ဆောင်းပါး
ယခုနှစ်ပိုင်းတွင် အေအီးစီဆိုသည့် အသုံးအနှုန်းအား အစိုးရဌာနများ၊ ပုဂ္ဂလိကကဏ္ဍနှင့် တက္ကသိုလ် ကျောင်းသား ကျောင်းသူများအကြား တွင်ကျယ်စွာ ပြောဆိုနေကြသည်။ လွယ်ကူစွာ ပြောဆိုရလျှင် အေအီးစီဟု အတိုကောက်ခေါ်သည့် အာဆီယံ စီးပွားရေးအသိုက်အဝန်း၏ အန္တိမရည်မှန်းချက်မှာ အာဆီယံရည်မှန်းချက် ၂ဝ၂ဝ ပါ စီးပွားရေး ပေါင်းစည်းမှုပင်ဖြစ်သည်။ (၁၂)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်ကြီးများ က အာဆီယံမျှော်မှန်းချက် ၂ဝ၂ဝ နှင့် အာဆီယံ ကွန်ကော့-၂ တို့တွင် ရည်မှန်းထားသည့်အတိုင်း အာဆီယံအသိုက်အဝန်းတည်ထောင်မှုကို ရှေးရှု၍ ၂ဝ၁၅ ခုနှစ်တွင် တည်ထောင်ရန် ထပ်မံကတိကဝတ် ပြုခဲ့ပြီး စီဘူးကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
စီဘူးကြေညာချက်အရ အာဆီယံဒေသကို-
(က) ကုန်စည်များ၊
(ခ) ဝန်ဆောင်မှုများ၊
(ဂ) ရင်းနှီးမြှုပ်နှံမှုနှင့်
(ဃ) ကျွမ်းကျင်လုပ်သားများ
လွတ်လပ်စွာ ရွှေ့ပြောင်းနိုင်ရန်နှင့် ငွေကြေး အရင်းအနှီးများ ပိုမိုလွတ်လပ်စွာ စီးဆင်းနိုင်သည့် ဒေသဖြစ်စေရန် သဘောတူခဲ့သည်။ ဤသည်က အေအီးစီ ၂ဝ၁၅ ပေါ်ပေါက်လာခြင်း၏ အုတ်မြစ်ပင် ဖြစ်သည်။
စီဘူးကြေညာချက်အရ အေအီးစီ ၂ဝ၁၅ သည် မကြာမီကျရောက်တော့မည်ဖြစ်ရာ မိမိတို့ မျှော်မှန်း သည့်အတိုင်း အမှန်တကယ် ဖော်ဆောင်နိုင်ပြီလား၊ အေအီးစီ ၂ဝ၁၅ ဖြစ်လာလျှင် ရရှိနိုင်သည့် အကျိုး ကျေးဇူးက အဘယ်နည်း၊ လက်ရှိကျွန်ုပ်တို့ လုပ်ကိုင် ဆောင်ရွက်နေသည့် စီးပွားရေး၊ ပြည်တွင်းလုပ်ထုံးလုပ်နည်းများသည် သွေဖည်သွားမည်လား၊ အေအီးစီ ၂ဝ၁၅ ဖြစ်လာလျှင် မိမိတို့လို CLM နိုင်ငံများထက် အာဆီယံ+၆ နိုင်ငံများ၊ အာဆီယံ၏ဆွေးနွေးဖက် နိုင်ငံများက ပိုမိုအကျိုးရမည်လားစသည့် မေးခွန်းများသည် ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေဖြင့် သိရှိပြီးသားဖြစ်သော်လည်း သာမန်ပြင်ပရှိပုဂ္ဂိုလ်များအတွက်မူ အစိမ်းသက်သက်ဖြစ်နိုင်ပေသည်။ သို့ဖြစ်ပါ၍ စာရေးသူကိုယ်တိုင်ကပင် စတင် လေ့လာနေဆဲဖြစ်ရာ မိမိသိသလောက်အား ဝါသနာ အတိုင်း မျှဝေရေးသားလိုက်ခြင်း ဖြစ်ပါသည်။
ရှေးဦးစွာ တင်ပြလိုသည်မှာ အာဆီယံစီးပွားရေး အသိုက်အဝန်း၏ သွင်ပြင်လက္ခဏာများပင်ဖြစ်သည်။
ယင်းတို့မှာ-
က။ တစ်ခုတည်းသောဈေးကွက်နှင့် ထုတ်လုပ် မှု အခြေခံဒေသ
ခ။ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသော စီးပွားရေး ဒေသ
ဂ။ စီးပွားရေးဖွံ့ဖြိုးမှုမျှတသောဒေသ
ဃ။ ကမ္ဘာ့စီးပွားရေးတွင် အပြည့်အဝ ပါဝင် ပေါင်းစည်းမှုရှိသောဒေသ
တို့ဖြစ်သည်။ အဆိုပါမျှော်မှန်းချက်များမှာ ဆက်စပ်မှုရှိပြီး အပြန်အလှန်အားပြုလျက်ရှိသည်။ အာဆီယံ အသိုက်အဝန်း ဖြစ်ပေါ်စေရေးအတွက် အဆိုပါ အချက်အလက်များဖြင့် ပြည့်စုံသည့် ဒေသတစ်ခု အဖြစ် ရည်မှန်းပါသည်။
တစ်ခုတည်းသော ဈေးကွက်နှင့် ထုတ်လုပ်မှု အခြေခံဒေသကို အဓိကဖော်ဆောင်သော လုပ်ငန်း (၅)ရပ်မှာ ကုန်စည်များ၊ ဝန်ဆောင်မှုများ၊ ရင်းနှီး မြှုပ်နှံမှုများ၊ ငွေကြေး အရင်းအနှီးများ လွတ်လပ်စွာ စီးဆင်းစေခြင်းနှင့် ကျွမ်းကျင်လုပ်သားများလွတ်လပ်စွာ ပြောင်းရွှေ့စေနိုင်ခြင်းတို့ဖြစ်ပါသည်။ ယှဉ်ပြိုင် နိုင်စွမ်း မြင့်မားသော စီးပွားရေးဒေသဖြစ်ပေါ်စေ ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များမှာ ယှဉ်ပြိုင်မှု မူဝါဒပေါ်ထွန်းရေး၊ စားသုံးသူများ အကာ အကွယ်ပေးနိုင်ရေး၊ အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင် ခွင့်ရရှိရေး၊ အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး၊ အခွန်စည်းကြပ်မှုဆိုင်ရာကိစ္စရပ်များ ချောမွေ့စေရေး၊ အီလက်ထရွန်နစ်နည်းဖြင့် ကူးသန်း ရောင်းဝယ်ရေးတို့ဖြစ်သည်။
ယှဉ်ပြိုင်မှုမူဝါဒ၏ အဓိကရည်ရွယ်ချက်မှာ ညီညွတ်မျှတသော ယှဉ်ပြိုင်မှုတစ်ရပ် ဖြစ်ပေါ်စေရန် ဖြစ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးမှု မျှတသော ဒေသဖြစ်ပေါ်ရန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များမှာ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုနှင့် အာဆီယံ ကနဦးပေါင်းစည်းရေးအစီအစဉ်တို့ ဖြစ်ပါသည်။ ကမ္ဘာလုံး ဆိုင်ရာစီးပွားရေးတွင် အပြည့်အဝပါဝင်ပေါင်းစည်းသော ဒေသဖြစ်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များမှာ ပြင်ပ စီးပွားရေးဆက်ဆံမှုများအတွက် ကျိုးကြောင်းဆီလျော် သောနည်းလမ်းနှင့် ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ဖြည့်ဆည်း မှုကွန်ရက်၌ ပူးပေါင်းပါဝင်မှုတိုးမြှင့်ခြင်းတို့ ဖြစ်သည်။
အေအီးစီ၏ အဓိကသော့ချက်မှာ AFTA ခေါ် လွတ်လပ်သော ကုန်သွယ်မှုဒေသဖြစ်ရာ AFTA ကို ၂ဝ၁၅ ခုနှစ်တွင် စတင်ကျင့်သုံးတော့မည် ဖြစ်သောကြောင့် နိုင်ငံတော်အနေဖြင့် မိမိတို့ထုတ်ကုန်များကို ကာကွယ်ရန်၊ အားပေးရန်၊ မိမိတို့ ရရှိနိုင်မည့် အကျိုးအပြစ်များ ခွဲခြားသိရှိရန် လိုအပ်မည်ဖြစ်ပါသည်။ AFTA ပေါ်လာ သည့်အခါ မိမိနိုင်ငံ၏ စက်မှုထုတ်ကုန်၊ လယ်ယာ ထုတ်ကုန်များ ထိခိုက်မှုမရှိစေရန်အတွက် လိုအပ်သည့် မူဝါဒဆိုင်ရာလမ်းညွှန်မှုများပေးခြင်း၊ ထုတ်လုပ်မှုစရိတ် လျှော့ချခြင်း၊ အခွန်အခနှုန်းထားများ ပြန်လည်သုံးသပ်ခြင်း၊ မလိုလားအပ်သည့် Transition cost များ လျှော့ချခြင်း တို့ ဆောင်ရွက်ရမည်ဖြစ်ရာ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ပုဂ္ဂလိက၊ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်လျက်ရှိသည်။
AFTA ပေါ်လာသောအခါ မိမိနိုင်ငံ၏ စက်မှု ထုတ်ကုန်၊ လယ်ယာထုတ်ကုန်များ ဒေသတွင်းယှဉ်ပြိုင် နိုင်မှုကို အထောက်အကူဖြစ်စေမည့် လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်လျက်ရှိရာ ၎င်းတို့အနက် နိုင်ငံတော်အနေဖြင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနကို ၄-၄-၂ဝ၁၂ ရက် နေ့တွင် တည်ထောင်ဖွဲ့စည်းခဲ့ပြီး SMEs လုပ်ငန်းများ နည်းပညာနှင့် ဘဏ္ဍာရေးအထောက်အပံ့ရရှိရေး ကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ အရင်းအနှီးအတွက် ၁- ၁ဝ-၂ဝ၁၂ ရက်နေ့တွင် အသေးစားနှင့်အလတ်စား စက်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘဏ်ကို တည်ထောင်ခဲ့ပြီး ချေးငွေများ ထုတ်ပေးလျက်ရှိပါသည်။ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးဥပဒေအား ပထမအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့ပြီးဖြစ်ပါသည်။ ASEAN အဖွဲ့ဝင်နိုင်ငံများနှင့် SME Service Center များတွင် သီးခြား Web Portal တစ်ခု တည်ထောင်၍ ASEAN အဖွဲ့ဝင်နိုင်ငံများ၏ သတင်းအချက်အလက်များ ဖြစ်သော ASEAN SME Festival များ၊ ASEAN Innovative SME များ၊ ASEAN Top SME များကို ချိတ်ဆက်လျက် သတင်းအချက်အလက်များ ဝန်ဆောင်မှု များပေးလျက်ရှိပါသည်။ ပြည်သူလူထု၏ လူမှု-စီးပွားရေး အဆင့်အတန်းမြင့်မားတိုးတက်ရေးနှင့် အမျိုးသားစီးပွား ဖွံ့ဖြိုးရေးအတွက် အဓိကမဏ္ဍိုင်ဖြစ်သော အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းဝင် ၂၇ ဦးပါဝင်ပြီး နိုင်ငံတော်သမ္မတက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော အသေးစားနှင့်အလတ်စား ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။ မိမိတို့နိုင်ငံတွင် SME ဖွံ့ဖြိုးမှုသည် အလွန်အရေးပါ လျက်ရှိပြီး လုပ်ငန်းစုစုပေါင်း ၉ဝ ရာခိုင်နှုန်းသညှ်SME များဖြစ်ကြသည်။ အလုပ်အကိုင်အခွင့်အလမ်း ၇ဝ ရာခိုင် နှုန်းကို SME မှ ဖန်တီးရရှိစေပါသည်။
အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် အရ အကောက်ခွန်များ လျှော့ချ/ပယ်ဖျက်ပေးလျက် ရှိပါသည်။ ယခင်ကတင်သွင်းခွင့်မပြုခဲ့သော ကုန်စည်များအား လွတ်လပ်စွာတင်သွင်းခွင့်ပြုခဲ့ပြီး ပို့ကုန် ပိုမို တင်ပို့နိုင်ရန် ရည်ရွယ်ချက်ဖြင့် အခြေခံစားကုန်များအား လွတ်လပ်စွာ တင်ပို့ခွင့်ပြုခဲ့ပါသည်။ ပို့ကုန်/သွင်းကုန် လိုင်စင်များ Online စနစ်ဖြင့် လွယ်ကူစွာ လျှောက်ထားနိုင်ရန် ဆောင်ရွက်ပြီး ဖြစ်ပါသည်။ ၂ဝ၁၅ အတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး ဆောင်ရွက်ရမည့် ကိုယ်တိုင် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် ထုတ်ပေး ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် selfcertification pilot project (1)တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။
အာဆီယံနိုင်ငံများတွင် စားသုံးသူများ ထိခိုက်နစ်နာမှု များဖြစ်ပေါ်လာပါက အရေးယူဆောင်ရွက်ပေးနိုင်သည့် website ကို မလေးရှားနိုင်ငံ၏ ဦးဆောင်မှုဖြင့် တည်ထောင်ခဲ့ပါသည်။ ယင်းအမည်မှာ www.aseanconsumer.org ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် လည်း ၂ဝ၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်အတည်ပြုချက်ဖြင့် စားသုံးသူများ အကာ အကွယ်ပေးရေးဥပဒေကိုပြဋ္ဌာန်းပြီး နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁ဝ ခုတွင် စားသုံးသူ ကာကွယ်ပေးရေးရုံးများ ဖွဲ့စည်းပြီး ဖြစ်ပါသည်။ အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ ကမ္ဘာ့ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့ (WIPO) ၏ အကူ အညီဖြင့် Law 4 ခုဖြစ်သည့် တီထွင်မှု မူပိုင်ခွင့်ဥပဒေ (Patent Law) ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ (Industry Design Law)၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ (Trade Mark Law) နှင့် မူပိုင်ခွင့်ဥပဒေ (Copy Right Law) စသည့် Law 4 ခုကို သက်ဆိုင်ရာဝန်ကြီးဌာနများ မှ ရေးဆွဲခဲ့ရာ ဥပဒေကြမ်း လေးခုစလုံးသည် (၁၁)ကြိမ် မြောက် မူကြမ်းသို့ ရောက်ရှိနေပြီဖြစ်ပါသည်။
အာဆီယံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်အရ Liberalization လုပ်ရမည့်အပိုင်းမှာ Reservation လုပ်ငန်းများနှင့်ပတ်သက်ပြီး စက်မှုကဏ္ဍမှ ကဏ္ဍခွဲ(၆)ခုကို တိုးတက်ဖြေလျှော့မှုပြုလုပ်နိုင်ခဲ့ပြီး ကဏ္ဍခွဲ(၃)ခုကို ပယ်ဖျက်ခဲ့ပြီးဖြစ်သည်။ မြေငှားရမ်းခြင်းတွင် တိုးတက် ဖြေလျှော့မှုကို ကနဦးအနေဖြင့် နှစ် ၃ဝ ပထမ တိုးချဲ့ ၁၅ နှစ်၊ နောက် ၁၅ နှစ် စုစုပေါင်း နှစ် ၆ဝ အထိ တိုးတက်ဖြေလျှော့မှုပြုခဲ့ပါသည်။
အာဆီယံဝန်ဆောင်မှုကဏ္ဍတွင် ဦးစားပေးကဏ္ဍလေးခုရှိရာ ယင်းတို့မှာ ပို့ဆောင်ရေးကဏ္ဍ၊ e-ASEAN ကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍနှင့် ခရီးသွား လုပ်ငန်းကဏ္ဍတို့ဖြစ်ပါသည်။ ကျန်းမာရေး စောင့် ရှောက်မှုကဏ္ဍတွင် မြန်မာနိုင်ငံမှ ဆရာဝန်နှင့် သူနာပြု များအား ကျန်အာဆီယံနိုင်ငံများကပါ အသိအမှတ်ပြု ရန်ဆောင်ရွက်လျက်ရှိပြီး ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဧည့်လမ်းညွှန်မှအပ ကျန်သည်များကို ဖြေလျှော့ပေးခဲ့ ပါသည်။ အာဆီယံနိုင်ငံများတွင် ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာပြောင်းရွှေ့လုပ်ကိုင်နိုင်ရေးအတွက် ကုန်စည်ကုန်သွယ်ရေး၊ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို လုပ်ကိုင်သည့် နိုင်ငံခြားသားများဝင် ထွက်သွားလာမှု လွယ်ကူစေမည့် အစီအစဉ်များကို အိမ်ရှင်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများအရ ခွင့်ပြုရန် နှင့် ၂ဝ၁၅ ခုနှစ်မတိုင်မီ ဒေသတွင်း ဝန်ဆောင်မှု လုပ်ငန်းများ လွတ်လပ်စွာစီးဝင်နိုင်မှု လွယ်ကူစေရန် နှင့် စံချိန်စံညွှန်းကိုက်ညီမှုရှိစေရန်တို့ကို ဆောင်ရွက် လျက်ရှိပါသည်။
အထက်ဖော်ပြပါဆောင်ရွက်ချက်များကို အကောင် အထည်ဖော်ဆောင်ရာတွင် စိန်ခေါ်မှုများ၊ အခက်အခဲများ အတားအဆီးများ ရှိနေပါသည်။ မြန်မာနိုင်ငံ ၏ SME ကို အခြေခံအားဖြင့် မိရိုးဖလာ SME ၊ သွင်းကုန်အစားထိုး SME ၊ စိုက်ပျိုးရေးနှင့် သယံဇာတ တင်ပို့မှု အခြေခံသော SME ဟူ၍ သုံးမျိုးခွဲခြားနိုင်သည်။ ယင်းတို့အနက် SME မိရိုးဖလာလုပ်ငန်းက ၈ဝ ရာခိုင် နှုန်းရှိပါသည်။ ကျေးလက်နှင့် မြို့ငယ်လေးများတွင် လုပ်ကိုင်သော လုပ်ငန်းရှင်များအနေဖြင့် နည်းပညာနှင့် ဘဏ္ဍာရေးအထောက်အပံ့ရရှိအောင် ဆောင်ရွက်ရန် အသိပညာနည်းပါးသကဲ့သို့ သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့်လည်း ထိရောက်သော ပညာပေးမှုနည်းပါး လျက်ရှိသည်။ SME Focal Center မှ လစဉ်လတိုင်း အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများပေးနေသော် လည်း SME မိရိုးဖလာလုပ်ငန်းကို ရည်မှန်းချက် ထားမှု နည်းပါးလျက်ရှိနေသေးသည်။
ကိုယ်တိုင်ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် ထုတ် ပေးရေးနှင့် စပ်လျဉ်း၍ လက်ရှိ၌ပင် အကောက်ခွန် နှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများ ကြန့်ကြာလျက် ရှိရာ Form D ကို ထပ်မံအသုံးပြုရန် မလိုအပ်တော့ဘဲ ကုန်ပစ္စည်းများကို ကြေညာရာတွင် အကောက်ခွန်မှ အရာရှိများ၊ ဆိပ်ကမ်းမှအရာရှိများနှင့် လုပ်ငန်းရှင်များကြား ယုံကြည်မှုပိုမိုတည်ဆောက်ရန် လိုအပ်သကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မှန်မှန်ကန်ကန်ဆောင် ရွက်မှသာ အောင်မြင်နိုင်မည့်နည်း ဖြစ်ပါသည်။
စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်မှာ ဘေးကင်းလုံခြုံမှုမရှိသော ထုတ်လုပ်ဖြန့်ဖြူးသည့် ထုတ်ကုန်များမှ အကာအကွယ်ပေးခြင်းနှင့် စားသုံးသူ များအတွက် အသိပညာဗဟုသုတများ ဖြန့်ဝေပေး ခြင်းပင်ဖြစ်ပါသည်။ လက်ရှိတွင် နိုင်ငံတော်အစိုးရမှ စားသုံးရန်မသင့်သော အစားအစာများ၊ တားမြစ်ကုန် ပစ္စည်းများကို အများပြည်သူသို့ Print Media မှ တစ်ဆင့် အသိပေးလျက်ရှိပါသည်။ အသိဉာဏ်ပစ္စည်း ဆိုင်ရာ မူပိုင်ခွင့်ဥပဒေကို ဂျပန်ကဲ့သို့ နိုင်ငံများတွင် အခြေခံပညာရေးအဆင့်မှစ၍ text book တွင် ပုံနှိပ် ထုတ်ဝေသင်ကြားလျက်ရှိရာ ကျွန်ုပ်တို့နိုင်ငံအနေဖြင့် လည်း ထိုသို့ဆောင်ရွက်နိုင်လျှင် ပိုမိုကောင်းမွန်မည်ဟု ထင်မြင်ယူဆမိသည်။
မည်သို့ပင်ဖြစ်စေ ခေတ်သစ်စနစ်သစ်သို့ ပြောင်းလဲ နေသော မိမိတို့နိုင်ငံအနေဖြင့် အေအီးစီကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ စီးပွားရေးအခွင့်အလမ်း များ၊ အလုပ်အကိုင်ဖန်တီးမှုများ တိုးတက်လာနိုင်ပေ မည်။ အချို့သော ပညာရှင်များက အာဆီယံသည် အီးယူနှင့် မြောက်အမေရိက လွတ်လပ်သောကုန်သွယ်မှု ဒေသ (NAFTA)ကဲ့သို့ အောင်မြင်သောအဖွဲ့ မဖြစ် မြောက်သေးဟုဝေဖန်နေသော်လည်း လက်ရှိ အာဆီယံ၏ လုပ်ဆောင်မှု၊ လှုပ်ရှားမှုနှင့် အောင်မြင်စွာ အကောင် အထည်ဖော်နိုင်မှုကိုကြည့်လျှင် တစ်ခုတည်းသော ဈေးကွက်နှင့် ထုတ်လုပ်မှုအခြေခံဒေသဖြစ်ရန် မဝေးကွာ တော့သဖြင့် အောင်မြင်သောအဖွဲ့ ဖြစ်လာမည်မှာ မလွဲဧကန်ဖြစ်သည်။ ။
From: The Mirror News (ချယ်ရီချစ်ဆွေ)
No comments:
Post a Comment