Thursday, January 18, 2018

ဝန်ထမ်းထိန်းသိမ်းခြင်းနဲ့ ပက်သက်၍....

မန်နေဂျာတစ်ယောက်ရဲ့တာဝန်တွေဟာ Recruitment and Selection လုပ်ပေးရုံနဲ့မပြီးသေးပါဘူး။ နောက်ထပ်ဆက်ပြီး
လုပ်ရမယ့်တာဝန်တွေရှိသေးတယ်။ အဲဒိထဲကမှ နောက်ထပ်တာဝန်တခုကတော့ ရရှိထားတဲ့ အရည်အသွေးပြည့်ဝန်ထမ်းတွေကိုမိမိရဲ့အဖွဲ့အစည်း / ကုမ္ပဏီအတွင်းမှာ ဆွဲဆောင်ထိန်း သိမ်းထားနိုင်ဖို့ဖြစ်ပါတယ်။
ဝန်ထမ်းမြဲအောင်ထိန်းသိမ်းဖို့ဆိုတာ အပြောလွယ်သလောက် အကောင်အထည်ဖော်ရတာ အ လွန်ခက်တဲ့ကိစ္စရပ်တခုပါ။ဝန်ထမ်းတဦးနဲ့တစ်ဦးလိုအပ်ချက်တွေ၊လိုအင်တွေဟာလူသားတွေဖြစ်တဲ့အ တွက်  အမျိုးမျိုးကွဲပြားနေမှာ အမှန်ပါပဲ။ပြီးတော့ HRရဲ့လုပ်ငန်းသဘာဝအရ ကျွန်တော်တို့ဟာ တခြား ဌာနတွေရဲ့ ပူးပေါင်းပါဝင်မှုမရှိပဲနဲ့ ဘယ်လိုမှဆောင်ရွက်လို့မရနိုင်ပါဘူး။ အဲဒါလေးတော့သတိချပ်စေ ချင်ပါတယ်။

( က ) အလုပ်ခွင်စိတ်ကျေနပ်မှုမေးခွန်းလွှာ  Job Satisfaction Questionnaire
ကုမ္ပဏီတွေရဲ့ လုပ်ငန်းသဘာဝဖွဲ့စည်းပုံပေါ်မူတည်ပြီး  အရည်အချင်းရှိတဲ့ဝန်ထမ်းတွေကို ကုမ္ပဏီမှာမြဲအောင်
ဆွဲဆောင်ထိန်းသိမ်းတဲ့နည်းလမ်းအမျိုးမျိုးရှိပါတယ်။ အဲဒီလိုမျိုးထိန်းသိမ်းတဲ့ အခါမှာ Benefit Plan တွေ အမျိုးမျိုးရေးဆွဲလေ့ရှိပါတယ်။အရေးကြီးတဲ့အချက်ကတော့ ကုမ္ပဏီ မှာရှိ တဲ့ ဝန်ထမ်းတွေကို JSQ လို့ခေါ်တဲ့ Job Satisfaction Questionnaire လုပ်ရပါမယ်။ အဲဒီလိုJSQ လုပ် ရာမှာ အောက်ဖော်ပြပါအချက်များ ပါဝင်ရပါလိမ့်မယ် -
(၁)     ကုမ္ပဏီဟာ အလုပ်လုပ်ဖို့ကောင်းတဲ့ကုမ္ပဏီတစ်ခုဟုတ်/မဟုတ်နဲ့ပတ်သက်တဲ့မေးခွန်းများ
(၂)     လက်ရှိအလုပ်အပေါ် စိတ်ကျေနပ်မှုနဲ့ ပတ်သက်တဲ့မေးခွန်းများ
(၃)     အလုပ်နဲ့ပတ်သက်ပြီး တိုးတက်ဖို့အလားအလာရှိ /မရှိနဲ့ပတ်သက်တဲ့မေးခွန်းများ
(၄)   လက်ရှိကြီးကြပ်သူမန်နေဂျာအပေါ် သဘောထား၊ မန်နေဂျာရဲ့သူ့အပေါ် သဘောထားနဲ့ ပတ်သက်တဲ့ မေးခွန်းများ
(၅)     လက်ရှိလုပ်ငန်းခွင်နဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုရှိ၊ မရှိနဲ့ပတ်သက်တဲ့မေးခွန်းများ။
(၆)    လက်ရှိရရှိနေတဲ့ခံစားခွင့်နဲ့ပတ်သက်ပြီး  စိတ်ကျေနပ်မှုရှိ/ မရှိ ၊အခက်အခဲရှိ / မရှိ နဲ့ ပတ်သက်တဲ့ မေးခွန်းများ။
(၇)     လက်ရှိအလုပ်နဲ့ပတ်သက်ပြီး အနှစ်သက်ဆုံးအကြောင်းအရာတစ်ခု၊ ဒါမှမဟုတ် အခြေအ နေတစ်ခု။
(၈)     လက်ရှိအလုပ်မှ အဆင်မပြေတဲ့ အကြောင်းအရာတစ်ခု၊ ဒါမှမဟုတ်အခြေအနေတစ်ခု
(၉) ဝန်ထမ်းရဲ့အရည်အချင်း၊ လုပ်ရည်ကိုင်ရည်တိုးတက်လာစေဖို့ကုမ္ပဏီက လုပ်ပေးသင့်တယ် လို့ဝန်ထမ်း ရဲ့ထင်မြင်ယူဆချက်
(၁ဝ)   လုပ်ငန်းခွင်မှာ တိုးတက်လာစေဖို့လုပ်ဆောင်တယ်လို့ယူဆချက်များ ——-
အဲဒီလို JSQလုပ်ပြီး ရလာတဲ့အဖြေတွေကို ပြန်ပြီးစီစစ်ပြီး စာရင်းပြုစုခြင်းအားဖြင့် မိမိဝန်ထမ်း တွေရဲ့ အခက်အခဲတွေ၊
လိုလားချက်တွေ၊ ကုမ္ပဏီရဲ့အားသာချက်၊ အားနည်းချက်တွေကို သိရှိလာပြီး Benefit Plan ကို ထိထိရောက်ရောက်
ရေးဆွဲအကောင်အထည်ဖော်လို့ရနိုင်မှာဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့လိုလားချက်တွေဟာအမျိုးမျိုးရှိနေကြပါတယ်။ သူတို့တွေအားလုံးရဲ့ လိုလားချက် တွေအားလုံးကို
အပြည့်အဝဖြည့်ဆည်းပေးနိုင်မှာမဟုတ်ပေမယ့် အတိုင်းအတာတခုအထိတော့ ဖြည့် ဆည်းပေးနိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ သာမန်အားဖြင့်စဉ်းစားရင်တော့ လစာတိုးတာ အားလုံးနှစ်သက် မယ်လို့ယူဆစရာပါ။ တကယ်တမ်းတော့အဲဒါဟာအမြဲတမ်းမမှန်ပါဘူး။ ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေကိုတွေသိမထားခဲ့ပဲနဲ့  Benefit Plan တွေဆွဲထားတဲ့အခါ ခုတ်ရာတခြားရှရာတလွဲဖြစ်
တတ်ပါတယ်။ ဥပမာ- ရာထူးတက်ချင်တဲ့ ဝန်ထမ်းမျိုးကို လစာတိုးပေးမိတာမျိုး၊ လစာတိုးချင်တဲ့ ဝန်ထမ်းကို ချီးကျူးစာပေးမိတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလိုမျိုးဖြစ်ခဲ့ပြီဆိုရင်တော့ ကုမ္ပဏီအနေနဲ့ လုပ် သလောက်အရာမထင်တာမျိုးတွေဖြစ်တတ်ပါတယ်။

( ခ ) လုပ်ငန်းခွင်ကောင်းတစ်ခု
ဝန်ထမ်းတွေကိုဆွဲဆောင်ထိန်းသိမ်းတဲ့ နည်းလမ်းလေးတခုလောက် စပြီးစဉ်းစားကြည့်ကြရအောင်ပါ။ ပထမဆုံးအနေနဲ့ကတော့လုပ်ငန်းခွင်ဟာ လုပ်ငန်းတာဝန်တွေထမ်းဆောင်ဖို့အတွက် အဆင် ပြေချော မွေ့တဲ့လုပ်ငန်း ခွင်ဖြစ်ဖို့လိုပါတယ်။ အဲဒီလိုလုပ်ငန်းခွင်တခုဖြစ်ဖို့အတွက် အောက်ဖော်ပြပါ အချက်တွေ ပြည့် စုံဖို့လိုအပ်ပါ တယ်။ အဲဒါတွေကတော့
( ၁ ) ခင်မင်နှစ်လိုဖွယ်ကောင်းသောအလုပ်ခွင်ဖြစ်ခြင်း
( ၂ ) ကိုယ်ရေးကိုယ်တာကိစ္စရပ်များ၊ ဘက်လိုက်မှုများကင်းရှင်းသော အလုပ်ခွင်ဖြစ်ခြင်း
( ၃ ) မျှတမှုရှိသော အလုပ်ခွင်ဖြစ်ခြင်း
( ၄ ) မိသားစုသဖွယ်နွေးထွေးမှုအပြည့်ရှိသောအလုပ်ခွင်ဖြစ်ခြင်းတို့ပဲဖြစ်ပါတယ်။
အထက်မှာပြောခဲ့တဲ့လုပ်ငန်းခွင်ကောင်းတခုဖြစ်ဖို့လိုအပ်တဲ့အချက်ကလေးတွေကိုဆက်ပြီးစဉ်းစား ကြည့်ကြရအောင်ပါ။ တကယ်တော့ မိမိရဲ့အလုပ်ခွင်နဲ့ပတ်သက်ပြီး ဝန်ထမ်းတစ်ဦးချင်း စီရဲ့ ခံယူ ချက်၊ ခံစားချက်ဟာ လုပ်ငန်းခွင်အတွင်း စွမ်းဆောင်နိုင်မှုအရည်အသွေးတွေနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတာ ကျွန်တော်တို့ မငြင်းနိုင်ပါဘူး။

( ၁ ) ခင်မင်နှစ်လိုဖွယ်ကောင်းသောလုပ်ငန်းခွင် ( A Friendly Place ) – ဖန်တရာတေနေတဲ့စကားလုံး လို့ ပြောနိုင်ပေမယ့် အလုပ်ခွင်ကောင်းတခုရဲ့အဓိကကျတဲ့ အင်္ဂါရပ်တစ်ခုပါ။ ဝန်ထမ်းအားလုံးဟာ တ ပါတ်ကို အနည်းဆုံး   ( ၅ ) ရက်တော့အနည်းဆုံးရုံးတက်ကြရပါတယ်။ အဲဒီလို ရုံးတက်ကြရတဲ့အခါမှာ မနက်မိုးလင်းလို့ အိပ်ရာကနိုးထလာတာနဲ့အလုပ်သွားရမယ်လို့စဉ်းစားမိတဲ့အခါတိုင်းမှာ အလုပ်ကို လိုလိုလားလားသွားချင်တဲ့ စိတ်ရှိဖို့အရေးကြီးပါတယ်။ အလုပ်သွားရမှာကို
တာဝန်တစ်ရပ်အနေနဲ့ သွား ရတာမျိုး၊ မဖြစ်လို့သွားနေရတာမျိုးဆိုရင် လုပ်ငန်းခွင်မှာ လုပ်ငန်းတွေကို ထိထိရောက်ရောက်လုပ်ဆောင် နိုင်ဖို့ မလွယ်ပါဘူး။ ရုံးရောက်လို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့တွေ့တဲ့အခါ၊ အလုပ်တွေလုပ်ရတဲ့အခါမှာ ပျော်ရွှင်ရမယ်ဆိုရင်တော့သူတို့တွေရဲ့ Productivity ကောင်းမှာ သေချာပါတယ်။ အများအားဖြင့် လူ တွေရဲ့သဘာဝအရ သူများခြံထဲကမြက်ကပိုစိမ်း တယ်လို့ ထင်တတ်ကြပါတယ်။
( ၂ ) ဘက်လိုက်မှုများကင်းရှင်းသောလုပ်ငန်းခွင် ( There There isn’t much Politics Around Here) ကုမ္ပဏီအတွင်း
ဝန်ထမ်းတစ်ဦးနဲ့တစ်ဦးအားပြိုင်မှုတွေဟာ ကူးစက်တတ်တဲ့ သဘောသဘာဝရှိပြီး အပြန် အလှန်လေးစားမှုတွေ၊ကိုယ်ချင်းစာစိတ်တွေနဲ့သာ ကုစားနိုင်ပါမယ်။ အထူးသဖြင့်တော့ ဝန်ထမ်းတွေ ဟာ ရာထူးတိုးဖို့၊ လစာတိုးဖို့၊ ခံစားခွင့်တွေပိုမိုရရှိဖို့၊ အထက်လူကြီးရဲ့ ချီးမွမ်းစကားကြားရဖို့အတွက် တဦးနဲ့တဦး  ပြိုင်ဆိုင်နေကြရပါတယ်။ အပြိုင်အဆိုင်ရှိတာ ကောင်းတာမှန်ပေမယ့်အားကစားစိတ် ဓါတ်နဲ့ မျှမျှတတယှဉ်ပြိုင်နေကြတာတော့ဖြစ်ဖို့လိုပါတယ်။ ကျား/မ၊ အသက်အရွယ်၊ လူမျိုး၊ ဘာသာ သာသနာ၊ဆွေမျိုးတော်စပ်မှုတို့ကို အကြောင်းပြုပြီး ခွဲခြားဆက်ဆံမှုတွေ ရှိလာခဲ့မယ်ဆိုရင် မျှတမှုတွေ ပျောက်ဆုံးသွားပါလိမ့်မယ်။မျှတမှူတွေရှိတယ်ဆိုရင်တောင်မှ ဖျက်လိုဖျက်စီး လုပ်တတ်တဲ့သူတွေ ရှိနေရင်၊ မသိကျိုးကျွံပြုထားရင် ဝန်ထမ်းတွေရဲ့စိတ်ထဲမှာအထိန်းအကွပ်မရှိတဲ့ နေရာတခုကိုရောက်နေ သလိုမျိုးခံစားရစေနိုင်ပါတယ်။အလုပ်ခွင်ကောင်းတစ်ခုဖြစ်အောင်ဖန်တီးနိုင်ခဲ့မယ်ဆိုရင် ဝန်ထမ်းတွေဟာနောက်ကျောကို ဓါးနဲ့ အထိုးခံရမှာကိုစိုးရိမ်ပူပန်နေစရာမလိုပါဘူး။ ပြီးတော့မိမိတို့ရဲ့အလုပ်တည်မြဲမှုနဲ့ ပတ်သက်ပြီး တဦး တစ်ယောက်ကိုမှ ကြောက်ရွံ့ပုပန်စရာမလိုတော့ဘဲမိမိတို့ရဲ့ တာဝန်ကျေပွန်အောင်ဆောင်ရွက်ဖို့ပဲ ဦးတည်လာပါလိမ့်မယ်။
( ၃ ) မျှတမှုရှိသောလုပ်ငန်းခွင် ( You Get a Fair Shake ) ။
 ဝန်ထမ်းတိုင်းဟာ တရားမျှတစွာ ဆက်ဆံ ခံရဖို့ကိုလိုလားကြပါတယ်။ဆောင်ရွက်သင့်တာကတော့ မိမိရဲ့ ကုမ္ပဏီ/အဖွဲ့အစည်းမှာ မကျေနပ်မှု ဆိုင်ရာလုပ်ထုံးလုပ်နည်းများ ( Grievance Procedure )များရေးဆွဲထားပြီးဝန်ထမ်းအားလုံးကို အသိပေးထားဖို့ လိုအပ်ပါတယ်။ ဒါမှတရားမျှတမှုမရှိဘူး၊ အနိုင်ကျင့်ခံနေရတယ်လို့ခံစားရတဲ့ဝန်ထမ်း တစ်ဦးအတွက် တိုင်တည်စရာ၊ အားကိုးအားထားပြုစရာနေရာတခုရှိလာမှာပါ။ ဝန်ထမ်းတွေအပေါ်မှာတရားမျှတမှုရှိတဲ့ကုမ္ပဏီဆိုတာ အပြောလွယ်ပေမယ့် လက်တွေ့ကျင့်သုံးအကောင်အထည်ဖော်ဖို့ အ မှန်တကယ်ခက်ခဲပါတယ်။တကယ့် အလုပ်ခွင်ကောင်းတခုသာဖြစ်ခဲ့မယ်ဆိုရင် ဝန်ထမ်းတွေက ”ကုမ္ပဏီ က တို့ကိုမျှမျှတတ ဆက်ဆံပါတယ်”ဆိုတဲ့ စကားမျိုးပွင့်အံထွက်လာပါလိမ့်မယ်။ ဝန်ထမ်းတွေကို မျှမျှ တတမဆက်ဆံပဲ မျှမျှတတဆက်ဆံခံရတယ်ထင်ရအောင် လုပ်ဖို့အရမ်းခက်ခဲပါတယ်။ဝန်ထမ်းအားလုံး လိုလိုဟာ ဘက်လိုက်ဆုံးဖြတ်တာနဲ့ပတ်သက်ပြီး ခံစားခဲ့ဖူးတဲ့သူတွေဖြစ်ပါတယ်။ အများ အားဖြင့် တော့ဘက်လိုက်မှုတွေ၊ ဦးစားပေးဆက်ဆံမှုတွေ မမျှတမှုတွေ၊ အလွဲသုံးစားလုပ်မှုတွေကို ကြုံဖူးကြတဲ့သူတွေများပါတယ်။
(၄)     မိသားစုသဖွယ်နွေးထွေးမှုအပြည့်ရှိသောလုပ်ငန်းခွင် ( Feel Like Family )။   ဒါနဲ့ပတ်သက် ပြီး တော့ ပြောစရာတခုရှိပါတယ်၊
အဲဒါကတော့ မိသားစုပုံစံကုမ္ပဏီလို့ပြောရရင် ပုံစံမျိုးစုံဖြစ်နိုင်ပါတယ်။ တခါတလေကျအင်တာဗျူးတွေမှာပြောလေ့ပြောထရှိတတ်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီက မိသားစု ပုံစံအလုပ်လုပ်တယ်လို့ ပြောတတ်ကြပါတယ်။ဒါဆိုရင်အကြမ်းဖျင်းပြောလို့ရနိုင်တာက စနစ်တကျလုပ် နေတာမဟုတ်ဖူးလို့ သုံးသပ်လို့ရနိုင်ပါတယ်။ မိသားစုပုံစံကုမ္ပဏီလို့ပြောခဲ့ရင်အဲဒါက ဘယ်လိုမိသားစု လဲဆိုတာကိုသိဖို့လိုပါလိမ့်မယ်။ မိသားစုလို့ပြောရင် အရမ်းချစ်တတ်တဲ့မိဘနှစ်ပါးရှိတဲ့ မိသားစုရှိသလို ပဲမိန်းမနှင့်သားသမီး ကိုရိုက်နှက်နှိပ်စက်တတ်တဲ့အဖေမျိုးရှိတဲ့ မိသားစုလဲရှိပါတယ်။ ယေဘုယျ ပြော မယ်ဆိုရင်တော့
အလုပ်ရှင်ကောင်းကောင်းဆီမှာ အလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေက မိသားစုပုံစံလုပ်ငန်း ခွင်မျိုးမှာ အလုပ်လုပ်ခွင့်ရတယ်လို့ပြောလာတယ်ဆိုရင် တော့ဒါအကောင်းဖက်ကပြောတာပဲ ဖြစ်ပါ တယ်။ အောက်ဖော်ပြပါအချက်တွေနဲ့ပြည့်စုံမယ်ဆိုရင် ကောင်းမွန်တဲ့မိသားစုပုံစံကုမ္ပဏီလို့ ဆိုနိုင်ပါလိမ့်မယ် -

( ၁ )   ဂရုတစိုက်ပြုစုပျိုးထောင်ပေးတဲ့ လုပ်ငန်းခွင် (A Caring, Nurturing Environment) – ကြီးကြပ်
သူတွေဟာဝန်ထမ်းတွေအပေါ်မှာ စိတ်ဝင်တစားနဲ့ သူတို့ရဲ့လိုအပ်ချက်တွေကို အတတ်နိုင်ဆုံးသိအောင် ကြိုးစားပြီး
လိုက်လံဖြည့်ဆည်းပေးလေ့ရှိသလိုပဲ ဝန်ထမ်းတွေကလဲ သူတို့ကို တန်ဖိုးအထားခံရတယ် လို့  ခံစားတတ်တယ်။ ဒါဆိုရင်တော့ ကုမ္ပဏီနဲ့ဝန်ထမ်းကြားမှာ ယုံကြည်မှုတစ်ခု တည်ဆောက်ပြီးဖြစ် ပါတယ်။
( ၂ )   A Long Term Commitment – ဘယ်သူမဆို ကိုယ်ထူထောင်ထားတဲ့မိသားစုထဲက အလွယ်တ ကူထွက်သွားလို့မရပါဘူး။
အဲဒီလိုပဲအလွန်ကောင်းမွန်တဲ့ လုပ်ငန်းခွင်ကိုရရှိထားတဲ့ ဝန်ထမ်းတွေအဖို့ ဘဝ တလျှောက်လုံး ဒီကုမ္ပဏီမှာပဲမြှုပ်နှံတော့မယ်လို့ဆုံးဖြတ်ချက်ချစေနိုင်ပါတယ်။ လုပ်ငန်းရှင်ကောင်း တွေက အဲဒီလို Commitment မျိုးကို ပိုပြီး လိုချင်တန်ဖိုးထားတတ်ကြပါတယ်။
( ၃ )   We are all in it – မိသားစုတစုထဲမှာပါဝင်ခွင့်ရတဲ့အခါမှာ တဦးချင်းအနေနဲ့ အရေးပါတဲ့ အခန်း ကဏ္ဍတခုစီကနေပါဝင်ကပြနေရတယ်ဆိုတာခံစားကြရဖို့လိုပါတယ်။ မိသားစုဝင်တွေဟာ တစ်ဦးကိုတစ် ဦး လိုအပ်တာတွေဖြည့်ဆည်းပေးရင်းနဲ့အောင်မြင်ပျော်ရွှင်တဲ့ ဘဝတစ်ခုဆီကို လျှောက်လှမ်းနေကြရ တာ ဖြစ်ပါတယ်။ မိသားစုဝင်အားလုံးဟာတစ်သွေးတည်းတစ်သားတည်းဖြစ်နေပြီး ပြင်ပမှဝင်ရောက်လာမယ့်  ဘယ်လို ဘေးဒုက္ခအန္တရာယ်မျိုးကိုမဆိုတွန်းလှန်တိုက်ခိုက်ဖို့အတွက်အဆင် သင့်ရှိနေတဲ့ခံစားချက်မျိုးမွေးမြူနိုင်အောင် ဆောင်ရွက်ပေးရပါမယ်။လုပ်ငန်းခွင်ကောင်းတခုဖြစ်အောင်ဖန်တီးနိုင်ခဲ့ပြီဆိုရင်တော့ HR မန်နေဂျာတစ်ယောက်ရဲ့ တာ ဝန်တော်တော်များများကျေပွန်ပြီလို့ပြောရမှာပါ။ ဒါပေမယ့် အထူးသတိပြုရမှာက အဲဒီလိုလုပ်ငန်းခွင် ကောင်းတခု ဖြစ်ဖို့ဆိုတာ HRမန်နေဂျာတဦးတည်းနဲ့ ဆောင်ရွက်နိုင်မှာမဟုတ်ဘဲ သက်ဆိုင်ရာမန်နေ ဂျာတွေအားလုံးရဲ့ ပူးပေါင်းမှု၊


ကူညီမှုတွေလဲလိုအပ်တယ်ဆိုတာသိရှိထားဖို့လိုအပ်ပါတယ်။ သက်ဆိုင်ရာ မန်နေဂျာတွေကို သဘောပေါက်နားလည်အောင်ရှင်းပြဖို့၊ဆွဲဆောင်စည်းရုံးဖို့ကံH Rမန်နေဂျာတဦးရဲ့ တာဝန်ဖြစ်ပါတယ်။
မိမိရဲ့အဖွဲ့အစည်းအတွက် အရည်အချင်းရှိပြီး ရိုးသားကြိုးစားတဲ့ ဝန်ထမ်းကောင်းတွေကို ဆွဲ ဆောင်ထား ဖို့အတွက် ၊ Motivationကောင်းဖို့အတွက် လုပ်ငန်းခွင်ကောင်းတစ်ခုဖြစ်အောင် ဖန်တီးပေး ရုံနဲ့လုံလောက်ပြီလားလို့မေးရင် မလုံလောက်သေးပါဘူး။လူသားအားလုံးဟာဘယ်အလုပ်ကိုပဲလုပ်ရလုပ်ရ အဲဒီအလုပ်လုပ်ရင် ငါ့အတွက်ဘာရမှာလဲ “What’s in it for me” ဆိုတာစိတ်အဝင်စားဆုံးပါ။ ဘယ်အလုပ်ကိုမဆို စတင်မဆောင်ရွက်ခင်မှာ သူများကိုမမေးရင်တောင်မှ ကိုယ့်ကိုယ်ကိုအဲဒီမေးခွန်းကိုမေးဖြစ်ကြပါတယ်။ အားလုံးဟာ မိမိအတွက် ကိုယ်၊စိတ်နှစ်ပါးလုံးကျေနပ်မှုရမယ်လို့ အပြည့်အဝယုံကြည်မှသာအပြုအမှုတွေကို ပြုမူဆောင်ရွက်ကြ တာဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ လူသားတိုင်းဟာ Reward တခုခုရရှိမှသာ၊ ဒါမှမဟုတ်ရရှိမယ် လို့ ယုံကြည်မှသာ အလုပ်တခုလုပ်ကြ တာဖြစ်တယ်လို့ပြောချင်တာပါ။ဒါကြောင့် မိမိရဲ့ဝန်ထမ်းကောင်းတွေကိုအဖွဲ့အစည်းအတွင်းမှာရှိနေဖို့အပြင် သူတို့ရဲ့ လုပ်ချင် ကိုင်ချင် စိတ်တွေ ဖြစ်ပေါ်လာအောင်
ဆောင်ရွက်ဖို့စဉ်းစားရာမှာ Rewards တွေဖြစ်တဲ့ Pay and Benefits တွေ ကို အရင်ဆုံးပြေးစဉ်းစားကြရတာဖြစ်ပါတယ်။

( ဂ ) ချီးမြှင့်ခြင်း Rewards
Rewards လို့ပြောရင် Intrinsic  Rewards and Extrinsic Rewards ဆိုပြီး ( ၂ ) မျိုးရှိတဲ့အ နက် ဝန်ထမ်းတဦးအတွက်
အထင်သာအမြင်သာဆုံး Rewards ကတော့ Extrinsic Rewards ဖြစ်တဲ့ Pay ပဲဖြစ်ပါတယ်။ ဝန်ထမ်းအားလုံးဟာငွေကြေးရရှိဖို့အလုပ်လုပ်နေကြတယ်လို့ပြောလို့ရပေမယ့် ဝန်ထမ်း တစ်ဦးနဲ့တစ်ဦးခံယူချက်ခြင်း၊ လိုအပ်ချက်ခြင်းမတူပါဘူး။ တချို့ဝန်ထမ်းတွေကIntrinsic Rewards  ကို လိုချင်ပေမယ့် တချို့ကတော့ Extrinsic Rewards ကိုပိုပြီးလိုလားကြပါတယ်။ Intrinsic Rewards မှာချီးကျူးအားပေးစကားပြောကြားခြင်း အပါအဝင်အကောင်အထည်ဖော်ပြလို့မရတဲ့ စိတ်ခံစားမှုဆိုင်ရာ ချီးမြှောက်ခြင်းတွေပါဝင်ပါတယ်။Extrinsic Rewards ကတော့ ထင်သာမြင်သာရှိပြီး ဆုကြေး ငွေချီးမြှင့် တာ၊ လစာနဲ့ခံစားခွင့်တိုးမြှင့်ပေးတာစတဲ့ Monetary Rewards
ကော၊ တစ်ဦးချင်းနဲ့ ကိုက်ညီတဲ့ လုပ်ငန်းတာဝန်ပေးအပ်တာ၊ ရာထူးတိုးမြှင့်ပေးတာ ၊ အများရဲ့ရှေ့မှာ ချီးမွမ်းတာ စတဲ့ Non-MonetaryွRewards ပုံစံကော ဖြစ်နိုင်ပါတယ်။ အကြီးအကဲရဲ့ ချီးမွမ်းစကားသံလေးတစ်ခု၊ ခရီးကပြန်လာပြီး ဝန် ထမ်းတွေအတွက်ဝယ်လာတဲ့ချောကလက်ကလေးတစ်ခုကလဲ အလွန်တန်ဖိုးရှိတဲ Rewards တခုပဲ ဖြစ် ပါတယ်။
Extrinsic Rewards ထဲမှာထင်သာမြင်သာအရှိဆုံးနဲ့အသုံးအများဆုံးကတော့ Direct Compensation ပဲ ဖြစ်ပါတယ်။
ဝန်ထမ်းတိုင်းက မိမိတို့တာဝန်ယူဆောင်ရွက်ခဲ့ရတဲ့အလုပ်တွေအ တွက် ငွေကြေးအနေနဲ့ ပြန်လည် ရရှိတာမျိုးပါ။ Direct Compensation မှာများသောအားဖြင့် Base  Pay & Variable Pay ( ၂ ) မျိုးပါဝင်ပါတယ်။ Base Pay ဆိုတာကတော့ဝန်ထမ်းတစ်ဦးရဲ့လုပ်ခ၊ ဒါမှ မဟုတ် လစာကိုဆိုတာဖြစ်ပါတယ်။ Base Pay မှာနှစ်မျိုးရှိပါတယ်။ အလုပ်လုပ်ချိန်ကိုတွက်ပြီး ပေးအပ် တဲ့ငွေကြေးရယ်၊ သတ်မှတ်ကာလတခုအတွင်း နာရီဘယ်လောက်ပဲလုပ်ရလုပ်ရ ၊ ပုံသေသတ်မှတ်ထား တဲ့လစာရယ်ဆိုပြီး ဖြစ်ပါတယ်။Variable Pay ဆိုတာကတော့ လုပ်ရည် ကိုင်ရည်အပေါ်မှာ မူတည်ပြီး ပေးအပ်တဲ့ငွေကြေးပါ။ Bonus တွေ၊ Incentivesတွေပါဝင်ပါတယ်။ 
Indirect Compensation  မှာတော့ Benefits တွေပါဝင်ပါတယ်။ ဝန်ထမ်းတွေဟာ ငွေကြေးမရရှိ ပဲ အခြားအခြားသောခံစားခွင့်တွေရရှိတာပါ။ ဥပမာအားဖြင့် လုပ်ငန်းစွမ်းဆောင်ရည်ပေါ်မှာ မူတည်တာ မဟုတ်ပဲအဖွဲ့အစည်းဝင်တစ်ဦး၊ဝန်ထမ်းတစ်ဦးဖြစ်တဲ့အတွက် ဆေးကုသခွင့် တာဝန်ယူပေးခြင်း၊ အာမ ခံထားပေးခြင်း၊ အားလပ်ရက်ပေးခြင်း၊ပင်စင်ခံစားခွင့်ပေးခြင်းစတာတွေပဲ ဖြစ်ပါတယ်။

( ဃ ) လစာနှင့်ခံစားခွင့်များ Pay and Benefits
အဲဒီတော့ Pay and Benefits အကြောင်းကို စကြည့်ကြရအောင်ပါ။ ဝန်ထမ်းတွေကို Motivate လုပ်ဖို့ အတွက် ဝန်ထမ်းတွေရရှိနေတဲ့Pay and Benefits တွေဟာလဲ အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိပါတယ်။ အထူးသဖြင့်တော့ ဝန်ထမ်းတစ်ဦးချင်းသို့မဟုတ်အစုအဖွဲ့တစ်ခုခုရဲ့ စွမ်းဆောင်ရည်နဲ့ Bonus ကိုချိတ် ဆက်ထားတဲ့အခါမျိုးမှာပိုပြီးသိသာထင်ရှားပါတယ်။ Pay and Benefitsတွေနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ ဆောင်ရွက်ချက်တွေဟာ ဝန်ထမ်းတွေကို motivate လုပ်ပေးနိုင်ရုံတင်မကပါဘူး။ မိမိအဖွဲ့အစည်းရဲ့
အခြားခြားသောလုပ်ငန်းစဉ်တွေကိုလည်း အထောက်အပံ့ဖြစ်စေပါတယ်။ ဥပမာအားဖြင့် ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုကို ပေးစွမ်းလိုတဲ့အခါဒါမှမဟုတ် အကောင်းဆုံးတီထွင်ဆန်းသစ်မှုတွေလိုအပ်တဲ့အခါ မိမိရဲ့ ယှဉ်ပြိုင်ဘက် Competitors  တွေထက်သာလွန် တဲ့ Pay andBenefits တွေကိုပေးခြင်းအားဖြင့် မိမိရဲ့ အကောင်းဆုံးဝန်ထမ်းတွေကို ထိန်းသိမ်းနိုင်စွမ်းရှိစေနိုင်ပါတယ်။Pay and Benefits တွေနဲ့ပတ်သက်ပြီး ဝန်ထမ်းတွေနဲ့ဆက်နွယ်မှုတွေကို ဆက်ပြီးစဉ်းစားကြည့် ကြရ အောင်ပါ။ Pay andBenefits တွေကို ဘယ်လိုသတ်မှတ်ပေးမလဲ ဆုံးဖြတ်ရတာ လွယ်မယောင်နဲ့ ခက်ခဲပါတယ်။ အဖွဲ့အစည်းတစ်ခုအနေနဲ့ Pay Leaderကော Pay Follower ကော ဖြစ်လို့ မရပါဘူး။ မိမိရဲ့ Competitors တွေ ရဲ့ Pay Structure တွေကို လေ့လာဆန်းစစ်ပြီးမှဆုံးဖြတ်ချက်ချသင့်ပါတယ်။
Pay leader ဖြစ်ခဲ့ရင် Competitor တွေထက် ကုန်ကျစရိတ်ပိုများနေမှာဖြစ်သလို Pay Follower ဖြစ်ခဲ့ရင်လည်း
အရည်အချင်းရှိတဲ့ဝန်ထမ်းတွေကိုခေါ်ယူဖို့၊ ဆွဲဆောင်ထိန်းသိမ်းထားဖို့ ခက်ခဲမှာဖြစ်ပါ တယ်။ Pay and Benefits တွေကိုဆုံးဖြတ်တဲ့အခါမှာ အဓိကထားပြီးစဉ်းစားရမယ့်အချက်ကတော့ ဘယ်အဆင့်၊ ဘယ်တာဝန်၊
ဘယ်ရာထူးကိုလစာဘယ်လောက်ပေးမလဲ၊ ဘောနပ်တွေကော်မရှင်တွေ Performance Related Pay တွေကို ဘယ်လောက်ပေးမလဲ၊ဘယ်လိုအချက်တွေကို အခြေခံပြီးပေးမယ် ဆိုတာပါ။ တခုထည့်သွင်း စဉ်းစားရမှာက Pay and Benefits တွေဟာကျွန်တော်တို့နေ့စဉ်အလုပ် လုပ်ဖို့အတွက် တွန်းအားတစ်ခုဖြစ်တာ မှန်ပေမယ့် ဝန်ထမ်းတွေကို အဖွဲ့အစည်းအတွင်းမှာ ဆွဲဆောင်ထိန်းသိမ်းထားနိုင်အောင်၊ သူတို့ရဲ့ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှအကုန်ထုတ်ပြီး တာဝန်ထမ်းဆောင်ချင်လာ အောင်အတွက်ဆိုရင်တော့အဖွဲ့အစည်းတွေအနေနဲ့ ရှေ့ကပြောခဲ့တဲ့ အလုပ်ခွင်ကောင်း တစ်ခုဖြစ် အောင် ဖန်တီးပေးထားတာအပြင် အောက်ဖော်ပြပါအချက်တွေကိုလဲ Pay and Benefit တွေနဲ့အတူ တွဲပြီး ဆောင်ရွက်ပေးဖို့လိုပါလိမ့်မယ်။ အဲဒါတွေကတော့
( ၁ )   စွမ်းဆောင်ရည်မြင့်မားတဲ့သူတွေအတွက် လိုက်လျောညီထွေဖြစ်တဲ့ Pay and Benefits တွေကိုပေးအပ်သွားဖို့၊
အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့ဝန်ထမ်းတွေကို ဆုကြေးငွေများ  ချီးမြှင့်ခြင်း၊ ရာ ထူးတိုးမြှင့်ပေးခြင်းအပြင်အခြားမြင်သာသောချီးမြှင့်မှုတွေ ဆောင်ရွက်ပေးရပါမယ်။
( ၂ )   အဖွဲ့အစည်းရဲ့ရည်မှန်းချက်ပန်းတိုင်ရောက်ရှိဖို့ ဝန်ထမ်းတွေကိုတစ်ဦးချင်းစီက ဘာတွေတာဝန်ယူလုပ်ဆောင်ပေးစေချင်တယ်ဆိုတာကို ရှင်းရှင်းလင်းပြောပြထားဖို့။ အဲဒီလို လုပ်နိုင်ဖို့အတွက် တိကျသေချာတဲ့ Job Design နဲ့ထိရောက်တဲ့ Communication တွေလိုအပ်ပါတယ်။ HR မန်နေဂျာ တွေအနေနဲ့သက်ဆိုင်ရာကြီးကြပ်သူတွေနဲ့ပူးပေါင်းပြီးဆောင်ရွက်သွားရမယ့် ကိစ္စတစ်ခုပါ။
( ၃ )   ဝန်ထမ်းတစ်ဦးချင်းရဲ့ စွမ်းဆောင်ရည်နှင့်ပတ်သက်ပြီး Feedback တွေကိုအချိန်မီ၊ လုံလုံ လောက်လောက်ပေးဖို့ –အဲဒီလိုပြုလုပ်ခြင်းအားဖြင့် လုပ်ငန်းစွမ်းဆောင်ရည်အားနည်းချက်တွေကိုစောစောစီးစီးကြိုတင်သိရှိပြီးပြန်လည်ပြင်ဆင်မှုတွေလုပ်ဆောင်ပေးစေနိုင်ပါလိမ့်မယ်။( ၄ )   ဝန်ထမ်းတစ်ဦးချင်းကို အောင်မြင်မှုတွေ ရယူနိုင်အောင်ဆောင်ရွက်ပေးဖို့ – အဓိကအချက် ကတော့
ဝန်ထမ်းတစ်ဦးချင်းစီရဲ့ ပင်ကိုယ်အရည်အသွေး၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှုတွေနဲ့ ကိုက်ညီ တဲ့ လုပ်ငန်းတာဝန်တွေကို
ပေးအပ်ဖို့ဖြစ်ပါတယ်။ လိုအပ်ချက်တွေ ရှိနေရင်လည်း လိုအပ်နေတဲ့ Skills တွေရရှိဖို့အတွက် သင့်တော်တဲ့လေ့ကျင့်သင်ကြားမှုတွေပြုလုပ်သွားပေးဖို့ လိုအပ်ပါလိမ့်မယ်။

( င ) Equity
Pay and Benefit တွေကို စနစ်တကျစီစဉ်ဆောင်ရွက်တဲ့အခါမှာ ထည့်သွင်းစဉ်းစားရမယ့်အချက် တစ် ချက်ရှိပါတယ်။ အဲဒါကတော့Equity ပဲဖြစ်ပါတယ်။ Equity လို့ပြောပြန်ရင်လည်း External Equity နဲ့ Internal Equity ဆိုပြီး (၂) မျိုးရှိပါတယ်။ External Equityဆိုတာကတော့ ဝန်ထမ်းတစ်ဦးရရှိခံစားရ မယ့် Pay ဟာအခြား ကုမ္ပဏီအဖွဲ့အစည်းတစ်ခုမှာတူညီတဲ့လုပ်ငန်းတာဝန်တွေထမ်းဆောင်နေရတဲ့ သူတွေ ရရှိနေတဲ့ Pay နဲ့ယှဉ်မယ် ဆိုရင် မျှတမှုရှိဖို့လိုအပ်တာကိုဆိုလိုတာပါ။ နောက်ပြီး Equityဟာ Equality နဲ့မတူညီဖူးဆိုတာ သိထားဖို့လိုမယ်ထင်ပါတယ်။ Equality လို့ပြောရင်လုံးဝထပ်တူညီရမှာဖြစ် ပါတယ်။ Equityဆိုတာကတော့ လုံးဝထပ်တူညီဖို့မလိုဘဲ အဖွဲ့အစည်းအရွယ်အစား၊ လုပ်ငန်းတာဝန် များပြားမှုတွေနဲ့ အခြေအနေအရပ်ရပ်ကိုမူတည်ပြီးကွဲလွဲမှုတချို့ရှိနိုင်ပါတယ်။ Internal Equity ဆိုတာ ကတော့ ဝန်ထမ်းတစ်ဦးရရှိတဲ့ Pay ဟာ သူ့ရဲ့ အလုပ်နဲ့ လုပ်ငန်းတန်ဖိုးချင်းတူညီတဲ့တခြားသူတွေရ ရှိတဲ့ Pay နဲ့တူညီတာကိုပြောတာပါ။ တကယ်လို့သာ အဖွဲ့အစည်းကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းတွေအနေ နဲ့သူတို့ခံစားရရှိတဲ့ Pay တွေဟာ မျှတမှုမရှိဘူးလို့ခံစားရမယ်ဆိုရင် သူတို့တွေကုမ္ပဏီကို စွန့်ခွာ သွားဖို့ကြိုးစားကြမှာဖြစ်ပါတယ်။တကယ်လို့ စွန့်ခွာမသွားကြဘူးဆိုရင်တောင်မှသူတို့ရဲ့ ကြိုးပမ်းအား ထုတ်မှုကိုလျှော့ချလိုက်တာမျိုးနဲ့ တုံ့ပြန်ကြမှာသေချာပါတယ်။အဲဒါဆိုရင် မိမိကုမ္ပဏီအဖွဲ့ အစည်း တစ်ခုလုံးရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကျဆင်းသွားဖို့ သေချာသွားပြီပေါ့။ ဒါမှမဟုတ် စိတ်ဓါတ်ခွန်အားနည်းပါးတဲ့ဝန်ထမ်းတွေဆိုရင် မဟုတ်တဲ့နည်းလမ်းတွေကိုသုံးပြီး သူတို့ရသင့်တယ်လို့ထင်တဲ့အရာကို ရအောင်ယူတာမျိုးတွေဖြစ်လာနိုင်ပါတယ်။Equity ကို ဆက်စပ်ပြီးဥပမာတစ်ခုလောက်စဉ်းစားကြည့်ကြရအောင်ပါ။ ကုမ္ပဏီတစ်ခုတည်းမှာ ရှိတဲ့စာရင်းကိုင်နှစ်ယောက်ဆိုပါစို့။ အဲဒီနှစ်ယောက်ထဲမှ ( ၁ ) ယောက်က အရမ်းကိုထူးချွန်တဲ့သူဖြစ်ပြီး နောက်တယောက်ကမကြိုးစားတဲ့သူဖြစ်မယ်။ အဲဒီဝန်ထမ်းနှစ်ယောက်စလုံးရဲ့လစာဟာ တူညီခဲ့မယ်ဆို ရင် Equity ပျောက်သွားပြီလို့ပြောရပါလိမ့်မယ်။ပိုထူးချွန်တဲ့ဝန်ထမ်းအတွက်ကတော့စိတ်ပျက်စရာ ကောင်းတဲ့ အခြေအနေတစ်ခုပေါ့။ အထူးဂရုပြုသင့်တာတစ်ခုကတော့
ဝန်ထမ်းတော်တော်များများအ တွက် Internal Equity ဟာပိုပြီးတော့ အရေးပါတယ်ဆိုတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကုမ္ပဏီအတွင်း မှာဝန်ထမ်းတွေရရှိတဲ့လစာကို ဘယ်လောက်ပဲ တဦးနဲ့တစ်ဦးမသိအောင် Confidential ထားတယ်ပဲ ပြောပြော၊ ပြင်ပကုမ္ပဏီတွေရဲ့ Payတွေထက် ကုမ္ပဏီတွင်းက ဝန်ထမ်းအချင်းချင်းရဲ့ Pay တွေကိုပိုပြီးသိ ထားတတ်ကြတာ ဓမ္မတာပါ။အဲဒီလိုပဲ Pay Structure  တစ်ခုရေးဆွဲမယ်ဆိုရင်လည်း စဉ်းစားရမယ့်အချက်တွေရှိပါသေးတယ်။ အဲဒါ တွေကတော့
( ၁ ) ဥပဒေအရကန့်သတ်ချက်များ ( ၂ ) ဈေးကွက်အခြေအနေ ( ၃ ) အဖွဲ့အစည်း ရဲ့  ရည်ရွယ် ချက်စတာတွေပဲဖြစ်ပါတယ်။
( ၁ ) ဥပဒေအရကန့်သတ်ချက်များမှာတော့ တူညီတဲ့ လုပ် ငန်းတာဝန်တွေအတွက် တူညီတဲ့ Pay
၊အနိမ့်ဆုံးလစာသတ်မှတ်ချက်၊အချိန်ပိုလုပ်ခ၊ ကလေးလုပ်သား အသုံးပြု ခြင်းနဲ့ပတ်သက်တဲ့ ကန့်သတ်ချက်စတာတွေပါဝင်ပြီး
 ( ၂ ) ဈေးကွက်အခြေအနေမှာတော့ Product Marketm Labor Market တွေကို ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ ( ၃ ) အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်မှာတော့ အဖွဲ့အစည်း၊ ကုမ္ပဏီရဲ့ အရည်အသွေးမြင့်ဝန်ထမ်းလိုအပ်ချက်၊ ကုန်ကျစရိတ် ကန့် သတ်ချက်များ၊တရားမျှတမှုစတာတွေ ပါဝင်ပါတယ်။ အရေးကြီးတာတခုက Pay ကိုသတ်မှတ်တဲ့အခါမှာ အသက်အရွယ်၊ ကျား /မ ကွဲပြားမှု၊ လူမျိုး/ဘာသာ အစရှိတဲ့ အချက်တွေကိုအခြေခံပြီး လစာခွဲခြား ပေးတာမျိုးမလုပ်သင့်ပါဘူး။ Pay တွေမတူညီမှုရှိခဲ့ရင်တောင်မှ တာဝန်ယူဆောင်ရွက်ရတဲ့ လုပ်ငန်းတာ ဝန်ကွဲပြားခြားနားမှု၊ လုပ်ငန်းစွမ်းဆောင်မှုအရည်အသွေးတွေအပေါ် အခြေခံထား တာသာဖြစ်သင့်ပါတယ်။အဲဒီတော့ ကျွန်တော်တို့ ဘာစလုပ်ကြမှာလဲ။ အဓိကကျတာကတော့ မန်နေဂျာတွေအနေနဲ့ ကုမ္ပဏီအတွင်းမှာရှိတဲ့အလုပ်အားလုံးရဲ့အရေးပါမှု အနေအထားကို နားလည်ထားဖို့လိုပါတယ်။

Credit : ဆရာမင်းခေါင် (AMARA)

No comments:

Post a Comment