မိုက်ခရိုဆော့ကုမ္ပဏီတည်ထောင်သူ ဘီလ်ဂိတ်ဟာ Talk Show အစီအစဉ်တစ်ခုမှာပါဝင်ဖို့ ဖိတ်ကြားခံခဲ့ရလို့ ၂ဝ၁၄ခုနှစ် ဇန်နဝါရီလမှာ နော်ဝေးနိုင်ငံကို သူရောက်ရှိခဲ့ပါတယ်။ အစီအစဉ်တင်ဆက်သူက စမိတ်ဆက်ပြီးတာနဲ့ ဘီလ်ဂိတ်ကိုစိန်ခေါ်လိုက်ပါတယ်။
“ခင်ဗျားရဲ့ဉာဏ်ရည်က ၁၆ဝကျော်တယ်လို့ ကြားဖူးထားတယ်။ ခင်ဗျားဟာ ကမ္ဘာပေါ်မှာ
အထူးချွန်အထက်မြက်ဆုံးသူဆိုတော့ ကျွန်တော်တို့နော်ဝေးနိုင်ငံက
ကမ္ဘာ့စစ်တုရင်ချန်ပီယံနဲ့ စစ်တုရင်တစ်ပွဲလောက် ပြိုင်ရဲရဲ့လားမသိဘူး”
“ဒီပြိုင်ပွဲကို မျှော်လင့်မထားပါဘူး.. ဒါပေမယ့် ကျွန်တော်ပြိုင်ကြည့်ချင်ပါတယ်”လို့ ဘီလ်ဂိတ်ဟာ ရယ်ပြီး စိန်ခေါ်မှုကို လက်ခံလိုက်တယ်။
အစီအစဉ်တင်ဆက်သူက ယှဉ်ပြိုင်မှုမျှတအောင် ဘီလ်ဂိတ်ကို တစ်ကွက်ရွေ့တိုင်း ၂မိနစ်စဉ်းစားခွင့်ပေးလိုက်တယ်။ စစ်တုရင် ချန်ပီယံကတော့ စက္ကန့်၃ဝအတွင်းမှာရွေ့ပါတယ်။ ပြိုင်ပွဲကို ဘီလ်ဂိတ်ဖက်က အရင်စပါတယ်။ တစ်ကွက်ရွေ့တိုင်း သူတွေဝေနေခဲ့ပြီး ဘယ်အကွက်မှာချရမှန်း အမြန်မဆုံးဖြတ်နိုင်ဖြစ်ခဲ့ပါတယ်။ စစ်တုရင်ချန်ပီယံကတော့ သိပ်စဉ်းစား စရာမလိုဘဲ သွက်သွက်လက်လက် ယှဉ်ပြိုင်သွားခဲ့ပါတယ်။ ၉ကွက်လောက် ကြံ့ကြံ့ခံရွေ့ပြီးတဲ့နောက်မှာ ချန်ပီယံက ၇၉စက္ကန့်နဲ့ ဘီလ်ဂိတ်ကိုအနိုင် ရသွားခဲ့ပါတယ်။
အစီအစဉ်တင်ဆက်သူက ဘီလ်ဂိတ်ကို ဒဲ့ဒိုးပဲမေးလိုက်ပါတယ်။
“ဘီလ်ဂိတ်ခင်ဗျား… ဘယ်လိုအခြေအနေမျိုးမှာ ခင်ဗျား မထူးချွန်မထက်မြက်ဘူးလို့ ခံစားရပါသလဲ”
“ကမ္ဘာ့စစ်တုရင်ချန်ပီယံနဲ့ စစ်တုရင်ကစားတဲ့အချိန်ပေါ့”လို့ ဘီလ်ဂိတ်က သက်ပြင်းချပြီးပြောပါတယ်။