုပဲ ဥပမာပေးလို့ကောင်းတဲ့ အဖြစ်လို့ပဲ စိတ်ထားလိုက်ပါ တယ်။ "ကျွန်မရဲ့ ပုဂ္ဂိုလ်ရေးဘဝ အတွေ့အကြုံကို ပြောပါတယ်။ ၁၉၈၀ နှစ်တွေက ကောလိပ်ကျောင်းသူဘဝ အတန်းတက်ချိန်တွေက အကြောင်းပေါ့။ ခု ၂၀၀၀ ပြည့်နှစ် နှစ်လယ်ကာလတွေမှာ ကျွန်မကလေးတွေနဲ့ လုံးလုံးလျားလျားခြားနားသွားပြီဖြစ်တဲ့ ကျောင်းသူဘဝအကြောင်းကို ပြောဖြစ်လိုက်ပါတယ်။ ကျွန်မ အတန်းတက်ဖို့ စာရင်းသွင်းရတဲ့ အချိန်ကာလတွေတုန်းက တန်းစီရင်း ဖီလာဒဲလ်ဖီးယားမြို့က လမ်းပေါ်မှာ အိပ်ခဲ့ရတယ်။

ကျွန်မ အမှတ်စဉ်ကို ခေါ်တော့ ကျွန်မ အတန်းထဲ ပြေးဝင်သွားပြီး တစ်စားပွဲပြီး တစ်စားပွဲ ပြေးသွားရှာနေရ တယ်။ ကျွန်မ တက်ချင်တဲ့ အတန်းကို စာရင်းသွင်းနိုင်ဖို့ပါ။

ကျွန်မကလေးတွေ ခေတ်ရောက်တော့ စာရင်းသွင်းဖို့ အွန်လိုင်းကတင် စာရင်းပေးနိုင်နေပြီ။ သူတို့ရဲ့ အိပ်ခန်းအတွင်းကနေပဲ အေးအေးသက်သာ လုပ်နိုင် သွားပါပြီ။ ကျွန်မ ဖြစ်ချင်တာကတော့ ကျွန်မတို့တွေ ဘယ်လောက်ဖြတ်သန်းခဲ့ရတယ်ဆိုတာ နားလည်စေ ချင်တာပါ။ နောက်ပြီး ပရိသတ်ကို တွေးစေချင်မိတာက ဘာတွေ အနာဂတ်မှာ ထပ်ဖြစ်လာဦးမလဲဆိုတာပါပဲ" လို့ ရိဒ်က ပြောပါတယ်။

ဒီစကားပြောဆိုမှုမှာ ရိဒ်အတွက် အောင်မြင်မှုရခဲ့ပြီး ပိုမိုယုံကြည်စိတ်ကို ခိုင်မာစေခဲ့ပါတယ်။ လက်ရှိမှာ ရိဒ်က အလုပ်ရှင်များ ဝန်ထမ်းငှားရမ်းမှုမှာ ကူညီအကဲဖြတ်ပေးသည့် SkillSurvey ကုမ္ပဏီမှာ CMO တစ်ဦးဖြစ် နေပြီး လူထုကို စကားပြောဆိုတင်ဆက်မှုတွေလည်း ပုံမှန်ပြုလုပ်နေသူဖြစ်ပါတယ်။

"ကျွန်မက ကျွန်မရဲ့ ပရိသတ်အရေအတွက်ကို အမြဲတမ်း ခေါင်းထဲထည့်တယ်။ သူတို့ ကျွန်မပြောတာကို ဘယ်လို နားလည်လက်ခံမှာလဲ၊ သူတို့ ဂရုတစိုက်ရှိတဲ့ အကြောင်းအရာတွေက ဘာတွေလဲ။ သူတို့နဲ့ လမိုင်းကပ်နေဖို့ ဘယ်လိုကြိုးစား ရမလဲဆိုပြီး ကျွန်မအမြဲ တွးပါတယ်"ဟု ရိဒ်က ပြောပါတယ်။

မူရင်းရေးသားသူ ရီဘတ်ကာနိုက် (Rebecca Knight) ရဲ့ How to give a steller presentation ကို ဆီလျောင်အောင် ဘာသာပြန်ဆိုထားပါတယ်။

https://hbr.org/2014/11/how-to-give-a-stellar-presentation

No comments:

Post a Comment